Connect with us

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

မြန်မာစစ်တပ်အတွက် တန်ပြန် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်တဲ့ သေဒဏ် စီရင်မှုများ

၂၀၁၃ ခုနှစ်လောက်က စိုထိုင်းဆ များနေတဲ့ ညနေခင်း တစ်ခုမှာ ထောင်စုနှစ်ဖွား လူငယ်စုံတွဲ နှစ်ယောက်ကို စားသောက်ဆိုင် တစ်ခုမှာ ကျွန်မ စကားပြောကြည့်ခဲ့ပါတယ်။ နောက်တော့ နိုင်ငံရေးအပေါ် အမြင် သဘောထားနဲ့ ပတ်သက်လို့ စကားလမ်းကြောင်းကြည့်ခဲ့တယ်။

မြန်မာစစ်တပ်အတွက် တန်ပြန် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်တဲ့ သေဒဏ် စီရင်မှုများ
မြန်မာစစ်တပ်အတွက် တန်ပြန် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်တဲ့ သေဒဏ် စီရင်မှုများ

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ လလယ်လောက်မှာ ရန်ကုန်မြို့က လူတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် မြန်မာစစ်တပ်ဟာ အင်အား ၄၀၀ လောက် အသုံးပြုထားတဲ့ စစ်ဆင်ရေး တစ်ရပ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ သူတို့ရဲ့ ပစ်မှတ်ကတော့ Hip Hop ဂီတ အဆိုတော် တစ်ဦးဖြစ်ပြီး နာမည်က (ကို)ဇေယျာသော်လို့ ခေါ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်တာအတွင်း သူဟာ နိုင်ငံရေးသမား ဘဝကို ပြောင်းလဲ ခံယူခဲ့ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည် အားကိုးတဲ့ မဟာမိတ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချက်ဟာ သူ့ကို အခုလိုမျိုး အင်တိုက်အားတိုက် လိုက်ဖမ်းရတဲ့ အဓိက အကြောင်းရင်းလို့တော့ ပြောဖို့ ခက်ပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံ Hip Hopဂီတ လောကရဲ့ အစောဆုံး ရှေ့ဆောင်လမ်းပြ ကြယ်တစ်ပွင့်လို့ ဆိုရမယ့် ကိုဇေယျာသော်ဟာ ရန်ကုန်မြို့က လက်နက်ကိုင် တော်လှန်ရေးတွေမှာ ခေါင်းဆောင် ပါဝင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာရှင် ဆန့်ကျင်တဲ့ တော်လှန်ရေး အင်အားစုတွေက ကိုဇေယျာသော်ရဲ့ အခန်းကဏ္ဍကို တိတိကျကျ မှတ်ချက်ပေးတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ ရန်ကုန်မှာ မြေအောက် လှုပ်ရှားနေတဲ့ တော်လှန်ရေး အဖွဲ့တွေထဲက သတင်းရင်းမြစ် ၄ ဦးလောက်က နိုင်ငံရဲ့ အကြီးဆုံး မြို့ကြီးမှာ ကိုဇေယျာသော်ဟာ လက်နက်ကိုင် တော်လှန်ရေးကို အဓိက ခေါင်းဆောင်ခဲ့သူ တစ်ဦးလို့ Daily Beastဆီ အတည်ပြုခဲ့ကြပါတယ်။

မြန်မာစစ်တပ်အတွက် တန်ပြန် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်တဲ့ သေဒဏ် စီရင်မှုများ
မြန်မာစစ်တပ်အတွက် တန်ပြန် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်တဲ့ သေဒဏ် စီရင်မှုများ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီ အစိုးရကို ဖြုတ်ချလိုက်ပါတယ်။ အဲဒီနောက် စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေက ဆိုးသထက် ဆိုးလာတဲ့နောက် ငြိမ်းချမ်းစွာ ဆန္ဒပြပြီး ဒီမိုကရေစီအတွက် တောင်းဆိုနေသူတွေက အစုအပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ပြနေတဲ့ အာဏာရူးတွေ လက်အောက်မှာ သူတို့ရဲ့ လက်ရှိ လမ်းစဉ်တွေက အကန့်အသတ်တွေ များလာပြီလို့ နားလည်သွားပါတော့တယ်။

Public Service Announcement

Public Service Announcement

နာမည် အပြည့်အစုံ ဖြိုးဇေယျာသော်လို့ခေါ်ပြီး Hip Hop အဆိုတော် ဘဝကနေ လွှတ်တော်အမတ် ဖြစ်လာခဲ့သူက ရန်ကုန်မြို့မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အောက်ခြေကို စဖြိုဖို့အတွက် လက်နက်ကိုင် မဟာဗျူဟာ လှုပ်ရှားမှုတွေကို အစပြုလာစေခဲ့ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီဟာ သူ့ကို ဖြိုခွင်းဖို့ အရူးအမူး ဖြစ်နေခဲ့တာပါ။ တကယ်တော့ ကိုဇေယျာသော်ကို ဖမ်းမိသွားတာဟာ စစ်ကောင်စီအတွက် ပွပေါက်တိုးခဲ့တာလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက သူ့ကို ရက်ရက်စက်စက် နှိပ်စက်ခဲ့တဲ့အပြင် သေဒဏ်ချမှတ်ခဲ့တယ်။ နောက်တော့ ဝါရင့် နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ရန်ကုန်က မြေအောက် လှုပ်ရှားမှုတွေအတွက် လက်နက် စုဆောင်းပေးဖို့ အဓိက တာဝန်ယူ လှုပ်ရှားခဲ့သူ ကိုဂျင်မီရယ်၊ တခြား ပုဂ္ဂိုလ် နှစ်ဦးရယ်နဲ့အတူ ကိုဇေယျာသော်ပါ ကွပ်မျက် ခံခဲ့ရပါတယ်။ သေဒဏ်စီရင် ပြီးချိန်မှာလည်း စစ်အာဏာပိုင်တွေက နာရေးကိစ္စ ဆောင်ရွက်ဖို့ ကိုဇေယျာသော်တို့ လေးဦးရဲ့ အလောင်းတွေကို ထုတ်ပေးပါလို့ သက်ဆိုင်ရာ မိသားစုတွေက တောင်းဆိုတာကိုလည်း ငြင်းဆန်ခဲ့ပါတယ်။

မြန်မာစစ်တပ်အတွက် တန်ပြန် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်တဲ့ သေဒဏ် စီရင်မှုများ
မြန်မာစစ်တပ်အတွက် တန်ပြန် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်တဲ့ သေဒဏ် စီရင်မှုများ

ကိုဇေယျာသော်တို့ ကွပ်မျက်ခံလိုက်ရတဲ့အခါ သူတို့ရဲ့ သူရဲကောင်းဆန်ဆန် အသက်ပေးခဲ့ရမှုကို တော်လှန်ရေး အင်အားစုတွေက သေသေချာချာ ဂုဏ်ပြုပေးချင်ကြတာမျိုး ရှိသလို မြန်မာ စစ်ကောင်စီရဲ့ ရက်စက်မှုတွေအပေါ် မျက်နှာလွှဲနေတဲ့ နိုင်ငံတကာ အစိုးရတွေကို နာနာကျည်းကျည်း ထိုးနှက် ဝေဖန်တာတွေ ဖြစ်လာနိုင်ခြေကိုလည်း တွက်ဆလာကြတယ်။ စစ်ကောင်စီဟာ အရပ်သား ပြည်သူတွေအပေါ် ပေါ်ပေါ်ထင်ထင် အနိုင်ကျင့် တိုက်ခိုက်နေပေမယ့် မြန်မာ့ တော်လှန်ရေးအတွက် နိုင်ငံတကာက အခုထိ ငွေကြေးနဲ့ လက်နက်တွေ ထောက်ပံ့ ကူညီတာမျိုး မရှိသေးပါဘူး။ တစ်ကမ္ဘာလုံးက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ယူကရိန်း ကျူးကျော် စစ်ပွဲကို အာရုံစိုက်နေချိန်မှာ မြန်မာစစ်တပ်က ဘယ်လောက် ကြမ်းကြုတ် ရက်စက်တဲ့ ဖြိုခွင်းမှုတွေ လုပ်နေသလဲ ဆိုတာကို ပြင်ပကမ္ဘာက မေ့လျော့နေကြပါတယ်။ အစောပိုင်းတုန်းက အကြမ်းမဖက် ဆန္ဒပြ လှုပ်ရှားမှုတွေဟာ သူတို့ရဲ့ ဆန္ဒကို ကမ္ဘာကြီးက အသိအမှတ်ပြု ကူညီပေးဖို့ မြည်တမ်း တောင်းဆိုခဲ့ကြပေမယ့် ဝမ်းနည်းစရာ ကောင်းလောက်အောင် လျစ်လျူရှု ခံခဲ့ကြရပါတယ်။ ဒီတော့ ဆန္ဒပြ ပြည်သူတွေဟာ ကိုယ့်လမ်းကိုယ် ရွေးကြဖို့ပဲ ရှိလာပါတော့တယ်။

တောထဲက လျှို့ဝှက် စခန်းတစ်ခုမှာ ကိုဇေယျာသော်နဲ့ အချိတ်အဆက် ရှိခဲ့ဖူးတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ယောက်က စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူးလို့ ပြောပါတယ်။ ကိုဇေယျာသော်ဟာ ကိုယ်တိုင် ရှင်သန်ရပ်တည်နိုင်ဖို့ ဘယ်သူမဆို လုပ်သင့်တဲ့ ကိစ္စမျိုးကိုသာ လုပ်ခဲ့တဲ့အပြင် လူအများအတွက် ရှေ့ဆောင်လမ်းပြလည်း ဖြစ်ခဲ့တယ်လို့ အဲဒီပုဂ္ဂိုလ်က ဆိုပါတယ်။

နိုဝင်ဘာလတုန်းက သူအဖမ်းခံလိုက်ရခြင်းဟာ ရန်ကုန်က မြေအောက် လှုပ်ရှားမှုတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်သွားခဲ့ပြီး လတ်တလော ကွပ်မျက်ခံလိုက်ရတဲ့ ကိစ္စကလည်း နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ စံနှုန်းတွေနဲ့ ကြည့်ရင်တောင် တုန်လှုပ်စရာ ကောင်းလွန်းတဲ့ နိုင်ငံရေး အကြမ်းဖက်မှုကြီး ဖြစ်လာပါတယ်။ ကိုဇေယျာသော် ကွယ်လွန်သွားပေမယ့် သူ့ရဲ့ လွှမ်းမိုးမှု အရှိန်အဝါတွေကတော့ မှေးမှိန် မသွားခဲ့ပါဘူး။ စစ်ကောင်စီက စွမ်းနိုင်သမျှ ကြိုးစားနေပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေ ပိုပြီး ကြီးထွားလာ၊ အရှိန်မြင့်လာပါတယ်။ ဒီလှုပ်ရှားမှုတွေကို မျိုးဆက်သစ် မြန်မာလူငယ်တွေက အဓိက ဦးဆောင်ပြီး လက်ရှိ အချိန်ထိလည်း အားကောင်းနေဆဲ ဖြစ်ပါတယ်။

နောက်ပြီး အံ့ဩစရာ ကိစ္စတစ်ခုလည်း ရှိပါသေးတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာ မသိမ်းခင်ထိ ကိုဇေယျာသော်ဟာ ဒီလို လက်နက်ကိုင် လှုပ်ရှားမှုတွေနဲ့ လုံးဝ အထိအတွေ့ မရှိတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံရေးမှာ သိပ်ပြီး စိတ်မဝင်စားလှတဲ့ မြန်မာ့ လူငယ် မျိုးဆက်သစ်တွေ၊ ပြည်တွင်းက တခြား Hip Hop ကြယ်ပွင့်တွေနဲ့ ယှဉ်ရင်လည်း သူ့ရဲ့ နိုင်ငံရေးသမားဘဝ ရွေးချယ်မှုက သီးခြားခွဲထွက်သလို ဖြစ်နေတယ်။

မြန်မာစစ်တပ်အတွက် တန်ပြန် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်တဲ့ သေဒဏ် စီရင်မှုများ
မြန်မာစစ်တပ်အတွက် တန်ပြန် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်တဲ့ သေဒဏ် စီရင်မှုများ

ကျွန်မက ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ပညာရပ်ဆိုင်ရာ သုတေသီ တစ်ဦး၊ ပြီးတော့ ဂျာနယ်လစ် တစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ စစ်တပ်က မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် တံခါးသစ် ဖွင့်ပေးထားကာစ ကာလမျိုးမှာပေါ့။ ဆယ်စုနှစ် တစ်ခုလောက် ကြာမြင့်ခဲ့တဲ့ ကာလအတွင်း ကျွန်မက နည်းပညာ၊ လူငယ် ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ မြန်မာ Hip Hopဂီတ ရေစီးကြောင်း အားကောင်းလာမှုတွေကို သုတေသနပြု လေ့လာနေခဲ့ပါတယ်။ ကျွန်မရဲ့ သုတေသန အလုပ်ထဲမှာ အစိတ်အပိုင်း တစ်ခုက လူတွေ၊ အထူးသဖြင့် လူငယ်တွေ အနေနဲ့ နိုင်ငံရေး အလုပ်တွေရယ်၊ နိုင်ငံရေး သဘောတရားတွေရယ် အပေါ်မှာ ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုသလဲ၊ ဘယ်လို ထိတွေ့ကြသလဲ ဆိုတာကို စုံစမ်းကြည့်ဖို့ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်လောက်က စိုထိုင်းဆ များနေတဲ့ ညနေခင်း တစ်ခုမှာ ထောင်စုနှစ်ဖွား လူငယ်စုံတွဲ နှစ်ယောက်ကို စားသောက်ဆိုင် တစ်ခုမှာ ကျွန်မ စကားပြောကြည့်ခဲ့ပါတယ်။ နောက်တော့ နိုင်ငံရေးအပေါ် အမြင် သဘောထားနဲ့ ပတ်သက်လို့ စကားလမ်းကြောင်းကြည့်ခဲ့တယ်။

“နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေ အတွက်ပဲပေါ့”လို့ သူတို့က ရယ်ရယ်မောမောနဲ့ ပြန်ပြောတယ်။ “ဒါပါပဲ”တဲ့။ ပြောပြီး သူတို့ ထပ်ရယ်ကြတယ်။ “ကျွန်တော်တို့က နိုင်ငံရေးအကြောင်း ဘာမှ မသိပါဘူး။ စိတ်လည်း မဝင်စားဘူးလေ”လို့ ပြောပြီး သူတို့ ရယ်ကြပြန်ပါတယ်။

၁၉၈၈ ခုနှစ်တုန်းက စစ်တပ်ရဲ့ အာဏာရှင် စနစ်ကို စိန်ခေါ်တဲ့ အုံကြွ လှုပ်ရှားမှုကြီးတစ်ခု တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အရေးအခင်းကို စစ်တပ်က အကြမ်းကြုတ်ဆုံး နည်းလမ်းတွေနဲ့ ဖြိုခွင်းပစ်ခဲ့တယ်။ ဒါ့အပြင် နောက်ဆက်တွဲ အနေနဲ့ ပြည်သူတွေရဲ့ နိစ္စဓူဝ လူနေမှု ဘဝမှာ နိုင်ငံရေးဆိုတာ မပတ်သက်သင့်တဲ့ ကိစ္စမျိုးလို့ အရိုးစွဲသွားအောင် အင်တိုက်အားတိုက် ပုံသွင်း ကြံဆောင်ခဲ့တယ်။

ဒီနေရာမှာ စစ်အာဏာရှင်တွေက နည်းလမ်း နှစ်သွယ်ကို သုံးပါတယ်။ သာမန် ပြည်သူလူထု အတွက်တော့ စစ်တပ်ရဲ့ အုပ်စိုးမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြတာမျိုး၊ ဆန္ဒမဲ ပေးတာမျိုး၊ ဒီမိုကရေစီ ပါတီတွေကို ထောက်ခံတာမျိုး ကိစ္စတိုင်းကို ဖိဖိစီးစီး ချိုးနှိမ် တိုက်ခိုက်ခဲ့တယ်။ နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွှယ်မှုကို တင်းတင်းကျပ်ကျပ် တားမြစ်ထားရုံသာ မကဘဲ သိပ်ကို အန္တရာယ် ကြီးပါတယ်ဆိုတဲ့ အတွေးမျိုး ရိုက်သွင်းခဲ့တယ်။ အကြောက်တရား ကြီးစိုးအောင် ကြံဆောင်ပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင်သူတိုင်း အဖမ်းခံရတာ၊ နှိပ်စက်ညှင်းပန်း ခံရတာ၊ ယုတ်စွအဆုံး သတ်ဖြတ် ခံရတာတွေထိ ကြုံတွေ့ခဲ့ပါတယ်။

နိုင်ငံရေး စာပေတွေကို တားမြစ်ခဲ့ပြီး နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ ဘယ်လို ပညာရေး စနစ်မျိုးကိုမှလည်း ခွင့်မပြုခဲ့ဘူး။ စစ်တပ်ဟာ ပြည်သူလူထုကြားမှာ အတိုင်းအတာ တစ်ခုထိ ကြီးမားတဲ့ အကြောက်တရားနဲ့ မျက်ကွယ်ပြုမှုတွေ အသားတကျ ဖြစ်လာအောင် ပုံသွင်း ပို့ချခဲ့တယ်။ ပြောရရင်တော့ ဒီကိစ္စ အတော်ကြီး အလုပ်ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးကို စိတ်မဝင်စားပါဘူးလို့ လူငယ်အများစု ပြောဆိုနေတဲ့ အခြေခံ အကျဆုံး အကြောင်းရင်းက သူတို့ ကိုယ်တိုင်လည်း နိုင်ငံရေးဆိုတာ ဘာမှန်းကို မသိကြတာကြောင့်ပါပဲ။

အရမ်းနည်းပါးတဲ့ အတိုင်းအတာ တစ်ခုအဖြစ် တချို့ကလည်း စစ်တပ်ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို ကျော်လွန်ပြီး နိုင်ငံရေး ဆိုတဲ့ ကိစ္စကြီးအပေါ် စိတ်ဝင်စားမိတယ်လို့ သိုသိုသိပ်သိပ် ဝန်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ အားလုံးလိုလိုပဲ သူတို့အတွက် လုံခြုံ စိတ်ချရမယ်လို့ ယုံကြည်တဲ့ ဘောင်တစ်ခုကိုတော့ မကျော်ကြပါဘူး။

အကြောက်တရားကြောင့် ဖြစ်စေ၊ အမှန်တကယ် စိတ်မဝင်စားလို့ ဖြစ်စေ၊ ဒါမှမဟုတ် နှစ်မျိုးစလုံးကြောင့် ဖြစ်စေ စစ်တပ်ဟာ နိုင်ငံရေးနဲ့ အဆက်ပြတ် ကင်းကွာနေတဲ့ မျိုးဆက်တစ်ခုနဲ့ နိုင်ငံရေးမှာ မပါဝင်လိုတဲ့ လူငယ်မျိုးဆက် (ဒီလူငယ်တွေက ပြည်တွင်းမှာ တိုင်းရင်းသားနဲ့ ဘာသာခြား လူနည်းစုတွေ ခွဲခြားဖိနှိပ် ဆက်ဆံ ခံနေရတာတွေကို သိပ်မသိတာ၊ ဒါမှမဟုတ် သိပ်ဂရုမစိုက်မိတာမျိုး ဖြစ်ပါတယ်)ကို အောင်အောင်မြင်မြင် ပျိုးထောင်နိုင်ခဲ့တာတော့ အမှန်ပါပဲ။ ကနဦး အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် ဒီအခြေအနေတွေဟာ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း ပုံမှန်လိုမျိုး ဖြစ်လာတယ်။ အဲဒီ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး ပါတီက သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ Generation Zလို့ သတ်မှတ်ရမယ့် လူငယ် တစ်ဦးနဲ့ ၂၀၁၇ လောက်တုန်းက ကျွန်မ စကားပြောခဲ့ဖူးပါတယ်။ သူက ကျွန်မကို တော်တော်ကြီး စိတ်ဆိုးပြီး သရော်တဲ့ အသုံးအနှုန်းတွေနဲ့တောင် ကျွန်မကို ထိုးနှက်ခဲ့ပါသေးတယ်။ သူက နိုင်ငံရေး အခြေအနေတွေကို ဂရုမစိုက်သလို ဒီအကြောင်းတွေကို အရေးလုပ်ပြီးတောင် ပြောမနေချင်ဘူးလို့လည်း ပြောပါတယ်။

ဒီလို အနေအထားမျိုး ဖြစ်နေရာကနေ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုကြီးအပြီး Facebookရဲ့ Profile ဓာတ်ပုံတွေမှာ အမည်းရောင်တွေ၊ နောက်တော့ အနီရောင်တွေ ပြောင်းကုန်တာက တော်တော်ကြီး အံ့ဩစရာ ကောင်းပါတယ်။ အမည်းရောင်ဟာ ဝမ်းနည်းမှုကို ရည်ညွှန်းပြီး အနီရောင်ကတော့ အာဏာသိမ်းပြီး ဖယ်ရှား ခံခဲ့ရတဲ့ နိုင်ငံရေး ပါတီကို ထောက်ခံကြောင်း ပြသကြတာပါ။ အကြောက်တရား လှိုင်းလုံးတွေကို အားလုံး တစ်စုတစည်းတည်း တောင့်ခံနေကြသလိုပါပဲ။

အဲဒီအချိန်ကစလို့ မြောက်မြားစွာသော မြန်မာပြည်သူတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို Facebookပေါ်မှာ ရေးတင်လာကြပါတယ်။ သူတို့ ပွင့်ပွင့်လင်းလင်း ရေးသားထားတဲ့ စာတွေကို အာဏာသိမ်း စစ်တပ်က မဖတ်နိုင်သလို ပုံစံမျိုး၊ ဒါမှမဟုတ် ဖတ်နေလည်း ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးတွေနဲ့ကို ရေးလာကြတာပါ။ ဒါတွေက နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ ဒါမှမဟုတ် ယုံကြည်မှုကို ဆုပ်ကိုင်ထားပြီး အသံကျယ်ကျယ် မပြောဖြစ်ခဲ့တဲ့ သူမျိုးတွေတင် မကပါဘူး။ လူတိုင်းလူတိုင်းနီးပါး နိုင်ငံရေးအကြောင်း ပြောဆိုလာကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကြောင်း ရေးထားတဲ့ ပို့စ်တွေက ပိုပြီး ပျံ့နှံ့လာတယ်။ နိုင်ငံရေးသမားတွေ၊ တက်ကြွ လှုပ်ရှားသူတွေကလည်း ကိုယ်ပိုင် သဘောထား သင်္ကေတနဲ့ ရပ်တည်တာမျိုး ရှိပေမယ့် လူတစ်ယောက်ယောက်က နိုင်ငံရေးအတွက် စုစည်းဖို့၊ ဒါမှမဟုတ် ဘယ်လို တုံ့ပြန် တိုက်ခိုက်ကြဖို့ ဆိုတာမျိုး ထိထိရောက်ရောက် ရေးသားလိုက်တာနဲ့ အဲဒီ ပို့စ်ဟာ တောမီးလို ပျံ့နှံ့သွားတယ်။ ပို့စ်ရဲ့ အဆုံးမှာဆိုရင် Credit၊ ဒါမှမဟုတ် Crdဆိုတဲ့ စာသားနဲ့ အဆုံးသတ်လေ့ ရှိကြပါတယ်။ အဓိပ္ပါယ်ကတော့ မူရင်း ရေးသားသူကို အသိအမှတ်ပြု Credit ပေးပါတယ်ဆိုတဲ့ သဘောပါပဲ။ ပို့စ်တိုင်းရဲ့ အောက်ခြေမှာ Credit စာသားတွေ ပါနေတော့ တကယ့် မူရင်း ရေးသားသူ ဘယ်သူဘယ်ဝါလဲ ဆိုတာပါ ခြေရာခံလို့ မရတော့ပါဘူး။ ပြောရရင်တော့ ဒီလို လှုံ့ဆော်မှုတွေကို ခေါင်းဆောင် တစ်ယောက်တည်းက ဦးဆောင်နေတာ မဟုတ်တော့ပါဘူး။

ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး ဆွေးနွေး မေးမြန်းမှုတွေကလည်း ထူးထူးခြားခြား ပြောင်းလဲပြီး လေးနက် ပြင်းထန်လာတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့၊ ပုဂ္ဂိုလ်ရေး သမိုင်းကြောင်းနဲ့ ပတ်သက်လို့ သူတို့ရဲ့ ခံစားချက်တွေကို အိတ်သွန်ဖာမှောက် ပြောပြကြတယ်။ နောက်ပြီး သူတို့ဘယ်လို တုံ့ပြန် တိုက်ခိုက်သလဲ ဆိုတာတွေရောပေါ့။ ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ သူတို့ရဲ့ ဓာတ်ပုံတွေကို Facebookပေါ် တင်ပြီး လူငယ်တွေက စစ်တပ်ကို ပေါ်ပေါ်ထင်ထင်ပဲ ဖီဆန်ပြလာတယ်။ ဆန္ဒပြပွဲမှာ တိုက်ရိုက်ကျကျ မပါဝင်ဖြစ်ဘူး ဆိုရင်တောင် ဆန္ဒပြတာတွေကို ထောက်ခံတဲ့ အနေနဲ့ ရေဘူးတွေ ကူညီ ဝေမျှတာမျိုး၊ အမှိုက်တွေ စနစ်တကျ လိုက်သိမ်းပေးတာမျိုးနဲ့ ဝန်းရံ ပံ့ပိုးကြတယ်။ စစ်တပ် အနေနဲ့ ဆန္ဒပြသူတွေက အများပိုင် ပစ္စည်းတွေကို ဖျက်လိုဖျက်ဆီး လုပ်နေပါတယ်လို့ အကြောင်းပြပြီး ဖြိုခွင်းလို့ မရအောင်လို့ပါ။

မြန်မာစစ်တပ်အတွက် တန်ပြန် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်တဲ့ သေဒဏ် စီရင်မှုများ
မြန်မာစစ်တပ်အတွက် တန်ပြန် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်တဲ့ သေဒဏ် စီရင်မှုများ

နိုင်ငံရေးအကြောင်း မသိပါဘူး၊ နိုင်ငံရေးနဲ့ မပတ်သက်ချင်ပါဘူးလို့ အသံကျယ်ကျယ် ပြောဆိုခဲ့ကြဖူးတဲ့ Generation Zတွေကပဲ ဆန္ဒပြပွဲတွေရဲ့ အဓိက အင်အားစု ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ စစ်တပ်ရဲ့ အကြမ်းနည်းနဲ့ ဖြိုခွင်းမှုတွေ ပြင်းထန်လာတော့ မြေအောက် လှုပ်ရှားမှုတွေအဖြစ် ပြောင်းလဲသွားပြီး ကိုဇေယျာသော်ကလည်း လက်နက်ကိုင် ခုခံမှုတွေနဲ့ ထဲထဲဝင်ဝင် ပေါင်းစပ်မိလာပြီး ရန်ကုန်မြို့ နေရာအနှံ့ကို လက်နက်တွေ ခိုးသွင်းပေးခဲ့ပါတယ်။

စစ်တပ်အနေနဲ့ ကြည့်ရင်လည်း သူတို့ပဲ ပြန်ကျူးလွန်လိုက်တဲ့ ကိစ္စတစ်ခုကြောင့် ကိုယ်တိုင် ဆယ်စုနှစ်တွေနဲ့ချီ တပင်တပန်း အားစိုက်ခဲ့ရမှုတွေ အကုန်လုံး သဲထဲရေသွန် ဖြစ်သွားတာပါပဲ။ အထီးကျန်တဲ့ နိုင်ငံတစ်ခုမှာ ကြီးပြင်းခဲ့ရတဲ့ ထောင်စုနှစ်ဖွားတွေ၊ ဒီမိုကရေစီနဲ့ တံခါးဖွင့် ဝါဒဆိုတာ ပုံမှန်ရနိုင်တဲ့ အရှိတရားလို့ ယူဆထားတဲ့ Generation Zတွေဟာ သူတို့ ရထားသမျှ ဆုံးရှုံးတော့မှာကို တွေးတော ကြောက်ရွံ့လာပါတယ်။ ဒီအချက်ကပဲ အခြေအနေတွေကို ပြောင်းလဲစေတဲ့ ခလုတ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အာဏာ မသိမ်းခင် ကတည်းက လူမှုရေးနဲ့ နိုင်ငံရေး နယ်ပယ်တွေမှာ စစ်တပ်ရဲ့ နေရာယူမှုတွေကို မလိုလားတာတွေ ရှိခဲ့ဖူးပြီး အာဏာသိမ်းလိုက်တဲ့ အချိန်ကစလို့ ဒါမျိုး လုံးဝ ထပ်အဖြစ်မခံနိုင်တော့ဘူးလို့ စိတ်ပိုင်းဖြတ်လာကြပါတယ်။

လူငယ်တွေကြားမှာ နိုင်ငံရေးနဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေ မျှဝေတာ၊ ဗဟုသုတာ ဖလှယ်တာတွေ အစပြုလာတယ်။ ကျွန်မ ချိတ်ဆက်ထားတဲ့ Telegram Group တစ်ခုထဲမှာဆိုရင် မြန်မာ ပြည်သူတွေက ပြင်သစ် အတွေးအခေါ် ပညာရှင် အဲလ်ဘတ် ကမ်မက်နဲ့ ပရင်ဆက်တန် စီးပွားရေး ပညာရှင် ဒန်နီရယ်လ် ခန်နမန်းတို့ရဲ့ ဘာသာပြန် စာအုပ်တွေကအစ ပြည်တွင်း နိုင်ငံရေး သမိုင်းကြောင်းတွေ၊ စိတ်ကျန်းမာရေးကိစ္စတွေ အပါအဝင် အမျိုးစုံ မျှဝေနေတာ တွေ့ရပါတယ်။ အရင်က မြူးမြူးကြွကြွ အကနဲ့ ဂီတအတွက် အဓိက ဖွဲ့ထားတဲ့ Group တစ်ခုကလည်း အခုဆိုရင် အွန်လိုင်းပေါ်က သတင်းတွေ မှန်မမှန် စိစစ်ပေးတဲ့ တာဝန်ကို ပြောင်းယူထားပါပြီ။

တစ်ချိန်က နိုင်ငံရေးအကြောင်း သိပ်မသိတဲ့၊ ဒါမှမဟုတ် သိပ်ဂရုမစိုက်တဲ့ လူငယ်တွေဟာ အခုဆိုရင် မြန်မာ့ နိုင်ငံရေး သမိုင်းကြောင်းတွေ၊ စစ်တပ်ရဲ့ သွေးခွဲ အုပ်ချုပ်မှု မဟာဗျူဟာတွေအကြောင်း အသေးစိတ် ရှင်းပြနေနိုင်ကြပါပြီ။ ဒါတောင် လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေအပေါ် စစ်တပ်က ဘယ်လောက် ရက်ရက်စက်စက် ပြုမူခဲ့ဖူးသလဲဆိုတဲ့ ကိစ္စတွေအကြောင်း ထည့်မဆွေးနွေးသေးပါဘူး။ လူငယ်တွေက လူနည်းစု တိုင်းရင်းသား သတင်းဌာနတွေရဲ့ သတင်း ဆောင်းပါးတွေကို ပြန်ဝေမျှလာကြပါတယ်။ ထင်မထားလောက်အောင် အံ့ဩဖို့ ကောင်းတာက မြန်မာနိုင်ငံသား အများအပြားဟာ တစ်ချိန်က သူတို့ ရေးသားဖူးတဲ့၊ ပြောဆိုဖူးတဲ့ ရိုဟင်ဂျာ ဆန့်ကျင်ရေး ဝါဒတွေနဲ့ ပတ်သက်လို့ လူသိရှင်ကြား ပြန်ပြီး ဝန်ချ တောင်းပန်လာတာ ဖြစ်ပါတယ်။ (ရိုဟင်ဂျာတွေကို ဆန့်ကျင်တဲ့ အရေးအသားမျိုးတွေ ဆိုတာဟာ အာဏာ မသိမ်းခင်တုန်းက မြန်မာနိုင်ငံရဲ့ ပညာတတ် အသိုင်းအဝိုင်းမှာတောင် ပုံမှန် အခြေအနေမျိုးပါပဲ) ငယ်ရွယ်ပြီး မရင့်ကျက်သေးဘူး ဆိုပေမယ့် အခုလိုမျိုး ပုံစံသစ်နဲ့ ပေါင်းစည်းမှုရယ်၊ တိုင်းရင်းသား ပေါင်းစုံရဲ့ စုစည်း ထောက်ခံမှုတွေရယ် ဆိုတာဟာ ခေတ်သစ် မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ အင်အားတစ်ခု ဖြစ်လာပါတော့တယ်။

သေချာတာကတော့ စစ်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေဟာ လူတော်တော်များများကို ကြောက်ရွံ့ တွန့်ဆုတ်သွားစေခဲ့ပါတယ်။ အခုလို သေဒဏ် စီရင်မှုတွေ မတိုင်ခင်ထိ နိုင်ငံရဲ့ မြို့ကြီးတချို့မှာ ပုံမှန် အခြေအနေမျိုးဆီ တရွေ့ရွေ့ ပြန်ဦးတည်လာခဲ့ပါတယ်။ ဒါပေမဲ့ အပေါ်ယံတွေထက် နက်နက်ရှိုင်းရှိုင်း ဆန်းစစ်ကြည့်ရင်တော့ အခြေအနေတွေက မတူတော့ပါဘူး။

ပြည်သူလူထုရဲ့ စိတ်အာရုံထဲမှာ ကိုဇေယျာသော် ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ အထူးသီးသန့် နေရာတစ်ခုကို စစ်တပ်က ဘယ်လိုမှ ဖယ်ရှားမပစ်နိုင်ပါဘူး။ ရန်ကုန်မှာ ပြည်သူလူထု လေးစားရတဲ့ တော်လှန်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်မလာခင် ကတည်းက ကိုဇေယျာသော်ဟာ Acid အဖွဲ့ဝင် တစ်ဦးအနေနဲ့ လူချစ်လူခင် ပေါခဲ့ပါတယ်။ Acid အဖွဲ့ဟာ ၂၀၀၀ ပြည့်နှစ်မှာ သူတို့ရဲ့ စတင်ခြင်း အယ်လ်ဘမ်နဲ့အတူ မြန်မာနိုင်ငံမှာ Hip Hopဂီတကို စတင် အောင်မြင်စေခဲ့ပါတယ်။ စတင်ခြင်း အယ်လ်ဘမ်ရဲ့ အောင်မြင်မှုဟာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပျံ့နှံ့ခဲ့သလို Hip Hop ဂီတကိုလည်း ခေတ်သစ် မြန်မာ့ ဂီတ ရေစီးကြောင်းမှာ လွှမ်းမိုးမှု အားကောင်းတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ခိုင်ခိုင်မာမာ နေရာရသွားစေပါတယ်။ Acidဟာ ဂီတလောကကို၊ နိုင်ငံကို နောက်ပြီး စစ်တပ်ကိုပါ ဆယ်ကျော်သက်တွေရဲ့ အသံနဲ့ ဘဝ အကြောင်းအရာတွေအပေါ် ပိုပြီး ကျယ်ကျယ်လောင်လောင် ရင်ဖွင့်ခွင့် ရစေဖို့ တွန်းအားပေးခဲ့တယ်။ အဲဒီ ကာလတွေတုန်းက ဆိုးရွား ကြမ်းတမ်းလွန်းတဲ့ ဆင်ဆာ စနစ်အောက်မှာ လူငယ်တွေဟာ သူတို့ရဲ့ ဘဝအကြောင်းတွေ၊ စိုးရိမ်မှုတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ ဒါမှမဟုတ် ဘယ်လို ဆိုးဆိုးရွားရွား ကြုံရတယ် ဆိုတာတွေ၊ ဝမ်းနည်းတာတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ချပြခွင့် မရှိခဲ့ပါဘူး။ ဒါပေမဲ့ Acidကတော့ ရအောင် လုပ်ပြနိုင်ခဲ့တယ်။

Acidရဲ့ အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်ထဲက Rapစာသားမှာ “လွတ်မြောက်ဖို့ အခုငါ ရုန်းနေတာ၊ လွတ်မြောက်ဖို့ ရုန်းတာကို ရှုံးစေချင်တာ”လို့ ရေးဖွဲ့ သီဆိုထားခဲ့ပါတယ်။ တကယ်တော့ Hip Hop ဆိုတာဟာ ကိုဇေယျာသော်က မြန်မာနိုင်ငံမှာ မွေးဖွားသန့်စင်ပေးခဲ့တဲ့ ပထမဆုံး တော်လှန်ရေး သဘောတရား တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ နောက်တော့ သူဟာ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပြီး စစ်အစိုးရကို ဆန့်ကျင်ခဲ့တဲ့အတွက် ထောင်ကျခဲ့ဖူးသလို လွှတ်တော်ထဲက ရွေးကောက်ခံ အမတ်တစ်ယောက် ဖြစ်လာတယ်။ နောက်ဆုံးမှာတော့ လက်ရှိ အခြေအနေတွေ ကြုံလာရတာပါပဲ။

အထူးသဖြင့်တော့ လူငယ်တွေအတွက် သူဟာ အထင်ကရ ရှိလှတဲ့ စံပြပုဂ္ဂိုလ် တစ်ယောက်ပါပဲ။ နောက်ပြီး လောလောဆယ် မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ခေါင်းဆောင်တစ်ဦးလို့လည်း ခံစားရှုမြင်ကြည့်လို့ ရပါတယ်။ သူဟာ လူငယ်တွေရဲ့ အသံတွေကို တလေးတစား နားထောင်ခဲ့သလို အရင်မျိုးဆက်တွေ အပေါ်မှာလည်း လေးစားမှု ရှိသူပါ။ ရန်ကုန်မှာ ဖြိုခွင်းမှုတွေ အရှိန်မြင့်လာလို လူတွေ ဘေးလွတ်ရာ ရှောင်တိမ်းကြရတဲ့ အချိန်တွေမှာ အဲဒီ အရင်မျိုးဆက်တွေက ဆက်ပြီး ကျန်နေရင်း ဒေသတွင်းမှာ ဘယ်လို ရှေ့ဆက် တိုက်ပွဲဝင်လို့ ရမလဲ ဆိုတာမျိုးတွေကို ကူညီ လမ်းပြခဲ့ကြပါတယ်။

ကိုဇေယျာသော်ရဲ့ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့တဲ့ ကာလတွေမှ ယုံကြည်မှုအပိုင်းက ပိုမို အားကောင်း ခိုင်မာလာခဲ့ပြီး သူ့ရဲ့ ကြင်နာသနားတတ်မှု အကြောင်းကိုလည်း လူသိများခဲ့ပါတယ်။ ထိတွေ့ ဆက်ဆံဖူးသူ အများအပြားက ကိုဇေယျာသော်ကို မိတ်ဆွေရင်းချာ တစ်ယောက်လို့ ညွှန်းဆိုလေ့ ရှိကြပါတယ်။ သူဟာ အများအပေါ် လွှမ်းမိုးနိုင်တဲ့၊ စည်းရုံးနိုင်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သလို သူ့ကို စစ်တပ်က အသည်းအသန် မြေလှန်ရှာနေတဲ့ ကာလတွေမှာတောင် နေ့ခင်းကြောင်တောင် လမ်းပေါ်ထွက်လာပြီး အဖွဲ့သားတွေအတွက် ရိက္ခာရှာပေးခဲ့ပါတယ်။

ဒီတော့ လူငယ်တစ်ယောက်က မကြာသေးခင်က ကျွန်မနဲ့ စကားပြောချိန်မှာ ကိုဇေယျာသော်ကို အောင်ဆန်းလက်သစ်လို့ သုံးနှုန်းသွားတဲ့အပေါ် သိပ်မအံ့ဩမိတော့ပါဘူး။ နိုင်ငံရဲ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီးလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်လည်းဖြစ်ပြီး လုပ်ကြံမှု တစ်ခုမှာ အသက်ပေးလိုက်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နှိုင်းယှဉ်ထားတဲ့ မှတ်ချက်စကားမျိုးပါပဲ။

ကိုဇေယျာသော်ကို ကွပ်မျက်လိုက်ခြင်းဟာ တော်လှန်ရေးကို အရှိန်လျော့သွားစေမယ့် အလားအလာမျိုးတော့ မတွေ့ရပါဘူး။ အဲဒီအစား မီးစာပေါ် ဓာတ်ဆီလောင်းသလို ဖြစ်သွားဖို့ များပါတယ်။ တစ်နည်းအားဖြင့် မဟာဗျူဟာ ရှုထောင့်ကနေ သုံးသပ်ရရင်တော့ အာဏာသိမ်းမှုကစလို့ နောက်ဆက်တွဲ ဖြိုခွင်းမှုတွေအထိ စစ်တပ်က လိုလား ရည်မှန်းထားတဲ့ အခြေအနေတွေနဲ့ ဆန့်ကျင်ဖက်တောင် ဖြစ်သွားနိုင်ပါတယ်။

စစ်တပ်က နောက်ထပ် ကွပ်မျက်မှုတွေ အတွက်ပါ စီစဉ်ထားတယ်လို့ ကြေညာခဲ့ပေမယ့် အခုအခြေအနေမှာ တော်လှန်ရေး အင်အားစုတွေက ပြန်လည် စုစည်းပြီး၊ အားသစ် ပြန်လောင်းပြီး မဟာမိတ် အသစ်တွေပါ ဖွဲ့စည်းထားကြပါပြီ။ ပြည်သူလူထုက ကြေကွဲ ဝမ်းနည်းရလွန်းလို့ ထုံသလို ဖြစ်သွားပေမယ့် တစ်ချိန်တည်းမှာပဲ အူလှိုက်သည်းလှိုက် နာကြည်း ဒေါသထွက်နေကြဆဲ ဖြစ်ပါတယ်။

ကွပ်မျက်မှု သတင်းကို ကြားပြီး မကြာခင်မှာပဲ ကျွန်မနဲ့ စကားပြောနေကျ နည်းပညာ နယ်ပယ်က လူငယ်လေး တစ်ယောက်နဲ့ အွန်လိုင်းမှာ ချိတ်ဆက်မိပါတယ်။ သူက အရင်လိုမျိုး ‘ဟဲလို’လို့ စကား မစတော့ပါဘူး။ ‘သူဆုံးသွားပြီဆိုတာ မယုံနိုင်ဘူးဗျာ’လို့ ပြောပါတယ်။ နောက်ပြီး ‘ကျွန်တော်တို့ လိုနေတာ လေယာဉ်ပစ် ဒုံးကျည် ၇၀ လောက်ပါပဲ။ တစ်နေရာရာကနေ ဝယ်လို့ ရရင် သိပ်ကောင်းမှာ’လို့လည်း သူက ဆိုပါတယ်။

တခြားတစ်ယောက်ကတော့ သတင်း ကြားပြီးကတည်းက သူ့စိတ်တွေဟာ ဘယ်တုန်းကနဲ့မှ မတူအောင် နောက်ကျိပြီး ရှုပ်ထွေးနေခဲ့တယ်လို့ ဖွင့်ဟပါတယ်။

တကယ်တော့ မြန်မာ့ တော်လှန်ရေး အင်အားစုတွေဟာ ခက်ခဲ ကြမ်းတမ်းလွန်းတဲ့ တောင်တက် ခရီးစဉ် တစ်ခုလိုမျိုး တိုက်ပွဲတွေ ဝင်နေရတာပါ။ ဒါပေမဲ့ သမိုင်းကြောင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် မျက်မှောက်ခေတ် မြန်မာ စစ်တပ်ဟာ အလားတူ အခြေအနေတွေ ကြုံနေရပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ ဘယ်သူနိုင်မလဲ ဆိုတာကို မှန်းဆလို့တော့ မရသေးပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံရေးနဲ့ လုံးဝဥဿုံ အဆက်အသွယ် ပြတ်တောက်နေတဲ့ မျိုးဆက်တစ်ခုနဲ့ ဖာသိဖာသာ နေတတ်တဲ့ လူငယ်တွေကို စစ်တပ်ကိုယ်တိုင် ရှောင်ရှားဖို့၊ ဖျက်ဆီးဖို့ အားထုတ်ခဲ့တဲ့ အနေအထားမျိုးဆီ မရောက်ရောက်အောင် ပြန်တွန်းပို့လိုက်မိပြီ ဆိုတာပါပဲ။ ပညာတတ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ စုစည်းဆော်ဩနိုင်သူတွေ၊ တိုက်ပွဲဝင်သူတွေ ပါဝင်တဲ့ မျိုးဆက်တစ်ခုဟာ သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် တိုင်းရင်းသား မျိုးနွယ်စု အသီးသီးနဲ့ ချိတ်ဆက် ပူးပေါင်းပြီး စစ်တပ်ကို တစ်ကြိမ်တည်းနဲ့ အမြစ်ပြတ် ချေမှုန်းပစ်ဖို့ အစွမ်းကုန် ကြိုးစား အားထုတ်လာကြပါပြီ။

ဒီတစ်ချီမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ လူငယ်မျိုးဆက် တစ်ခုလုံးဟာ နိုင်ငံရေးအမြင် နိုးကြားသွားခဲ့ပြီ ဖြစ်ပါတယ်။ မှန်းဆလို့ မရလောက်တဲ့ အတိုင်းအတာမျိုးနဲ့ အားကောင်းလာတဲ့ စုစည်း ညီညွတ်မှု အကြောင်းကို မပြောသေးပါဘူး။ စစ်တပ်ဟာ ဘယ်ပုလင်းထဲကိုမှ ပြန်ထည့်လို့ မရနိုင်တော့မယ့် မီးခွက်စောင့် တန်ခိုးရှင် ဂျီနီကို ကိုယ်တိုင် ခေါ်ထုတ်လိုက်မိတဲ့ သဘောပါပဲ။ တစ်နည်း ပြောရရင်တော့ မြန်မာစစ်တပ်ဟာ ကိုယ့်အတွက် အဆိုးတကာ့ အဆိုးဆုံး အိပ်မက်ဆိုးကို ကိုယ်တိုင် ဖန်တီးလိုက်မိပြီ ဖြစ်ပါတယ်။

(Daily Beast သတင်းဌာနတွင် Naomi Gingold ရေးသားထားသည့် Executing This Hip-Hop Star Could Be Rogue State’s Biggest Mistake ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ဇန်နဝါရီ ၃၁ ရက်နေ့၊ သေဒဏ်စီရင်မှုနဲ့ ပတ်သက်ပြီး အာရုံစိုက်ခံရတဲ့ နောက်ထပ် ရှုထောင့် တစ်ခုကတော့ သေဒဏ်စီရင်တဲ့ နည်းလမ်းပါ။ တရုတ်မှာ သေစေလောက်တဲ့ ဆေးဝါးတွေကို ထိုးသွင်းပြီး ကွပ်မျက်တဲ့ နည်းလမ်းကို ကျင့်သုံးနေပါတယ်။

သတင်း

သက်သေအထောက်အထားတွေအရ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ သိသိသာသာတိုးမြင့်လာနေတာကို ညွှန်ပြနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တယားအဖွဲ့ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။

ဘာသာပြန် ဆောင်းပါး

UNHCRက အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်နဲ့ ကြံရာပါ အဖွဲ့အစည်းတွေ လက်ချက်ကြောင့် သေဆုံးသူ ဦးရေကလည်း ၃၄၅၂ ဦးထက်မနည်း ရှိခဲ့ပြီလို့ ထုတ်ပြန်ထားပါသေးတယ်။