Connect with us

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

“သုံးနှစ်ကျော် မြန်မာ့တော်လှန်ရေးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာ ၉ ခု”

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)မှတပ်ဖွဲ့ဝင်အချို့ စခန်းသိမ်းတိုက်ပွဲတစ်ခုတွင် သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့်အတူ​တွေ့ရစဥ်။ဓါတ်ပုံ-MDY-PDF)
(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)မှတပ်ဖွဲ့ဝင်အချို့ စခန်းသိမ်းတိုက်ပွဲတစ်ခုတွင် သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့်အတူ​တွေ့ရစဥ်။ဓါတ်ပုံ-MDY-PDF)

ရဲမျိုးဟိန်း / USIP

စစ်တပ်က အာဏာသိမ်းခဲ့ပြီး ၂ လလောက်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တုန်းက ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်ထဲက တာဟန်းမှာ ဆန္ဒပြရာကနေ အသေးစား လက်နက်ကိုင် တိုက်ပွဲတခု ဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေအတွက် လူထုက လက်နက်ကိုင် တုံ့ပြန်မှုတွေမှာ ဒါဟာ ပထမဆုံး ဖြစ်စဉ်လို့ မှတ်တမ်းဝင်ခဲ့ပါတယ်။

နောက်ထပ် သုံးနှစ်ကျော် ကြာမြင့်လာချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခတွေ အခြေအနေက သိသိသာသာ ပြောင်းလဲလာနေခဲ့ပါပြီ။ အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာ အတိုင်းအတာ ပမာဏ ကြီးကြီးမားမား တော်လှန် အုံကြွကြတာတွေကို ကြုံတွေ့နေရပါတယ်။ မြန်မာနိုင်ငံကို နိုင်လိုမင်းထက် ကာလရှည်ကြာ အုပ်စိုးခဲ့ဖူးတဲ့ စစ်တပ်ရဲ့ သမိုင်းကြောင်းမှာတော့ အခုလောက် ခါးသီးနာကျည်းတဲ့ လက်နက်ကိုင် တော်လှန်မှုမျိုးတွေ ဘယ်တုန်းကမှ မကြုံခဲ့ဖူးပါဘူး။ နောက်ပြီး စစ်တပ်ဟာ တိုက်ပွဲကြီးတွေမှာ အရေးနိမ့်ပြီး အရေးပါတဲ့ ထိန်းချုပ်နယ်မြေတွေ၊ မဟာဗျူဟာမြောက် စစ်စခန်းတွေကို ဆက်တိုက် လက်လွှတ် ဆုံးရှုံးနေရပါတယ်။ လက်နက် တပ်ဆင်မှု အားကောင်းပြီး စနစ်တကျ စုဖွဲ့နှင့်ပြီးသားဖြစ်တဲ့ တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံအနှံ့မှာ လူထုရဲ့ ကျယ်ကျယ်ပြန့်ပြန့် အားပေး ထောက်ခံမှုနဲ့အတူ စစ်တပ်ကို ချက်ကောင်းထိုးနှက်မယ့် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်နေတယ်။ အခြေအနေတိုင်းက စစ်တပ်ဟာ နောက်ကြောင်း ပြန်လှည့်လို့ မရတဲ့ အခြေအနေဆီ ရောက်နေပြီလို့ ညွှန်ပြနေပါတယ်။

လက်နက်ကိုင် ပဋိပက္ခများ တည်နေရာနှင့် ဖြစ်စဉ် အချက်အလက်ပြ ပရောဂျက် (ACLED)ဟာ ကမ္ဘာအနှံ့က စစ်ပွဲတွေနဲ့ စစ်ရေး ပဋိပက္ခတွေကို စောင့်ကြည့်နေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာပရောဂျက်က စောင့်ကြည့်နေသမျှ နိုင်ငံတကာ ပဋိပက္ခ ၅၀ ထဲမှာ အကြမ်းတမ်း အခက်ထန်ဆုံးလို့ သတ်မှတ်ထားပါတယ်။ ခက်တာက အဲဒီလို ပွဲတွေကြမ်းနေပေမယ့် နိုင်ငံတကာ အာရုံစိုက်မှုက အရမ်းနည်းနေတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ သမိုင်းကြောင်း နောက်ခံတွေကြောင့်လည်း အများစုက အချိန်တန်ရင် စစ်တပ်ပဲ ကြီးစိုးသွားဦးမယ်ဆိုတဲ့ ပုံဖော်မှုတွေကို နားယောင်နေကြပုံ ပေါ်ပါတယ်။ အကျိုးဆက်ကတော့ တချို့သော နိုင်ငံတွေရဲ့ မူဝါဒ ချမှတ်သူတွေက မြန်မာ့အရေးကို ကိုင်တွယ်မယ်ဆိုရင် စစ်အာဏာရှင်ကို မဖြစ်မနေ ထိတွေ့ ဆွေးနွေးရမယ်ဆိုတဲ့ အတွေးမျိုးကို တရားသေ စွဲမှတ်သွားတော့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်တာ ကာလကို နောက်ကြောင်းပြန်လှည့်ကြည့်ရင် အဲဒီ ခေါက်ရိုးကျိုး အယူအဆက မမှန်တော့ဘူးဆိုတာ ရှင်းရှင်းကြီး မြင်သာလာစေပါတယ်။

Public Service Announcement

Public Service Announcement

▪︎မူဝါဒ ချမှတ်သူတွေအတွက် လမ်းညွှန်ချက် ၉ ခု

၁။ တော်လှန်ရေး အဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ဟာ နိုင်ငံတကာ ကြိုတင် ခန့်မှန်းထားတာထက် သာလွန်နေပေမယ့် တကယ်တမ်းကြတော့ ပြည်တွင်းမှာ ကိုယ်တိုင် လှုပ်ရှားနေတဲ့ အင်အားစုတွေက ဒီရလဒ်မျိုးကို ကြိုတင် တွက်ဆထားပြီးသား ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ် အစပြုလာချိန်မှာ တချို့သော နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု အဖွဲ့အစည်းတွေက အားကောင်းတဲ့ စစ်အာဏာရှင်ကို ပြည်သူတွေက လွယ်လွယ်ပဲ ဒူးထောက် အရှုံးပေးလိုက်ပြီး တော်လှန်ရေး အင်အားစုတွေလည်း အချိန်တိုအတွင်း ခြေကုန် လက်ပန်းကျသွားမယ်လို့ ဟောကိန်းထုတ်ခဲ့ကြတယ်။ လက်တွေ့မှာတော့ လူထုဟာ အံ့မခန်း ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသခဲ့တယ်။ စစ်တပ်က ကောက်ကျစ်ရက်စက်တဲ့ နည်းလမ်းတွနဲ့ လူထုကို ဘေးဒုက္ခတွေကြုံအောင်၊ နေရပ်စွန့်ခွာရအောင် ဖိအားပေးပေမယ့် ပြည်သူတွေရဲ့ ဖီဆန်မှုကို ဦးမချိုးနိုင်ခဲ့ဘူး။ တစ်ဖက်မှာတော့ လက်နက်ကိုင် တော်လှန်ရေးဟာ တရိပ်ရိပ် အားကောင်းလာခဲ့ပါတယ်။ နိုင်ငံတကာက သံသယတွေ ရှိခဲ့ပေမယ့်လည်း တော်လှန်ရေးမှာ ထဲထဲဝင်ဝင် လှုပ်ရှားနေသူတွေက လူထုရဲ့ စိတ်အားထက်သန်မှု၊ စစ်ကောင်စီကို အလျှော့မပေးလိုမှုတွေကြောင့် ဒီတစ်ကြိမ် ရုန်းကန်မှုဟာ အဓွန့်ရှည် တည်မြဲလိမ့်မယ်မှန်း သဘောပေါက်ထားပြီး ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခုလို အသံမျိုးတွေကို ပိုပြီး အလေးထား အာရုံစိုက်သင့်ပါတယ်။

၂။ ခြုံငုံကြည့်ရမယ့် အပြောင်းအလဲ ရေစီးကြောင်းဟာ ဖြစ်စဉ် တစ်ခုချင်းစီထက်ပိုပြီး အရေးပါနေပါတယ်။ ကောက်ယူထားတဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် လက်နက်ကိုင် တော်လှန်မှုတွေ စတင်ချိန် ကတည်းက မြန်မာနိုင်ငံရဲ့ မြို့ပေါင်း ၃၃၀ ထဲမှာ ၂၃၃ ခုက တိုက်ပွဲတွေ ဖြစ်ပွားတာမျိုး ကြုံတွေ့ခဲ့ပြီးပါပြီ။ အခုဆိုရင် မြို့ပေါင်း ၄၅ ခုလောက်ဟာ အမျိုးမျိုးသော တော်လှန်ရေး အင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်နေပါပြီ။ ရှည်လျားလှတဲ့ ပြည်တွင်းစစ် သမိုင်းကြောင်းမျိုး တည်ရှိနေရာ နိုင်ငံမှာ တော်လှန်ရေး အင်အားစုတွေက လက်ရှိ စစ်ပွဲလိုမျိုး ထိန်းချုပ်နယ်မြေတွေ အများအပြားနဲ့ အောင်ပွဲတွေ ကြီးကြီးမားမား ပိုင်ဆိုင်ခဲ့တာမျိုးက မကြုံစဖူး အခြေအနေ ဖြစ်ပါတယ်။ တကယ်တော့ စစ်တပ်က လတ်တလော အရေးမလှ ဖြစ်နေတာတွေဟာ သုံးနှစ်ကျော်ကြာ တော်လှန်ရေး ရေစီးကြောင်းရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါတယ်။ လေ့လာသူ အများစု ရှင်းပြဖို့ ခက်နေတဲ့ အလျဉ်းသင့်သလို ရုတ်တရက် ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်မျိုး မဟုတ်ပါဘူး။

‘၁၀၂၇ စစ်ဆင်​ရေး’လိုမျိုး အထင်ကရ ဖြစ်ရပ်တွေဟာ လေ့လာသူတွေနဲ့ မူဝါဒ ဖန်တီးသူတွေ အမြင်မှာ အရေးပါတဲ့ အလှည့်အပြောင်းတွေအသွင် ဆောင်လာပါတယ်။ တကယ်တမ်းကျတော့ အဲဒီ အခြေအနေတွေဟာ ပြည်တွင်းမှာ အချိန်အကြာကြီး တည်မြဲနေခဲ့ပြီးသား တော်လှန်ရေး ရေစီးကြောင်းရဲ့ သက်ရောက်မှုနဲ့ အများကြီး ဆိုင်ပါတယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO) သုံးဖွဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ချက်ကောင်း ထိုးနှက်ခဲ့တယ် ဆိုတာဟာ တော်လှန်ရေး ကာလတလျှောက် တော်လှန်ရေး အင်အားစုတွေကြားမှာ ချိတ်ဆက်မှုတွေ ပိုမို အားကောင်းလာခဲ့တယ်ဆိုတဲ့ ရေစီးကြောင်းရဲ့ အကျိုးသက်ရောက်မှု တစ်ခုပါ။ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ရင် သမိုင်းကြောင်းရဲ့ အရေးပါမှုကို ထည့်သွင်း တွက်ချက်သင့်တာ မှန်ပေမယ့် အများစုကတော့ လိုတာထက် အများကြီးပိုပြီး ချဲ့တွေးနေကြပါတယ်။ အဲဒီကနေတဆင့် မှားယွင်းတဲ့ နှိုင်းယှဉ်မှုတွေဆီ လမ်းချော်သွားပြန်တယ်။ မြန်မာစစ်တပ်ဟာ အတိတ်တုန်းက စစ်မျက်နှာ တစ်ခုထက်မက ဖွင့်တိုက်ပြီး အောင်ပွဲခံခဲ့သလို အခုတစ်ကြိမ်မှာလည်း အလားတူ စွမ်းဆောင်နိုင်လိမ့်မယ်လို့ တွေးနေကြတာတွေက သမိုင်းကြောင်း ဖြစ်ရပ်တွေကို စေ့စေ့စပ်စပ် နားမလည်ထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ အဲဒီအကြောင်းတွေကို ပြန်တွေးပြီး အနာဂတ် ရလဒ်တွေကို မှန်းဆနေဖို့လည်း မလိုပါဘူး။ ဒီလို အငြင်းပွားစရာတွေက နောက်ဆုံးကျတော့ မူဝါဒ ချမှတ်သူတွေ ခေါင်းထဲမှာ စစ်တပ်ဟာ လက်တွေ့ အရှိတရားထက် ပိုအားကောင်းတဲ့၊ ပိုပြီး အကြမ်းပတမ်း ခံနိုင်တဲ့ အဖွဲ့အစည်းအဖြစ် ပိုပိုသာသာ တွေးမိစေကုန်တော့တာပါပဲ။

၃။ မြန်မာစစ်တပ်ရဲ့ စုဖွဲ့မှု အင်အားဟာ မူလ ခန့်မှန်းထားတာထက် အတော်လေး နည်းပါတယ်။ ဒီအချက်ကလည်း အရေးကြီးပါတယ်။ တော်လှန်ရေးကာလ သုံးနှစ်တာအတွင်း စစ်ကောင်စီဟာ အသေအပျောက်၊အလင်းဝင်မှုနဲ့ လက်နက်ချမှုတွေကြောင့် ခြေလျင် တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေ အများအပြားကို ပြုန်းတီးခံလိုက်ရပါတယ်။ အကျိုးဆက်ကတော့ တိုက်ခိုက်ရေးရော၊ တိုက်ခိုက်ရေး မဟုတ်တဲ့ တပ်တွေ အားလုံးပေါင်း အရေအတွက်ဟာ ၁၃၀၀၀၀ လောက်ထိ လျော့ကျသွားပါတယ်။ ခန့်မှန်းကြည့်မိသလောက်ဆိုရင် အရန်တပ်တွေနဲ့ စစ်တပ်ရဲ့ လက်ကိုင်တုတ် ရဲတပ်ဖွဲ့ရဲ့ အင်အားက စုစုပေါင်း ၇၀၀၀၀ လောက် ရှိပါလိမ့်မယ်။ အရင်တုန်းက မြန်မာစစ်တပ်မှာ အင်အား ၃၀၀,၀၀၀ ထက်မနည်း ရှိမယ်ဆိုတဲ့ အထင်တကြီး ယူဆထားမှုတွေနဲ့ လက်ရှိ အခြေအနေကို ချိန်ထိုးကြည့်လို့ ရပါတယ်။ စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ စနစ်ကို အသက်သွင်းလိုက်တာ အပါအဝင် သွေးရူးသွေးတမ်း နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ပြုန်းတီးအင်အားကို ပြန်ဖြည့်တင်းဖို့ ကြိုးစားနေပေမယ့် လူအင်အား ဆုတ်ယုတ်လာခြင်းက နယ်မြေတွေကို ဆက်လက် ထိန်းသိမ်းထားဖို့ အခက်ကြုံလာစေပါတယ်။ ဆုံးရှုံးပြီးသား နယ်မြေတွေကို ပြန်သိမ်းယူနိုင်ဖို့ ဆိုတာကတော့ အင်မတန် အိပ်မက်ဆန်သွားပါပြီ။ တခြားတစ်ဖက်မှာတော့ တော်လှန်ရေး ကာလကျမှ စတင်ဖွဲ့စည်းဖြစ်ခဲ့တဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)၊ ဒေသအလိုက် ကာကွယ်ရေးတပ် (LDF)နဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်း (ပကဖ)တွေရဲ့ စုစုပေါင်း အင်အားက ၈၅,၀၀၀ ဝန်းကျင်လောက် ရှိနိုင်ပါတယ်။ စစ်တပ်ကို ဆယ်စုနှစ်တွေနဲ့ချီ တိုက်ခိုက်နေခဲ့တဲ့ EAOတွေ အားလုံးပေါင်း အင်အားက ၁၂၀၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်အားတွေမှာ အသာစီး ရနေဆဲ ဖြစ်ပေမယ့် လက်ရှိ အလှည့်အပြောင်းတွေကို ကြည့်မယ်ဆိုရင် တော်လှန်ရေး အင်အားစုတွေက စိတ်ဓာတ်ပိုင်းမှာ အပြတ်အသတ် အားသာနေတာကို မြင်နိုင်ပါတယ်။ လက်နက်ပိုင်ဆိုင်မှုတွေ ပိုအားကောင်းလာပြီး လူထုကလည်း ထောက်ခံ အားပေးနေတာကြောင့် တော်လှန်ရေး ဘက်တော်သားတွေဟာ မျှော်လင့်မထားတဲ့ အထင်ကရ အောင်မြင်မှုတွေ ဆွတ်ယူပြလာနိုင်မယ် ဆိုရင်လည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။

၄။ တိုင်းရင်းသား ပြည်နယ်တွေမှာ ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို ပြန်လည် သိမ်းယူဖို့ စစ်ကောင်စီမှာ အစွမ်းအစ မရှိတော့ပါဘူး။ အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်းမှာ EAOတွေဟာ အဓိကကျတဲ့ ပလေယာတွေအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ EAOတော်တော်များများဟာ သူတို့ရဲ့ ပိုင်နက်ထဲမှာ စစ်ကောင်စီရဲ့ ခြေကုပ်ယူမှုတွေကို အမှည့်ချွေ ချွေပစ်နေပြီး အပြီးသတ် တွန်းလှန် တိုက်ထုတ်ဖို့ထိ စိုင်းပြင်းလာခဲ့ကြပါတယ်။ EAOတွေဟာ စစ်ရေးမှာ အားသာချက်တွေ ရှိလာတာနဲ့အမျှ နိုင်ငံရေးမှာလည်း အပေါ်စီး အခြေအနေတွေ ရလာပါတယ်။ စစ်တပ်ဟာ တိုင်းရင်းသား ဒေသတွေမှာ ထိန်းချုပ်နယ်မြေ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပါတယ်။ အဲဒီထဲက အများစုဟာ လွန်ခဲ့တဲ့ ၆ လအတွင်းမှာ ကြုံခဲ့တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ ဒေသအများအပြားမှာ စစ်ရေးအရ ဖိအားပေး ခံနေရတာအပြင် တပ်ဖွဲ့ဝင်ဦးရေ ယုတ်လျော့သွားမှုတွေကြောင့် စစ်တပ်ဟာ တိုင်းရင်းသား ဒေသတွေမှာ လက်ရှိ စွန့်လွှတ်ထားရတဲ့ အခြေစိုက် စခန်းတွေနဲ့ နယ်မြေတွေကို ပြန်သိမ်းယူဖို့ မလွယ်တော့ပါဘူး။ ဥပမာ အနေနဲ့ စစ်ကောင်စီဟာ မြဝတီမြို့ကို လက်မလွှတ်ရစေဖို့အတွက် အရင်းအမြစ်တွေ အများကြီးကို ပုံအောပြီး သုံးနေရတာ တွေ့နိုင်ပါတယ်။ မြဝတီဟာ ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ မြို့ဖြစ်ပြီး နယ်ခြားစောင့်တပ် (BGF)ရဲ့ အကူအညီနဲ့ စစ်တပ်က ဆက်ထိန်းချုပ်ထားဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ လက်တွေ့ကျကျ စဉ်းစားကြည့်မယ်ဆိုရင် မြို့ပတ်ပတ်လည်မှာ တော်လှန်ရေး အင်အားစုတွေက ဝန်းရံထားပြီး ရေရှည် ထိန်းထားဖို့ ဆိုတာက ခက်ခဲလွန်းတဲ့ တောင်းဆိုမှု ဖြစ်နေပါတယ်။တိုင်းရင်းသား ဒေသတွေမှာ ထိန်းချုပ်နယ်မြေတွေ ဆက်တိုက် လက်လွှတ်နေရတဲ့နောက် စစ်ကောင်စီဟာ တိုင်းရင်းသား ဒေသတွေမှာ နောက်ထပ် နယ်မြေတွေ မဆုံးရှုံးရေးအပြင် ဗမာအများစု နေထိုင်ရာ မြန်မာနိုင်ငံ အလယ်ပိုင်း ပြည်ပ ဧရိယာတွေကို ခိုင်ခိုင်မာမာ ချုပ်ကိုင်ဖို့ ပိုပြီး အာရုံစိုက်လာပါတယ်။ EAOတွေနဲ့ ယှဉ်ရင် ပြည်မမှာ ဖြန့်ကျက် လှုပ်ရှားနေတဲ့ PDFတွေက ပိုပြီး အားနည်းတာကြောင့်ပါ။ ကနီနဲ့ ကောလင်းတို့ကို လက်လွှတ်ခဲ့ရပေမယ့် စစ်ကောင်စီက အောင်မြင်တဲ့ တန်ပြန်ထိုးစစ်တွေ ဆင်နွှဲနိုင်ခဲ့ခြင်းက မြင်သာတဲ့ သက်သေတွေပါပဲ။ ဒါပေမဲ့လည်း ရေရှည်မှာတော့ စစ်ကောင်စီဟာ လူထုရဲ့ တူးတူးခါးခါး မုန်းတီးမှုဒဏ်နဲ့အတူ လက်ရှိ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားဆဲ ပြည်မဒေသတွေမှာတောင် ရုန်းကန်လာရမယ့် အခြေအနေတွေ ရှိပါတယ်။

၅။ စစ်တပ်ရဲ့နယ်မြေတွေ ထိန်းချုပ်နိုင်စွမ်းနဲ့ လူထုကို စည်းရုံးနိုင်စွမ်းတွေဟာ ဆိုးဆိုးရွားရွား ကျဆင်းနှင့်နေပါပြီ။ စစ်ကောင်စီဟာ စစ်အုပ်စုနဲ့အ​ပေါင်းအပါ​တွေ ပြိုမကျမချင်း စိတ်အေးလက်အေး မနေနိုင်ဘူးလို့ စိတ်ရည်သန် ပိုင်းဖြတ်ထားတဲ့ ပြည်သူလူထုနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်စွမ်းတွေ တအိအိ ပြိုဆင်းနေတာနဲ့အမျှ အာဏာ ဗဟိုချက်ကို ဆက်လက် ချုပ်ကိုင်ထားဖို့လည်း အလားအလာ မရှိတော့ပါဘူး။ ပြုစုထားတဲ့ အချက်အလက်တွေ အရဆိုရင် စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာ စစ်စခန်းတွေ၊ ဌာနချုပ်တွေ၊ လုံခြုံရေး အခြေစိုက်စခန်းတွေ အပါအဝင် စုစုပေါင်း အခြေစိုက် ဖြန့်ကျက်ထားတဲ့ နေရာ ၅၂၈၀ ရှိပြီး အဲဒီထဲက ၂၅၀၀ လောက်ကို လက်လွှတ်လိုက်ရပြီး ဖြစ်ပါတယ်။ ဆုံးရှုံးလိုက်ရတဲ့ စစ်အခြေစိုက် စခန်း တော်တော်များများကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားလိုက်ပါပြီ။ တချို့သော အခြေအနေတွေမှာတော့ စစ်ကောင်စီ တပ်တွေဟာ မဟာဗျူဟာကျကျ စနစ်တကျ ဆုတ်ခွာခဲ့တာပါ။ ဒါပေမဲ့ ဖြစ်စဉ် အများစုမှာတော့ စခန်းတွေထဲ လက်နက်တွေ တပြုံကြီး ကျန်နေတာတောင် မသယ်နိုင်ဘဲ ကတိုက်ကရိုက် စွန့်ခွာသွားတာကို ကြည့်မယ်ဆိုရင် အောင်မြင်စွာ ဆုတ်ခွာမှုတွေ မဟုတ်ခဲ့ဘူးလို့ ယူဆရပါလိမ့်မယ်။

စစ်ကောင်စီဟာ အထွေထွေ အုပ်ချုပ်ရေး ဌာန ၃၃၀ နဲ့ လက်အောက်ခံ BGFတွေကနေတဆင့် ထိန်းချုပ်နယ်မြေတွေရဲ့ စီမံအုပ်ချုပ်မှုကို လည်ပတ်စေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ အခုအခါ အထွေထွေ အုပ်ချုပ်ရေး ဌာနတွေ တော်တော်များများကို လက်လွှတ်ခဲ့ရပြီးပါပြီ။ တချို့တွေကလည်း တော်လှန်ရေး အင်အားစုတွေနဲ့ တက်တက်ကြွကြွ ပူးပေါင်းသွားကြပါတယ်။ BGFတွေရဲ့ အခြေအနေကို ကြည့်ပြန်တော့လည်း အားရစရာ မရှိလှပါဘူး။ BGF ယူနစ်တစ်ခုက အလင်းဝင်သွားပြီး တစ်ခုက ဖွဲ့စည်းပုံ ပျက်သွားပါပြီ။ နောက်ထပ် BGF ယူနစ်တချို့က စစ်ကောင်စီကို ခြေစုံကန်သွားတာ၊ ဒါမှမဟုတ် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုကို မခံတော့တာမျိုး အခြေအနေတွေ တွေ့နိုင်ပါတယ်။ အဲဒီ အုပ်ချုပ်မှု အခြေခံ ယန္တရားဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင် ကြီးစိုးမှု သက်ဆိုးရှည်အောင် အထောက်အပံ့ ပေးခဲ့ပြီး အာဏာသိမ်းမှုတွေ အစပြုဖို့ အတွက်လည်း အကြိမ်ကြိမ် အသုံးချခဲ့ပါတယ်။ စစ်တပ် ခေါင်းဆောင်ပိုင်းဟာ အဲဒီ အထွေထွေ အုပ်ချုပ်ရေး ယန္တရားနဲ့ BGFတွေကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် ပြည်သူလူထုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး နယ်မြေတွေကို သိမ်းပိုက်နိုင်မယ့်၊ ဒေသခံတွေကို ဖိနှိပ်နိုင်မယ့် အာဏာသိမ်းမှုမျိုး အကောင်အထည် ဖော်နိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါပေမဲ့ အဲဒီ အစုအဖွဲ့တွေကို လက်လွှတ်လိုက်ရပြီ၊ ဒါမှမဟုတ် စနစ်က ပျက်သုဉ်းသွားပြီ ဆိုရင်တော့ စစ်တပ်အလွန် အရပ်သား အစိုးရ တက်လာရင်လည်း အလားတူ အာဏာသိမ်းမှုတွေ ဖြစ်လာနိုင်ခြေ နည်းသွားပါပြီ။

၆။ မြန်မာစစ်တပ်ဟာ တည်ငြိမ်အေးချမ်းမှုတွေကို ဖျက်ဆီးပစ်နေတဲ့ ပင်မ အကြောင်းတရား ဖြစ်ပါတယ်။ အာဏာမသိမ်းခင် ကတည်းက စစ်တပ်ဟာ လူနည်းစု တိုင်းရင်းသားတွေအပေါ် ဖိနှိပ်တာတွေ၊ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့တာကြောင့် သန်းနဲ့ချီတဲ့ဒုက္ခသည်တွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို အိမ်နီးချင်း နိုင်ငံတွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီအဖြစ် အုပ်စိုးလာချိန်မှာလည်း လူထုကို ပစ်မှတ်ထား ရန်မူတဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ပြန်တာကြောင့် နောက်ထပ် သန်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြန်ပါတယ်။ လောလောလတ်လတ် အနေနဲ့ မြဝတီမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံတွေ အများအပြားဟာ ထိုင်းပိုင်နက်ထဲကို ယာယီ တိမ်းရှောင် ခိုလှုံခဲ့ကြရပါတယ်။

စစ်ကောင်စီက ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားအောင် အဓိက ဂြိုဟ်မွှေနေတယ်ဆိုတဲ့ အချက်ကို ဒီအခြေအနေတွေက မီးမောင်းထိုးပြနေပါတယ်။ ဒါ့အပြင် အဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းကလည်း လူငယ်တွေကို ပြည်ပနဲ့ လွတ်မြောက် နယ်မြေတွေဆီ သွားရောက် ခိုလှုံအောင် တွန်းအားပေးနေတဲ့အပြင် နယ်စပ်တွေမှာ နိုင်ငံဖြတ်ကျော် ဒုစရိုက် လှုပ်ရှားမှုတွေကို ပိုပြီး အားဖြည့်ပေးနေပြန်တယ်။ နောက်ပြီး စစ်ကောင်စီက မတည်မငြိမ်တွေ ဖြစ်အောင် လုပ်ခဲ့တာဟာ အတွဲလိုက် ကိစ္စတွေလို့တောင် ပြောလို့ရပါတယ်။ နိုင်ငံကို စစ်ရေးပဋိပက္ခ ချောက်နက်ထဲ ဆွဲချခဲ့တာ၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ လွဲချော်တာ၊ ပြီးတော့ ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ရန်ပြုတာတွေ အားလုံးက စစ်ကောင်စီရဲ့ ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေပါပဲ။ ဒေသတွင်းမှာ မြန်မာစစ်တပ်ဆိုတာ ဂြိုဟ်မွှေဖို့သက်သက် အဖွဲ့အစည်းမျိုးဆိုတာ လူတွေ သိနေခဲ့တာ ကြာလှပါပြီ။ ဒါပေမဲ့ ဆယ်စုနှစ်တွေအတွင်း ပထမဆုံး အကြိမ်အဖြစ် အဲဒီလို အဖွဲ့အစည်းမျိုးကို ဖြိုချပြီး ပိုမို တည်ငြိမ်တဲ့ အုပ်ချုပ်မှု ယန္တရားမျိုး တည်ဆောက်ဖို့ အခွင့်အရေးတွေကို မြင်လာနေရပြီ ဖြစ်ပါတယ်။

၇။ တော်လှန်ရေး အင်အားစုတွေကြားကချိတ်ဆက်ပူးပေါင်းမှုတွေဟာ လက်ရှိ တော်လှန်ရေး ရလဒ်တွေကို ပုံဖော်ရာမှာ အဆုံးအဖြတ် ညွှန်ကိန်း ဖြစ်လာနိုင်ပါတယ်။ သုံးနှစ်ကျော် ကြာလာပြီ ဖြစ်ပေမယ့်လည်း ကွဲပြားတဲ့ တော်လှန်ရေး အင်အားစုတွေကြား စစ်အာဏာရှင်ကို တွန်းလှန်ရာမှာ မဟာဗျူဟာမြောက် ပူးပေါင်းမှုတွေ လုပ်ဆောင်နိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို စတင်ချိန် ကတည်းက NUGနဲ့ EAOတချို့ အပါအဝင် အစုအဖွဲ့ အများအပြားဟာ ပူးပေါင်း စစ်ဆင်မှု ကွပ်ကဲရေး ဗဟိုတွေကို ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။ အကျိုးဆက်အဖြစ် နည်းစနစ်ပိုင်း ပူးပေါင်း စစ်ဆင်မှုတွေဟာ သိသိသာသာ တိုးတက်လာပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထိရောက်တဲ့ ထိုးစစ်တွေ ဆင်နွှဲဖို့ လိုအပ်တဲ့ မဟာဗျူဟာမြောက် စစ်ရေး ပူးပေါင်းမှုတွေကတော့ အားနည်းနေဆဲ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေကြားမှာ အဲဒီလိုမျိုး အထင်ကရ ဗျူဟာမြောက် ပူးပေါင်းမှုတွေကို ဖော်ဆောင်ဖို့ ဆိုတာက အချိန်လိုပါလိမ့်မယ်။ ဒါပေမဲ့လည်း အဲဒီ ပူးပေါင်းမှုတွေကပဲ မြန်မာ့ ပဋိပက္ခရဲ့ နောက်ဆုံးရလဒ် အဖြေကို ဆောင်ကြဉ်းပေးဖို့ အဆုံးအဖြတ် ညွှန်ကိန်းတစ်ခု ဖြစ်လာနိုင်ခြေ များပါတယ်။

၈။ စစ်တပ်ရဲ့ နိုင်ငံရေး အာဏာကို မဖယ်ရှားနိုင်သ၍ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ရပ်တန့်သွားမျာ မဟုတ်ပါဘူး။ ဒီနှစ်ထဲမှာ စစ်ပွဲတွေက ပိုလို့တောင် အရှိန်မြင့်တက်လာနိုင်ပါတယ်။ အထူးသဖြင့် စစ်တပ်ရဲ့ စွမ်းဆောင်ရည်ကို ချဲ့ကားပြီး အထင်တကြီး တွက်ဆရင်း စစ်တပ်ကို နိုင်ငံရေးမှာ နေရာတစ်ခု ဆက်ပေးထားဖို့ ရှေ့နေလိုက် တောင်းဆိုပေးမယ့် နိုင်ငံတကာ အစုအဖွဲ့တွေ အလျှိုအလျှို ထပ်ပေါ်လာရင် ဇာတ်လမ်းက ဆက်ရှုပ်နေပါလိမ့်မယ်။ ပြည်သူလူထုကတော့ စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင် တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်ပါတယ်။ မြန်မာစစ်တပ်မှာ နိုင်ငံရေး လုပ်ပိုင်ခွင့် မရှိတော့ဘူးဆိုတဲ့ အဆင့် မရောက်သ၍ ပြည်သူတွေဖက်က ရပ်တန့်လိုက်မှာ မဟုတ်ပါဘူး။ EAOတွေက လက်ရှိ လက်ရှိ အခြေအနေဟာ စစ်ကောင်စီကို ဖြုတ်ချဖို့နဲ့ ပိုင်နက်နယ်မြေတွေမှာ အုပ်ချုပ်ရေး အာဏာ ခိုင်မာမြဲမြံအောင် ခြေကုပ်ယူနိုင်ဖို့ အခွင့်အခါကောင်း တစ်ခုလို့ ယူဆထားကြပါတယ်။ စစ်ကောင်စီက အာဏာကို ချုပ်ကိုင်ထားသ၍ တရားမဝင်တဲ့၊ ရက်စက်ကြမ်းကြုတ် ဖိနှိပ်တဲ့ စစ်အာဏာရှင်တွေကို ဖယ်ရှားဖို့ နိုင်ငံအနှံ့မှာ တော်လှန်ရေး လှုပ်ရှားမှုတွေ ဆက်ပြီး တည်မြဲနေဦးမှာဖြစ်ပါတယ်။

၉။ ဒီနှစ်ဟာ မြန်မာ့ ပဋိပက္ခတွေမှာ အဆုံးအဖြတ် ကာလတစ်ခု ဖြစ်လာကြောင်း သက်သေ ပြထားပြီးပါပြီ။ လွန်ခဲ့တဲ့ ခြောက်လလောက်အတွင်း ရှမ်း၊ ကချင်၊ ကရင်နီ (ကယား)၊ ကရင်၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အားကောင်းတဲ့ EAOတွေက စစ်တပ်အပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို အရှိန်တင်ခဲ့ကြတယ်။ စစ်ကောင်စီ စခန်းတွေနဲ့ မြို့ရွာတွေကို တဖြည်းဖြည်းချင်းစီ ရှေ့တိုးပြီး သိမ်းယူလာနိုင်ခဲ့တယ်။ တပြိုင်တည်းမှာပဲ PDFကလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး မြို့တော်တွေ အပါအဝင် မြို့ကြီးပြကြီးတွေကို ထိုးဖောက်နိုင်ဖို့ အချိန်ပြည့် ကျားချောင်းချောင်းနေပါတယ်။ မကြာသေးခင်က နေပြည်တော်နဲ့ ပြင်ဦးလွင်မှာ ပေါ်ပေါက်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို ကြည့်မယ်ဆိုရင် PDFဟာ အရေးပါတဲ့ မြို့ပြ ဧရိယာတွေထိ စစ်ဆင်ရေးတွေ ချဲ့ထွင်ဖို့ ပြင်ဆင်နေတာကို တွေ့ရပါလိမ့်မယ်။ လူနေထူထပ်တဲ့ မြို့ကြီးတွေဟာ စစ်ကောင်စီရဲ့ အဓိက ခြေကုပ်စခန်းတွေ ဖြစ်ပါတယ်။ PDFဟာ တိုက်ရည်ခိုက်ရည်နဲ့ လက်နက်တပ်ဆင်မှု ပိုအားကောင်းလာတဲ့အခါ အဲဒီလို မြို့ပြတွေထိ စစ်ဆင်ရေး လက်တံတွေ ဆန့်ထုတ်ဖို့ အားထည့်လာတာပါ။

နေပြည်တော်က စစ်ဗိုလ်ချုပ်တွေ အတွက်တော့ သူတို့ လုပ်တတ်တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ဆတက်ထမ်းပိုး အရှိန်မြှင့်ဖို့၊ သူတို့ကို ထောက်ခံနေဆဲဖြစ်တဲ့ ပြည်ပနိုင်ငံတွေကို အကူအညီတောင်းဖို့ ဆိုတာတွေကလွဲရင် တခြားရွေးချယ်စရာတွေက ဒီအခြေအနေမှာ များများစားစား မရှိတော့ပါဘူး။ လာမယ့်နှစ်တွေမှာကြုံလာရမယ့်တော်လှန်ရေးနဲ့ စစ်ရေး အခြေအနေတွေရဲ့ လားရာကို ပုံဖော်ဖို့အတွက်ဒီနှစ်ဟာ အဆုံးအဖြတ်ကာလ ဖြစ်လာနိုင်ပါတယ်။ ။

(USIPမှာ ​ဆောင်းပါးရှင် ရဲမျိုးဟိန်း​ရေးသားတဲ့ Nine Things to Know About Myanmar’s Conflict Three Years On ဆောင်းပါးကို ဘာသာပြန်ဆို​ဖော်ပြထားတာဖြစ်ပါတယ်)

(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)မှတပ်ဖွဲ့ဝင်အချို့ စခန်းသိမ်းတိုက်ပွဲတစ်ခုတွင် သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့်အတူ​တွေ့ရစဥ်။ဓါတ်ပုံ-MDY-PDF)

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်ဘက်ခြမ်း၌ တိုက်ပွဲပြင်းထန်နေ၍ မြစ်ကြီးနားမြို့ဘက်ခြမ်း၌ အစစ်အဆေးတင်းကြပ်နေ​ကာ ယ​နေ့ ည​နေပိုင်းမှစ၍ မြို့အဝင်အထွက်ကိုပိတ်ထား​ကြောင်းစစ်​ရေးရင်းမြစ်အချို့က ပြောသည်။

သတင်း

အာရက္ခတပ်တော် (AA)က နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်​တွေကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာသလို မြို့နယ်ပေါင်း ၁၀ ခုလောက်ကိုသိမ်းပိုက် ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။

သတင်း

တရုတ်ဟာ အရင်က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထဲထဲဝင်ဝင် လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကျောက်ဖြူဖက်ကို လုံးလုံးလျားလျား အာရုံပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

သတင်း

အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂)ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။