Connect with us

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

“စစ်ကောင်စီ ပိုအားကိုးလာတဲ့ ကောင်းကင်ထက်က လူသတ်လက်နက်များ”

ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းကန်၊ ဘုရားကျောင်းစတဲ့ ဘာသာရေး အဆောက်အအုံ ၅၀ ဝန်းကျင်၊ စာသင်ကျောင်း ၃၈ ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေး အဆောက်အအုံ ၁၁ ခုတို့ဟာလည်း အဲဒီ ၄ လအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲမှုတွေကြောင့် ဆုံးရှုံး ပျက်စီးခဲ့ရပါတယ်။

"စစ်ကောင်စီ ပိုအားကိုးလာတဲ့ ကောင်းကင်ထက်က လူသတ်လက်နက်များ"
"စစ်ကောင်စီ ပိုအားကိုးလာတဲ့ ကောင်းကင်ထက်က လူသတ်လက်နက်များ"

People’s Spring

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ အနုပညာ ပြပွဲတစ်ခုဟာ မြန်မာနိုင်ငံအနှံ့ တရိပ်ရိပ် တိုးလာနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပြည်သူတွေ ဘယ်လောက် နာကျင် သက်ရောက် ခံစားနေရသလဲ ဆိုတာကို ထင်ဟပ် မြင်သာစေခဲ့ပါတယ်။

“When We See the Planes”ဆိုတဲ့ ဓာတ်ပုံနဲ့ အနုပညာ ပြပွဲကို မြန်မာ အနုပညာ အဖွဲ့တစ်ခုဖြစ်တဲ့ A New Burmaက စုပေါင်းဖန်တီး ပြသခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အာဏာသိမ်း မြန်မာစစ်တပ် (စစ်ကောင်စီ)ဟာ နိုင်ငံတကာဥပဒေတွေကို ဘယ်လို ဆိုးဆိုးရွားရွားချိုးဖောက်နေသလဲ၊ စစ်ကောင်စီ လေတပ်က အရှိန်အဟုန် မြှင့်တင်ပြီး ချဲ့ထွင်လာတဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ ဘယ်လောက် နာကျင် ထိခိုက်နေရသလဲ ဆိုတာတွေကို မီးမောင်းထိုးပြဖို့ ဖြစ်ပါတယ်။

ညီနောင် မဟာမိတ် သုံးဖွဲ့က စစ်ကောင်စီကို အကြီးအကျယ် အထိနာသွားစေမယ့် အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေးကြီးကို ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အစပြု ဆင်နွှဲခဲ့တဲ့ ကာလဟာ ၇ လ ပြည့်ခဲ့ပါပြီ။ အဲဒီနောက်ပိုင်း ကာလတွေတလျှောက် စစ်ကောင်စီဟာ လေကြောင်းအသာစီးရထားတာကို အခွင့်ကောင်းယူပြီး အရပ်သား ဧရိယာတွေကိုပါ ချမ်းသာမပေးဘဲ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဗုံးကြဲမှုတွေ တိုးလုပ်လာခဲ့ပါတယ်။ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်နယ်မြေတွေ တိုးပွား ရရှိလာချိန်မှာ စစ်ကောင်စီက အခုလိုမျိုး ကမူးရှူးထိုး တုံ့ပြန်မှုတွေ ပိုပြီး မြင်သာလာခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဉာဏ်လင်းသစ် သုတေသန အဖွဲ့ဟာ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းတလျှောက် မြန်မာနိုင်ငံအနှံ့မှာ ကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အကြောင်းကို သေသေချာချာ ခြေရာခံ စုံစမ်းခဲ့ပါတယ်။ ဉာဏ်လင်းသစ်က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကြဲမှုတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပြီး သိပ်သည်း ထူထပ်လာသလို သက်ရောက်မှု ပိုပြင်းထန် တိကျလာတာကို တွေ့ရပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး ၄ လတာ အတွင်းမှာ စစ်ကောင်စီဟာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၁၉ ခု လုပ်ခဲ့ပါတယ်။ ဒါဟာ တစ်နေ့ကို ပျမ်းမျှ ၆ ကြိမ် လေကြောင်းကနေ တိုက်ခိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး အရပ်သား ပြည်သူ ၃၅၉ ဦး သေဆုံးစေခဲ့သလို နောက်ထပ် ၇၅၆ ဦးလည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းကန်၊ ဘုရားကျောင်းစတဲ့ ဘာသာရေး အဆောက်အအုံ ၅၀ ဝန်းကျင်၊ စာသင်ကျောင်း ၃၈ ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေး အဆောက်အအုံ ၁၁ ခုတို့ဟာလည်း အဲဒီ ၄ လအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲမှုတွေကြောင့် ဆုံးရှုံး ပျက်စီးခဲ့ရပါတယ်။

အရင်နှစ်တွေတုန်းက အခြေအနေတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု ၈၅ ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ ၃၃၉ ကြိမ်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ စုစုပေါင်း ၁၂၂၈ ကြိမ်ထိ ထိုးတက်လာခဲ့တယ်လို့ ဉာဏ်လင်းသစ်ရဲ့ သုတေသန အချက်အလက်တွေအရ သိရပါတယ်။

လေကြောင်း အန္တရာယ်ဆိုင်ရာ ကြိုတင် တပ်လှန့် သတိပေးရေး ရည်ရွယ်ချက်နဲ့ တော်လှန်ရေး အင်အားစုတွေက ထူထောင်ထားတဲ့ Enemy Air Route (EAR) Telegram channelမှာတော့ ပြည်သူလူထုက လေတပ်ရဲ့ စစ်လေယာဉ်တွေ အဆင်းအတက် လှုပ်ရှားတာနဲ့ ဦးတည်ပျံသန်းရာ လမ်းကြောင်းတွေကို သိရှိသမျှ မှတ်သားပြီး မျှဝေနိုင်အောင် စီစဉ်ပေးထားပါတယ်။ EARဟာ လေတပ် အခြေစိုက် စခန်းတွေရဲ့ တည်နေရာ မြေပုံတွေ၊ ကွဲပြားတဲ့ လေယာဉ်အမျိုးအစားတွေအလိုက် ပစ်မှတ်ဇုန်ဆီ ရောက်ရှိအောင် ပျံသန်းနိုင်တဲ့ ခန့်မှန်းကြာချိန်တွေလို အရမ်းအသုံးဝင်တဲ့ အချက်အလက်တွေကိုလည်း infographicတွေနဲ့ မျှဝေပေးထားပြန်ပါတယ်။

နောက်ပြီး လေတပ်က သုံးလေ့ရှိတဲ့ စစ်လက်နက်တွေနဲ့ ပတ်သက်လို့ အထိုက်အလျောက် အသေးစိတ်ကျတဲ့ ဖော်ပြချက်တွေကိုလည်း EARမှာ တွေ့နိုင်ပါတယ်။ ၂၃ မမနဲ့ ၃၀ မမ စက်အမြောက်တွေအကြောင်း၊ S-8 အမျိုးအစား ၈၀ မမ ဒုံးကျည်တွေ၊ KAB 500 ပဲ့ထိန်းဗုံးတွေ၊ ပဲ့ထိန်းစနစ် မပါတဲ့ ၂၅၀ ကီလိုဂရမ် ဗုံးတွေအကြောင်း သိသင့်သိထိုက်တာတွေကို ဖော်ပြထားတာပါ။

EARအတွက် အဲဒီ အချက်အလက်တွေကို ထောက်ပံ့ပေးတာကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)မှာ ပူးပေါင်း ပါဝင်လာတဲ့ လေတပ် စစ်မှုထမ်းဟောင်းတွေ ဖြစ်ပါတယ်။ သူတို့က ၂၀၁၁ ခုနှစ်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေက တိုက်ပွဲတွေကစလို့ ၂၀၁၉ ခုနှစ်မှာ ရခိုင်နဲ့ ချင်းပြည်နယ်ထဲက တိုက်ပွဲတွေအထိ မြန်မာ စစ်တပ်ရဲ့ လေကြောင်း စစ်ဆင်ရေးစွမ်းရည်အပေါ် တိုးပွားမှီခိုလာတဲ့ အခြေအနေတွေကို အတွင်းကျကျ နားလည်ထားသူတွေပါ။

လေ့လာသူ အများစုဟာ လေတပ်ရဲ့ အနီးကပ် လေကြောင်းပစ်ကူပေးမှု (CAS)တွေရဲ့ ပစ်မှတ်တိကျမှု အားနည်းချက်တွေက မြေပြင်တပ်တွေကိုပါ ဒုက္ခတွေ့စေခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို အရင်ကတည်းက စုဆောင်းရရှိထားပါတယ်။

ဒါပေမဲ့လည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ တိကျမှု အပိုင်းမှာ ၂၀၂၁ အာဏာသိမ်းမှု အပြီးကတည်းက သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းက ဖားကန့်မှာရှိတဲ့ အနန့်ပါ ဒေသကို ညအချိန် လေကြောင်းကနေ တိုက်ခိုက်ခဲ့တ၊ ၂၀၂၃ ခုနှစ် ဧပြီလတုန်းက မန္တလေး အနောက်ဖက် ပဇီကြီး ကျေးရွာကို ဗုံးကြဲလို့ လူပေါင်း ၁၆၅ ဦးထက်မနည်း သေဆုံးခဲ့တာ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက ကချင် စစ်ရှောင်စခန်း တစ်ခုကို ဗုံးကြဲတာ၊ အခုနှစ်ဆန်းပိုင်းတုန်းက စစ်ကိုင်းမှာရှိတဲ့ စိန့်ပီတာ နှစ်ချင်း ခရစ်ယာန် ဘုရားကျောင်းကို ဗုံးကြဲပြီး လူ ၁၇ ဦး သေဆုံးရတာမျိုး ဖြစ်စဉ်တွေကို လေ့လာကြည့်ရင် ဒီအချက်ကို ထင်ရှားမြင်သာလာစေပါတယ်။

မကြာသေးခင် သီတင်းပတ်တွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ချင်းပြည်နယ်ထဲက တွန်းဇံမြို့နယ်ထဲမှာ ထင်ထင်ရှားရှား အရှိန်မြင့်လာနေသလို မကွေးတိုင်းထဲက ဆောမြို့နယ်မှာလည်း အရပ်သား ပစ်မှတ်တွေ တိုက်ခိုက် ခံနေရပြန်ပါတယ်။

ဒါ့အပြင် လေတပ်ရဲ့ နောက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှု မစ်ရှင်တွေထဲမှာ သုံးနေကျ မဟုတ်တဲ့ လေယာဉ် တချို့ကိုပါ အသုံးပြုလာတာ တွေ့ရပါတယ်။ ဥပမာ တရုတ်က ထုတ်လုပ်ပြီး ခပ်နှေးနှေးသာ ပျံသန်းနိုင်တဲ့ ပန်ကာနှစ်လုံးတပ် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး လေယာဉ် Harbin Y-12လို အမျိုးအစားတွေပေါ့။ အဲဒီလေယာဉ်တွေဟာ တော်လှန်ရေး

အင်အားစု အခြေစိုက် စခန်းတွေ၊ လူနေမြို့ရွာတွေပေါ် ခပ်နိမ့်နိမ့်နဲ့ ခပ်နှေးနှေး ပျံသန်းရင်း မော်တာကျည် ထိပ်ဖူးတွေကို ဗုံးအဖြစ် ကြဲချတာမျိုး အသုံးပြုနိုင်ပါတယ်။

ပဲ့ထိန်းနည်းပညာ ပါဝင်တဲ့ လက်နက်ခဲယမ်းတွေနဲ့ ယှဉ်လိုက်ရင်တော့ ဒီလို ပုံစံနဲ့ တိုက်ခိုက်မှုတွေက တိကျမှု အားနည်းပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်က ပစ်မှတ် တိကျဖို့ မဟုတ်ဘဲ လူထုကြားမှာ အကြောက်တရား ရိုက်သွင်းဖို့ပါ။ တရုတ်က ထုတ်လုပ်တဲ့ လေယာဉ်တွေဟာ အဲဒီ ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး ကူညီ ဖြည့်ဆင်းပေးနေပါတယ်။

ဗြိတိန်လုပ် BN2 Islanderနဲ့ အမေရိကန်လုပ် Beechcraft 19၊ ATR-72တို့လိုမျိုး တိုက်ခိုက်ရေး ကဏ္ဍအတွက် ရည်ရွယ်မထားတဲ့ အပေါ့စား လေယာဉ်တွေကိုလည်း လေတပ်က အသုံးပြုလာနေတယ်လို့ EARရဲ့ အစီရင်ခံ ဖော်ပြချက်မှာ တွေ့ရပါတယ်။

နောက်ပြီး ရုရှားလုပ် Yak-130 အပေါ့စား တိုက်လေယာဉ်တွေကို အတော်လေး တွင်တွင်ကျယ်ကျယ် အသုံးပြုနေဟန် ရှိပါတယ်။ အရင်က စစ်ကောင်စီ အရမ်း အားကိုးတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကတော့ တချို့ဒေသတွေက ရှေ့တန်း စစ်မြေပြင်တွေမှာ အသုံးပြုမှု သိသိသာသာ လျော့ကျသွားပါတယ်။ အကြောင်းကတော့ တချို့ တော်လှန်ရေး အင်အားစုတွေဟာ ရဟတ်ယာဉ်တွေကို ပစ်ချနိုင်လောက်တဲ့ လေကြောင်း ကာကွယ်ရေး စွမ်းရည်မျိုး ပိုင်ဆိုင်လာတာကြောင့်ပါပဲ။

တော်လှန်ရေး အင်အားစုတွေ အသုံးပြုတဲ့ လေယာဉ်ပစ် လက်နက်တွေထဲမှာ အကြီးစား စက်သေနတ်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ အထင်ရှားဆုံး ဥပမာ တစ်ခုကတော့ ကရင်နီ အမျိုးသား တပ်ဖွဲ့ (KNDF)ဟာ နိုဝင်ဘာလတုန်းက Yak-130 တစ်စီးကို အဲဒီလို သေနတ်မျိုးနဲ့ ပစ်ချခဲ့ပါတယ်။

ဒီနေရာမှာ လေယာဉ်ပစ် လက်နက်တွေ ဝယ်ယူဖို့ အစောပိုင်း ကတည်းက ရန်ပုံငွေ စုဆောင်း ရှာဖွေတဲ့ လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ Project Dragonflyကို ဦးဆောင် အကောင်အထည် ဖော်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ ရန်ပုံငွေ စုဆောင်း လှုပ်ရှားခဲ့ပါတယ်။ အခုဆိုရင် မြန်မာပြည်သူတွေကြားမှာ အောင်မြင်တဲ့ လေကြောင်း ကာကွယ်ရေး ရလဒ်တွေနဲ့ ပတ်သက်ပြီး ဗန်းစကားတွေတောင် ထွက်ပေါ်နေပါပြီ။ စစ်ကောင်စီရဲ့ လေယာဉ်ကို ပစ်ချနိုင်ရင် ငှက်ကင်တယ်လို့ ပြောလေ့ရှိပြီး ရဟတ်ယာဉ်ကို ပစ်ချနိုင်ရင်တော့ ပုစဉ်းကင်တယ်လို့ သုံးနှုန်းကြပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်း ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက် စစ်ကောင်စီ လေတပ်အတွက် အပိုပစ္စည်းနဲ့ အစားထိုး ပစ္စည်းတွေ ရှားပါးသွားပြီး အခက်ကြုံနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို လောလောဆယ် လေတပ်က အရှိန်ပိုမြှင့်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဆန့်ကျင်ပြနေပါတယ်။ ဒီအတွက် ပြုပြင်ထိန်းသိမ်းရေး ပြဿနာတွေ ရှိနေမှာ သေချာပေမယ့် အာဏာသိမ်း စစ်တပ်ကတော့ သူတို့ရဲ့ လေယာဉ်တွေနဲ့ ဗုံးကြဲနေတာတွေကို လျှော့ချလိုက်ဖို့ စိတ်ကူးရှိဟန် မတူပါဘူး။

နောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေအတွက် အသုံးပြုတဲ့ ခဲယမ်းလက်နက်တွေကလည်း သိသိသာသာ လျော့ပါးသွားသေးဟန် မတူဘူး။ ဒါ့အပြင် နောင်တစ်နေ့နေ့မှာ အရပ်သား ဧရိယာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး သူတို့ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် စစ်ခုံရုံး တက်ရနိုင်ခြေရှိတဲ့ လေတပ် လေယာဉ်မှူးတွေကလည်း စစ်ကောင်စီ အလိုကျ အသုံးတော်ခံနေဆဲပါပဲ။ သူတို့ရဲ့ လုပ်ရပ်တွေအတွက် နောင်တရတာ၊ စိတ်ဓာတ်ကျတာမျိုး ရှိပုံမရဘဲ ကျားကုတ်ကျားခဲ ဝမ်းသာအားရနဲ့ ဆက်ပြီး ကျူးလွန်နေမြဲ ဖြစ်ပါတယ်။ စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းမှုတွေ ကန့်သတ် လျှော့ချနိုင်အောင် ဖိအားပေးတဲ့ လုပ်ဆောင်ချက်တွေကလည်း ထိရောက်မှု သိပ်ရှိပုံ မပေါ်ဘူး။ အနည်းဆုံး လက်ရှိ ကာလအထိတော့ သက်ရောက်မှု ကြီးကြီးမားမား မမြင်ရသေးဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူ့ရဲ့ လေယာဉ်မှူးတွေကို ထိရောက် အားကောင်းတဲ့ တိုက်ပွဲဝင် စွမ်းဆောင်ရည်တွေအတွက် ချီးကျူးစကား ပြောထားပြီး ရန်သူကို ချေမှုန်းရာမှာ လိုအပ်တဲ့ ရုပ်ဝတ္ထုပိုင်း အထောက်အပံ့တွေကို အစွမ်းကုန် ဖြည့်ဆည်းပေးမယ်လို့ အာမခံထားပါတယ်။ (မကြာသေးခင်ကမှ ရုရှားဆီကနေ ရရှိထားတဲ့ နည်းပညာမြင့် Su-30 ဘက်စုံသုံး တိုက်လေယာဉ် နှစ်စီးကိုလည်း လေတပ်က တခမ်းတနား ထုတ်ကြွားခဲ့ပါတယ်)

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ ကြည်းတပ်ဟာလည်း မောင်းသူမဲ့လေယာဉ် (ဒရုန်းတွေ) အသုံးပြုမှုကို သိသိသာသာ အရှိန်အဟုန် မြှင့်တင်လာနေပါတယ်။ မဟာဗျူဟာ ထောက်လှမ်းရေး ဒရုန်းတွေကို ခြေလျင်နဲ့ ခြေမြန်တပ်တွေက ထိန်းချုပ် အသုံးပြုလေ့ရှိပြီး နက်နက်ရှိုင်းရှိုင်း ကင်း

ထောက် ပျံသန်းတာ၊ ဗုံးကြောင့် ပျက်စီးမှုတွေကို ဆန်းစစ်တာ၊ အရပ်သား ဧရိယာတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ စခန်းတွေကို လက်နက်ကြီးနဲ့ ပိုပြီး တိတိကျကျ ချိန်ရွယ် ပစ်ခတ်တာမျိုးတွေ အတွက်ဆိုရင် အဆင့်မြင့် စနစ်တွေကိုပါ ပေါင်းစပ် ဖြည့်တင်းလေ့ ရှိပါတယ်။

တရုတ်က ထုတ်လုပ်တဲ့ CH3A၊ Sky O2Aနဲ့ Yellow Cat A2တို့လို ဒရုန်းတွေဟာ အခုဆိုရင် စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့တွေမှာ လက်တွေ့ စစ်မှုထမ်းမှု စတင်နေပါပြီ။ ရုရှားက ထုတ်လုပ်တဲ့ Orlan 10E ဒရုန်းတွေကိုလည်း စစ်ကောင်စီက အသုံးပြုပါတယ်။ (အစရေးလုပ် Elbit Skylark ထောက်လှမ်းရေး ဒရုန်းတွေကိုလည်း သုံးနေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အတည်မပြုနိုင်ပါဘူး) အဲဒီထဲမှာ CH3A တစ်မျိုးလောက်သာ မော်တာကျည်ဆန်တွေကို လေထဲကနေ ကြဲချပြီး တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ ဒရုန်းအသုံးပြု လေကြောင်း စစ်ဆင်ရေးတွေမှာ လက်နက် တပ်ဆင်နိုင်အောင် ပိုပြီး အားထုတ်လာမှာ သေချာပါတယ်။

စစ်ကောင်စီ လော်ဘီတွေက စစ်တပ်ရဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှု မှတ်တမ်း ဗီဒီယိုတွေကို Facebook၊ Telegramနဲ့ Youtubeတို့လို လူမှုကွန်ရက် မီဒီယာတွေပေါ် လွှင့်တင်ပြီး ဝါဒဖြန့်လေ့ ရှိပါတယ်။ စစ်လော်ဘီ Facebook စာမျက်နှာ တစ်ခုဖြစ်တဲ့ Tactics for Myanmar Police ကဆိုရင် စစ်တပ်ရဲ့ တိုက်ခိုက်မှု မှတ်တမ်း ဗီဒီယိုတွေကို ဆက်တိုက် ဖော်ပြခဲ့ပြီး တချို့ဗီဒီယိုတွေမှာ Electric Light Orchestra (ELO)ရဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက သီချင်းဖြစ်တဲ့ Mr. Blue Skyကို အဆီအငေါ် မတည့်စွာနဲ့ ထည့်သွင်း အသုံးပြုထားတာပါ​တွေ့ရပါတယ်။

လူနေ ဧရိယာ တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတဲ့ ဗီဒီယို တစ်ခုမှာတော့ အကြမ်းဖက်အဖွဲ့ဝင် ရွာသားတွေကို ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)ထုတ် ဗုံးတွေနဲ့ မိတ်ဆက်ပေးနေတာလို့ စာအညွှန်းပါ ရေးသားထားတာကြောင့် ပြည်တွင်းထုတ် လက်နက်ခဲယမ်းတွေကို အသုံးပြုနေတယ်ဆိုတာ သိရှိလာရပါတယ်။

တော်လှန်ရေး အင်အားစုတွေမှာလည်း ကိုယ်စီကိုယ်စီဒရုန်း ယူနစ်တွေ အသီးသီး ရှိကြပါတယ်။ အထင်ရှားဆုံးကတော့ Federal Wings၊ ပြီးတော့ ထူးထူးဆန်းဆန်း နာမည်ပေးထားတဲ့ Alpha Bat Drone Armyတို့ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ဟာ ဧပြီလတုန်းက စစ်ကောင်စီရဲ့ မော်လမြိုင် အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် စခန်းကို လက်စွမ်းပြ တိုက်ခိုက်ခဲ့ပါတယ်။ အစောပိုင်းတုန်းက အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ နံပါတ် ၂ ခေါင်းဆောင် စိုးဝင်း အပြင်းအထန် ဒဏ်ရာရသွားကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

အော်ပရေးရှင်း ၁၀၂၇ မှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်မတော် (Mandalay PDF)ကလည်း ဒရုန်းစစ်ဆင်ရေးတွေနဲ့ အကျွမ်းတဝင် ဖြစ်လာအောင် လိုက်လျောညီထွေ ပြောင်းလဲနေပုံပါပဲ။ ဒရုန်းတွေကို ထိန်းချုပ် မောင်းနှင်သူ အများစုဟာ အရွယ်ကောင်း မိန်းကလေးငယ်တွေ ဖြစ်ပါတယ်။

ဧပြီလတုန်းက နေပြည်တော် လေဆိပ်ကို ပစ်မှတ်ထားတဲ့ ဒရုန်းတိုက်ခိုက်မှု တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိခဲ့ပေမယ့် စစ်ကောင်စီ အတွက်တော့ သိက္ခာကျစရာ ဖြစ်သွားပါတယ်။ နောက်ပြီး Kloud Drone Teamနဲ့ Lethal Prop Weapon Teamတို့ အတွက်လည်း စိတ်ဓာတ်ရေးရာအရ အများကြီး အားတက်သွားပါတယ်။

အော်ပရေးရှင်း ၁၀၂၇ အတောအတွင်း ညီနောင် မဟာမိတ်သုံးဖွဲ့ဟာ ရာနဲ့ချီတဲ့ ဗုံးတွေကို ဒရုန်းတွေနဲ့ ကြဲချခဲ့တာကြောင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ် တစ်ခုမှာ ကုန်တင် ထရပ်ကား အစီး ၁၀၀ လောက် ပျက်စီးသွားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါဟာ တော်လှန်ရေး အစုအဖွဲ့တွေဖက်က ဖျက်ဆီးအား ပြင်းထန်တဲ့ စစ်ဆင် တိုက်ခိုက်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာကြောင်း ဥပမာကောင်း တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါတင် မကသေးဘဲ ပစ်မှတ် တိကျမှု အပိုင်းကလည်း အများကြီး အားကောင်းလာပါတယ်။ စက်တင်ဘာလတုန်းက မြဝတီမှာ စစ်ဘက် အရာရှိ ၅ ယောက်နဲ့ အရပ်ဖက် အရာရှိတွေကို လုပ်ကြံခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုက မြင်သာတဲ့ အထောက်အထား တစ်ခုပါပဲ။

ဒါပေမဲ့လည်း တော်လှန်ရေး စစ်ပွဲကာလမှာ ဒရုန်းတွေ အပြိုင်သုံးစွဲတဲ့ တိုက်ခိုက်မှုတွေ ယှဉ်ပြိုင်ရင် တစ်ဖက်စောင်းနင်း အခြေအနေမျိုးကတော့ ဆက်ဖြစ်နေဦးမှာပါ။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ PDFလို တော်လှန်ရေး အင်အားစုတွေဟာ ဒရုန်းတွေ ပိုင်ဆိုင်ဖို့အတွက် ကိုယ်ပိုင် အရင်းအမြစ်တွေ၊ အကြံဉာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို အဓိက မှီခိုရင်း ပိုပြီး ခေတ်မီ ဆန်းသစ်နိုင်အောင် အစဉ်တစိုက် အားထုတ်နေကြရတာပါ။ ဥပမာ ဒရုန်းတွေရဲ့ အတောင်ပံတွေ၊ ဗုံးကြဲစနစ်တွေကို 3D Printerတွေနဲ့ ထုတ်လုပ်တာမျိုး၊ Softwareပိုင်း ပိုအဆင့်မြင့်အောင် ပြင်ရေးတာမျိုးတွေကို ကိုယ့်အားကိုယ်ကိုးရင်း ကြိုးစားကြပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံခြားဖြစ် လက်နက် စနစ်တွေကို မှာယူတင်သွင်းဖို့ပဲ စဉ်းစားပါလိမ့်မယ်။ ရုရှားလုပ် တချို့သော ဒရုန်းတွေဟာ ယူကရိန်း စစ်ပွဲမှာ လက်တွေ့ အသုံးပြု တိုက်ခိုက်တဲ့အဆင့် ရောက်နေပါပြီ။ အဲဒီထဲမှာ ထိန်းချုပ် ကင်မရာ တပ်ဆင်ထားပြီး ပစ်မှတ်ဆီ ထိုးစိုက် တိုက်ခိုက်တဲ့ ကာမီကာဇီ ဒရုန်းတွေလည်း ပါဝင်ပါတယ်။

အစောပိုင်းမှာ ဖော်ပြခဲ့သလို စစ်သုံးအမျိုးအစား မဟုတ်တဲ့ Y-12 လေယာဉ်တွေကိုပါ လေကြောင်း တိုက်ခိုက်မှုအတွက် ထုတ်သုံးရပြီ ဆိုတာကတော့ လေတပ်မှာ သမားရိုးကျ မဟုတ်တဲ့ နည်းလမ်းတွေကိုပါ ကြံမိကြံရာ ထုတ်သုံးရတဲ့အဆင့် ရောက်နေပြီလို့ ညွှန်ပြနေပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတချို့အရဆိုရင် စစ်ကိုင်းတိုင်းထဲက ကျေးရွာတချို့ကို Y-12ပေါ်ကနေ ကြဲချရာမှာ ဗုံးတွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေ မဟုတ်ဘဲ ကျောက်တုံးတွေလို့ သိရပါတယ်။ ဒါမျိုးကတော့ အလယ်ခေတ်မှာ သုံးကြတဲ့ နည်းဗျူဟာမျိုး ဖြစ်သွားပါပြီ။

ဒီအချက်က ကွယ်လွန်သူ စာရေးဆရာ ခရစ္စတိုဖာ ဟစ်တ်ချန်စ်က မြန်မာစစ်တပ်နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်အတော်ကြာ ကတည်းက သုံးသပ်ခဲ့ဖူးတာကို ပြန်အမှတ်ရလာစေပါတယ်။ သူက မြန်မာစစ်တပ်ဟာ ကျောက်ခေတ်က အာဏာရှင်မျိုး ဆိုတာပါ။ ဘာပဲဖြစ်ဖြစ် စစ်ကောင်စီဟာ မြေပြင်ပေါ်က တရိပ်ရိပ် ကြီးထွားလာနေတဲ့ တော်လှန်ရေး အရှိန်အဟုန်ကို ဟန့်တားချိုးဖျက်ဖို့ မျှော်လင့်ချက်နဲ့ လေကြောင်းကနေ ခေတ်မီဆန်းသစ်တဲ့ နည်းတွေရော၊ ခေတ်ဟောင်း ဗျူဟာတွေကိုပါ အသုံးပြုပြီး တိုက်ခိုက်နေဦးမှာ ဖြစ်ပါတယ်။

(ဒေးဗစ်စကော့ မက်သီဆန် ရေးသားပြီး Asia Timesတွင် ဖော်ပြထားသည့် “Craven killing from above in Myanmar” ဆောင်းပါးကို People’s Spring က ဆီ​လျော်​အောင် ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

နောင်ဝိုးရွာအနီးတွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်းလည်း ပင်လောင်းအခြေစိုက်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် TNLAနှင့် အပစ်ရပ်စဲထားသော်လည်း TNLA တပ်စခန်း ရှိရာသို့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

သတင်း

တောင်ကုတ်မြို့နယ်၊ ကံဆိပ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းဟု ဒေသခံများကပြောသည်။

သတင်း

ဒရုန်းများကို ပိုမိုအသုံးပြုနိုင်လေ စစ်ဆင်ရေးအောင်မြင်စေရန် ပိုမိုအထောက်အကူပြုနိုင်လေဖြစ်ပြီး ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုကိုလည်း လျော့ချနိုင်လေဖြစ်သည်ဟု အသိပေးသည်။