Connect with us

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

ဝါရှင်တန် ဒီစီက အခန်းကျဉ်းလေးထဲမှာ

ဝါရှင်တန် ဒီစီက အခန်းကျဉ်းလေးထဲမှာ

အိမ်ဖြူတော်နဲ့ သုံးဘလောက် အကွာ မီးချောင်းတွေ ထွန်းညှိထားတဲ့ လျှောက်လမ်းရဲ့ အဆုံး အဆောက်အအုံ ၆ လွှာဟာ စီးပွားရေးသမားတွေ၊ အလွတ်တမ်း ပရော်ဖက်ရှင်နယ်တွေနဲ့ စိတ်အား ထက်သန်နေတဲ့ စွန့်ဦးတီထွင်သူတွေ ဝေမျှ အသုံးပြုတဲ့ အလုပ်ခွင်နေရာ တစ်ခုပါ။ မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဌာနချုပ်ရဲ့ ရုံးခန်းဆိုရင်လည်း မမှားပါဘူး။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့ အစိုးရအဖြစ် ရပ်တည်တဲ့ NUGဟာ ၂၀၂၁ ခုနှစ်မှာ အရပ်သား အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ပေါ်ထွန်းလာခဲ့ပါတယ်။ အနောက် နိုင်ငံတွေဟာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှု၊ ကြမ်းကြုတ် ရက်စက်မှု၊ အတိုက်အခံတွေ အများအပြားကို ဖိနှိပ်ဖြိုခွင်း ဖမ်းဆီးမှုတွေအပေါ် အပြင်းအထန် ရှုတ်ချခဲ့ပေမယ့် NUGကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် ဘယ်နိုင်ငံကမှ အတိအလင်း လက်မခံသေးပါဘူး။

ဘာပဲဖြစ်ဖြစ် ဝါရှင်တန် ဒီစီမှာ အခြေစိုက်တဲ့ အမေရိကန် အစိုးရကတော့ သက်ဆိုင်ရာ နိုင်ငံအသီးသီးက ဒုက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အာရုံစိုက်မှုကို ပိုမိုရရှိနိုင်ဖို့ မျှော်လင့် ရုန်းကန်နေတဲ့ နိုင်ငံရေး ခိုလှုံသူတွေကို လက်သင့်ခံပေးထားပါတယ်။ NUGရဲ့ မအေးချမ်းမွန်နဲ့ ဦးမိုးဇော်ဦးတို့က လောလောဆယ် မြန်မာ့အရေးအပေါ် ကမ္ဘာကြီးက စိတ်မဝင်စားတာ၊ မျက်ကွယ်ပြုထားတာတွေ ရှိနေတဲ့တိုင်အောင် တချိန်မှာတော့ ပိုမို အလေးထားလာမယ်လို့ အကောင်းမြင် မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။

“သူတို့က မြန်မာဆိုတဲ့ နာမည်ကိုတောင် ဘယ်လို အသံထွက်ရမှန်း မသိကြဘူး။ သူတို့က ယီမင်လို့ ထင်ကြတယ်။ ယီမင် မဟုတ်ပါဘူး”လို့ ဝါရှင်တန်မှာ သူကြုံရတတ်တဲ့ အခြေအနေကို မအေးချမ်းမွန်က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

မိခင်ဖြစ်သူရဲ့ ချဉ်ပေါင်နဲ့ မျှင်ငါးပိဟင်းကို စားသောက်ရင်း အသက် ၂၆ နှစ်အရွယ် မအေးချမ်းမွန်ဟာ သူ့ဇာတိ နိုင်ငံမှ လက်ရှိ ကြုံနေရတဲ့ သေရေးရှင်ရေး အခြေအနေတွေ၊ စစ်တပ်ရဲ့ ကြမ်းတမ်း ရက်စက်တဲ့ သမိုင်းကြောင်းတွေနဲ့ ပြည်တွင်းစစ်အကြောင်း နားထောင်လိုသူတိုင်းကို သေချာ ရှင်းပြဖို့ အစည်းအဝေးတွေ စီစဉ်ရင်း နိစ္စဓူဝ ဖြတ်သန်းနေပါတယ်။ စက်တင်ဘာလတုန်းက သူဟာ အမေရိကန် လွှတ်တော်မှာတောင် သွားရောက် ထွက်ဆိုခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ Burma Act ဥပဒေကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဘားမား ဆိုတာက စစ်အာဏာရှင်တွေက ပြောင်းလဲ မသတ်မှတ်ခင် ခေါ်ဝေါ်တဲ့ နိုင်ငံရဲ့ နာမည်ပါ။ အဲဒီ ဥပဒေက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဟန့်တားခဲ့သူတွေအပေါ် ပိတ်ဆို့ အရေးယူဖို့ တော်လှန်ရေး အင်အားစုတွေကို လက်နက် မဟုတ်တဲ့ အကူအညီတွေ ထောက်ပံ့ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ဝါရှင်တန်မှာရှိတဲ့ NUG ကိုယ်စားလှယ်တွေ အတွက်တော့ အောင်မြင်မှု လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အောက်တိုဘာ လကုန်ပိုင်းမှာ အမေရိကန် ပြည်ထောင်စုဟာ စစ်တပ် လက်အောက်ခံ မြန်မာ့ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း (MOGE)ကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်လိုက်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တကယ့် အသုံးစိတ် အစစ်အမှန်တွေအတွက် သင့်တော်တဲ့ သီးခြား ညွှန်ကြားချက်တွေ ရှိရပါမယ်။

“Burma Actကို ပြဋ္ဌာန်းလိုက်တုန်းက ကျွန်တော်တို့ နိုင်ငံက ပြည်သူတွေနဲ့ တော်လှန်ရေး အင်အားစုတွေက အများကြီး မျှော်လင့်ခဲ့ကြတာပေါ့ဗျာ။ ဒါပေမဲ့ နောက်ဆက်တွဲ ထင်ရှားမြင်သာတဲ့ ရလဒ်မျိုးတော့ ကျွန်တော်တို့ မတွေ့ရသေးဘူး”လို့ NUGရဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဦးမိုးဇော်ဦးက ပြောပါတယ်။

အရှိအတိုင်း လက်ခံရမယ်ဆိုရင် မြန်မာဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေမှာ ဘယ်တုန်းကမှ ဦးစားပေး အဆင့်ကနေ မပါဝင်ခဲ့ဖူးပါဘူး။

အမေရိကန် သမ္မတ ဘာရတ် အိုဘားမား လက်ထက်တုန်းကတော့ အရှေ့တောင် အာရှ ဒေသတွင်းက လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ နိုင်ငံဟာ မျှော်လင့်ချက်တွေ ပြည့်လျှမ်းတဲ့ ဇာတ်ကြောင်း တချို့ကို ကြားမြင်ခွင့် ရလာပါတယ်။ စစ်အာဏာရှင်တွေ ရွေးကောက်ခံ အစိုးရ တစ်ရပ်ကို ငြိမ်းငြိမ်းချမ်းချမ်း အာဏာ လွှဲပြောင်းပေးခဲ့ပါတယ်။ အိုဘားမားကိုယ်တိုင် မြန်မာနိုင်ငံကို နှစ်ကြိမ် သွားရောက်ခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်ချက်တွေ ဖိတ်ဖိတ်တောက်စေခဲ့တဲ့ ပုံရိပ်တွေဟာ တကယ်တမ်းကျတော့ တံလျှပ် တစ်ခုထက် မပိုဘူးဆိုတာ မြင်သာလာပါတယ်။ စစ်တပ်ဟာ ဘယ်တုန်းကမှ လက်ဆုပ်လက်ကိုင် အာဏာကို စွန့်လွှတ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ တိုင်းရင်းသား နယ်မြေတွေမှာ စစ်တပ်ရဲ့ ဗိုလ်ကျ အနိုင်ကျင့်မှုတွေဟာ ဆက်ပြီး တည်မြဲနေခဲ့ပါတယ်။

အဓိက အတိုက်အခံ ဘဝကနေ အရပ်သား အစိုးရ ခေါင်းဆောင် ဖြစ်လာတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာ မွတ်ဆလင် မျိုးနွယ်စုတွေအပေါ် စစ်တပ်ရဲ့ နိုင်လိုမင်းထက် ပြုမှုတွေကို အတိအလင်း ရှုတ်ချဖို့ ငြင်းဆန်ခဲ့ပါတယ်။ အကျိုးဆက်ကတော့ အမေရိကန်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်သိပ်မကြည်တော့ဘဲ ၂၀၁၇ ခုနှစ်မှာ အထွဋ်အထိပ် ရောက်ခဲ့ပြီး မျိုးနွယ်စု ရှင်းလင်းရေး အဆင့်မျိုးထိ ရောက်ခဲ့တဲ့ မြန်မာနိုင်ငံက စစ်ဆင်ရေးတွေကိုလည်း ရိုဟင်ဂျာ ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေအဖြစ် ဝေဖန်ခဲ့ပါတယ်။

အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရော၊ သူ့ရဲ့ အစိုးရ အဖွဲ့ တခုလုံးနီးပါးပါ ထောင်သွင်း အကျဉ်းချ ခံထားရပါတယ်။ နိုင်ငံရဲ့ အစိတ်အပိုင်း အများစုဟာ တိုက်ပွဲတွေထဲမှာ နစ်မွန်းနေတယ်။ ပြည်သူတွေက စစ်တပ်ရဲ့ ရိုင်းပျ ဗိုလ်ကျမှုတွေကို ဒူးထောက် အရှုံးပေးဖို့ ငြင်းဆန်နေတဲ့အချိန် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ထိန်းချုပ် နယ်မြေတွေကို ချဲ့ထွင်လာနေပါတယ်။ ပဋိပက္ခတွေ အရှိန်မြင့်လာတဲ့နောက် ပြည်သူ ၁.၇ သန်းလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး နောက်ထပ် ၁ သန်းလောက်ကတော့ မြန်မာနိုင်ငံကနေ ထွက်ခွာသွားတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ဝါရှင်တန်မှာရှိတဲ့ NUG ရုံးဌာနချုပ်ကိုတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ချက်နဲ့ ဂျပန်တို့ အပါအဝင် တခြားနိုင်ငံတွေမှာ ရုံးခွဲ ခြောက်ခုရှိပြီး အစည်းအဝေးတိုင်း နီးပါးကတော့ အွန်လိုင်းကနေ ချိတ်ဆက်ရတာ ဖြစ်ပါတယ်။

“တစ်ခါတလေတော့လည်း အွန်လိုင်းကနေ အစည်းအဝေး လုပ်ရတာ ကောင်းတယ်၊ ဒါမှ စကားများ ရန်ဖြစ်တဲ့အခါ အချင်းချင်း ထထိုးလို့ မရဘူးပေါ့ဆိုပြီး နောက်ပြောင်တတ်ကြတယ်”လို့ ဦးမိုးဇော်ဦးက အရွှန်းဖောက်ပါတယ်။

ရုံးခန်း တစ်ခုလုံးဟာ အခန်းငယ်လေး တစ်ခုထက် နည်းနည်းပဲ ပိုကျယ်ပါတယ်။ အခန်းထဲမှာ အွန်လိုင်း အစည်းအဝေးတွေ လုပ်တဲ့အခါ နောက်ခံအဖြစ် အသုံးပြုဖို့ အစိုးရ အဖွဲ့နာမည်ကို နံရံမှာ ရေးထိုးထားပြီး အကျဉ်းချ ခံနေရသူ နှစ်ဦး အပါအဝင် NUG ခေါင်းဆောင် လေးဦးရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲထားပါတယ်။ ပြီးတော့ စားပွဲသုံးလုံး ရှိနေတယ်။ ဧည့်သည်တွေ လာတဲ့အခါ နားမှာရှိတဲ့ ကဖေးတစ်ခုကနေ ကော်ဖီ ဝယ်ပြီး ဧည့်ခံလေ့ ရှိပါတယ်။ အခန်းထောင့်မှာတော့ ပလပ်ကြိုး ဆွဲဖြုတ်ထားတဲ့ လေသန့်စင်စက် တစ်လုံးကို တွေ့နိုင်တယ်။

ဦးမိုးဇော်ဦးက အဲဒီ လေသန့်စက်ကို ဝယ်ယူခဲ့ပြီး မအေးချမ်းမွန်က စက်အတွက် သင့်တော်မယ့် အမွှေးနံ့ကို ရွေးချယ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အပူပိုင်းဇုန် ဒေသမှာ ပွင့်လေ့ရှိတဲ့ ညမွှေးပန်း၊ ဒါမှမဟုတ် ပိတောက်ပန်း အနံ့တွေနဲ့ ဆင်တူတဲ့ ပုလင်းမျိုး ဘယ်မှာမှ ရှာမရဘူးလို့ သူက ပြောပြပါတယ်။ “ဒီမှာ ဘာလိုလို ဝယ်လို့ရတာပေ့ါ။ အဝတ်အစား လှလှလေးတွေဖြစ်ဖြစ်၊ မော်တော်ကားဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ ကျွန်မတို့ရဲ့အိမ် မဟုတ်ဘူးလေ”လို့ မအေးချမ်းမွန်က ခပ်ညည်းညည်း ဆိုတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာရတဲ့ သူတွေအတွက် ကြုံရနိုင်တဲ့ အခက်အခဲတွေက အများကြီးပါ။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့ အချိန်တုန်းက ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ယူထားပါတယ်။ သူဟာ အာဏာသိမ်း စစ်တပ်ကို အလျှော့ပေး လက်ခံဖို့ ငြင်းဆိုပြီး အရပ်သား အစိုးရကို ကိုယ်စားပြုရင်း သူ့ရဲ့ ရာထူးနေရာကို ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ်။ ဇူလိုင်လထဲမှာ နယူးယောက်မြို့ တရားရုံး တစ်ခုက မြန်မာနိုင်ငံသား တစ်ဦးဟာ စစ်ခေါင်းဆောင်တွေကိုယ်စား သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ စီစဉ်ခဲ့ကြောင်း ပြစ်မှု ထင်ရှားတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ သံအမတ်ကြီး အိမ်တော် သုတ်ဆေးထဲမှာ ပါဝင်တဲ့ ခဲဓာတ် အဆိပ်အတောက်က သားဖြစ်သူရဲ့ ဖွံ့ဖြိုးမှုတွေကို နှောင့်နှေးစေခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အဲဒီနေရာကို စစ်အာဏာရှင်တွေလက်ထဲ ထည့်ပေးလိုက်ရမှာစိုးလို့ ဦးကျော်မိုးထွန်းတို့ မိသားစုဟာ အဲဒီအိမ်မှာ ဆက်ပြီး​ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

NUGထဲမှာတော့ စစ်တပ်ရဲ့ အာဏာသိမ်း ဖြုတ်ချမှုကို ခံခဲ့ရတဲ့ အစိုးရ အဖွဲ့ဝင်ဟောင်းတွေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ဦးဆောင်လှုံ့ဆော်ခဲ့တဲ့ တက်ကြွ လှုပ်ရှားသူတွေ၊ ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် စစ်တပ်ကို ဆယ်စုနှစ်တွေနဲ့ချီ ဆန့်ကျင် တိုက်ခိုက်နေခဲ့တဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ ပေါင်းစည်း စုဖွဲ့ထားပါတယ်။ မအေးချမ်းမွန်ရဲ့ ဖခင်ဖြစ်ပြီး အကျဉ်းကျ ခံရဖူးသူ ကဗျာဆရာဟောင်းက NUG ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူထားတယ်။ NUGထဲမှာ ဒုတိယ ​ဝန်ကြီးအဖြစ် ခန့်အပ် ခံထားရသူ ရိုဟင်ဂျာ တစ်ဦးတောင် ပါဝင်နေပါတယ်။ ဒါ့အပြင် အရင် အစိုးရ လက်ထက်က တာဝန်ယူခဲ့ပြီး ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို သုံးနှုန်းဖို့ ငြင်းဆန်ခဲ့ဖူးသူ တစ်ဦးကလည်း NUGရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဖြစ်နေပြန်တယ်။ အခုအခါမှာတော့ ဒေါက်တာ ဝင်းမြတ်အေးက သူဟာ စစ်ဘက် အရာရှိတွေဆီက မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ယုံစားမိလို့ ရိုဟင်ဂျာတွေ ဖိစီးနှိပ်စက် ခံနေရတာတွေကို မသိမမြင်ခဲ့ဘူးလို့ ရှင်းပြပါတယ်။

အဲဒီတုန်းက ဘာတွေ ဖြစ်ပျက်နေခဲ့တယ် ဆိုတာကိုသာ အမှန်အတိုင်း သိခဲ့ရင် ရိုဟင်ဂျာ အသိုက်အဝန်းအပေါ် လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အပေါ် သူလည်း လက်ခံခဲ့မှာ မဟုတ်ဘူးလို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ အရင် အစိုးရ လက်ထက်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးအနေနဲ့ တာဝန်ယူချိန်မှာ ဒေါက်တာ ဝင်းမြတ်အေး လက်အောက်ခံ ဝန်ထမ်းပေါင်း ၆၀၀၀ လောက်နဲ့ ခမ်းနားတဲ့ ရုံးခန်းတစ်ခု ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ သူဟာ နယ်စပ်မှာ လုံခြုံရေးအရ လျှို့လျှို့ဝှက်ဝှက် ဖြန့်ကျက်ထားတဲ့ စခန်းတွေကို လှည့်လည် နေထိုင်ခဲ့ရသလို အမေရိကန်မှာ အာရှ စားသောက်ဆိုင်တွေက ပြင်ဆင်ပေးထားတဲ့ ရိုးရိုးရှင်းရှင်း အသင့်စား အစားအသောက်တွေနဲ့ပဲ အဓိက အာဟာရ ဖြည့်တင်းနေပါတယ်။

“အမှန်တရားဖက်က ရပ်တည်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ပိုပြီး အားတက်လာသလို ခံစားမိတယ်”လို့ သူက ဆိုတယ်။

ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ ဦးမိုးဇော်ဦးဟာ နေ့စဉ်နေ့တိုင်း အခန်းကျဉ်းလေးရဲ့ အလယ်မှာရှိတဲ့ ဘဲဥပုံ စားပွဲဝိုင်းကြီးမှာ တကုပ်ကုပ် အလုပ်လုပ်လေ့ ရှိတယ်။ မအေးချမ်းမွန် ကျပြန်တော့ နေ့တိုင်း သူ့အလုပ်ကိစ္စ အစီအစဉ်တွေနဲ့ ချာချာလည်နေရင်း တစ်ချိန်တည်းမှာ ပရင်တာနဲ့လည်း ရန်ဖြစ်နေရတတ်တယ်။ တစ်ကမ္ဘာလုံးမှာ ရှိသမျှ ပရင်တာတွေနည်းတူ NUG ရုံးခန်းထဲက ပရင်တာကလည်း အလုပ်လုပ်ခါနီးဆို အပျော့ဆွဲနဲ့ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ရတာမျိုးပါ။ သူက တောထဲမှာ ဒီမိုကရေစီအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ မိတ်ဆွေတွေရဲ့ အခြေအနေကိုလည်း Facebookကနေ စစ်ဆေး ကြည့်ရှုရတတ်တယ်။ တချို့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ NUGကြားက ချိတ်ဆက်မှုဟာ အားပျော့သလို ဖြစ်လာနေပါတယ်။

“ကျွန်မတို့မှာ အိပ်မက်တွေ ရှိခဲ့တယ်။ သူတို့တွေ (စစ်ကောင်စီ)ကို ချေမှုန်းရမယ်”လို့ မအေးချမ်းမွန်က ဆိုတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ကြီးစိုးမှုကို အောင်အောင်မြင်မြင် တွန်းလှန်နိုင်တဲ့ နေရာတွေမှာ NUGဟာ ကျန်းမာရေးနဲ့ ပညာရေး အထောက်အပံ့တွေ ထူထောင်ပေးနေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တော်လှန်ရေး အင်အားစုတွေဖက်က စစ်မြေပြင် အောင်ပွဲတွေနဲ့အတူ အဲဒီလို နယ်မြေတွေကလည်း ပိုမို ကျယ်ပြန့်လာနေတယ်။ NUG ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးနဲ့ ပညာရေး အထောက်အပံ့တွေ ဆိုတာက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက ထိန်းချုပ်နယ်မြေတွေမှာ နှစ်ရှည်လများ အကောင်အထည် ဖော်ထားခဲ့တဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ NUGအတွက် လုပ်ငန်းလည်ပတ်မှု ရန်ပုံငွေတွေဟာ ဘန်ကောက်က အိမ်အကူ ဝန်ထမ်းတွေ၊ နယူးယောက်မှာ ဆူရှီလုပ်နေတဲ့သူတွေနဲ့ စင်ကာပူက နည်းပညာ လုပ်ငန်းခွင်မှာ ကျင်လည်နေသူတွေ စသဖြင့် လူတန်းစား ပေါင်းစုံဆီကနေ ရောက်ရှိလာနေပါတယ်။

NUGရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကတော့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အန္တရာယ်ကို စိုးရိမ်လို့ သစ်ကိုင်းသစ်ခက်တွေနဲ့ ပုံဖျက် ဖုံးကွယ်ထားရတဲ့ ဆေးခန်းတွေနဲ့ ကျောင်းတွေကို တာဝန်ယူ ဦးစီးနေပါတယ်။ တစ်ချိန်တုန်းကတော့ စစ်ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင်က အားကိုးခဲ့ရတဲ့ အရိုးအထူးကု ဆရာဝန်ကြီးဟာ အခုအခါမှာ တောထဲက တော်လှန်ရေး တပ်သားတွေကို အဝေးကနေ ဆေးဝါးကုသ လမ်းညွှန်ပေးနေရတယ်။ သူဟာ စစ်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေကို screenကနေတဆင့် အာရုံစိုက်ပြီး ဆန်းစစ် ကြည့်ရှုနေရတဲ့ အချိန်တွေလည်း ရှိပါတယ်။ “ကျွန်တော် အရင်က အတော်လေး ချမ်းသာတယ်ဗျ။ ဒါပေမဲ့ အခုကျတော့ ကိစ္စအသစ် တစ်ခုအတွက် ကျွန်တော်တို့ ကြိုးစားရမယ်မှန်း သဘောပေါက်ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီကို ကျွန်တော်တို့ လိုအပ်တယ်။ မဟုတ်ရင် ကျွန်တော်တို့ အတူနေထိုင်လို့ ရမှာ မဟုတ်ဘူး”လို့ သူက ဆိုတယ်။

NUGဟာ ဖက်ဒရယ် အခြေခံ ဥပဒေ တစ်ခုကို ရေးဆွဲဖို့အတွက် တခြား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေပေမယ့် မြန်မာနိုင်ငံရဲ့ ကွဲပြားစုံလင်တဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေကို ကာကွယ်ပေးနိုင်မယ့် မူကြမ်းတစ်ခုတော့ ထွက်ပေါ်မလာသေးပါဘူး။ တစ်ချိန်တည်းမှာပဲ ဥပဒေမူကြမ်း ရေးဆွဲသူတွေထဲက အဲဒီလုပ်ငန်းစဉ်ကို ကျောခိုင်းသွားကြတာတွေလည်း ရှိပါတယ်။

အမေရိကန်ဟာ ဒေါ်လာ ဘီလီယံနဲ့ချီ တန်ကြေးရှိတဲ့ စစ်လက်နက်တွေကို ယူကရိန်းအတွက် ထောက်ပံ့ပေးခဲ့သလို အခုတော့ အစ္စရေးကို ပံ့ပိုးဖို့လည်း ကတိပြုထားပြန်ပါပြီ။ ဒီအခြေအနေတွေက NUG ခေါင်းဆောင်တွေအတွက်​ အားလျော့စရာတော့ ဖြစ်နေစေပါတယ်။

“ကိုယ်တိုင်က ဒုက္ခသည် တစ်ယောက် ဖြစ်တာကြောင့် ယူကရိန်း ပြည်သူတွေနဲ့ တစ်သားတည်း ကျွန်မ ရပ်တည်ပါတယ်။ ဒါပေမဲ့လည်း တစ်ခါတလေ ကျပြန်တော့ အမေရိကန်ဆီက ယူကရိန်း ရနေတဲ့ အထောက်အပံ့ထဲက နည်းနည်းလောက် ခွဲဝေပြီး ရလာရင် ကောင်းမှာပဲလို့ မတွေးဘဲ မနေနိုင်ဘူး။ ဒါဆိုရင် မြန်မာ့ တော်လှန်ရေးက အောင်မြင်လာမှာ ဖြစ်ပါတယ်”လို့ မအေးချမ်းမွန်က ဖွင့်ဟသွားခဲ့ပါတယ်။

(ဟန်နာဘိချ် ရေးသားပြီး New York Times သတင်းစာတွင် ဖော်ပြထားသည့် Fighting to Govern Myanmar, From a Teeny Office in Washington ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသ၏ စစ်ဒေသမှူးလည်းဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းအကြောင်း ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို မေလ ၁၈ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

ပျူရွာများထဲမှ မြောက်ခင်ရမ်းရွာသည် စစ်တပ်မှအငြိမ်းစားယူခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်လှ‌ ဆွေ၏ ဇာတိဖြစ်ပြီး စစ်ကောင်စီ၏ အမာခံပျူ‌​စောထီးရွာဖြစ်သည်။

သတင်း

KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းသည် မေလ ၁၃ရက်ညနေတွင် အသဲရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။

သတင်း

အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ စစ်တပ်ကို နိုင်ငံရေး လုပ်ပိုင်ခွင့်အာဏာ ကြီးကြီးမားမား ပေးအပ်ထားခဲ့သလို လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံကိုစစ်တပ်ကခန့်အပ်ရမယ်လို့ ပြဋ္ဌာန်းထားခဲ့ပါတယ်။