Connect with us

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

စောမောင်လမ်းစဉ် လိုက်ရတော့မှာလား မင်းအောင်လှိုင်

အခုဆိုရင် အာဏာသိမ်းခဲ့တာ တစ်နှစ်နီးပါး ကြာလာခဲ့ပါပြီ။ မင်းအောင်လှိုင်ဟာ နိုင်ငံအနှံ့မှာ မျှော်မှန်း မထားနိုင်လောက်တဲ့ အံတု ပုန်ကန်မှုတွေကို ပုံစံမျိုးစုံနဲ့ ကြုံနေရပါတယ်။ သူ့ကို ဆန့်ကျင်တဲ့ ပြည်လုံးကျွတ် သပိတ်တွေက မကြာခဏ ပေါ်ပေါက်လာနေဆဲ ဖြစ်သလို အာဏာသိမ်းမှုကို ဖီဆန်တဲ့ ဆန္ဒပြမှုတွေကလည်း အမျိုးမျိုး ဆက်ရှိနေပါတယ်။ ဒီအခြေအနေတွေ အားလုံးက အသက် ၆၅ နှစ်အရွယ် စစ်ဗိုလ်ချုပ်မှူးကြီးရဲ့ အာဏာသိမ်းမှု အပြီးမှာ ကိုယ့်ဇာတ် ကိုယ်မနိုင် ဖြစ်လာတယ်ဆိုတာ ပိုမိုထင်ရှားလာစေတဲ့ သင်္ကေတ လက္ခဏာတွေပါပဲ။

Photo: AFP via Anadolu Agency / Sefa Karacan

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတွေ အားလုံး ရပ်ဆိုင်းသွားစေမယ့် အာဏာသိမ်းမှုကို ကျူးလွန်ခဲ့ပါတယ်။ အဲဒီ အချိန်ကစလို့ မင်းအောင်လှိုင်ဟာ နိုင်ငံကို စီမံအုပ်ချုပ်တဲ့ ကဏ္ဍ အားလုံးနီးပါးမှာ ညံ့ဖျင်း အားနည်းလွန်းသူ တစ်ယောက်ဆိုတာ ကိုယ့်အထုပ် ကိုယ်ဖြည်သလို ဖြစ်လာပါတော့တယ်။

အခုဆိုရင် အာဏာသိမ်းခဲ့တာ တစ်နှစ်နီးပါး ကြာလာခဲ့ပါပြီ။ မင်းအောင်လှိုင်ဟာ နိုင်ငံအနှံ့မှာ မျှော်မှန်း မထားနိုင်လောက်တဲ့ အံတု ပုန်ကန်မှုတွေကို ပုံစံမျိုးစုံနဲ့ ကြုံနေရပါတယ်။ သူ့ကို ဆန့်ကျင်တဲ့ ပြည်လုံးကျွတ် သပိတ်တွေက မကြာခဏ ပေါ်ပေါက်လာနေဆဲ ဖြစ်သလို အာဏာသိမ်းမှုကို ဖီဆန်တဲ့ ဆန္ဒပြမှုတွေကလည်း အမျိုးမျိုး ဆက်ရှိနေပါတယ်။ ဒီအခြေအနေတွေ အားလုံးက အသက် ၆၅ နှစ်အရွယ် စစ်ဗိုလ်ချုပ်မှူးကြီးရဲ့ အာဏာသိမ်းမှု အပြီးမှာ ကိုယ့်ဇာတ် ကိုယ်မနိုင် ဖြစ်လာတယ်ဆိုတာ ပိုမိုထင်ရှားလာစေတဲ့ သင်္ကေတ လက္ခဏာတွေပါပဲ။

Photo: AFP / STR

အာဏာသိမ်း ပြီးပြီးချင်း ရက်ပိုင်းလောက်အကြာ ပြည်တွင်းမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် အရှိန်ကောင်းနေတုန်းက မင်းအောင်လှိုင်ဟာ နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ကုတ်ချောင်းချောင်းနဲ့ ထွက်ပေါ်လာပါတယ်။ စိတ်မလုံခြုံသလို ဖြစ်နေဟန်ရှိတဲ့ စစ်တပ် ခေါင်းဆောင်ဟာ ကင်မရာဖက်ကို မျက်နှာသေကြီးနဲ့ မျက်နှာမူ ငေးမောရင်း ကြိုတင် ပြင်ဆင်လာတဲ့ မိန့်ခွန်းကို ဖတ်ကြားပြသွားပါတယ်။ ဒါက လူတကာ အော့နှလုံးနာကြတဲ့ သူ့ရဲ့ အာဏာသိမ်းမှုဟာ သင့်တော် မှန်ကန်ပါတယ် ဆိုတာမျိုး သွေးရူးသွေးတမ်း ဖြေရှင်းပြဖို့ မင်းအောင်လှိုင်ရဲ့ အားထုတ်မှု တစ်ခုအဖြစ် အများစုက ရှုမြင်ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်းကစလို့ မင်းအောင်လှိုင်ဟာ အရှုပ်အထွေးတွေ၊ အကြမ်းပတမ်း အခြေအနေတွေ ကြုံတွေ့နေရတဲ့ နိုင်ငံမှာ အလျဉ်းသင့်သလို လူမြင်ကွင်းရှေ့ ထွက်လာတတ်ပါတယ်။ ဧရာဝတီ သတင်းဌာနရဲ့ ဖော်ပြချက်အရ မေလ ၄ ရက်မှာ မင်းအောင်လှိုင်ဟ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတာနဲ့ ပတ်သက်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ လမ်းလျှောက်ခြင်းဟာ စရိတ် အသက်သာဆုံးနဲ့ အကောင်းဆုံး လေ့ကျင့်ခန်းမျိုး ဖြစ်တယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ် မြောက်ပိုင်းကို သွားရောက်တဲ့ ခရီးစဉ် တစ်ခုမှာဆိုရင် ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ အင်ဂျင်နီယာချုပ် တစ်ဦးက လမ်းတွေပေါ်ကနေ မိုးရေတွေ နည်းလမ်းမှန်မှန် စီးထွက်သွားအောင် ဆောင်ရွက်ထားပုံကို ပြသခဲ့ပြီး မင်းအောင်လှိုင်က အင်မတန် အံ့ဩနေပုံ လုပ်ပြခဲ့ပြန်တယ်။

Photo: AFP / Thet Aung

ပြည်တွင်းစစ်မီး တစ်နိုင်ငံလုံးလိုလို ပျံ့နှံ့လာတဲ့ ကာလမျိုးမှာ စစ်တပ်အာဘော် မြန်မာ့အလင်း သတင်းစာကလည်း ပြည်သူတွေ အနေနဲ့ ခရီးသွားလာရေးမှာ ဘတ်စ်ကားနဲ့ ရထားကို ပိုသုံးကြဖို့ မင်းအောင်လှိုင်က တိုက်တွန်းခဲ့ကြောင်း နိုဝင်ဘာ ၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ပြီးတော့ ပြည်တွင်းမှာ နှမ်း၊ ပဲ၊ နေကြာ၊ ဆီအုန်း အစရှိတဲ့ စားသုံးဆီ သီးနှံတွေ စိုက်ပျိုးနေတဲ့ ကိစ္စကို မဆီမဆိုင် ထည့်ပြောသွားပါသေးတယ်။

အဲဒီလိုမျိုး ရှေ့စကား နောက်စကား မညီတာမျိုးတွေရယ်၊ ဗေဒင်နဲ့ အကြားအမြင် ကိစ္စတွေကို သူက အလွန်အကျွံ ယုံကြည်တာတွေရယ်ကြောင့်ပဲ မင်းအောင်လှိုင်တစ်ယောက် စိတ်မှ မှန်သေးရဲ့လားဆိုတဲ့ မေးခွန်းတွေက စောင့်ကြည့်လေ့လာသူတွေကြားမှာ တစ်ခါတစ်ခါ ထွက်ပေါ်လာတတ်ပါတယ်။

မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူ ကြူကြူလှတို့ဟာ ကျိုင်းတုံမြို့က ဗေဒင်နဲ့ လောကီရေးရာ ဆရာတစ်ဦးအဖြစ် လူသိများတဲ့ အရှင်ကောဝိဒဆိုတဲ့ ဘုန်းကြီး တစ်ပါးနဲ့လည်း အရမ်းနီးစပ်ပါတယ်။ ဘုန်းကြီးက စကားမပြောဘူးလို့ သံန္နိဋ္ဌာန် ချထားတာကြောင့် ဝစီပိတ် ကိုယ်တော်လို့ လူသိများတယ်။

နောက်ပြီး ဝစီပိတ် ကိုယ်တော်ဟာ မင်းအောင်လှိုင် အားအကိုးဆုံး အခါတော်ပေး ဆရာတစ်ယောက်လို့လည်း ယုံကြည်ရတယ်။ ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်း ကာလတွေတုန်းက ကျိုင်းတုံ အခြေစိုက် စစ်တိုင်းမှူးအဖြစ် မင်းအောင်လှိုင် တာဝန်ယူခဲ့ချိန်တွေမှာ ဝစီပိတ်နဲ့ စပြီး နီးစပ်လာခဲ့တာပါ။ ဝစီပိတ်ဟာ ဆန္ဒပြ ပြည်သူတွေကို စစ်သားတွေက ခေါင်းတည့်တည့် ချိန်ပစ်ဖို့ မင်းအောင်လှိုင်ကို အကြံပေးခဲ့တယ်ဆိုပြီး ပြည်သူတွေရဲ့ အကြီးအကျယ် မုန်းတီးမှုကို ခံခဲ့ရပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီတုန်းက မင်းအောင်လှိုင်နဲ့ ကြူကြူလှတို့ဟာ ဝစီပိတ်နဲ့အတူ ပုဂံကို သွားပြီး ထီးလိုမင်းလို ဘုရားမှာ ထီးတင်ခဲ့ဖူးပါတယ်။ ဒါဟာ ကိုးကွယ်ယုံကြည်မှု အရတော့ ယတြာချေတဲ့ ကိစ္စတစ်ခုလို့ ယူဆကြပါတယ်။

နောက်တစ်ခုက လင်းညို့တာရာလို့ လူသိများတဲ့ ဗေဒင်ဆရာ၊ ရှေ့ဖြစ်ဟောဆရာ ဟိန်းမင်းအောင်ရဲ့ ကိစ္စပါ။ အာဏာသိမ်းမှု အပြီးမှာ သူက မင်းအောင်လှိုင်ကို ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာတိုက်လို့ဆိုပြီး သူ့ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲခဲ့သလို ဒီဇင်ဘာလမှာ ထောင်ဒဏ် ၂ နှစ် စီရင်ချက် ချမှတ်လိုက်ပါတယ်။

ဩစတြေးလျ အခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ အန်ဒရူး ဆဲ့လ်သ်က ပြီးခဲ့တဲ့နှစ်မှာ “Myanmar’s military mindset: An exploratory survey”ဆိုတဲ့ စာတမ်းတစ်စောင် ရေးသားခဲ့ပါတယ်။ အဲဒီထဲမှာတော့ ဆဲ့လ်သ်က မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ အရမ်း အယူသီးပြီး ဗေဒင်ကိန်းခန်းတွေရဲ့ အခါတော်ပေးတာမျိုးအပေါ် အလွန်အကျွံ ယုံကြည် မှီခိုတာမျိုး ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဒီအချက်ကြောင့် မြန်မာ စစ်တပ် ခေါင်းဆောင်ပိုင်းဟာ အဓိပ္ပါယ်ရှိတဲ့၊ ထိရောက်တဲ့ ဆုံးဖြတ်ချက်မျိုးတွေ ချနိုင်စွမ်း မရှိဘူး ဆိုတာမျိုး အဓိပ္ပါယ် ကောက်ယူရင်တော့ မှားလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ မင်းအောင်လှိုင်က အယူသီးတာ၊ ဗေဒင်ယုံတာတွေ ရှိတာ မှန်ပေမယ့် သူလုပ်နေသမျှဟာ ဒီလို အယူသီး ယုံကြည်မှု တစ်ခုတည်းအပေါ် အခြေခံနေတယ် ဆိုတာကိုတော့ ဆဲ့လ်သ်က သံသယ ရှိပါတယ်။

တကယ်တော့လည်း မင်းအောင်လှိုင်ဟာ အရင် စစ်အာဏာရှင်တွေရဲ့ လမ်းစဉ်ကို လိုက်ပြီး မူမှန် မဟုတ်တဲ့၊ လွန်ကဲတဲ့ အယူသီးမှုတွေ ရှိနေတာလို့ ဆိုနိုင်ပါတယ်။

နေဝင်း

၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ မြန်မာနိုင်ငံကို ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းဟာ အကြားအမြင်ကိစ္စတွေ၊ ရှေ့ဖြစ်ဟောတာတွေကို အရမ်းယုံကြည်တယ်လို့ လူသိများပါတယ်။ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလတုန်းက သူ့ရဲ့ ဂဏန်းဗေဒင် ယုံကြည်မှုအရ ၄၅ ကျပ်တန်နဲ့ ၉၀ ကျပ်တန် ငွေစက္ကူတွေကို ထုတ်ဝေဖို့ နေဝင်းက အမိန့်ထုတ်ခဲ့ပါတယ်။ သူဟာ ရှိရင်းစွဲ ငွေစက္ကူတွေကို သုံးစွဲခွင့် ပယ်ဖျက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၄၅ ကျပ်တန်တွေ၊ ၉၀ တန်တွေ ထုတ်ရတာတော့ သူကိုယ်တိုင် ကံကောင်းတယ်လို့ ယုံကြည်ထားတဲ့ နဝင်း ၉ ဂဏန်း ကြီးစိုးစေချင်လို့ပါပဲ။

နေဝင်းဟာ ကံဇာတာကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ ယတြာတွေ၊ အဆောင်လက်ဖွဲ့တွေကိုလည်း ခိုင်ခိုင်မာမာ ယုံကြည်သူ တစ်ဦး ဖြစ်ပါတယ်။ ကိန်းဂဏန်း ယတြာတွေ ဆိုတာက ကံကောင်းစေဖို့၊ ကံဆိုးမှုတွေကိုလည်း အစီအရင်တွေ အသုံးပြုပြီး ကျော်လွှားဖို့ အစီအရင်တွေ ပြုလုပ်တာမျိုးပါ။

ဥပမာ တစ်ခု အနေနဲ့ ပြောရရင် ၁၉၇၀ ပြည့်အလယ် နှစ်တွေတုန်းက မြန်မာနိုင်ငံမှာ လက်ယာယိမ်း ဝါဒစွဲ ပုန်ကန်မှုတွေ အင်အားကောင်းလာတဲ့နောက် နေဝင်းက တစ်နိုင်ငံလုံးက ကားလမ်းတွေမှာ လက်ဝဲဖက်က မောင်းနှင်တဲ့ စနစ်ကို ပယ်ဖျက်ပြီး လက်ယာကပ် မောင်းရမယ်လို့ ညွှန်ကြားခဲ့ဖူးပါတယ်။ ဒါဟာ နိုင်ငံရေးအရ အားကောင်းလာတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန် ယတြာချေလိုက်တာပါပဲ။

နေဝင်းရဲ့ နေရာကို ၁၉၈၈ ခုနှစ်မှာ ဆက်ခံပြီး အာဏာရှင်အဖြစ် ၁၇ ရက်လောက် အုပ်စိုးခွင့် ရခဲ့တဲ့ စိန်လွင်ကျတော့ သူဟာ သေနတ်ပစ်ခံရကိန်း ရှိတယ်လို့ ဗေဒင်ဆရာတွေက ဟောကိန်း ထုတ်ခဲ့တဲ့အပေါ် အတော်လေး စိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့် မှန်ထဲက ကိုယ့်ပုံရိပ်ကို ကိုယ်တိုင် သေနတ်နဲ့ ပစ်ပြီး ယတြာ ချေခဲ့ဖူးတယ်လို့ ဆိုပါတယ်။

စောမောင် (Photo : PORNVILAI CARR/AFP via Getty Images)

၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီရေး လှုပ်ရှားမှု အရေးအခင်း အပြီးမှာ စစ်အာဏာရှင် ရာထူးကို ဆက်ခံတဲ့ စောမောင် ကျပြန်တော့လည်း သူဦးဆောင်တဲ့ စစ်အစိုးရဟာ လူကြိုက်နည်းလွန်းမှန်း သေချာလာတာနဲ့အမျှ အပြုအမူတွေကလည်း တဖြည်းဖြည်း မူမမှန်သလို ဖြစ်လာပါတယ်။

အဲဒီတုန်းက စစ်တပ်ရဲ့ အာဘော်တွေ ဖြန့်ဝေပေးလေ့ရှိပြီး မြန်မာ့အလင်း မတိုင်ခင်က ထုတ်ဝေခဲ့တဲ့ လုပ်သား နေ့စဉ် သတင်းစာဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၉၀ ပြည့်နှစ် အစောပိုင်း ကာလတွေအတွင်း စောမောင်က ဘာသာရေး အခမ်းအနား တက်တာတွေ၊ နိုင်ငံအနှံ့က ဘုန်းကြီးကျောင်းတွေဆီ သွားရောက်တာတွေကို နေ့တိုင်းလိုလို ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီပုံစံက ဒီနေ့ခေတ် မင်းအောင်လှိုင်ရဲ့ အနေအထားနဲ့ တူလာပါတယ်။

စောမောင်ရဲ့ ကျန်းမာရေး ဆုတ်ယုတ် ယိုယွင်းလာခြင်းဟာ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှာ ဖုံးမနိုင် ဖိမရ ပေါ်ပေါက်လာပါတယ်။ အဲဒီတုန်းက သူဟာ ရန်ကုန်မှာရှိတဲ့ စစ်တပ် ဂေါက်ကွင်းတစ်ခုမှာ ပြုလုပ်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ စောမောင်ဟာ စစ်အရာရှိကြီးတွေနဲ့ အစိုးရ အရာရှိကြီးတွေ ရှေ့မှောက်မှာပဲ သူဟာ ကျန်စစ်သားမင်း ဖြစ်တယ်လို့ အော်ဟစ်နေခဲ့ပါတယ်။ ပြီးတော့ ဘေးပတ်ဝန်းကျင်မှာ ရှိသူတွေကိုလည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက် ကြိမ်းဝါးခဲ့တယ်လို့ ဆိုပါတယ်။

ကျန်စစ်သား ဆိုတာက ရှေးခေတ် ပုဂံရာဇဝင်ထဲက ဩဇာကြီးမားတဲ့ စစ်သူရဲကောင်း ဘုရင်တစ်ပါးကို ရည်ညွှန်းတာပါ။ ကျန်စစ်သားဆိုတဲ့ နာမည်ကိုက နောက်ဆုံး ကျန်ရစ်တဲ့ စစ်သား၊ နောက်ချန်နေရစ်တဲ့ စစ်သည် ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ ရာဇဝင်ထဲမှာတော့ လုပ်ကြံမှုတွေ အကြိမ်ကြိမ် ကြုံရတာကို ရှင်သန် လွတ်မြောက်လာပြီး ဘုရင်အဖြစ် တက်လှမ်းခဲ့တဲ့ အထင်ကရ ဇာတ်ကောင် တစ်ဦးပါ။ စောမောင်ဟာ ၁၉၈၈ ခုနှစ် မတိုင်ခင်က စစ်အာဏာရှင် မျိုးဆက်မှာ နောက်ဆုံးကျန်ရစ်တဲ့ စစ်သားအဖြစ် သူ့ကိုယ်သူ ထင်မြင်ခဲ့သလား မပြောတတ်ပါဘူး။

နောက်တစ်လလောက်ကြတော့ စောမောင်ရဲ့ သိပ်မူမမှန်တဲ့ အပြုအမူ အပြောအဆိုတွေက ရုပ်မြင်သံကြားမှာ ထပ်ပေါ်လာပြန်ပါတယ်။ ဒီတစ်ခါတော့ စစ်တပ် အရာရှိတွေနဲ့ အစည်းအဝေး တစ်ခုမှာ မိန့်ခွန်း ပြောနေတဲ့ အချိန်မှာပါ။ တောင်ရောက် မြောက်ရောက် စကားတွေထဲမှာ ကျန်စစ်သားကို ရည်ညွှန်းတာတွေ ထပ်ပါလာပြန်သလို မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးအောက် ရောက်နေကြောင်း၊ စစ်အုပ်ချုပ်ရေးဆိုတဲ့ အဓိပ္ပါယ်က ဘာဥပဒေမှ မရှိဘူးဆိုတဲ့ သဘောပဲဖြစ်ကြောင်း စောမောင်က ပြောသွားပါတယ်။

သန်းရွှေ (Photo: AFP / Liu Jin)

၁၉၉၂ ခုနှစ်၊ ဧပြီလမှာတော့ စောမောင်ဟာ သူ့ရဲ့ ရာထူးကနေ အင်အားသုံး ဖယ်ရှား ခံလိုက်ရပြီး သန်းရွှေက အစားထိုး ဆက်ခံလာပါတယ်။ သူလည်း ဗေဒင်နက္ခတ်တွေကို အခိုင်အမာ ယုံကြည်တဲ့ နောက်ထပ် စစ်ခေါင်းဆောင် တစ်ယောက်ပါပဲ။ သန်းရွှေက သူ့အတွက် ကံကောင်းစေတဲ့ နံပါတ်ကို ၁၁ လို့ ယူဆထားပါတယ်။ သူအုပ်စိုးတဲ့ ကာလ အတောအတွင်း ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလမှာ သဘောထား ကွဲလွဲသူ တချို့ကို ထောင်ချခဲ့ဖူးတယ်။

သူသိပ်ယုံကြည်တဲ့ ပဉ္စလက် ကိန်းဂဏန်းကို ပိုလေးနက်စေဖို့အတွက် အဲဒီတုန်းက စီရင်ချက်တွေကို မနက် ၁၁ နာရီ တိတိမှာ ဖတ်ကြား ကြေညာစေခဲ့ပါတယ်။

မြန်မာတွေရဲ့ ကိုးကွယ်ယုံကြည်မှုမှာ ၁၁ မီး ဆိုတာ ရှိပါတယ်။ လောဘမီး၊ ဒေါသမီး၊ သောကမီး စသဖြင့် မီးတစ်ခုချင်းစီမှာ သီးခြား အဓိပ္ပါယ်တွေ သတ်မှတ်ထားပါတယ်။

မင်းအောင်လှိုင်ဟာ နေဝင်း၊ စောမောင်၊ ဒါမှမဟုတ် သန်းရွှေတို့ရဲ့ ပြောစရာ ဖြစ်ခဲ့တဲ့ အမူအကျင့်မျိုးတွေ လိုက်လုပ်တဲ့ အထိတော့ ရောက်ချင်မှ ရောက်ဦးမှာပါ။ သူဟာ စစ်တပ်ရဲ့ ထိပ်ဆုံးအဆင့် အကြီးအကဲ ရာထူးကနေ ရည်မှန်းချက် ကြီးမားတဲ့ လက်အောက် အရာရှိ တစ်ဦးက ဖယ်ရှားတာ ခံရမယ် ဆိုတာမျိုးလည်း လူတွေက သေသေချာချာ ထင်ကြေးပေးနေတာမျိုး မတွေ့ရသေးပါဘူး။

ဒါပေမဲ့လည်း အရမ်း ရှင်းလင်း ပြတ်သားနေတဲ့ အရှိတရား တစ်ခုကတော့ သူ့ရဲ့ အလုံးစုံ ပျက်သုဉ်းမှုဆီ ဦးတည်သွားစေတဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ ဖိအားတွေ တောက်လျှောက် မြင့်တက်လာသလို နိုင်ငံခေါင်းဆောင် ရာထူးကို (အဓမ္မ) ရယူထားသူ တစ်ဦး အနေနဲ့လည်း စွမ်းဆောင်ရည်ပိုင်းက ဆိုးရွား စုတ်ပြတ်လွန်းပါတယ်။ ပြီးတော့ အာဏာသိမ်းမှုကို ဦးဆောင် ကျူးလွန်ခဲ့တဲ့ စစ်တပ် ဗိုလ်ချုပ်မှူးကြီးရဲ့ အပြုအမူတွေဟာ လက်တွေ့ မကျတာတွေ၊ ခန့်မှန်းရ ခက်တာတွေ၊ ကြောင်းကျိုး မဆီလျော်တာတွေ ပိုပြီး ထူထပ်လာတာကိုလည်း တွေ့နေရပါတယ်။

(Asia Times တွင် Bertil Lintner ရေးသားထားသည့် Is Myanmar’s Min Aung Hlaing losing his grip? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။