Connect with us

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

“အင်းတော်ကြီးက မျိုးသုဉ်းလုနီးပါး မြန်မာ​ဒေါင်းလိပ်ကိုကယ်တင်ဖို့မျှော်လင့်ချက်များ”

အရွယ်ရောက်ပြီး လေးကွက်လိပ်တွေဟာ သဘာဝရန်သူတွေရဲ့ ထိုးနှက် ရန်ပြုမှုကို အတော်ကြီး ခံနိုင်ရည် ရှိကြပြီး မာမာထန်ထန် ဖြစ်လာပေမယ့် ဥကပေါက်ကာစ အကောင်လေးတွေကနေ အရွယ်ရောက်ချိန်ထိ ရှင်သန်နိုင်တဲ့ အရေအတွက်က အတော်နည်းသွားလေ့ ရှိတယ်လို့ ဒေါက်တာ ပလတ်က ပြောပါတယ်။

(အင်း​​တော်ကြီးကန်ရှိ မြန်မာ့မျိုးရင်း ​မြန်မာဒေါင်းလိပ် ​ခေါ် ​လေးကွက်လိပ် အ​ကောင်​ပေါက်​လေးများနှင့် အ​ကောင်ကြီးတစ်​ကောင်ကို​တွေ့ရစဥ်။ ဓါတ်ပုံ- ရဲ​အောင်၊ငြိမ်းချမ်း၊Fauna & Flora)
(အင်း​​တော်ကြီးကန်ရှိ မြန်မာ့မျိုးရင်း ​မြန်မာဒေါင်းလိပ် ​ခေါ် ​လေးကွက်လိပ် အ​ကောင်​ပေါက်​လေးများနှင့် အ​ကောင်ကြီးတစ်​ကောင်ကို​တွေ့ရစဥ်။ ဓါတ်ပုံ- ရဲ​အောင်၊ငြိမ်းချမ်း၊Fauna & Flora)

မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရေကန်ကြီးဖြစ်တဲ့ အင်းတော်ကြီး တဝိုက်က ရွှံ့နွံတွေထဲကနေ ကြည်နူးစရာ ဆန်းကြယ်မှု သေးသေးလေးတွေ တဖြည်းဖြည်း ခေါင်းပြူထွက်လာပါတယ်။ အဲဒါကတော့ ဒေသအခေါ် ​မြန်မာဒေါင်းလိပ် (လေးကွက်လိပ်ဟုလည်း​ခေါ်ကြ)ဆိုတဲ့ Burmese peacock softshell turtleလေးတွေ ဥကနေ အကောင်ပေါက်လာတဲ့ မြင်ကွင်းပါပဲ။ တစ်နည်းအားဖြင့် ရှားပါးလှတဲ့ အဲဒီသက်ရှိ မျိုးစိတ်လေးတွေ အကောင်ပေါက်လာတာကို လူသားတွေက ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်တွေ့ဖူးတာလည်း ဖြစ်နိုင်ပါတယ်။

ပန်ကိတ် သေးသေးလေးတွေနဲ့ တူတဲ့ လိပ်ပေါက်လေးတွေဟာ ကျင်းတစ်ခုထဲက ထွက်လာပြီး အင်းတော်ကြီးကန်ထဲကို ခပ်သွက်သွက်လေး တွားသွားပြီးဆင်းသက်သွားကြပါတယ်။ သူတို့ရဲ့ ရှင်သန် ဖြတ်သန်းမှု ပထမဆုံး စွန့်စားတဲ့ ခြေလှမ်းတွေကို နိုင်ငံတကာ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့ Fauna & Floraရဲ့ ဒေသခံဝန်ထမ်းတွေဖြစ်တဲ့ ဦးငြိမ်းချမ်းနဲ့ ဦးရဲအောင်တို့က ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

သူတို့နှစ်ဦးနဲ့အတူ တခြား လုပ်ဖော်ကိုင်ဖက်တွေကလိပ်ပေါက်လေးတွေကို အလေးချိန် ချိန်တာ၊အရွယ်အစား တိုင်းတာတာတွေ လုပ်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ အခုတွေ့ရှိမှုဟာ တကယ့်ကို စိတ်အားတက်ကြွ မြူးပျော်စရာ ဖြစ်ခဲ့တယ်လို့ အခွံပျော့ လိပ်မျိုးစိတ်တွေကို အထူးတလည် လေ့လာနေပြီး အခုပရောဂျက်မှာတော့ ကိုယ်တိုင် မပါဝင်ဖြစ်ခဲ့တဲ့ မစ်ချီဂန် ပြည်နယ် တက္ကသိုလ်၊ ဇီဝဗေဒ ပါမောက္ခဖရက်ဒရစ် ဂျန်ဇန်က ပြောပါတယ်။

အဲဒီလိပ်လေးတွေကို သိပ္ပံနာမည် Nilssonia Formosaလို့ ခေါ်ဝေါ်ပါတယ်။ အပြီးတိုင် မျိုးသုဉ်းလုနီးပါး အခြေအနေ ကြုံနေတဲ့ မျိုးစိတ်တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံမှာပဲ တွေ့နိုင်ပါတော့တယ်။ အင်္ဂလိပ် ဘာသာအရတော့ သူတို့ရဲ့ ကျောခွံမှာ ဒေါင်းမြီးက အကွက်လို အဝိုင်းတွေ ပါတာကြောင့် အခွံပျော့ ဒေါင်းမြီးလိပ်လို့ ခေါ်ပေမယ့် မြန်မာနိုင်ငံမှာတော့​ လေးကွက်လိပ်၊ ​ဒေါင်းလိပ်လို့ ပိုပြီးလူသိများပါတယ်။ ဒီလိပ်မျိုးစိတ်တွေနဲ့ ပတ်သက်လို့ သိပ္ပံ ပညာရှင်တွေက များများစားစား သိထားတာတော့ မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

“ဘယ်သူကမှလည်း အသေးစိတ် သီးသီးသန့်သန့် လေ့လာတာမျိုး မလုပ်နိုင်ဘူးလေ”လို့ Fauna & Floraရဲ့ မြန်မာနိုင်ငံ အခြေစိုက် စီမံကိန်း မန်နေဂျာ တစ်ဦးဖြစ်တဲ့ ဦးဇော်လွန်းက ပြောပါတယ်။ သူဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာ့မျိုးရင်း လေးကွက်လိပ်တွေကို ကာကွယ်စောင့်ရှောက်မယ့်စီမံကိန်းတွေကို ပြီးခဲ့တဲ့ နှစ်မှာ စတင်ခဲ့ပါတယ်။ လိပ်လေးတွေ ဥက မြန်မြန်ပေါက်လာတာ မြင်တော့ တစ်ဖွဲ့လုံး ဝမ်းသာခဲ့တယ်လို့ သူက ပြောပြပါတယ်။

အခုလို အောင်မြင်ခဲ့တဲ့ ပရောဂျက်နဲ့ ပတ်သက်ပြီးသူက အင်းတော်ကြီးအိုင် တဝိုက်မှာ နေထိုင်တဲ့ ဒေသခံရွာသူရွာသားတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ချီးကျူး အသိအမှတ် ပြုခဲ့ပါတယ်။ အင်းတော်ကြီးဟာ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး ဂေဟရပ်ဝန်း တစ်ခုဖြစ်ပြီး မျိုးသုဉ်းလုနီးပါး ရှားပါးနေတဲ့ ငှက်မျိုးစိတ် တချို့ရဲ့ ကွန်းခိုရာလည်း ဖြစ်ပါတယ်။ ၂၀၁၇ မှာတော့ အင်းတော်ကြီးအိုင်နဲ့ ပတ်ဝန်းကျင်က စိမ့်တောတွေကို ယူနက်စကိုကဇီဝထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။လတ်တလောမှာတော့ Fauna & Floraက ဒေသခံ ရွာသားတချို့ကို လိပ်တွေအတွက် ကင်းစောင့်အဖြစ် ငှားရမ်း တာဝန်ပေးထားပါတယ်။ အဲဒီ ရွာသားတွေက လိပ်တွေရဲ့ ဝပ်ကျင်းတွေကို သေချာ ကာကွယ် စောင့်ရှောက်ပေးပြီး အကောင်ပေါက်လေးတွေ အန္တရာယ်ကင်းကင်း မွေးဖွားလာအောင်စောင့်ရှောက်ပေးကြပါတယ်။

(အင်း​​တော်ကြီးကန်ရှိ မြန်မာ့မျိုးရင်း ​မြန်မာဒေါင်းလိပ် ​ခေါ် ​လေးကွက်လိပ် အ​ကောင်​ပေါက်​လေးများနှင့် အ​ကောင်ကြီးတစ်​ကောင်ကို​တွေ့ရစဥ်။ ဓါတ်ပုံ- ရဲ​အောင်၊ငြိမ်းချမ်း၊Fauna & Flora)
(အင်း​​တော်ကြီးကန်ရှိ မြန်မာ့မျိုးရင်း ​မြန်မာဒေါင်းလိပ် ​ခေါ် ​လေးကွက်လိပ် အ​ကောင်​ပေါက်​လေးများနှင့် အ​ကောင်ကြီးတစ်​ကောင်ကို​တွေ့ရစဥ်။ ဓါတ်ပုံ- ရဲ​အောင်၊ငြိမ်းချမ်း၊Fauna & Flora)

အောက်တိုဘာလတုန်းက ဒေသခံတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေဟာ ဥ ၂၀ ဝန်းကျင်စီရှိတဲ့ လိပ်သားပေါက်ရာ ဝပ်ကျင်း ၅ ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါကြောင့် သေသေချာချာ လုံခြုံအောင် ကာကွယ်ပေးပြီး စောင့်ကြည့်ခဲ့ပေမယ့် ဘယ်လိပ်မျိုးစိတ်ရဲ့ ဥတွေလဲ ဆိုတာကိုတော့ ကြိုမသိခဲ့ကြပါဘူး။ ဇွန်လကျမှ လိပ်ဥလေးတွေ စပြီး အကောင်ပေါက်လာတဲ့အခါ လေးကွက်လိပ်လေးတွေမှန်း သိရပြီး အဲဒီ မျိုးစိတ်နဲ့ ပတ်သက်လို့ နောက်ထပ် သုတေသန လုပ်ငန်းတွေ စတင်နိုင်ခဲ့ပါတယ်။

၉ လကြာပြီးမှလိပ်ဥလေးတွေအကောင်စပေါက်တယ်ဆိုတာကလည်း သာမန်ထက်ထူးတဲ့ ကိစ္စမျိုးလို့ ဦးဇော်လွန်းက ပြောပါတယ်။ တခြားလိပ်မျိုးစိတ်တွေ၊ အထူးသဖြင့် အကောင်ပေါက်ဖို့အချိန်အတော်ယူရပါတယ်ဆိုတဲ့Nilssoniaမျိုးရင်းတွေမှာတောင် အချိန် ၂ လ၊ ၃ လလောက်အတွင်း အကောင်ပေါက်လေ့ ရှိကြတာကြောင့်ပါ။

“တိရစ္ဆာန် မျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်တဲ့အလုပ်ကို တာဝန်ယူတဲ့အခါ ကိုယ်အထူးပြုတဲ့ သတ္တဝါတွေရဲ့ ဘဝဖြတ်သန်းမှု အခြေခံ သဘောတွေကို သိဖို့တော့ လိုတယ်လေ”လို့ Wildlife Conservation Societyရဲ့ တွားသွား သတ္တဝါမျိုးစိတ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် စတိဗ်ပလတ်က ပြောပါတယ်။ သူဟာ လေးကွက်လိပ်တွေကို စိတ်ဝင်တစား စောင့်ကြည့် လေ့လာနေတဲ့ င်ငံတကာ ပညာရှင် အနည်းအကျဉ်းထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

လေးကွက်လိပ် မျိုးစိတ်တွေရဲ့ သားပေါက်ရာ နေရာတွေကို သိရှိလာရခြင်းဟာ မျိုးစိတ်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ အားထုတ်နေတဲ့ သိပ္ပံ ပညာရှင်တွေအတွက်အရမ်းအရေးကြီးတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့သူကဆိုတယ်။ ဒေါက်တာ ပလတ်ကလည်း အခု ပရောဂျက်မှာ ပါဝင်သူ မဟုတ်ပါဘူး။ “ဒီလိပ်မျိုးစိတ်တွေနဲ့ ပတ်သက်လို့ ပြန့်ကြဲနေတဲ့ ဉာဏ်စမ်းPuzzle အစိတ်အပိုင်းလေးတွေကို ကျွန်တော်တို့ တဖြည်းဖြည်းချင်းစီ နေရာချပြီး ပြန်ဆက်ယူနေရတုန်းပေါ့။ ဒါပေမဲ့ ကံမကောင်းတာက ကျွန်တော်တို့မှာ အချိန်သိပ်မရဘူး။ ဒီလိပ်မျိုးစိတ်တွေဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ အကောင်ရေ လျော့ပါးလာနေတာကြောင့်ပါ”လို့ သူက သတိပေးပါတယ်။

အခုအခါမှာ လိပ်တွေကို တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက်ပေးတဲ့ ဒေသခံတွေ ရှိလာကြပါပြီ။ ဒါပေမဲ့ လေးကွက်လိပ် မျိုးဆက်တွေအပေါ် ခြိမ်းခြောက်မှုတွေကတော့ရှိနေဆဲပါ။ အဲဒီထဲမှာ လိပ်တွေရဲ့ သဘာဝ စားကျက်မြေတွေ လျော့ပါးလာတာ၊ ပတ်ဝန်းကျင် ညစ်နွမ်းတာ၊ ရာသီဥတု ဖောက်ပြန် ပြောင်းလဲတာ၊ တံငါသည်တွေက မတော်တဆ ဖမ်းဆီးမိရာက အသက်ဆုံးရှုံးတာ၊ နိုင်ငံတကာ သားရိုင်းတိရစ္ဆာန် မှောင်ခိုစျေးကွက်ထဲကတောင်းဆိုမှုတွေကြောင့် ရည်ရွယ်ချက်ရှိရှိ ရှာဖွေဖမ်းဆီးတာမျိုးအကြောင်းရင်းမျိုးစုံပါဝင်နိုင်ပါတယ်။

Andtortoise မျိုးစိတ်ထဲကလိပ်တွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ အခုဆိုရင် မျိုးသုဉ်းနိုင်တဲ့ အန္တရာယ်မျိုး ခြိမ်းခြောက်မှုကို လက်တွေ့ ကြုံနေရတာကြောင့် အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး စံနှုန်းတွေအရ စိုးရိမ်အဆင့် သတ်မှတ် ခံထားရပါတယ်။ လေးကွက်လိပ်တွေ မြန်မာနိုင်ငံမှာ ဘယ်နှကောင်လောက် ကျန်နေသေးလဲ ဆိုတာကို ဘယ်သူမှ မသိပါဘူး။ သိပ္ပံပညာရှင်တွေကတော့ ပြီးခဲ့တဲ့ ရာစုနှစ် တစ်ခုအတွင်း အဲဒီလိပ်တွေ အကောင်ရေ ၈၀ ရာခိုင်နှုန်းလောက် လျော့ပါးသွားခဲ့ပြီး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

အရွယ်ရောက်ပြီး လေးကွက်လိပ်တွေဟာ သဘာဝရန်သူတွေရဲ့ ထိုးနှက် ရန်ပြုမှုကို အတော်ကြီး ခံနိုင်ရည် ရှိကြပြီး မာမာထန်ထန် ဖြစ်လာပေမယ့် ဥကပေါက်ကာစ အကောင်လေးတွေကနေ အရွယ်ရောက်ချိန်ထိ ရှင်သန်နိုင်တဲ့ အရေအတွက်က အတော်နည်းသွားလေ့ ရှိတယ်လို့ ဒေါက်တာ ပလတ်က ပြောပါတယ်။ ဒါကြောင့် မြန်မာ့မျိုးရင်း လေးကွက်လိပ်လေးတွေကို အကောင်ပေါက် ဘဝမှာ ကာကွယ်စောင့်ရှောက်ဖို့က သိပ်အရေးကြီးလာပါတယ်။

မစ်ချီဂန် ပြည်နယ် တက္ကသိုလ်ရဲ့ ဒေါက်တာ ဂျန်ဇန်ကတော့ အင်းတော်ကြီးဒေသခံလိပ်စောင့်ရှောက်သူတွေရဲ့ အားထုတ်မှုကို ချီးကျူးထောမနာ ပြုခဲ့ပါတယ်။ သူတို့ရဲ့ ကြိုးစားမှုကြောင့်လည်း အခုလိုမျိုး လေးကွက်လိပ်လေးတွေ ဘေးကင်းကင်း အကောင်ပေါက်လာနိုင်တာလို့ သူက ဆိုတယ်။ ဒေသခံတွေရဲ့ ပူးပေါင်းမှု ပါဝင်မှသာ တိရစ္ဆာန် မျိုးစိတ်တွေကို ကယ်တင် ထိန်းသိမ်းမှုတွေက အောင်မြင်ပြီး အဓွန့်ရှည် တည်တံ့လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

“ဒေသခံတွေ ကိုယ်တိုင်က ဒီအလုပ်ကို နှစ်နှစ်ကာကာနဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်နေကြပြီ ဆိုရင်တော့ အားထုတ်မှုတွေက ဘယ်တော့မှ အဆုံးသတ်သွားမှာ မဟုတ်ဘူးလေ”လို့ ဒေါက်တာ ဂျန်ဇန်က မှတ်ချက် ပေးသွားပါတယ်။ ။

(New York Timesတွင် ဖော်ပြထားသည့် Tiny Bundles of Hope: Critically Endangered Turtles Hatch in Myanmar ဆောင်းပါးကိုဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

News

“အခုတလောကတော့ ရသတ္တပတ်အတွင်းမှာတော့ လီဒိုလမ်းဘက်မှာ နေ့တိုင်းလိုလို ခြုံခိုတိုက်ပွဲတွေ မိုင်းဆွဲတဲ့ တိုက်ပွဲတွေရှိတယ်။ အဲဒီဘက်မှာများ သူတို့ထိခိုက်တာများတာလားပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။