Connect with us

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

“ကိုယ့်ပြည်သူကိုယ် ဗုံးမိုးရွာနေတဲ့ နိုင်ငံ”

UNHCRက အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်နဲ့ ကြံရာပါ အဖွဲ့အစည်းတွေ လက်ချက်ကြောင့် သေဆုံးသူ ဦးရေကလည်း ၃၄၅၂ ဦးထက်မနည်း ရှိခဲ့ပြီလို့ ထုတ်ပြန်ထားပါသေးတယ်။

(The New yourk Time သတင်းစာတွင်​ဖော်ပြထား​​​သော​ဆောင်းပါး​ခေါင်းစီးနှင့် ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်မီး​လောင်​နေ​​သောအ​ဆောက်အအုံ/ ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်မှု အပြီးအပျက်အစီး၊ ဆုံးရှုံးမှုအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်/ ချင်းပြည်နယ်တွင် ဗုံးကျဲတိုက်ခိုက်ခံရပြီးကွယ်လွန်သူများ၏နာ​ရေးအခမ်းအနားပြုလုပ်စဥ်။ဓါတ်ပုံ-CJ)
(The New yourk Time သတင်းစာတွင်​ဖော်ပြထား​​​သော​ဆောင်းပါး​ခေါင်းစီးနှင့် ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်မီး​လောင်​နေ​​သောအ​ဆောက်အအုံ/ ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်မှု အပြီးအပျက်အစီး၊ ဆုံးရှုံးမှုအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်/ ချင်းပြည်နယ်တွင် ဗုံးကျဲတိုက်ခိုက်ခံရပြီးကွယ်လွန်သူများ၏နာ​ရေးအခမ်းအနားပြုလုပ်စဥ်။ဓါတ်ပုံ-CJ)
(ကမ္ဘာ​ကျော် နယူး​​ယောက်ခ်တိုင်းမ်သတင်းဌာနက ဇူလိုင် ၃၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်​ကောင်စီက ဗုံးကျဲ၍ ပြည်သူများကိုသတ်ဖြတ်​နေမှု ၊​ကျေးရွာများကိုမီးရှို့ဖျက်ဆီး​နေမှုတို့ကို စုံစမ်း​ထောက်လှမ်းထားသလို၊ သု​တေသနအချက်အလက်များဖြင့် ​​ပေါင်းစပ်၍ “The Country That Bombs Its Own People”​ခေါင်းစီးဖြင့်အကျယ်တဝင့်​ဖော်ပြခဲ့ပါသည်။အဆိုပါ​ဆောင်းပါးကို People’s Spring စာဖတ်ပရိတ်သတ်များအတွက်ဘာသာပြန်ဆို​ဖော်ပြ​ပေးလိုက်ပါသည်။)

Haley Willis, weiyi Cai ​ရေးသားသည်။

အင်တာနက် ဖြတ်တောက်မှုတွေ၊ ဒစ်ဂျစ်တယ် နည်းပညာသုံး ကန့်သတ် စောင့်ကြည့်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ နယ်နိမိတ်တွေ အပြင်ဖက်ဆီ သတင်း စီးဆင်းမှုက ပြတ်တောင်းပြတ်တောင်း ဖြစ်နေပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး ပုန်းလျှိုးကွယ်လျှိုး ဖုံးကွယ်ထားတဲ့ ကန့်လန့်ကာ နောက်မှာတော့ အာဏာသိမ်း မြန်မာစစ်တပ်ဟာ ဆိုးသွမ်း ရက်စက်လှပြီး စစ်ဘက်၊ အရပ်ဖက်ရယ်လို့ မခွဲခြားတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို မြိန်ရည်ယှက်ရည် ကျူးလွန်နေပါတော့တယ်။

စစ်တပ်ရဲ့ နိုင်လိုမင်းထက် ပြုမှုတွေနဲ့ အသားကျနှင့်ပြီးသား နိုင်ငံတခု ဖြစ်နေတာတောင်မှ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အကြမ်းဖက်မှုတွေ၊ လူသားရေးရာ အကျပ်အတည်းတွေဟာ မကြုံစဖူး အခြေအနေမျိုးထိ ဖြစ်လာတယ်လို့ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူ အများစုက တညီတညွတ်တည်း သုံးသပ်ကြပါတယ်။

(The New yourk Time သတင်းစာတွင်​ဖော်ပြထား​​​သော​ဆောင်းပါး​ခေါင်းစီးနှင့် ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်မီး​လောင်​နေ​​သောအ​ဆောက်အအုံ/ ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်မှု အပြီးအပျက်အစီး၊ ဆုံးရှုံးမှုအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်/ ချင်းပြည်နယ်တွင် ဗုံးကျဲတိုက်ခိုက်ခံရပြီးကွယ်လွန်သူများ၏နာ​ရေးအခမ်းအနားပြုလုပ်စဥ်။ဓါတ်ပုံ-CJ)
(The New yourk Time သတင်းစာတွင်​ဖော်ပြထား​​​သော​ဆောင်းပါး​ခေါင်းစီးနှင့် ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်မီး​လောင်​နေ​​သောအ​ဆောက်အအုံ/ ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်မှု အပြီးအပျက်အစီး၊ ဆုံးရှုံးမှုအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်/ ချင်းပြည်နယ်တွင် ဗုံးကျဲတိုက်ခိုက်ခံရပြီးကွယ်လွန်သူများ၏နာ​ရေးအခမ်းအနားပြုလုပ်စဥ်။ဓါတ်ပုံ-CJ)

တကယ်တော့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရလာပြီး ကတည်းက အရှုပ်အထွေးတွေ၊ ပဋိပက္ခတွေကို ဆက်တိုက်နီးပါးလောက် ရင်ဆိုင် ဖြတ်သန်းခဲ့ရပြီး ဖြစ်ပါတယ်။ မြန်မာ စစ်တပ်ဟာ မမျှမတ နည်းလမ်းတွေကို သုံးပြီး နိုင်ငံအာဏာကို ချုပ်ကိုင်ရင်း ဆယ်စုနှစ်တွေနဲ့ချီ အုပ်ချုပ်ခဲ့ပါတယ်။ ဒီအတောအတွင်း အတိုက်အခံ လှုပ်ရှားမှုတွေ တိတ်ဆိတ်သွားအောင်လည်း ဖိနှိပ်လေ့ ရှိပြန်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ လူမျိုးသုဉ်း ရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် ရိုဟင်ဂျာတွေ သိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးရပြီး လူ့သမိုင်းမှာ အကြီးမားဆုံး စာရင်းဝင် ဒုက္ခသည်ရေးရာ အကျပ်အတည်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတကာဆီက ဆူဆူညံညံ ကျယ်ကျယ်လောင်လောင် ဝေဖန်သံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

နောက်တော့ ရွေးကောက်ပွဲအပြီး လပိုင်းအကြာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပါတော့တယ်။ ချက်ချင်းဆိုသလိုပဲ နိုင်ငံအနှံ့က လမ်းတွေပေါ်မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ဖွေးဖွေးလှုပ် ပြည့်လျှံသွားပါတယ်။ ဒါပေမဲ့ အဲဒီ ဆန္ဒပြမှုတွေဟာ အကြမ်းဖက် ဖိနှိပ်ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်တော့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ဦးဆောင်ပြီး စစ်တပ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင် အင်အားစုသစ် တစ်ခုကို ဖွဲ့စည်း ထူထောင်လာပါတော့တယ်။

Public Service Announcement

Public Service Announcement

နောက်တော့ တော်လှန်ရေး လက်နက်ကိုင် မဟာမိတ် အင်အားစုတွေဟာ နိုင်ငံရဲ့ ကျယ်ပြောလှတဲ့ အစိတ်အပိုင်းတွေကို ထိထိရောက်ရောက် ဖြန့်ကျက် ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေးဖက်က ထိန်းချုပ်နယ်မြေတွေ တိုးလာတဲ့အခါ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေကို ပိုမို မှီခိုလာပါတော့တယ်။ အဲဒီ တိုက်ခိုက်မှုတွေမှာ ပြည်သူအများအပြားဟာ သားကောင် ဖြစ်ခဲ့ကြရပါတယ်။

(The New yourk Time သတင်းစာတွင်​ဖော်ပြထား​​​သော​ဆောင်းပါး​ခေါင်းစီးနှင့် ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်မီး​လောင်​နေ​​သောအ​ဆောက်အအုံ/ ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်မှု အပြီးအပျက်အစီး၊ ဆုံးရှုံးမှုအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်/ ချင်းပြည်နယ်တွင် ဗုံးကျဲတိုက်ခိုက်ခံရပြီးကွယ်လွန်သူများ၏နာ​ရေးအခမ်းအနားပြုလုပ်စဥ်။ဓါတ်ပုံ-CJ)
(The New yourk Time သတင်းစာတွင်​ဖော်ပြထား​​​သော​ဆောင်းပါး​ခေါင်းစီးနှင့် ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်မီး​လောင်​နေ​​သောအ​ဆောက်အအုံ/ ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်မှု အပြီးအပျက်အစီး၊ ဆုံးရှုံးမှုအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်/ ချင်းပြည်နယ်တွင် ဗုံးကျဲတိုက်ခိုက်ခံရပြီးကွယ်လွန်သူများ၏နာ​ရေးအခမ်းအနားပြုလုပ်စဥ်။ဓါတ်ပုံ-CJ)

အခုနှစ် ပထမ ၃ လနဲ့ ယှဉ်လိုက်ရင် ဧပြီနဲ့ မေလတွေမှာ မြန်မာနိုင်ငံအနှံ့ လေကြောင်း တိုက်ခိုက်မှုတွေက ၂ ဆလောက် တိုးလာကြောင်း စစ်တမ်း အချက်အလက်တွေက ဖော်ပြနေပါတယ်။ New York Timesရဲ့ မျက်မြင် စိစစ် တွေ့ရှိမှုတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေက မြေပြင်အခြေအနေမှာ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းက ဘယ်လောက် အရှိန်မြင့်တက်လာသလဲ ဆိုတာနဲ့ အဲဒီ နည်းလမ်းဟာ အာဏာသိမ်း စစ်တပ်အတွက် ဘယ်လောက်တောင် အရေးပါတဲ့ ဗျူဟာတစ်ခု ဖြစ်လာသလဲ ဆိုတာကို ဖော်ထုတ်လာနိုင်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ မဟာဗျူဟာ တစ်ခုကတော့ အတိုက်အခံ တော်လှန်ရေး အင်အားစုတွေကို ထောက်ခံ အားပေးတယ်လို့ ယုံကြည်တာနဲ့ အဲဒီဒေသက ပြည်သူတွေကို အသားလွတ် ဒုက္ခပေး ဒဏ်ခတ်တာမျိုးဖြစ်တယ်လို့မြန်မာ စစ်တပ်ဆိုင်ရာ အထူးပြု လေ့လာသူနဲ့ စစ်ရေး လေ့လာမှု အဖွဲ့တစ်ခုဖြစ်တဲ့ Jane Groupရဲ့ အဖွဲ့ဝင် အန်သိုနီ ဒေးဗစ်က ပြောပါတယ်။

“သူတို့ သုံးတဲ့နည်းတွေက ရွာတွေကို မီးတင်ရှို့တာ၊ ရွာထဲကို ဗုံးကြဲတာ၊ ဒေသခံတွေကို ကိုယ့်ရပ်ကိုယ့်ရွာမှာ မနေနိုင်အောင် အဓမ္မ ဖိအားပေး မောင်းထုတ်တာ စသဖြင့် အစုံပဲ”လို့ သူက ဆိုတယ်။

လက်ရှိ စစ်တပ်က အသုံးပြုနေတဲ့ နည်းလမ်းတချို့ဟာ ရခိုင်ပြည်နယ်ထဲကနေ ရိုဟင်ဂျာ မျိုးနွယ်စုတွေ မနေနိုင်အောင် မောင်းထုတ်ခဲ့တဲ့က နည်းလမ်းဟောင်းတွေ ဖြစ်ပါတယ်။ အဲဒီတုန်းက စစ်တပ်ရဲ့ လက်ချက်ကြောင့် လူပေါင်း ၁ သန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ ဖြစ်ပွားတဲ့ အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ နေရပ်စွန့်ခွာ ထွက်ပြေးရသူ နောက်ထပ် ၁.၅ သန်းလောက် ရှိလာပြန်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ဇွန်လ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ပြည်တွင်း အဖွဲ့အစည်းတွေကတော့ လက်တွေ့မှာ ကိန်းဂဏန်းတွေက အဲဒီထက် အများကြီး ပိုလိမ့်ဦးမယ်လို့ ပြောကြားထားပါတယ်။

UNHCRက အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်နဲ့ ကြံရာပါ အဖွဲ့အစည်းတွေ လက်ချက်ကြောင့် သေဆုံးသူ ဦးရေကလည်း ၃၄၅၂ ဦးထက်မနည်း ရှိခဲ့ပြီလို့ ထုတ်ပြန်ထားပါသေးတယ်။

“စစ်အာဏာရှင်ကို ဖြုတ်မချနိုင်မချင်း ဘယ်နေ့မှာ ကျွန်တော်တို့တွေ အသက်နဲ့ကိုယ် အိုးစားကွဲသွားမလဲ ဆိုတဲ့ မရေမရာ အတွေးတွေ ခြောက်လှန့်တာ ခံနေရဦးမှာပဲ”လို့ ဖေဖော်ဝါရီလတုန်းက လေကြောင်းတိုက်ခိုက်မှု တစ်ခုကနေ ထွက်ပြေးရင်း ထိခိုက်ဒဏ်ရာ ရခဲ့သူ အသက် ၂၅ နှစ်အရွယ် ကိုမောင်မောင်က ညည်းညူပါတယ်။

အခုအခါမှာ တော်လှန်ရေး အင်အားစုတွေဟာ မြန်မာနိုင်ငံရဲ့ ဧရိယာ ထက်ဝက်လောက်ကို ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ နိုင်ငံရဲ့ ကန့်သတ် အစိတ်အပိုင်း တချို့လောက်မှာသာ စစ်ပွဲတွေ ဖြစ်ပွားနေတာမျိုး မဟုတ်တော့တဲ့အခါ စစ်တပ်ဟာ အင်အား မလောက်ငှမှု ပြဿနာကို အကြီးအကျယ် ရင်ဆိုင်လာရတယ်လို့ Jane Groupရဲ့ သုတေသီ ဒေးဗစ်က ဆိုပါတယ်။ “တိုက်ပွဲတွေက ရခိုင်မှာ ဖြစ်နေတယ်၊ ကချင်မှာ ဖြစ်နေတယ် ဆိုရုံလောက်တင် မကတော့ဘူး။ အခုဆိုရင် စစ်တပ်ဟာ နေရာအနှံ့ ခြေချသမျှ တိုက်ပွဲဝင်ရသလို အခြေအနေမျိုးထိ ကြုံနေရပါပြီ”လို့ သူက သုံးသပ်ပါတယ်။

(The New yourk Time သတင်းစာတွင်​ဖော်ပြထား​​​သော​ဆောင်းပါး​ခေါင်းစီးနှင့် ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်မီး​လောင်​နေ​​သောအ​ဆောက်အအုံ/ ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်မှု အပြီးအပျက်အစီး၊ ဆုံးရှုံးမှုအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်/ ချင်းပြည်နယ်တွင် ဗုံးကျဲတိုက်ခိုက်ခံရပြီးကွယ်လွန်သူများ၏နာ​ရေးအခမ်းအနားပြုလုပ်စဥ်။ဓါတ်ပုံ-CJ)
(The New yourk Time သတင်းစာတွင်​ဖော်ပြထား​​​သော​ဆောင်းပါး​ခေါင်းစီးနှင့် ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်မီး​လောင်​နေ​​သောအ​ဆောက်အအုံ/ ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်မှု အပြီးအပျက်အစီး၊ ဆုံးရှုံးမှုအ​ခြေအ​နေပြ အင်ဖိုဂရပ်ဖစ်/ ချင်းပြည်နယ်တွင် ဗုံးကျဲတိုက်ခိုက်ခံရပြီးကွယ်လွန်သူများ၏နာ​ရေးအခမ်းအနားပြုလုပ်စဥ်။ဓါတ်ပုံ-CJ)

လေကြောင်း တိုက်ခိုက်မှုတွေအတွက် စစ်တပ်ဟာ ရုရှားနဲ့ တရုတ်က ထောက်ပံ့ပေးထားတဲ့ တိုက်လေယာဉ်တွေကို အသုံးပြုပါတယ်။ ပြီးတော့ တင်းတင်းကျပ်ကျပ် အရေးယူ ပိတ်ဆို့သင့်ကြောင်း နိုင်ငံတကာ လေ့လာသူတွေ ဝိုင်းဝန်း ထောက်ပြနေတဲ့ လေယာဉ်ဆီ ထောက်ပံ့ရေး ကွန်ရက်တွေအပေါ် ဆက်လက် မှီခိုနေပါ့တယ်။ “မြန်မာစစ်တပ်ဆီ လေယာဉ်ဆီတွေ ရောက်ရှိနိုင်အောင် ဆက်ပြီး လမ်းဖွင့်ထားပေးသ၍ အရပ်သားတွေ အကြီးအကျယ် ထိခိုက်နစ်နာမှုက ဆိုးသထက် ဆိုးလာဦးမှာပဲ”လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ရဲ့ မြန်မာနိုင်ငံသား သုတေသီ တစ်ဦးဖြစ်တဲ့ မနန်းစိန်က မှတ်ချက်ပေးပါတယ်။

တော်လှန်ရေး အင်အားစုတွေက သူတို့ရဲ့ အပေါ့စား စစ်လက်နက် ပိုင်ဆိုင်မှုတွေကို ချဲ့ထွင်လာနိုင်တယ် ဆိုပေမယ့် လေကြောင်းပစ်အားဆိုလို့ အားကိုးစရာက လက်လုပ်ဗုံးတွေကို ကြဲချနိုင်တဲ့ အပေါ့စား၊ အသေးစား ဒရုန်းတွေလောက်ပဲ ရှိပါသေးတယ်။ အဲဒီလို ဒရုန်းမျိုးတွေကိုတော့ စစ်အခြေစိုက် စခန်းတွေနဲ့ စစ်သားတွေကို တိုက်ခိုက်တဲ့ နေရာမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာနေပါတယ်။

ဒီနေရာမှာ တော်လှန်ရေး ကာလအတွင်း တချို့သော ခုခံရေးအဖွဲ့ တချို့ကလည်း နိုင်ထက်စီးနင်း အမူအကျင့်တွေ ရှိခဲ့ကြောင်း စွပ်စွဲ ခံရပါတယ်။ ဒါပေမဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို စစ်ဘက်၊ အရပ်ဖက်ရယ်လို့ မခွဲခြားဘဲ စည်းလွတ်ဝါးလွတ် အသုံးပြုပြီး အရပ်သားတွေရဲ့ ဘဝကို ပြင်းပြင်းထန်ထန် သက်ရောက် ထိခိုက်စေတာကတော့ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်း တစ်ခုတည်းကိုသာ ခြွင်းချက်မရှိ လက်ညှိုးထိုးရမှာ ဖြစ်ပါတယ်။

မျက်နှာပြောင်တိုက်ပြီး အရှက်ကင်းမဲ့လွန်းတဲ့ တချို့ ဖြစ်စဉ်တွေမှာဆိုရင် တော်လှန်ရေးကို ထောက်ခံတယ်၊ တော်လှန်ရေးနဲ့ ဆက်စပ်တယ်လို့ ယုံကြည်တဲ့ အရပ်သားတွေ စုဝေးပွဲမျိုးတွေကိုပါ စစ်လေယာဉ်တွေက ဗုံးကြဲခဲ့ပါတယ်။ ထင်ရှားတဲ့ ဖြစ်စဉ်တွေကတော့ စစ်ကိုင်းတိုင်းက ပြည်သူ့ စီမံအုပ်ချုပ်မှု ရုံးဌာနတစ်ခု ဖွင့်ပွဲနဲ့ကချင်ပြည်နယ်ကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ထူထောင်မှု နှစ်ပတ်လည် အခမ်းအနားတွေမှာ အရပ်သား အများအပြား သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မြန်မာစစ်တပ်က ပြောင်ပြောင်တင်းတင်း ကျူးလွန်ပြခဲ့တယ် ဆိုတာပါပဲ။

လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ တည်နေရာနဲ့ ဖြစ်စဉ်ပြ အချက်အလက် ပရောဂျက်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရဆိုရင် ကမ္ဘာတလွှားက စစ်ရေး ပဋိပက္ခတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေကို ပိုပြီးတော့ အသုံးတွင်ကျယ်လာနေကြောင်း တွေ့ရပါတယ်။

ဇွန်လထဲမှာတင် လေကြောင်းကနေ တိုက်ခိုက်တဲ့ စစ်ဆင်ရေး အကြိမ် ၄၀ ကျော် ရှိခဲ့ပြီး အခုနှစ်ထဲမှာ အရေအတွက် အများဆုံးလ ဖြစ်လာပါတယ်။ ၂၀၂၃ ခုနှစ် တစ်ခုလုံးကို ခြုံကြည့်ရင် ပျမ်းမျှ လအလိုက် လေကြောင်းတိုက်ခိုက်မှုဟာ အကြိမ် ၃၀ လောက်ထိ ရှိနေပြီး ပဋိပက္ခတွေ စတင်တဲ့ ကာလတလျှောက် အရေအတွက် အထူထပ်ဆုံး အနေအထားထိ ရောက်လာပါတယ်။ လေကြောင်းတိုက်ခိုက်မှု အများစုကိုလည်း တော်လှန်ရေး အင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

တချို့ ဖြစ်စဉ်တွေမှာတော့ တော်လှန်ရေး အင်အားစုတွေက စစ်တပ် စခန်းတွေကို ဝိုင်းဝန်းထိုးစစ်ဆင်တဲ့အတွက် စခန်းမှာရှိတဲ့ စစ်သားတွေက လေကြောင်းပစ်ကူ ခေါ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အများစုကတော့ စစ်ဘက် အရပ်ဖက်ရယ်လို့ မခွဲခြားတာကို တွေ့နိုင်ပါတယ်။ အကျိုးဆက်ကတော့ အဲဒီလို ဆိုးရွားပြင်းထန်လှတဲ့ တိုက်ခိုက်မှုတွေကို အရပ်သားတွေကပါ မဆီမဆိုင် ထိခိုက် ခံစားရတာပဲ ဖြစ်ပါတယ်။ ဒေးဗစ်ကတော့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ အားလုံးရဲ့ ၈၅ ရာခိုင်နှုန်းဟာ အရပ်သားတွေလို့ သုံးသပ်ပါတယ်။

“ပြောရမယ်ဆိုရင် စစ်တပ်ရဲ့ လေကြောင်း ပစ်အားဟာ တော်လှန်ရေးကို ထောက်ခံတဲ့ ပြည်သူတွေကို ဒဏ်ခတ်ဖို့ အဓိကပဲ။ စစ်ရေးဆိုင်ရာ ပစ်မှတ်တွေအပေါ် သက်ရောက်တာက အရမ်းနည်းပါတယ်”လို့ သူက ဆိုတယ်။

စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့နေ့ ညည ဘယ်လိုအချိန်မှာမဆို လုပ်ဆောင်တတ်ပါတယ်။ မနက် အစောကြီး ၄ နာရီလောက်မှာ အလစ် တိုက်ခိုက်တာမျိုးလည်း ရှိတတ်ပြန်ပါတယ်။

“စစ်တပ်က ပေးချင်တဲ့ သတင်းစကား တစ်ခုရှိပုံရတယ်။ သူတို့ဖက်က ရပ်တည်မလား၊ သူတို့ရဲ့ ရန်သူ အဖြစ်ခံမလား ဆိုတာမျိုးပေါ့”လို့ AIရဲ့ သုတေသီ မနန်းစိန်က သုံးသပ်ပါတယ်။

New York Timesက ရရှိထားတဲ့ အချက်အလက်တွေ၊ မှတ်တမ်းတွေကို မျက်မြင် သုံးသပ်ကြည့်တဲ့အခါ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေး အဆောက်အအုံတွေပါ ခံထားရတာကို အတည်ပြုနိုင်ပါတယ်။ တချို့ လေကြောင်းတိုက်ခိုက်မှုတွေဆိုရင် ရွာသားတွေရဲ့ အဆိုအရ ပတ်ဝန်းကျင်မှာ ဘယ်တော်လှန်ရေး တပ်ဖွဲ့တွေမှ မရှိဘဲနဲ့ လူနေကျေးရွာတွေကို ဗုံးကြဲခံရတာလို့ သိရပါတယ်။ ဒါပေမဲ့ ဒီအဆိုပြုချက်တွေ မှန်မမှန် ဆိုတာကိုလည်း အတည်ပြုဖို့တော့ နည်းလမ်း မရှိပါဘူး။

ဇွန်လ ၂၇ ရက်တုန်းက စစ်လေယာဉ် တစ်စီးဟာ ညောင်ကုန်းရွာမှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်မှာ ဘုန်းတော်ကြီး တစ်ပါးနဲ့ တခြား အရပ်သား ၉ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ဒေသခံ တစ်ဦးဖြစ်တဲ့ ဦးဇော်ထွေးက ပြောပါတယ်။ အခင်းဖြစ်တဲ့ နေရာကို ရိုက်ကူးထားတဲ့ မှတ်တမ်း ဓာတ်ပုံတွေအရ ဘုန်းတော်ကြီးကျောင်းဟာ အကြီးအကျယ် ပျက်စီးနေတာကို တွေ့ရပါတယ်။

နောက်ထပ် ရရှိထားတဲ့ ဓာတ်ပုံ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၂၃ ရက်တုန်းက စစ်ကိုင်းတိုင်းထဲမှာ လေကြောင်းတိုက်ခိုက်မှုဒဏ် ခံထားရတဲ့ အထက်တန်းကျောင်း တစ်ကျောင်းနဲ့ ဆေးရုံတစ်ခုရဲ့ ဓာတ်ပုံတွေကိုလည်း တွေ့ရပါတယ်။ “အဲဒီနေ့တုန်းက သူတို့ အဓိက ဦးတည်ခဲ့တဲ့ ပစ်မှတ်ကတော့ ဆေးရုံဗျ”လို့ လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ကိုမောင်မောင်က ပြောပြပါတယ်။

မတ်လ ၃၀ ရက်နေ့တုန်းကတော့ ထန်တလန် မြို့နယ်ထဲက ခွာဖိုကျေးရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၄ ဦး အပါအဝင် စုစုပေါင်း ၉ ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ကျေးရွာထဲမှာ အကြီးအကျယ် ထိခိုက်ပျက်စီးထားတဲ့ ဗီဒီယို မှတ်တမ်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။

အသက် ၄၀ အရွယ် မငေါင်ဟွိုင်ဟာ အဲဒီ လေကြောင်းတိုက်ခိုက်မှုမှာ အကြီးအကျယ် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ သူဟာ ဆေးရုံမှာ ကာလရှည်ကြာ တက်ရောက် ကုသမှု ခံယူခဲ့ရပြီး ခြေထောက်ထဲမှာလည်း စတီးချောင်း ထည့်ခဲ့ရပါတယ်။ မငေါင်ဟွိုင်က သူဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ မကြာခဏ ဘေးလွတ်ရာ ထွက်ပြေးခဲ့ဖူးပြီး အသားတကျ အတွေ့အကြုံ တစ်ခုလိုတောင် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်မက ထန်တလန်က ဆေးရုံတစ်ခုမှာ အလုပ်လုပ်တာပါ။ နောက်တော့ စစ်တပ်က ထန်တလန်ကို မီးတင်ရှို့တဲ့အခါ ကျွန်မတို့ အိမ်လည်း ပါသွားတယ်။ ဒါကြောင့် ကျွန်မက ခွာဖိုဆီ ယာယီ ပြောင်းရွှေ့ ခိုလှုံနေခဲ့ပေမယ့် ကံဆိုးချင်တော့ လေကြောင်းတိုက်ခိုက်မှုနဲ့ တည့်တည့် တိုးတော့တာပါပဲ”လို့ မငေါင်ဟွိုင်က ရှင်းပြပါတယ်။

လေကြောင်း တိုက်ခိုက်မှုတေါအပြင် မငေါင်ဟွိုင်ရဲ့ နေအိမ် ကြုံခဲ့သလို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးမှုတွေ ဆိုတာကလည်း တော်လှန်ရေး အင်အားစုတွေရဲ့ စိတ်ဓာတ်ကို ချိုးနှိမ် ဖျက်ဆီးဖို့ စစ်တပ်က အသုံးပြုနေတဲ့ နောက်ထပ် ယုတ်မာပက်စက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလိုပဲ စစ်တပ်ဟာ တော်လှန်ရေး အားကောင်းရာ နယ်မြေတွေထဲက ကျေးရွာတွေကို မြေလှန်ဖျက်ဆီး မီးရှို့တဲ့ လုပ်ရပ်တွေကို အရှိန်မြှင့်တင်လာခဲ့ပါတယ်။

ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေကို မြင်နေရပြီ ဆိုတာနဲ့ ဒီတိုက်ခိုက်မှုဟာ အာဏာသိမ်း စစ်တပ်က ကျူးလွန်တယ်ဆိုတာ အလွယ်တကူ ခွဲခြား သိမြင်နိုင်ပါတယ်။ ဒါပေမဲ့ ကျေးရွာတွေကို မီးတင်ရှို့တဲ့ ကိစ္စမျိုးမှာကျတော့ လက်သည် အစစ်အမှန်ကို ဖော်ထုတ်ပြဖို့က အများကြီး ပိုခက်ခဲသွားပါတယ်။ အန်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Myanmar Witnessရဲ့ မျှဝေမှုအရ New York Timesက ဆန်းစစ်ကြည့်ခွင့် ရခဲ့တဲ့ ဗီဒီယိုထဲမှာ စစ်သားတွေဟာ နေအိမ်ကနေ ထွက်ခွာသွားတာကို တွေ့ရပါတယ်။ ဒါက မီးရှို့မှုတွေကို စစ်တပ်က ကျူးလွန်ပါတယ်ဆိုတဲ့ ရှားရှားပါးပါး သက်သေ တစ်ခုပါပဲ။

ဗီဒီယိုကို ကိုယ်တိုင် ဆန်းစစ် လေ့လာခဲ့တဲ့နောက် ဒေးဗစ်ကလည်း အိမ်တွေကို မီးရှို့တာဟာ အာဏာသိမ်း စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဆိုတာ ကျိန်းသေတယ်လို့ မှတ်ချက်ပေးပါတယ်။ “စစ်သုံးခမောက်တွေ၊ ရာထူးအမှတ်တံဆိပ် သင်္ကေတတွေ၊ ကိုင်ဆောင်တဲ့ ရိုင်ဖယ်တွေ၊ ပြုမူလှုပ်ရှားပုံတွေအရ သူတို့မှ သူတို့ဆိုတာ ကျိန်းသေပါတယ်”လို့ သူက ပြောပါတယ်။

အိမ်မီးရှို့ ခံခဲ့ရသူ ဒေါ်သိန်းဌေးကတော့ အဲဒီတုန်းက စစ်သားတွေဟာ တော်လှန်ရေး အဖွဲ့ခေါင်းဆောင် တစ်ဦး ရှိနေမယ့် နေရာကို ရွာသားတွေဆီ အတင်းအကျပ် စစ်မေးခဲ့ပြီး မပြောနိုင်ရင် ရွာကို မီးတင်ရှို့မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ပြောပြပါတယ်။ “ကျွန်မတို့က တကယ် မသိလို့ မသိတဲ့အကြောင်း ပြောတဲ့အခါ သူတို့က မီးစရှို့တော့တာပဲ”လို့ ဒေါ်သိန်းဌေးက ဆိုပါတယ်။

စစ်တပ်ရဲ့ အခုလို ရွာမီးရှို့မှုတွေ ဆိုတာက တော်လှန်ရေး အရမ်းအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ အဓိက အတွေ့ရ များပါတယ်။ တချို့ ရွာတွေဆိုရင် စစ်ကြောင်းက တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်လာပြီး မီးရှို့တာ ခံရပါတယ်။ ဒေါ်သန်းဌေးကတော့ လက်ထုတ်တောအပိုင် နယ်မြေတွေထဲက ကျေးရွာတွေမှာဆိုရင် မီးရှို့ခံထားရတဲ့ နေအိမ်တွေကို အသစ်ပြန်တည်ဆောက်ရင် အကြိမ်ကြိမ် မီးလာထပ်ရှို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး ခံထားရကြောင်း ပြောပြပါတယ်။

Myanmar Witnessက လောလောလတ်လတ် ပြုလုပ်ထားတဲ့ လေ့လာ ဆန်းစစ်မှု တစ်ခုမှာတော့ အဲဒီလို မီးရှို့မှုတွေဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ယှဉ်ရင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ စိုးရိမ်စရာ ကောင်းလောက်အောင် ၆ ဆလောက် တိုးပွားလာတယ်လို့ သိရပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)က စစ်တပ် အာဏာသိမ်းမှု စတင်ချိန် ကတည်းက အရပ်သား ပြည်သူပိုင် အဆောက်အအုံ ၆ သောင်းဝန်းကျင် မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးပြီလို့ ဇူလိုင်လတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ပုံရိပ်တွေ အရလည်း မီးရှို့မှုကြောင့် မြန်မာနိုင်ငံအနှံ့မှာ ဖြစ်ပွားခဲ့တဲ့ ထိခိုက် ပျက်စီးမှုတွေကို ခြေရာခံ ထောက်လှမ်းကြည့်လို့ ရပါတယ်။ မေလ ၂၅ ရက်ကနေ ဇွန်လ ၁ ရက်ထိ ကာလတိုလေး အတွင်းမှာတင် ပြည်နယ် ၃ ခုမှာ ကျေးရွာ ၇ ခုလောက် မီးတင်ရှို့ ခံရတာကို တွေ့နိုင်ပါတယ်။ ရွာ ၄ ခုဆိုရင် မီးလောင်နေလျက်သား အခြေအနေမျိုးနဲ့ ဂြိုဟ်တု ဓာတ်ပုံတွေမှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

စစ်ကြောင်းထိုးတဲ့အချိန်မှာ ရွာသားတွေရဲ့ စပါးကျီတွေ အပါအဝင် ရိက္ခာသိုလှောင်တဲ့ နေရာတွေနဲ့ မွေးမြူရေး တိရစ္ဆာန်တွေကို ဖျက်ဆီးတာ၊ သတ်ဖြတ်တာတွေကလည်း မြန်မာစစ်တပ်ရဲ့ နောက်ထပ် အသုံးများတဲ့ နည်းဗျူဟာ တစ်ခုပါပဲ။ Myanmar Wintessက မျှဝေထားတဲ့ ဓာတ်ပုံတွေအရ နိုဝင်ဘာ လလယ်မှာ စစ်ကိုင်းတိုင်းထဲက ပေါင်းလှဲကုန်း ကျေးရွာထဲက စားပုံတွေနဲ့ စပါးကျီကြီးတစ်ခု မီးလောင်နေတာကို တွေ့ရပါတယ်။

အဲဒီ သီတင်းပတ်ထဲမှာ စစ်တပ်က ပေါင်းလှဲကုန်း အပါအဝင် အနီးတဝိုက် ကျေးရွာတချို့ရဲ့ ရိက္ခာသိုလှောင်ရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လိုက်လံ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ တစ်ဦးဖြစ်တဲ့ ဦးမောင်ထွန်းစိန်က ပြောပြပါတယ်။

မြန်မာနိုင်ငံ အနှံ့က ဒေသအသီးသီးမှာ စစ်တပ်ရဲ့ စီးနင်းမှုတွေ၊ မီးတင်ရှို့မှုတွေကြောင့် အသက်ဆုံးရှုံးတဲ့ ပြည်သူတွေလည်း ရှိနေပါတယ်။

“ကျွန်တော်တို့ အိမ်တွေ မီးရှို့ခံရတဲ့ အချိန်မှာ ကျွန်တော်တို့က တောထဲမှာ သွားပုန်းနေရပါတယ်။ စစ်သားတွေက အိမ်တွေကို မီးရှို့ရုံနဲ့တင် အားမရသေးဘဲ ကျွန်တော်တို့ကိုပါ ရန်လုပ်ဖို့ လိုက်ရှာကြတာကြောင့်ပါ။ ဒီကောင်တွေရဲ့ ရည်ရွယ်ချက်ကိုက အိမ်တွေကို ဖျက်ဆီးပစ်ရုံနဲ့တင် မကျေနပ်ဘဲ ရွာခံတွေကိုပါ ဒုက္ခပေးဖို့ ဖြစ်ပါတယ်”လို့ ဦးမောင်ထွန်းစိန်က ဆက်ပြောပါတယ်။

သက်ကြီးရွယ်အိုတွေလိုမျိုး တချို့သော ကူရာကယ်ရာမဲ့ ဘဝမျိုး ရောက်နေသူတွေ ခမျာမှာတော့ အချိန်မီ ထွက်မပြေးနိုင်ကြပါဘူး။ မတ်လ ၂၅ ရက်တုန်းက စစ်ကိုင်းတိုင်းမှာရှိတဲ့ စွန်ကုန်းရွာမှာ အိမ်ခြေ ၁၅၀ ကျော်ဟာ ပြာကျတဲ့ထိ မီးရှို့ခံခဲ့ရပြီး လူ ၇ ဦးပါ မီးလောင် သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ၆ ယောက်ဟာ အသက် ၇၀ အထက် ဘိုးဘွားတွေလို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။

“စစ်သားတွေက ရွာကို ရုတ်တရက် ရောက်ချလာတော့ အဘိုးအဘွား ၇ ယောက်လောက်က ထွက်မပြေးနိုင်တော့ဘူးလေ။ သူတို့ရဲ့ အိမ်တွေထဲမှာပဲ ပုန်းနေခဲ့ကြရတယ်။ စစ်သားတွေက သူတို့ရဲ့ အိမ်တွေကိုပါ မီးရှို့ပစ်လိုက်တော့ အားလုံး လွတ်လမ်း မရှိတော့ဘူးလေ။ မီးလျံတွေကြားမှာပဲ နာနာကျင်ကျင် ခံစားရင်း သက်ကြီးရွယ်အို အဖိုးအဖွားတွေ သေဆုံးကုန်ကြရှာတယ်”လို့ အဲဒီ လူမဆန်တဲ့ တိုက်ခိုက်မှုကနေ ထွက်ပြေး လွတ်မြောက်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဦးစိန်မြင့်က ဆိုပါတယ်။

New York Timesက ဆက်သွယ်မေးမြန်းခဲ့သူ အားလုံးလိုလိုက စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းကာလမှာ သူတို့ဟာ ကျီးလန့်စာစား ဘဝနဲ့ စိုးတထိတ်ထိတ် နေထိုင်နေကြရကြောင်း ပြောပါတယ်။ ပဋိပက္ခ ဇုန်နယ်မြေ မဟုတ်တဲ့ နေရာတွေမှာတောင် စစ်တပ်ဟာ အတိုက်အခံ အင်အားစုတွေကို ပြည်သူတွေက ထောက်ပံ့တာမျိုး မလုပ်နိုင်အောင် မျက်စိဒေါက်ထောက် စောင့်ကြည့်ပြီး ဖိနှိပ်နေပါတယ်။ တစ်ယောက်ယောက်က တော်လှန်ရေးကို အားပေး ကူညီနေတယ်ဆိုတဲ့ ရိပ်ဖမ်းသံဖမ်းလောက် ယူဆရုံနဲ့ စစ်သားတွေက ဖမ်းဆီးပါလိမ့်မယ်။

“မြန်မာနိုင်ငံမှာ စစ်တပ်ကသတ်လို့ နေ့တိုင်း ပြည်သူတွေ သေကြေနေရပါတယ်။ ဒါပေမဲ့ အဲဒီအတွက် ဝမ်းနည်းကြောင်း ပြသတဲ့ အနေနဲ့ Facebookပေါ်က Profile ဓာတ်ပုံကိုတောင် အနက်ရောင် မပြောင်းရဲပါဘူး”လို့ ရန်ကုန်မြို့နေ စီးပွားရေးသမား တစ်ဦးဖြစ်တဲ့ ဦးသက်ဆွေက ပြောပါတယ်။ “ကိုယ့်နိုင်ငံသားတွေ သေကြေနေတာကိုတောင် ပွင့်ပွင့်လင်းလင်း ဝမ်းနည်း ကြေကွဲခွင့် မရပါဘူး။ ဟုတ်တယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ ရှင်သန်နေထိုင်နေရတာပါ”လို့ သူက ဖွင့်ဟသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

သက်သေအထောက်အထားတွေအရ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ သိသိသာသာတိုးမြင့်လာနေတာကို ညွှန်ပြနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တယားအဖွဲ့ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။

သတင်း

မြန်မာစစ်တပ်အတွက် ထောက်ပို့ရေးပစ္စည်းများ တင်ပို့နေသည့် ကုမ္ပဏီ ၁၃၈ အခုအနက် ၉ ခုမှာ စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိတော့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

သတင်း

ဂျပန်အစိုးရ၏ ထိုသို့ ကူညီထောက်ပံ့မှုများ ရပ်တန့်ခြင်းမရှိခြင်းက မြန်မာနိုင်ငံအတွင်း လူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်ပေါ်စေကြောင်း ဝေဖန်မှုများ ရှိနေသည်။