နေဘုန်းလတ်
ပွင့်ထွက်ခဲ့ရတဲ့ ဦးခေါင်းတွေများစွာထဲ
ခင်ဗျား သားသမီး တယောက်ယောက်ရဲ့ခေါင်း ပါခဲ့တယ် … ဆိုပါစို့
ကားနောက်ခန်းထဲ သားငယ်ရဲ့ သွေးတွေနဲ့ စိုရွှဲ
“ငါ့သားလေးသေသွားတာ ငါ့သားလေးသေသွားတာ” လို့အော်ဟစ်ငိုပွဲဝင်ခဲ့ရသူဟာ
ခင်ဗျားသာ ဖြစ်ခဲ့မယ် … ဆိုပါစို့
စစ်ကြောရေးစခန်းတွေမှာ
ပါးစပ်ထဲကို အက်ဆစ်တွေလောင်းထည့်
ငယ်ပါကို၊ မိန်းမအင်္ဂါကို ပိတ်ပိတ်ကန်
လက်တွေ တချောင်းချင်း တချောင်းချင်း ဖြတ်
အရက်စက်ဆုံးနည်းလမ်းတွေနဲ့
ညှင်းပမ်းသတ်ဖြတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲ
ခင်ဗျားရဲ့ မောင်နှမ တယောက်ယောက်ပါခဲ့မယ် … ဆိုပါစို့
အေးအေးလူလူ တရားမှတ်နေရင်း
ဘယ်ကမှန်းမသိတဲ့ လူသတ်လက်နက်နဲ့
ရုတ်တရက်ကြီး အသတ်ခံလိုက်ရတဲ့ သက်ကြီးရွယ်အိုတွေထဲ
ခင်ဗျားရဲ့ အဖိုး ဒါမှမဟုတ် အဖွား ပါသွားခဲ့တယ် … ဆိုပါစို့
ဖရူဆို မိုဆိုရွာနားက လမ်းနဘေး
ကားတွေပေါ်ကြိုးတုတ်တင်
ကလေးငယ်တွေအပါအဝင်
အစုလိုက် အပြုံလိုက် မီးရှို့သတ်ခံရသူတွေထဲ
ခင်ဗျားရဲ့ မိသားစုဝင်တယောက်ယောက် ပါသွားခဲ့တယ် … ဆိုပါစို့
လက်ထုတ္တောရွာ ဘုန်းကြီးကျောင်းဝင်း တနေရာ
ပစ်သတ်ခံလိုက်ရတဲ့ စစ်ဘေးရှောင်တွေကြားမှာ
သေချင်ရောင်ဆောင်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့သူတယောက်ဟာ
ခင်ဗျားသာ ဖြစ်ခဲ့တယ် ဆိုပါစို့ …
(၄၄) လမ်း တိုက်ခေါင်မိုးတခုပေါ်ကနေ
အလွတ်ကြီးခုန်ချသေလိုက်ရတဲ့ လူငယ်တွေထဲ
ခင်ဗျားရဲ့သား ပါသွားခဲ့တယ် … ဆိုပါစို့
မိုးပေါ်က ကျကျလာတဲ့ ပေါင် (၅၀၀) ဗုံးတွေကြောင့်
ခြေထောက်လေးတဖက်တည်းနဲ့ လက်ကလေးတပိုင်းတည်းနဲ့
သင်္ဂြိုလ်ခဲ့ရတဲ့ …
ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ဈာပနတွေထဲ
ခင်ဗျားရဲ့ဇနီး … ခင်ဗျားရဲ့ကလေး ပါခဲ့တယ် … ဆိုပါစို့
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအပြီး
သူ့သမီးလေးကို အစအနတောင် ရှာမတွေ့တော့တဲ့ ဖခင်တယောက်ဟာ
ခင်ဗျားကိုယ်တိုင်သာ ဖြစ်ခဲ့မယ် … ဆိုပါစို့
လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းထဲ
ရဟတ်ယာဉ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ ကလေးငယ်တွေထဲ
ခင်ဗျားရဲ့ သမီးငယ်လေး ပါသွားခဲ့တယ် … ဆိုပါစို့
မုန်တိုင်ပင်ရွာဘုန်းကြီးကျောင်းနဘေး
လက်ပြန်ကြိုးတုတ် လူသတ်အလောင်းဖျောက်ခံလိုက်ရတဲ့ ရွာသူရွာသားတွေထဲ
ခင်ဗျားလည်း လက်ပြန်ကြိုးတုတ်ခံခဲ့ရတယ် … ဆိုပါစို့
တာတိုင်ရွာပြင်က ယာခင်းတခုမှာ
စွမ်လုံကျေးရွာမှာ
ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာမှာ
စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ
နိုင်ငံအနှံ့ စစ်ကြောင်းထိုးခံရတဲ့ ရွာတွေမှာ
မိသားစုဝင်တွေရဲ့ရှေ့မှာ … အဖေ၊ ခင်ပွန်း၊ မောင်ဖွားတွေရဲ့ရှေ့မှာ
အကြိမ်ကြိမ်မုဒိန်းကျင့်ခံရပြီးမှ
ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတဲ့ အမျိုးသမီးတွေထဲ
ခင်ဗျားရဲ့ အမေ၊ အစ်မ၊ ညီမ တယောက်ယောက်သာ ပါသွားခဲ့တယ် … ဆိုပါစို့
မြောက်ခင်ရန်းရွာနားက သစ်ပင်ကြီးတပင်မှာ ချိတ်ဆွဲ
အရှင်လတ်လတ် မီးရှို့သတ်ခံလိုက်ရတဲ့ လူငယ်နှစ်ယောက်ထဲမှာ
တယောက်က ခင်ဗျားရဲ့ ညီငယ် ဖြစ်ခဲ့တယ် … ဆိုပါစို့
ဘုတလင်မြို့မှာ စစ်မိစ္ဆာတွေရဲ့ ကိုင်ပေါက်သတ်ခံလိုက်ရတဲ့
(၇)နှစ်သားအရွယ် ကလေးငယ်ဟာ
ခင်ဗျားရဲ့ သားလေး ဖြစ်ခဲ့မယ် … ဆိုပါစို့
စည်ပါရွာထိပ်က ခြံစည်းရိုးတိုင်တွေကြားမှာ
အပိုင်းပိုင်းဖြတ် ထိုးချိတ်ခံထားရတဲ့
လူခန္ဓာအစိတ်အပိုင်းတွေထဲ
ခင်းဗျား အဖေရဲ့အစိတ်အပိုင်းတခုခု ပါသွားခဲ့တယ် … ဆိုပါစို့
လူ့အဖိုးတန် သားသမီးတွေကို လက်လွှတ်ဆုံးရှုံး
အကောင်းအတိုင်း ပြန်မဖြစ်နိုင်တော့တဲ့ စိတ်နှလုံးတွေနဲ့
နေ့စဉ်ရက်ဆက် ကြေကွဲလွမ်းဆွတ်နေကြရတဲ့ မိခင်တွေများစွာထဲမှာ
ခင်ဗျားလည်း တယောက်အပါအဝင် ဖြစ်ခဲ့တယ် … ဆိုပါစို့
တော်လှန်ရေးအလံခြုံထားတဲ့ သားအလောင်းကို အလေးပြု
“ငါ့သား တာဝန်ကျေပါတယ်” ဆိုပြီး မျက်ရည်ဝဲ ဂုဏ်ပြုခဲ့ရတဲ့ ဖခင်တွေများစွာထဲမှာ
ခင်ဗျားလည်း တယောက်အပါအဝင် ဖြစ်ခဲ့တယ် … ဆိုပါစို့
… ဆိုပါစို့ …
… ဆိုပါစို့ …
… ဆိုပါစို့ … … … … ။ ။
(The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘နေဘုန်းလတ်’ရဲ့ “… ဆိုပါစို့ …” ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်)