Connect with us

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

“ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​​တွေ”

မနှစ်က အောက်တိုဘာလက စလို့ စစ်တပ်ဟာ ရုပ်ဝတ္ထုပိုင်း ဆုံးရှုံးမှုတွေ ကြီးကြီးမားမား ကြုံခဲ့ပေမယ့်လည်း ဒီအခြေအနေဟာ စစ်ပွဲကြီး တစ်ခုလုံးကို အဆုံးအဖြတ် ဖြစ်စေဖို့ အထိတော့ သက်ရောက်မှု မများနိုင်ပါဘူး။

"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​​တွေ"
"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​​တွေ"

(​ဒုတိယပိုင်း)

နယ်စပ်တွေမှာ တော်လှန်ရေးဖက်က အောင်ပွဲတွေဆင်နေနိုင်ခြင်းဟာ လောလောဆယ် စောလွန်းသေးတယ် ဆိုရင်တောင်မှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဟာဗျူဟာမြောက် ထိုးစစ်ကြီး ဆင်နွှဲဖို့ဆိုတဲ့ စိတ်ကူးတွေအတွက် အဦးအစ ဖြစ်လာနိုင်ပါတယ်။ တဖက်မှာလည်း ပြည်မ ဒေသတွေမှာ ရှည်ကြာပြီး သွေးချောင်းစီးတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြုံလာနိုင်ခြေနဲ့ တခြား ဆက်စပ် အကြောင်းတရားတွေ၊ အတွေးအမြင်တွေကို ကြိုပြီး ချင့်ချိန် စဉ်းစားထားရမှာပါ။

-People’s Spring

ပထမဆုံး အနေနဲ့ နိုင်ငံကို ဆယ်စုနှစ် ၇ ခုလောက် အုပ်စိုးလာပြီး ကြမ်းကြုတ်ရက်စက်လှတဲ့ စစ်တပ်ဟာ သူတို့ကိုယ်သူတို့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ် စောင့်ရှောက်နေသူတွေအဖြစ် ခံယူထားရုံသာ မကဘဲ ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်ပါ အာဏာကို ရေရှည် ဆုပ်ကိုင်ထားချင်ကြတယ်ဆိုတဲ့ အရှိတရားကို မျက်ကွယ်ပြုရင် တုံးအ လွန်းရ ကျနေမယ် ဆိုတာကို သတိမူဖို့ လိုပါတယ်။

ဒါ့အပြင် ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက စုဖွဲ့မှု အားအကောင်းဆုံး မဟုတ်သေးတဲ့ စစ်တပ်ကတောင် တိုင်းရင်းသား တော်လှန်ရေးတပ်တွေကို အသာစီးယူ တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတဲ့ ဝါဒဖြန့် ရိုက်သွင်းမှုတွေက စစ်တပ်အားပေးသူတွေအတွက် သည်းခြေကြိုက် တွန်းအားပေးမှုတွေ ဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​​တွေ"
“ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​​တွေ”

တစ်ဖက်က ကြည့်တော့လည်း စနစ်ကျတဲ့ စုဖွဲ့မှု၊ တင်းကျပ်တဲ့ စည်းမျဉ်း၊ ပုံမှန်လစာ အထောက်အပံ့နဲ့ မိသားစုတွေ၊ ရဲဘော်ရဲဘက်တွေကို ကာကွယ်ဖို့ ဆိုတာတွေက စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုး ချုပ်ကိုင်မှုမှာ အားကောင်းတဲ့ ထောက်တိုင်တွေ ဖြစ်နေခဲ့ပြန်တာ သေချာပါတယ်။

မနှစ်က အောက်တိုဘာလက စလို့ စစ်တပ်ဟာ ရုပ်ဝတ္ထုပိုင်း ဆုံးရှုံးမှုတွေ ကြီးကြီးမားမား ကြုံခဲ့ပေမယ့်လည်း ဒီအခြေအနေဟာ စစ်ပွဲကြီး တစ်ခုလုံးကို အဆုံးအဖြတ် ဖြစ်စေဖို့ အထိတော့ သက်ရောက်မှု မများနိုင်ပါဘူး။

ထောက်လှမ်းရေး သတင်း အချက်အလက်တွေအရဆိုရင် စစ်တပ်ဟာ လက်အောက်ခံ ရဲတွေနဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေက အထောက်အပံ့ ပေးထားတဲ့ အင်အား ၇၀,၀၀၀ ဝန်းကျင်လောက် ကျန်နေဆဲဖြစ်ပြီး အားလုံးက ဗဟို အမိန့်ပေး ထိန်းချုပ်မှု စနစ်တစ်ခုတည်းရဲ့ အောက်မှာ ရှိနေပါတယ်။

ပြီးတော့ တချို့ ပြည်သူ့စစ် အဖွဲ့တွေဟာ စစ်တပ်ရဲ့ နယ်မြေ ထိန်းချုပ်မှု ကဏ္ဍမှာ အရေးပါတဲ့ ကျောရိုးတွေ ဖြစ်နေပြန်တယ်။ အဲဒီ ယူနီဖောင်းဝတ် ပြည်သူ့စစ်တွေဟာ မတ်လ ၂၇ ရက်နေ့က တပ်မတော်နေ့ ချီတက်ပွဲမှာလည်း ပါဝင်ခဲ့တယ်။ အများစုဟာ ရန်ကုန်နဲ့ နေပြည်တော်မှာ အခြေစိုက်တဲ့ စစ်ရေး ကွပ်ကဲမှု ဗဟိုဌာနတွေနဲ့ အချိတ်အဆက် ရှိနေတယ်။ စစ်တပ်မှာ အထူးချေမှုန်းရေးတပ်၊ လေကြောင်းချီ တပ်ဖွဲ့တွေလည်း ရှိတဲ့အပြင် မိတ္ထီလာ၊ မကွေး၊ ပခုက္ကူ၊ ပဲခူးစတဲ့ နိုင်ငံအလယ်ပိုင်း ဒေသတွေမှာ တိုက်ခိုက်ရေး အထူးပြု ခြေမြန်တပ်မတွေ ဖြန့်ကျက်ထားတယ်။ အဲဒီတပ်တွေဟာ အခုအချိန်မှာ အတော်လေး အင်အား ချိနဲ့သွားပြီ ဆိုရင်တောင် အဆိပ်တော့ ရှိနေဆဲပါ။

ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီဂျာမနီရဲ့ အက်စ်အက်စ် အဖွဲ့တွေလိုပဲ အဲဒီ အစွန်းရောက် သစ္စာတော်ခံတွေဟာ လက်နက် အပြည့်အစုံ တပ်ဆင်ထားပြီး စည်းကမ်းသေဝပ်အောင် လေ့ကျင့်ပေးထားတဲ့အပြင် စနစ်ကျတဲ့ စီမံကွပ်ကဲမှု အောက်မှာ ရှိနေပါတယ်။ နောက်ပြီး ပဋိပက္ခတွေကိုဆိုးသထက် ဆိုးလာအောင် စိတ်လိုလက်ရ အစွမ်းကုန် မီးမွှေးဖို့ စိတ်ပိုင်းဖြတ်ထားကြသူတွေချည်းပါပဲ။

လာမယ့် လပိုင်းတွေအတွင်း စစ်မီးက နိုင်ငံအလယ်ပိုင်း ဒေသတွေကို ကူးစက်လာချိန်မှာ ဒေသခံ တပ်မတွေနဲ့ ပြည်သူ့စစ်တွေဟာ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေကို ပိုမို ရရှိလာနိုင်ပါတယ်။ စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ကြည့်ရင်လည်း မြို့တွေကို တော်လှန်ရေး အင်အားစုတွေက သိမ်းယူဖို့ အားထုတ်လာပြီ ဆိုတာနဲ့ အကောင်းပကတိအတိုင်း မကျန်အောင် အဲဒီမြို့ကို မြေလှန်ဖျက်ဆီးဖို့ အဲဒီ အကြမ်းဖက် စစ်အင်အားစုတွေက လက်တွန့်နေမှာ မဟုတ်မှန်း မြင်သာစေပါတယ်။ နောက်ပြီး တောင်တန်းဒေသတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုဖို့ မလွယ်ခဲ့တဲ့ သံချပ်ကာ ယန္တရားတပ်တွေကလည်း မြေပြန့် ပြည်မ စစ်ပွဲတွေမှာ ပိုပြီး ထဲထဲဝင်ဝင် လှုပ်ရှားလာနိုင်ပါတယ်။

နောက်ထပ် အလေးထား ပြောရမယ့် ကိစ္စက ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)ရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ အဲဒီ တော်လှန်ရေးတပ်တွေဟာ ၂၀၂၁ နှစ်လယ်ပိုင်းလောက်ကစလို့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေ၊ အထူးသဖြင့် စစ်ကိုင်းတိုင်းထဲမှာ ပြောက်ကျားစစ်ဗျူဟာကို ထိထိရောက်ရောက် အကောင်အထည် ဖော်လာနိုင်ခဲ့ပါတယ်။ မန္တလေး၊ မကွေး၊ ပဲခူးတို့အပြင် တောင်ပိုင်းက တနင်္သာရီတိုင်းအထိ PDFတွေရဲ့ ဖြန့်ကျက်နိုင်စွမ်းကို တွေ့လာရပါတယ်။

"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​​တွေ"
“ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​​တွေ”

ဒါပေမဲ့လည်း လက်နက်အင်အား ကောင်းကောင်းတပ်ဆင်ပြီး ပြင်ဆင် လေ့ကျင့်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေက အောက်တိုဘာလမှာ စတင်ပြီး မဟာဗျူဟာမြောက် ထိုးစစ်တွေ ဆင်နွှဲနေတာမျိုးတော့ PDFတွေက ပြည်မဒေသမှာ မလုပ်ပြနိုင်သေးပါဘူး။ PDF တပ်ရင်းတပ်ဖွဲ့ အများစုဟာ ဖွဲ့စည်းပုံ စနစ်မကျသေးသလို ၊လက်နက်အင်အား နည်းပါးတာကြောင့် ပြောက်ကျား စစ်ဗျူဟာကို အကောင်အထည် ဖော်ရုံထက် ပိုမစွမ်းဆောင်နိုင်သေးပါဘူး။ ပြီးတော့ စစ်ရေးစွမ်းရည် မြှင့်တင်ရာမှာလည်း လက်တွေ့ တိုက်ပွဲတွေကိုသာ အားကိုးနေရပြီး သီးခြား လေ့ကျင့်မှုမျိုး မပိုင်ဆိုင်ကြပါဘူး။

သီးခြား မဟာဗျူဟာ လမ်းညွှန်ချက်တွေနဲ့ အားပျော့တဲ့ ဗဟိုစီမံကွပ်ကဲမှုတွေအောက်မှာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေရတဲ့ အဲဒီ တော်လှန်ရေး အင်အားစုဟာ စုစည်းမှုနဲ့ လက်နက်အင်အား လျော့နည်းမှုတွေ ပေါင်းစပ်လိုက်တဲ့အခါ စနစ်တကျ စုဖွဲ့ထားတဲ့ အမြဲတမ်း စစ်တပ်ကြီးကို ရင်ဆိုင်ဖို့ ခက်ခဲတာ ဓမ္မတာပါပဲ။ အတိုချုပ် ပြောရရင်တော့ တိုင်းရင်းသား တပ်ဖွဲ့တွေဟာ မဟာဗျူဟာမြောက် ထိုးစစ်တွေ ဆင်နွှဲနေပေမယ့် PDF တွေကတော့ အဲဒီအဆင့်ကို ရောက်မလာနိုင်သေးပါဘူး။

ခါးသီးပေမယ့် လက်တွေ့ကျတဲ့ အဲဒီ အမှန်တရားကို အခြေခံပြီး သုံးသပ်ရရင် မြန်မာနိုင်ငံ အလယ်ပိုင်းက လူဦးရေ ထူထပ်သိပ်သည်းရာ နယ်မြေတွေမှာ ရှည်ကြာပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရေး ပဋိပက္ခတွေ ဖြစ်လာမယ်လို့ ညွှန်ပြနေပါတယ်။ မြေပြန့်မှာ အားကောင်းလာမယ့် စစ်ပွဲတွေကြောင့် တော်လှန်ရေး တပ်တွေရဲ့ အသေအပျောက်ကလည်း ပိုများလာနိုင်ပါတယ်။ လောလောဆယ်မှာ နိုင်ငံအနှံ့က စစ်ပွဲတွေကြောင့် လူပေါင်း ၂.၃ သန်းလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြပြီး ဖြစ်သလို ပြည်မက စစ်ပွဲတွေကြောင့် အဲဒီပြဿနာဟာ အများကြီး ပိုကြီးထွားလာနိုင်ပါတယ်။

တကယ်လို့ ပြည်မနယ်မြေတွေမှာပါ ရှုပ်ထွေးဆိုးရွားလှတဲ့ ပဋိပက္ခတွေ ရှည်ကြာမလာအောင်၊ ဒါမှမဟုတ် လုံးဝဖြစ်မလာအောင် ဟန့်တားဖို့ဆိုရင် အရေးကြီးတဲ့ ညွှန်ကိန်းနှစ်ခု ရှိပါတယ်။

ပထမ အချက်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေက ပြည်မမှာရှိတဲ့ PDFတွေကို စစ်ရေးစွမ်းရည် မြှင့်တင်ပေးတာ၊ စစ်သင်တန်းနဲ့ ထောက်ပံ့ရေး ကဏ္ဍတွေ ပံ့ပိုးတာတွေ လုပ်ဆောင်ပေးခြင်းပါ။ တချို့သော ဒေသတွေမှာ အဲဒီ ရည်မှန်းချက်တွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်အောင် တိုင်းရင်းသား တပ်တွေ ကိုယ်တိုင် ဖြန့်ကျက်ပေးထားတာမျိုး ရှိသင့်ပါတယ်။

အဲဒီလို ပူးပေါင်းဆောင်ရွက်မှု သဘောတရားမျိုးက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ကချင်၊ ကရင်နဲ့ တအားင် လက်နက်ကိုင် အဖွဲ့တွေက PDFနဲ့ ဆက်စပ် တော်လှန်ရေး အင်အားစုတွေကို လေ့ကျင့်ပေးတာ၊ လက်နက် တပ်ဆင်ပေးတာ၊ တိုက်ပွဲမှာ ဦးဆောင်မှုပေးတာတွေကို စစ်အာဏာသိမ်းမှုအပြီး အစောပိုင်း ကာလတွေမှာ ကတည်းက လုပ်ဆောင်ခဲ့ပါတယ်။

"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​​တွေ"
“ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​​တွေ”

ဒါပေမဲ့ လာမယ့် လပိုင်းတွေအတွင်း PDFရဲ့ စွမ်းဆောင်ရည်ကို ထိထိရောက်ရောက် မြှင့်တင်ဖို့ဆိုရင်တော့ အဲဒီထက် အများကြီး အားကောင်းတဲ့ ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်မှုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ NUG လက်အောက်ခံ ကာကွယ်ရေး ဝန်ကြီးဌာနကြား ပိုပြီး စိတ်အားထက်သန်တဲ့ ညှိနှိုင်းလုပ်ဆောင်မှုတွေ လိုအပ်မှာ ဖြစ်ပါတယ်။

အထူးသဖြင့် PDFတွေဟာ အကြီးစား စစ်သုံးယန္တရားတွေ၊ ဥပမာ လေယာဉ်တွေကို ပစ်ချနိုင်တဲ့ စက်သေနတ်ကြီးတွေ၊ မော်တာတွေ၊ ပြီးတော့ ကြွယ်ဝတဲ့ ခဲယမ်းမီးကျောက်တွေကို အထောက်အပံ့ ရရှိပြီး စစ်ဆင် ချီတက်ဖို့ အသင့်ဖြစ်တဲ့ စွမ်းရည်မျိုးတွေ ရှိရမှာပါ။

မြန်မာနိုင်ငံ သမိုင်းမှာ လူများစု ဗမာတွေနဲ့ လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုတွေကြား တင်းမာတဲ့ ဆက်ဆံရေး ပုံစံတချို့ ရှိခဲ့ဖူးတာကြောင့် အခုလိုမျိုး မဟာဗျူဟာမြောက် အစီအမံတွေ အစပြုရေးမှာ နိုင်ငံရေးအရ၊ ဘဏ္ဍာရေးအရ အတားအဆီးတွေ ရှိနိုင်တာ လက်တွေ့ကျပါတယ်။ ဒါပေမဲ့ လက်ရှိဟာ အရမ်းအရေးကြီးတဲ့ အချိုးအကွေ့ ကာလ ဖြစ်နေတာကို အလေးထား စဉ်းစားဖို့ လိုပါတယ်။ ဒီအချိန်မှာ အတိတ်ကို ဆုပ်ကိုင်ထားတာမျိုးထက် အနာဂတ်ကို ပုံဖော်နိုင်မယ့် ဆုံးဖြတ်ချက်တွေကို ပိုပြီး ဦးစားပေးသင့်ပါပြီ။

နောက်ပြီး သေချာပေါက် အဆုံးအဖြတ်ပေးနိုင်တဲ့ အဆင့် မဟုတ်ဘူး ဆိုရင်တောင်မှ တရုတ်ရဲ့ အခန်းကဏ္ဍကလည်း အများကြီး အရေးပါလာနိုင်ပါတယ်။ ဥပမာ ညီနောင် မဟာမိတ် သုံးဖွဲ့အပေါ် ဩဇာညောင်းမှုကို တရုတ်က အသုံးချပြီး PDFတွေကို အထောက်အပံ့ မပေးအောင် တားဆီးလာမလား ဆိုတာတွေက မသေချာပါဘူး။ ဒါမှမဟုတ်ရင်လည်း တရုတ်ဟာ စစ်ကောင်စီ ကျဆုံးသွားတဲ့ အနာဂတ်ကို မျှော်တွေးပြီး အဲဒီ မဟာမိတ် အင်အားစုကို မြန်မာနိုင်ငံရဲ့ ပြည်မဒေသတွေကို ဩဇာလွှမ်းမိုးရေး၊ ဒါမှမဟုတ် ပိုကျယ်ပြန့်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေအတွက် ဝှက်ဖဲအဖြစ် အသုံးချနိုင်ပါတယ်။

"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​​တွေ"
“ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​​တွေ”

ဒုတိယ ညွှန်ကိန်းကတော့ PDFဟာ ပိုပြီး ကျစ်လစ်စုစည်းတဲ့ စစ်ရေး မဟာဗျူဟာမျိုးကို ထွေးပွေ့ လက်ခံဖို့ ဖြစ်ပါတယ်။ အချိတ်အဆက် မရှိ၊ စုစည်းမှု မရှိဘဲ မဟာဗျူဟာ ထိုးစစ်မျိုး ဆင်နွှဲတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ကောလင်းမြို့က ဖြစ်စဉ်တွေမှာ မျက်ဝါးထင်ထင် တွေ့ခဲ့ရပြီးပါပြီ။ စစ်ကိုင်းအထက်ပိုင်းက အချက်အခြာကျတဲ့ ဒေသကို ဒေသခံ PDFတွေက KIAရဲ့ အကူအညီနဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ‘အော်ပရေးရှင်း ၁၀၂၇’နဲ့ ပတ်သက်လို့ မျှော်လင့်ချက်တွေ အရမ်းအားကောင်းနေတဲ့ ကာလမျိုးလည်း ဖြစ်ပါတယ်။

NUGက ကောလင်းကို လွတ်လပ်တဲ့ အုပ်ချုပ်ရေး ရှေ့ဆောင် သင်္ကေတ တစ်ခုလို့တောင် ညွှန်းဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ အငြှိုးတကြီး လက်နက်ကြီး ပစ်ခတ်မှုတွေ၊ ဗုံးကြဲမှုတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဆုံးမှာတော့ ဖေဖော်ဝါရီလမှာ စစ်တပ်က ပြန်လည် သိမ်းယူသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နောက်ဆက်တွဲအတွက် ပိုမိုကျယ်ပြန့်တဲ့ တွေးခေါ်စီမံမှုတွေ မရှိခဲ့ဘဲ ကောလင်းကို တော်လှန်ရေး အင်အားစုတွေက ဘာကြောင့် သိမ်းယူခဲ့သလဲ ဆိုတာမျိုး မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လောလောလတ်လတ် အနေနဲ့ မတ်လဆန်းတုန်းကလည်း စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းတွင်းမြစ်ကမ်းပေါ်က ကနီမြို့မှာ အလားတူ အခြေအနေမျိုး ဖြစ်ခဲ့ပါသေးတယ်။ အခွင့်အရေး ရလာချိန်မှာ ဒေသခံ PDFတွေ ပူးပေါင်းပြီး မြို့ကို သိမ်းယူဖို့ အားထုတ်ခဲ့ပေမယ့် စစ်တပ်ရဲ့ ပြင်းထန်ကြမ်းတမ်းလှတဲ့ တုံ့ပြန်မှုတွေကြောင့် ၁၀ ရက်အကြာမှာ ပြန်ဆုတ်ခွာခဲ့ရပါတယ်။

ဖြစ်စဉ်နှစ်ခုလုံးကို အခြေခံပြီး ဆန်းစစ်ကြည့်မယ်ဆိုရင် မြို့တွေထဲ လုံခြုံရေး ယူထားတဲ့ စစ်တပ်တွေက အင်အားချိနဲ့ပြီး ထီးတည်းရပ်တည်နေရတာမျိုးတွေ ဖြစ်နေရင်တောင်မှ PDF တွေဟာ မြို့ကို သိမ်းယူပြီးရင် ကြမ်းတမ်းတဲ့ တန်ပြန်ထိုးစစ်ကို ပြင်းပြင်းထန်ထန် ခံစားရအောင် ဖိတ်ခေါ်မိသလို ဖြစ်သွားမယ်ဆိုတဲ့ အရှိတရားကို တွေ့ရပါလိမ့်မယ်။ PDF အင်မတန် အားကောင်းတဲ့ စစ်ကိုင်းလို ဒေသမှာတောင် ဒီလို အထိနာတဲ့ ကိစ္စတွေ ကြုံနေမယ်ဆိုရင် မန္တလေး၊ မကွေးတို့လို နေရာတွေမှာလည်း မြို့တွေကို သိမ်းယူခဲ့ရင် ပုံစံတူ ရလဒ်တွေ ကြုံလာမှာ မလွဲပါဘူး။

အဲဒီတော့ အခွင့်အခါ သင့်လာတိုင်း စနစ်တကျ ချိတ်ဆက်ထားတဲ့ စစ်ရေးဗျူဟာမျိုး မရှိဘဲ ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး လုပ်မယ့်အစား ပိုပြီးတော့ မဟာဗျူဟာကျတဲ့ ချဉ်းကပ်မှုတွေကို စဉ်းစား ရွေးချယ်မှသာ ပိုပြီး အလားအလာကောင်းတဲ့ အောင်မြင်မှုတွေ ရရှိလာမှာပါ။ ဒါ့အပြင် လက်ရှိ အခြေအနေအရ လူနေထူထပ်ရာ မြို့တွေကို ထိန်းချုပ်ရေးထက် ဆက်သွယ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး မဟာဗျူဟာ လမ်းကြောင်းတွေကို စိုးမိုးရေးကို ဦးစားပေးတာက ပိုပြီးတော့ လက်တွေ့ကျပါတယ်။ အဝေးပြေးလမ်းတွေကို တဖြည်းဖြည်း စိုးမိုးလာရင် မြို့တွေကြားမှာ ရန်သူရဲ့ ချီတက်မှု၊ ရွေ့လျားမှုတွေကို ကန့်သတ်ပစ်နိုင်တာဟာ အင်မတန်ကြီးမားတဲ့ အားသာချက် နှစ်ခုကို ရရှိစေပါလိမ့်မယ်။

ပထမ အချက်က မြို့တွေထဲမှာ အခိုင်အမာ အခြေပြုထားတဲ့ စစ်တပ်တွေဟာ လမ်းကြောင်းတွေကို ရှင်းဖို့အတွက် စခန်းအပြင်ကို ထွက်ရပါလိမ့်မယ်။ အဲဒီ အခြေအနေက ထပ်ကာထပ်ကာ ဖြစ်လာတဲ့အခါ အရင်းအမြစ် ပြုန်းတီးမှုတွေ များလာပါတယ်။ မြဝတီမှာ ထိုင်းဖက်ကို ဦးတည် ဖောက်လုပ်ထားတဲ့ အာရှ လမ်းမကြီးမှာ ကရင် လက်နက်ကိုင် အင်အားစုတွေနဲ့ PDFတွေဟာ အဲဒီ နည်းလမ်းကို သုံးပြီး ကော့ကရိတ် အရှေ့ဖက်က လမ်းပိုင်းတွေကို ထိန်းချုပ်ထားနိုင်နေပါပြီ။

ပြည်မကို ရောက်ရှိလာမယ့် ပဋိပက္ခတွေနဲ့ ပတ်သက်ရင် PDFရဲ့ စစ်ရေးစွမ်းရည်နဲ့ ထိရောက်တဲ့ မဟာဗျူဟာတွေ အကောင်အထည် ဖော်မှုတွေဟာ လုံးဝ မျက်နှာမလွှဲသင့်တဲ့ လိုအပ်ချက်တွေပါပဲ။ NUGဟာ PDFတွေရဲ့ အစိတ်စိတ် ကွဲပြားနေတဲ့ တော်လှန်ရေး မျက်နှာစာတွေမှာ ဗဟိုချက်အဖြစ် စုစည်းပေးရဖို့ တာဝန်ယူထားရခြင်းက နိုင်ငံရေးအရရော၊ ထောက်ပံ့ပို့ဆောင်ရေး တာဝန်အတွက်ပါ အကြီးအကျယ် ဖိအားတွေ ရှိနေပြီးသားပါ။ ဒါကြောင့် အခုရည်မှန်းချက်တွေကို အောင်မြင်အောင် ဆောင်ရွက်ဖို့ ဆိုတာကလည်း NUGအတွက် စိန်ခေါ်မှု အရမ်းကြီးမားပါလိမ့်မယ်။

အဲဒီမဟာဗျူဟာရည်မှန်းချက် နှစ်ခုကို မျက်နှာလွှဲထားပြီး တခြား ရွေးချယ်မှုတွေကို စဉ်းစားမယ် ဆိုရင်လည်း ရှည်ကြာပြီး ရှုပ်ထွေးလွန်းတဲ့၊ တန်ဖိုးကြီးကြီး ပေးဆပ်ရမယ့် ပဋိပက္ခတွေထဲ နစ်မွန်းသွားနိုင်ပါတယ်။ အဲဒီအတွက် မမျှော်မှန်းနိုင်လောက်အောင် ဆိုးရွားတဲ့ ဒေသတွင်း ရိုက်ခတ်မှုတွေကိုပါ ကြိုတွေးထားရတော့မှာဖြစ်ပါတယ်။ ။

(Asian Times မှာ မြန်မာနိုင်ငံက စစ်​ရေးကိုအမြဲ​စောင့်ကြည့် ​ရေးသား​နေတဲ့ ANTHONY DAVIS ရဲ့”Myanmar’s widening war headed for junta’s heartland” ဆောင်းပါးကို ဆီ​လျော်​အောင်ဘာသာပြန်ဆို​ဖော်ပြထားတာဖြစ်ပါတယ် ။ ​​ဆောင်းပါးပါ အာ​ဘော်မှာ စာ​ရေးသူရဲ့အာ​​ဘော်သာဖြစ်ပါတယ်)

(​ဒေသအသီးသီးရှိပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ)

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။

သတင်း

ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ခဲ့သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်း ၉ ခုခန့်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားနိုင်သည်။

သတင်း

ကော့ကရိတ်မြို့သို့ စစ်ကူရောက်ရှိလာသော စစ်ကြောင်းမှာ မည်သည့်လမ်းကြောင်းမှ ရောက်ရှိလာသည်ကို မသိရဘဲ အင်အား ရာနှင့်ချီပါဝင်သည်ဟု ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ထိုင်းအစိုးရအနေဖြင့် နှစ်နိုင်ငံနယ်စပ်အရေးကိစ္စကိို ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်ရန် အထက်ပါအတိုက်အခံလွှတ်တော်အမတ်က တိုက််တွန်းထားသည်။