Connect with us

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

မြန်မာ့အရေး ဖြေရှင်းမှုတွေမှာ အကြီးစား အရှုံးသမား ဖြစ်နေတဲ့ အာဆီယံ

“နေပြည်တော်က စစ်ခေါင်းဆောင်တွေကို ကိုင်တွယ် ဆက်ဆံရာမှာ အာဆီယံဟာ ဆိုးရွားစုတ်ပြတ်စွာနဲ့ ရှုံးနိမ့်နေဆဲပါ။ ဒါတောင်မှာ အာဆီယံ အနေနဲ့ သူတို့ရဲ့ နည်းလမ်းတွေကို ပြောင်းလဲပစ်မယ့် အလားအလာက သိပ်ကို နည်းပါးနေတုန်းပါပဲ”

(CFRတွင် ဖော်ပြထားသည့် Joshua Kurlantzick ရေးသားသော ASEAN’s Complete Failure on Myanmar: A Short Overviewကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
(CFRတွင် ဖော်ပြထားသည့် Joshua Kurlantzick ရေးသားသော ASEAN’s Complete Failure on Myanmar: A Short Overviewကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်ပြီး မြန်မာစစ်တပ်က အစိုးရ ထိုင်ခုံပေါ် တက်ထိုင်နေတာ တစ်နှစ်ခွဲလောက် ကြာမြင့်လာပါပြီ။ မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ကို ဆန့်ကျင်ရပ်တည်သူတွေအပေါ် ရက်စက် ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေ မြိန်ရည်ယှက်ရည် ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ အခုအချိန်မှာ စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO)တွေကိုရော၊ အကြမ်းမဖက် ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ အလုပ်မဖြစ်တဲ့နောက် လက်နက်ကိုင် တော်လှန်လာတဲ့ ပြည်သူ့ ကာကွယ်ရေးတပ် (PDF)တွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ နိုင်ငံရဲ့ ဒေသ အတော်များများမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း အကြီးအကျယ် ကျူးလွန်နေဆဲပါ။ ရိုဟင်ဂျာ မျိုးနွယ်စုတွေကို ဆက်လက်ပြီး ကန့်သတ် ချုပ်နှောင်ထားသလို နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေအပေါ် ဖိအားပေးမှုတွေကိုလည်း တိုးမြှင့်လာနေပါတယ်။ သိပ်မကြာသေးခင်ကတင် ထင်ရှားသူတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ဦးကို အာဏာသိမ်း စစ်တပ်က ကွပ်မျက်ခဲ့ပါတယ်။

Japan Times သတင်းဌာနအတွက် ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ကျွန်တော် ပြောခဲ့သလိုပါပဲ၊ စစ်တပ်ရဲ့ သွေးရူးသွေးတမ်း လုပ်ရပ်တွေက ပိုပြီး ဆိုးရွားလာနေပါတယ်။ စစ်တပ်ကို တော်လှန် တိုက်ခိုက်မှုတွေဟာ မြို့ပြ ဧရိယာတွေထိ ကူးစက် ရောက်ရှိလာသလို စစ်သားတွေ ထွက်ပြေးကြတာ၊ ဘက်ပြောင်းကုန်တာတွေလည်း တရိပ်ရိပ် တိုးပွားလာနေပါတယ်။ တစ်ချိန်တည်းမှာပဲ တပ်သားသစ် အဓိက စုဆောင်းရရှိတဲ့ ဒေသတွေမှာပါ စစ်တပ်က အနိုင်ကျင့် ဖိနှိပ်တာတွေ လုပ်နေတဲ့အတွက် လူသစ်တွေ စုဆောင်းဖို့ ခက်ခဲလာပါတယ်။ နောက်ပြီး EAOတွေ၊ PDFတွေနဲ့ ရင်ဆိုင် တိုက်ပွဲတွေမှာ စစ်တပ်ဖက်က အရေးနိမ့်မှုတွေ ပိုများလာတယ်။ စစ်တပ်ဟာ ပြေးပေါက်ပိတ်တဲ့ အနေအထားမျိုး ရောက်မသွားနိုင်ဘူးလို့ ယူဆခဲ့ဟန် ရှိပေမယ့် ရှုထောင့် အတော်များများမှာတော့ အခု အဲဒီ အခြေအနေမျိုး ဖြစ်စ ပြုလာပါပြီ။ နိုင်ငံရေး အကျဉ်းသား ၄ ဦးကို ကွပ်မျက်လိုက်ခြင်းဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ သဘောထား မူဝါဒတွေအပေါ် မြန်မာ စစ်ဗိုလ်ချုပ်တွေက လုံးဝ ဂရုမစိုက်ဘူး ဆိုတာ ပေါ်လွင်နေပါတယ်။ အခုအခါ အာဏာသိမ်း မြန်မာ စစ်ကောင်စီကို ဝိုင်းပယ်ထားကြပေမယ့် အာဆီယံ အနေနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ လူမဆန်မှု၊ ရက်စက် ကြမ်းကြုတ်မှုတွေအပေါ် မာမာထန်ထန် တုံ့ပြန် ဆောင်ရွက်ဖို့ကိုတော့ ငြင်းဆန်နေကြဆဲပါ။

လက်တွေ့ကျကျ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု အပြီးမှာ ကတည်းက အာဆီယံရဲ့ အနေအထားက ပရမ်းပတာ ဖြစ်နေပါပြီ။ အဖွဲ့အစည်း အတွင်းထဲမှာတင် သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေကိုလည်း အားကောင်းတဲ့ တုံ့ပြန်နိုင်စွမ်းမျိုး မပြသနိုင်ခဲ့ပါဘူး။ စစ်အာဏာသိမ်းမှုကို အာဆီယံက ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်ဆိုတဲ့ သတင်းစကားမျိုး ဖော်ပြနိုင်စွမ်း မရှိတဲ့အပြင် တကယ်တမ်းကျတော့ နေပြည်တော်က စစ်အာဏာရှင်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေအပေါ် အမှန်တကယ် တုံ့ပြန် ရင်ဆိုင်ဖို့ လိုလိုလားလား ရှိကြပုံတောင် မပေါ်ပါဘူး။ ၂၀၂၁ တုန်းက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဘရူနိုင်းက တာဝန်ယူထားချိန်မှာ အာဆီယံဟာ မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်ရင် ဟန်ရေးပြရုံ အဆင့်လောက် အရေးယူမှုတွေသာ လုပ်ဆောင်ခဲ့ပါတယ်။ ဥပမာ အနေနဲ့ မြန်မာ ကိုယ်စားလှယ်ကို အစည်းအဝေး တက်ခွင့် မပေးတာမျိုးလောက်ပေါ့။ ဒါပေမဲ့ တကယ်တမ်းမှာ အာဆီယံဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေအပေါ် ထိရောက် ထင်ရှားတဲ့ ဖိအားပေးမှုမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ စေ့စပ်ဆွေးနွေးရေးဆိုတဲ့ ကိစ္စတွေကလည်း နေပြည်တော်မှာတော့ ဟန့်တား ပိတ်ဆို့မှုတွေနဲ့သာ ကြုံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၂ ခုနှစ်မှာ ကမ္ဘောဒီးယားက အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းက မြန်မာ စစ်ဗိုလ်ချုပ်တွေကို အာဆီယံမှာ လူရာပြန်သွင်းဖို့ လက်ခံ ကြိုဆိုချင်ကြောင်း ပြသလာပါတယ်။ ဟွန်ဆန်းဟာ နေပြည်တော်ကို ကိုယ်တိုင် သွားရောက်ခဲ့သလို ရက်စက် ကြမ်းတမ်းလွန်းတဲ့ စစ်ကောင်စီရဲ့ ရပ်တည်မှုကို ပုံမှန် အနေအထား တစ်ခုလို ပြန်ပုံဖော်ဖို့ တွန်းအားပေးခဲ့တယ်။ တကယ်တော့ ဟွန်ဆန်း ဆိုတာကလည်း ကိုယ်တိုင် တစ်ပါတီ ကြီးစိုးမှုနဲ့ အုပ်ချုပ်နေသူ တစ်ဦးဖြစ်ပြီး မကြာသေးခင် နှစ်ပိုင်းတွေအတွင်း ကမ္ဘောဒီးယားမှာ ပိုပြီးတော့တောင် ဖိနှပ်မှုတွေ လုပ်နေခဲ့ပါတယ်။ ဒီတော့ မြန်မာ စစ်ကောင်စီက လူမဆန်တဲ့ လုပ်ရပ်တွေကို အရှိန်မြှင့်လာတာ၊ စီးပွားရေး၊ ဒုက္ခသည်အရေးနဲ့ ကျန်းမာရေး ပြဿနာတွေမှာ လွဲမှားတဲ့ မူဝါဒတွေ ချမှတ်နေတာတွေကို သူကိုယ်တိုင်ကလည်း အလေးထား စဉ်းစားပေးစရာ ဘာအကြောင်း ရှိမှာတဲ့လဲ။

အခုတော့ အာဆီယံဟာ အဖွဲ့အစည်းက အဆိုပြု တင်သွင်းထားတဲ့ ငြိမ်းချမ်းရေး စီမံကိန်းတွေကို တိုးတက်မှု ရှိလာအောင် အကောင်အထည် မဖော်မချင်း မြန်မာ စစ်ဗိုလ်ချုပ်တွေကို လူရာသွင်းပြီး အစည်းအဝေးတွေ တက်ခွင့် မပေးတော့ပါဘူး။ ဒါပေမဲ့ အဲဒီ အဆိုပြု စီမံကိန်းတွေ ဆိုတာကလည်း ၁၅ လလောက် ကြာလာတဲ့ထိ ဒုံရင်းက ဒုံရင်းပါပဲ။ မြန်မာ စစ်ဗိုလ်ချုပ်တွေကလည်း အာဆီယံ တောင်းဆိုမှုတွေကို စိတ်မဝင်စားသလို သူတို့ရဲ့ လူသတ် အုပ်ချုပ်ရေး ယန္တရား အပေါ်မှာလည်း ဘယ်လိုမှ သက်ရောက်မှု မရှိပါဘူး။ အခုတော့ အာဆီယံက မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည် မဖော်ရင် နောက်ဆက်တွဲ အရေးယူမှုတွေ လုပ်နိုင်တယ် ဘာညာနဲ့ သတိပေး ခြိမ်းခြောက်လာနေပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒါတွေကလည်း မဖြစ်နိုင်သလောက်ပါပဲ။ အာဆီယံ အဖွဲ့ထဲမှာတင် အာဏာရှင်ဆန်တဲ့ အစိုးရ အဖွဲ့တွေက ဒီလို တင်းမာတဲ့ တုံ့ပြန်မှုမျိုးတွေကို ဆန့်ကျင်လာနိုင်ခြေ ရှိပါတယ်။ အကြောင်းကတော့ နောက်ဆက်တွဲအဖြစ် သူတို့ရဲ့ အစိုးရ အဖွဲ့တွေ ကိုယ်တိုင်လည်း အနာဂတ်မှာ ပြဿနာတွေ ကြုံလာမှာကို စိုးရိမ်နေတာကြောင့်ပါပဲ။

မြန်မာစစ်တပ်ကတော့ သူတို့ရဲ့ ကိုယ်ပိုင် နည်းလမ်းနဲ့ ငြိမ်းချမ်းရေး အစီအမံဆီ ဦးတည် အကောင်အထည် ဖော်နေပါတယ်လို့ တွင်တွင် ပြောနေတာပါပဲ။ ဒါပေမဲ့ သူတို့ ရည်ညွှန်းတဲ့ အစီအမံ ဆိုတာက အတိုက်အခံ အင်အားစု အားလုံးကို ဖျက်ဆီးပစ်ပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးမယ် ဆိုတာမျိုး အသံကောင်း ဟစ်ဖို့ သက်သက်ပါ။

မြန်မာ့ အရေးနဲ့ ပတ်သက်လို့ အဓိပ္ပါယ်ရှိတာ တစ်ခုခု လက်တွေ့ ဆောင်ရွက်ချင်တယ် ဆိုရင်တော့ အာဆီယံဟာ သူတို့ရဲ့ အလုပ်မဖြစ်တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် ဆိုတာကြီးကို စွန့်ပစ်လိုက်ရပါမယ်။ ဒီအစီအမံတွေက လုံးဝ အသုံးမဝင်ပါဘူး ဆိုတာကို ပွင့်ပွင့်လင်းလင်း ဝန်ခံရပါမယ်။ ပြီးတော့ နေပြည်တော်မှာရှိတဲ့ စစ်အာဏာရှင်တွေက သူတို့ရဲ့ ကြမ်းတမ်း ရက်စက်မှုတွေကို အရှိန်ပိုမြှင့်လာတာနဲ့ ပတ်သက်လို့ အားကောင်းတဲ့ တုံ့ပြန် အရေးယူမှုတွေ လုပ်ဆောင်ပြရပါမယ်။ အာဆီယံမှာလည်း မြန်မာ စစ်အာဏာရှင်တွေအပေါ် ပြစ်ဒဏ်ခတ်ဖို့ သူတို့ကိုယ်ပိုင် နည်းလမ်းတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒီကိစ္စတွေကိုတော့ နောက်ထပ် Blog တစ်ခုကျမှာ ကျွန်တော် သေချာ ရေးပါမယ်။ ဒါပေမဲ့ ဒီနေ့အထိတော့ နေပြည်တော်က စစ်ခေါင်းဆောင်တွေကို ကိုင်တွယ် ဆက်ဆံရာမှာ အာဆီယံဟာ ဆိုးရွားစုတ်ပြတ်စွာနဲ့ ရှုံးနိမ့်နေဆဲပါ။ ဒါတောင်မှာ အာဆီယံ အနေနဲ့ သူတို့ရဲ့ နည်းလမ်းတွေကို ပြောင်းလဲပစ်မယ့် အလားအလာက သိပ်ကို နည်းပါးနေတုန်းပါပဲ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။