Connect with us

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

ဆီးရီးယား၊ ယီမင်တို့အပြင် မြန်မာ့အရေးမှာပါ အီရန် ဇာတ်ဝင်ရှုပ်ဦးမှာလား

အီရန်က လေယာဉ်တွေ မြန်မာနိုင်ငံကို ဆိုက်ရောက် ဆင်းသက်နေတာနဲ့ ပတ်သက်လို့ ထင်ကြေး အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ အထူးသဖြင့် အနိုင်ကျင့် ဗိုလ်ကျလွန်းတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကို လက်နက် ရောင်းချမှု ပိတ်ပင်ပေးဖို့ နိုင်ငံတကာ တောင်းဆိုမှုတွေ မြင့်တက်လာချိန်မှာ အီရန်က လက်နက်တွေ ရောင်းချပေးတာမျိုး စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေတယ်ဆိုတဲ့ ထင်မြင်ချက်တွေကို ပိုမို အားကောင်းလာစေပါတယ်။

Qeshm Fars လေကြောင်းလိုင်းကို ၂၀၁၉ မှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ (Photo - Wikiwand)

အီရန်က လေယာဉ်တွေ မြန်မာနိုင်ငံကို ဆိုက်ရောက် ဆင်းသက်နေတာနဲ့ ပတ်သက်လို့ ထင်ကြေး အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ အထူးသဖြင့် အနိုင်ကျင့် ဗိုလ်ကျလွန်းတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကို လက်နက် ရောင်းချမှု ပိတ်ပင်ပေးဖို့ နိုင်ငံတကာ တောင်းဆိုမှုတွေ မြင့်တက်လာချိန်မှာ အီရန်က လက်နက်တွေ ရောင်းချပေးတာမျိုး စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေတယ်ဆိုတဲ့ ထင်မြင်ချက်တွေကို ပိုမို အားကောင်းလာစေပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းက အမည်မဖော်လိုတဲ့ သံတမန် အသိုက်အဝန်း တချို့က ဇန်နဝါရီ ၁၃ ရက်မှာ မြန်မာကို အီရန်လေယာဉ် ဆင်းသက်ခဲ့တာဟာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဒုတိယ၊ ဒါမှမဟုတ် တတိယ အကြိမ်လောက်တောင် ဖြစ်နိုင်တယ်လို့ Asia Timesကို ပြောပြပါတယ်။

အီရန်ဟာ အရင်ကတည်းက ဖိနှိပ်အုပ်စိုးတတ်တဲ့ အစိုးရတွေကို စစ်လက်နက်တွေ၊ စစ်ပစ္စည်းတွေ ထောက်ပံ့ပေးလေ့ရှိကြောင်း နာမည်ထွက်နေခဲ့ပါတယ်။ တဟီရန်မှာ အခြေစိုက်တဲ့ အီရန် အစိုးရဟာ ဆီးရီးယားနဲ့ ယီမင်တို့မှာ တောက်လောင်ခဲ့တဲ့ ပြည်တွင်းစစ်မီးမှာလည်း ပါဝင် စွက်ဖက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မြန်မာနဲ့ အီရန်ကြားမှာ စစ်ရေးအရ ချိတ်ဆက် ဆောင်ရွက်မှုတွေ ဘယ်လိုဘယ်ပုံ ရှိသလဲ ဆိုတာကတော့ အတိအကျ မသိရပါဘူး။ မြန်မာစစ်တပ်ဟာ လက်နက်တပ်ဆင်ရေး ကဏ္ဍမှာ ရုရုား၊ တရုတ်နဲ့ အိန္ဒိယတို့ကိုသာ အဓိက မှီခိုနေခဲ့ပါတယ်။

နောက်ပြီးတော့ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို ရပ်တန့်စေဖို့အတွက် မွတ်ဆလင် နိုင်ငံတွေ စုပေါင်းထားတဲ့ တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းသင့်ကြောင်း အီရန်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌက တောင်းဆိုခဲ့ဖူးပါတယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက်မှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေး ခိုလှုံခဲ့ရပြီး ဒီကိစ္စဟာ လူမျိုးသုဉ်း ရှင်းလင်းမှု တစ်ခုအနေနဲ့ ယူဆနိုင်ကြောင်း ကုလသမဂ္ဂက ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

Flightradar24 ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ အီရန်ရဲ့ ကုန်တင် လေကြောင်းလိုင်း Qeshm Farsက ပိုင်ဆိုင်တဲ့ လေယာဉ် တစ်စီးဟာ နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ မက်ရှ်ဟက်ဒ်ကနေ မြန်မာနိုင်ငံကို ဇန်နဝါရီ ၁၃ ရက်က ပျံသန်းခဲ့တာ တွေ့ရပါတယ်။ နောက်တစ်နေ့မှာတော့ အဲဒီ လေယာဉ်ဟာ အီရန်ကို ပြန်လည် ထွက်ခွာသွားတယ်ဆိုတာ ပျံသန်းမှု မှတ်တမ်းတင် အချက်အလက်တွေက ညွှန်ပြနေပါတယ်။

အီရန် လေယာဉ်တွေ အဆင်းအတက် ရှိနေတာကို သတိထားမိတာ ဒါဟာ ဒုတိယ အကြိမ်ဖြစ်ကြောင်း၊ သယ်ဆောင်လာတာတွေက စစ်သုံးနည်းပညာနဲ့ ဆက်စပ်တဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ ဖြစ်နိုင်ကြောင်း NUG အစိုးရ အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က Asia Timesကို ပြောကြားခဲ့ပါတယ်။

စစ်အာဏာရှင် စနစ်ကို အသက်ပြန်သွင်းဖို့ ကြိုးစားနေတဲ့ မြန်မာစစ်တပ်နဲ့ အီရန်လို နိုင်ငံတစ်ခုကြားက စစ်ရေးအရ ဆက်ဆံမှုတွေ ဆိုတာဟာ မြန်မာ ပြည်သူတွေ အတွက်သာ မကဘဲ ဒေသတွင်းနဲ့ နိုင်ငံတကာ လုံခြုံရေး ရှုထောင့်က ကြည့်ရင်ပါ စိုးရိမ်စရာ ကိစ္စမျိုးလို့လည်း ဒေါ်ဇင်မာအောင်က သတိပေးခဲ့ပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်မှာ အီရန် လိုလားတဲ့ စစ်သွေးကြွ အုပ်စုတွေဆီ လက်နက်တွေ သယ်ယူပို့ဆောင်ပေးခဲ့တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ Qeshm Fars လေကြောင်းလိုင်းကို ၂၀၁၉ မှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလေကြောင်းလိုင်းဟာ အီရန်ရဲ့ တော်လှန်ရေး အစောင့်တပ်ရဲ့ အထူးတပ်ဖွဲ့ ကွက်ဒ်ကိုယ်စား လက်နက်တွေ သယ်ယူပို့ဆောင်ခဲ့တယ်လို့ အမေရိကန်က ဆိုပါတယ်။ ကွာ့ဒ်ဟာ အီရန်ရဲ့ သမားရိုးကျ စံနှုန်းထက် ပိုမြင့်တဲ့ စစ်လက်နက်တွေကိုပါ ထိန်းချုပ် ကိုင်တွယ်နေတဲ့ ယူနစ်မျိုး ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အပြည့်အစုံမှာ Qeshm Fars လေကြောင်းလိုင်း ပိုင်ဆိုင်တဲ့ လေယာဉ် နှစ်စီးကို နာမည်ထည့်သွင်းပြီး အထူးပြု ဖော်ပြထားပါတယ်။ အဲဒီထဲက တစ်စီးဟာ EP-FAAဆိုတဲ့ အသုံးအနှုန်းနဲ့ မှတ်ပုံတင်ထားပြီး ပြီးခဲ့တဲ့ အပတ်က မြန်မာနိုင်ငံကို ရောက်လာတဲ့ အဲဒီလေယာဉ် ဖြစ်နိုင်တယ်လို့ ပျံသန်းမှု မှတ်တမ်း အချက်အလက်တွေက ဆိုပါတယ်။

Qeshm Fars လေကြောင်းလိုင်းဟာ ၂၀၀၆ ကနေ ၂၀၁၃ ခုနှစ်အတွင်း ပုံမှန် အရပ်ဖက် လေကြောင်းလိုင်း တစ်ခုအနေနဲ့ ပျံသန်း ပြေးဆွဲခဲ့ပါတယ်။ နောက်တော့ ခဏနားသွားပြီး ၂၀၁၇ ခုနှစ်မှာ တကျော့ပြန် အသက်ဝင်လာပါတယ်။ လေကြောင်းလိုင်းရဲ့ B747 လေယာဉ်နှစ်စီးဟာ ဆီးရီးယား နိုင်ငံ၊ ဒမတ်စကက် မြို့တော်ဆီ ပုံမှန် ပျံသန်းလေ့ရှိပြီး ကုန်စည်ပစ္စည်းတွေ သယ်ယူ ပို့ဆောင်ခဲ့ပါတယ်။ အဲဒီ ကုန်စည်တွေထဲမှာ ကွာ့ဒ်ကိုယ်စား စစ်လက်နက် ပစ္စည်းတွေ ပို့ဆောင်တာတွေလည်း အပါအဝင် ဖြစ်တယ်လို့ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မိန့် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီ လေကြောင်းလိုင်းကို အထောက်အကူ ဖြစ်စေမယ့် တခြား လုပ်ငန်းတွေပါ အရေးယူမှုမှာ အကျုံးဝင်လာနိုင်တယ်လို့လည်း အမေရိကန်က သတိပေးထားပါတယ်။

မြန်မာမီဒီယာ တစ်ခုဖြစ်တဲ့ ဧရာဝတီ သတင်းဌာနကတော့ အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ အစောပိုင်းလောက်မှာလည်း နေပြည်တော် လေဆိပ်မှာ အီရန်လေယာဉ်တစ်စီး ခဏလောက် ဆင်းသက် ရပ်နားခဲ့ဖူးကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီတုန်းကလည်း စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းတွေ လာရောက် ပို့ဆောင်တာ ဖြစ်နိုင်ကြောင်း နီးစပ်သူတွေက ဧရာဝတီကို ပြောပါတယ်။

အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း အီရန်က ကိုယ်စားလှယ်တွေ မြန်မာကို သွားရောက်တယ် ဆိုတာမျိုး အီရန် မီဒီယာတွေက ဖော်ပြတာ မတွေ့ရကြောင်း Asia Timesက ဆိုပါတယ်။ ပြီးခဲ့တဲ့ အပတ်က အီရန်လေယာဉ် မြန်မာကို ဆိုက်ရောက်ခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့လည်း ဘာသတင်း အစအနမှ မတွေ့ရပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ခရီးစဉ်မှာ လိုက်ပါခဲ့တယ်လို့ ယူဆရတဲ့ အီရန် ကိုယ်စားလှယ် အဖွဲ့နဲ့ မကြာသေးခင် လပိုင်းက မြန်မာကို ရောက်ရှိခဲ့တယ်လို့ ယုံကြည်ရတဲ့ လူစာရင်း တစ်ခုကိုတော့ Asia Timesက ရရှိထားခဲ့ပါတယ်။

အမည်မဖော်တဲ့ အီရန်အရေး ကျွမ်းကျင်သူ တစ်ယောက်ကတော့ အဲဒီ စာရင်းထဲမှာ ပါဝင်တဲ့ နာမည်တချို့ဟာ အီရန် စစ်ဘက်နဲ့ အဆက်အနွှယ် ရှိတဲ့ ပုဂ္ဂိုလ်တချို့နဲ့ နာမည်တူနေတယ်လို့ ပြောပါတယ်။ အဲဒီထဲမှာ နာမည်ကျော် တော်လှန်ရေး အစောင့်တပ်ဖွဲ့နဲ့ ချိတ်ဆက်မှုတွေလည်း ပါဝင်နေပါတယ်။ စာရင်းထဲမှာ ပါသူတွေနဲ့ နာမည်တူတာလား၊ ဒါမှမဟုတ် တစ်ယောက်တည်းလား ဆိုတာကိုတော့ Asia Timesက လတ်တလော အတည်မပြုနိုင်သေးပါဘူး။

နောက်ပြီး အီရန်က မြန်မာစစ်တပ်အတွက် ဘယ်လို လက်နက် အမျိုးအစားတွေ ထောက်ပံ့ပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့လည်း ရှင်းရှင်းလင်းလင်း မသိရပြန်ပါဘူး။ ဒါပေမဲ့ ဒီအခြေအနေဟာ PDFတွေ အပါအဝင် နိုင်ငံအနှံ့မှာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ပြီး ခုခံစစ် ဆင်နွှဲနေတဲ့ ပြည်သူ့ လက်နက်ကိုင် အင်အားစုတွေကို ရင်ဆိုင် တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်အတွက် နောက်ထပ် ရွေးချယ်စရာ မျက်နှာစာ အသစ်တစ်ခု ရကောင်း ရသွားစေနိုင်ပါတယ်။

အီရန်ရဲ့ လတ်တလော လေယာဉ် အဆင်းအတက် ကိစ္စတွေကို စောင့်ကြည့် လေ့လာနေသူ တချို့ကတော့ အီရန်ဟာ မြန်မာ စစ်တပ်ကို ပဲ့ထိန်းဒုံးကျည်တွေ ထောက်ပံ့ပေးတာမျိုး ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးကြပါတယ်။ ဒီကိစ္စသာ အမှန်ဆိုရင်တော့ မြန်မာရဲ့ အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယလို နိုင်ငံတွေ အတွက်ပါ မျက်ခုံးလှုပ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒီအတောအတွင်း မြန်မာစစ်တပ်ဟာ ခုခံစစ် ဆင်နွှဲနေတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်တွေကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်တာ၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ပစ်ခတ်တာတွေ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။

အာဏာသိမ်းစစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေကို အကြီးအကျယ်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။ (Photo – Social Media/File)

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု ပြီးကတည်းက အရပ်သား ပြည်သူတွေ သေဆုံးတာ ၁၄၀၀ ကျော်လာပြီလို့ လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှုတွေ၊ မုဒိမ်းမှုတွေ၊ တရားမဲ့ သတ်ဖြတ်မှုတွေကလည်း ပြည်တွင်းက လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ အမြဲလိုလို တွေ့မြင် ကြားသိနေရပါတယ်။

အာဏာသိမ်းမှု အပြီးမှာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လူမှုအသင်းအဖွဲ့တွေ ပူးပေါင်း ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရဟာ စက်တင်ဘာလမှာ ပြည်သူ့ခုခံစစ် စတင် ဆင်နွှဲဖို့ ကြေညာပြီး စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဥရောပ သမဂ္ဂကလည်း အာဏာသိမ်းမှုအပြီး ကျူးလွန်နေတဲ့ ကြမ်းကြုတ် ရက်စက်မှုတွေအတွက် နိုင်ငံတကာ ပူးပေါင်းပြီး မြန်မာ စစ်တပ်ဆီ လက်နက် တင်ပို့မှု ပိတ်ပင်ရေးကိစ္စ ဦးဆောင် လှုပ်ရှားနေပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကလည်း ပြီးခဲ့တဲ့နှစ်မှာ မြန်မာနိုင်ငံဆီ လက်နက်တွေ စီးဝင်နေမှုကို တားဆီးရေးအတွက် နိုင်ငံပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း လေ့လာသူတွေကတော့ တကယ်တမ်း လက်နက် တင်ပို့ခွင့် ပိတ်ပင်လိုက်မယ် ဆိုရင်တောင် မြန်မာ စစ်တပ်ဆီ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ တင်ပို့ ရောင်းချနေမှုကို လက်တွေ့ တားဆီးဖို့ ဆိုတာက မဖြစ်နိုင်သလောက် ခက်ခဲလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

Public Service Announcement

မြန်မာကို အဓိက လက်နက် ရောင်းချနေတဲ့ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မဲခွဲဆုံးဖြတ်တာမျိုးကို ပိတ်ဆို့ တားဆီးတာ၊ ကြားနေတာတွေ လုပ်လာလိမ့်မယ်လို့ ဩစတြေးလျ အမျိုးသား တက္ကသိုလ်က အရှေ့တောင်အာရှရေးရာ လေ့လာသူ ဟန်တာ မာစ်တန်က ဆိုပါတယ်။

NUG အစိုးရ အဖွဲ့ဝင် တချို့ကတော့ မြန်မာ စစ်တပ်ဆီ လက်နက်တွေ ရောင်းချတာမျိုးကိုသာ နိုင်ငံတကာ ပိတ်ဆို့မှုတွေ လုပ်သင့်ပြီး ထောက်ခံအားပေးသူတွေကိုတော့ အရေးယူတာမျိုး မလုပ်သင့်ကြောင်း ပြောကြပါတယ်။

တစ်ချိန်တည်းမှာပဲ အနောက်အုပ်စု နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံမှာ လက်နက်အင်အား မမျှဘဲ အာဏာရှင် စစ်တပ်ကို တွန်းလှန်နေရတဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေဆီ လက်နက်တွေ ထောက်ပံ့ပေးဖို့ တောင်းဆိုမှုတွေလည်း ပိုမို မြင့်တက်လာပါတယ်။ လောလောဆယ်တော့ အဲဒီ အဖွဲ့အစည်းတွေက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဖြန့်ကျက်ထားတဲ့ တခြား အင်အားစုတွေအပေါ် အဓိက မှီခိုနေရဆဲဖြစ်ပြီး အင်အားတွေ ပေါင်းစု တည်ဆောက်နေကြဆဲ ဖြစ်ပါတယ်။

(Asia Times သတင်းဌာနတွင် ဖော်ပြထားသည့် What is Iran’s Revolutionary Guard doing in Myanmar? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ