Connect with us

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

မြန်မာ့ ပဋိပက္ခများ ရှုပ်ထွေးနက်နဲသည် ဆိုခြင်းမှာအဖြေရှာမရသည့် အဓိပ္ပါယ်မဟုတ်ပါ

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဟာ ဖြေရှင်းလို့ မရတဲ့ အခြေအနေ မဟုတ်ပါဘူး။ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို တကယ်တမ်း လိုလားတယ်ဆိုရင် နိုင်ငံတကာ အသိုက်အဝန်းဟာ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို အမှန်တကယ် ထင်ဟပ် ကိုယ်စားပြုတဲ့ လှုပ်ရှားမှုတွေမှာ အားပေး ထောက်ခံရပါမယ်။

အဖြေရှာမရသည့် အဓိပ္ပါယ်မဟုတ်ပါ
အဖြေရှာမရသည့် အဓိပ္ပါယ်မဟုတ်ပါ

-People’s Spring

လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးကြတဲ့ အခါတိုင်း လူတွေက စစ်တပ် အုပ်စိုးမှုဟာ အင်မတန် ဆိုးရွားတယ် ဆိုတာကို လက်ခံကြပါလိမ့်မယ်။ လူထုကို ဆိုးဆိုးရွားရွား ထိခိုက်နာကျင်စေတာတွေ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုလို ဆိုးယုတ်လှတဲ့ ရာဇဝတ်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်နေတဲ့ အစုအဖွဲ့မျိုးကို တစ်နိုင်ငံလုံးက စုပြုံမုန်းတီးကြတာ မဆန်းပါဘူး။

အဲဒီနောက်မှာတော့ ဆွေးနွေးမှုရဲ့ ဆက်စပ် ဦးတည်ရာဟာ စစ်ရေး အင်အား ချိန်ခွင်လျှာဆိုတဲ့ အပိုင်းကို ရောက်သွားပါလိမ့်မယ်။ ဒီနေရာမှာတော့ သဘောထား ကွဲလွဲမှုတွေ ပိုပြီး တွေ့လာရနိုင်ပါတယ်။ ဒါပေမဲ့ အများစုကတော့ လက်ရှိ အာဏာသိမ်း မြန်မာစစ်တပ် (စစ်ကောင်စီ)ဟာ ဆယ်စုနှစ်တွေ အတော်များများအတွင်း မကြုံဖူးလောက်အောင် အားနည်းတဲ့ အဆင့်မျိုးဆီ ရောက်နေပြီလို့ လက်ခံကြပါလိမ့်မယ်။ တကယ်လို့ ဆွေးနွေးမှု အကြောင်းအရာဟာ နိုင်ငံအနှံ့မှာ စုံလင် ကွဲပြားလှတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေဆီ အာရုံစိုက်ခဲ့မယ်ဆိုရင် ပိုပြီး အမြင်တွေ ရှုပ်ထွေးလာနိုင်ပါတယ်။ ဒီအခြေအနေတွေဟာ တည်ငြိမ်မှုဆီ ဦးတည်မှာလား၊ ပိုပြီး ကသောင်းကနင်းနိုင်တဲ့ အနာဂတ်ဆီ ခေါ်ဆောင်သွားမလား ဆိုတာတွေ ဝေဝါးလာပါလိမ့်မယ်။ မြန်မာနိုင်ငံအကြောင်း ဂဃနဏ သိပ်မသိသူတွေ၊ အထူးသဖြင့် ပြည်ပနိုင်ငံသားတွေက မြန်မာ နိုင်ငံရဲ့ တော်လှန်ရေး လှုပ်ရှားမှုဟာ ဘယ်လို ရှုပ်ထွေးတဲ့ သဘာဝမျိုးနဲ့ ဖွဲ့စည်း တည်ရှိနေသလဲ ဆိုတာကို နားလည်ဖို့ ခက်ပါလိမ့်မယ်။ အကျိုးဆက်ကတော့ အဲဒီအကြောင်း ရှည်ရှည်ကြာကြာ ဆွေးနွေးရင် မျှော်လင့်ချက် ကင်းမဲ့သလိုလို၊ အဖြေရှာမရဘဲ လမ်းပျောက်သလိုလို ခံစားချက်မျိုးတွေ ကိန်းအောင်းလာတာမျိုးတောင် ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ သိထားသင့်တာက ရှုပ်ထွေးမှု ဆိုတာဟာ ပြဿနာ မဟုတ်ပါဘူး။ ကံစီမံရာကို လက်ခံရမလို အတွေးမျိုးဟာ မူဝါဒ ချမှတ်သူတွေနဲ့ လေ့လာသုံးသပ်သူတွေ အများအပြားက ရှုပ်ထွေးမှုကို အဖြေမထုတ်နိုင်မှုနဲ့ ရောနှောပစ်လိုက်ရာက ထွက်ပေါ်လာတဲ့ ဆရာများ၊ သားသေ ရလဒ်တခု ဖြစ်နိုင်ပါတယ်။ အဲဒီ ရောနှောမှုကနေပဲ ရေတို မျက်စိ တစ်ဆုံးစာလောက်ကိုသာ ကြည့်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တာမျိုး၊ ထိရောက်မှု မရှိတဲ့ ကြားဝင်မှုတွေကို ရွေးချယ်မိတာမျိုးတွေ ဖြစ်လာပါတော့တယ်။ အဲဒီလို ကြားဝင်မှုတွေရဲ့ အကောင်းဆုံးအဆင့်ဆိုတဲ့ အားထုတ်မှုတွေကတောင် အပေါ်ဆုံးအလွှာတွေကြား ညှိနှိုင်း ဆွေးနွေးတာ၊ အပစ်အခတ် ရပ်စဲနိုင်အောင် အတင်းတွန်းအားပေးတာ၊ အဆုံးသတ်မှာတော့ အကြမ်းဖက် လုပ်ရပ်တွေကို ဆက်ရှင်သန်ခွင့် ပေးထားမယ့် အာဏာခွဲဝေရေး သဘောတူညီမှုတွေကို လက်ခံလိုက်တာတွေနဲ့ပဲ အဆုံးသတ်သွားတတ်ပါတယ်။ ပိုဆိုးတဲ့ ကိစ္စတွေမှာတော့ လက်နက် အရောင်းအဝယ်၊ စစ်သင်တန်းပို့ချမှုတွေ ပါဝင်လာပြီး စစ်ကောင်စီက ပြည်သူတွေအပေါ် ရန်လိုတဲ့ စစ်ပွဲကို အချိန်ကြာကြာ ဆက်ဆင်နွှဲလို့ရမယ့် တရားဝင်မှုမျိုး လက်ခံ အသိအမှတ် ပြုပေးလိုက်တာမျိုးထိ ဖြစ်သွားမှာပါ။

Public Service Announcement

Public Service Announcement

မြန်မာ့ အရေးမှာ ဖြစ်ရိုးဖြစ်စဉ်နဲ့ မတူတာကတော့ နိုင်ငံ တည်ငြိမ်ရေးကို အာမခံနိုင်ဖို့ ပိုပြီး ယုံကြည်စိတ်ချထိုက်တဲ့ လမ်းကြောင်းဟာ တော်လှန်ရေး အင်အားစုဖက်မှာ ရှိနေခြင်းပါပဲ။ စစ်ကောင်စီကတော့ နိုင်ငံတကာ အသိုက်အဝန်းက ဆက်ပြီး အရောတဝင် ထောက်ခံနေတာမျိုး မရှိတော့ရင် ရှင်သန်ဖို့ ခက်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဟာ ဖြေရှင်းလို့ မရတဲ့ အခြေအနေ မဟုတ်ပါဘူး။ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို တကယ်တမ်း လိုလားတယ်ဆိုရင် နိုင်ငံတကာ အသိုက်အဝန်းဟာ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို အမှန်တကယ် ထင်ဟပ် ကိုယ်စားပြုတဲ့ လှုပ်ရှားမှုတွေမှာ အားပေး ထောက်ခံရပါမယ်။

လေ့လာသူတွေနဲ့ မူဝါဒ ချမှတ်သူတွေဟာ မြန်မာ့ နိုင်ငံရေးရဲ့ ရှုပ်ထွေးတဲ့ သဘောသဘာဝကြောင့် နောက်တွန့်သွား တတ်ကြပါတယ်။ ကိုယ်ပိုင် မူဝါဒတွေကို အသီးသီး ဆွဲကိုင်ပြီး လုံးထွေးယှက်နွယ်တဲ့ ဆက်ဆံရေးတွေ ရှိနေရာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ နိုင်ငံရေး အင်အားစုတွေ အတော်များများကို ထိတွေ့ ကိုင်တွယ်ရမယ်ဆိုတဲ့ အတွေးက စိတ်ပူစရာတော့ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ့အရေးမှာ ကံကြမ္မာကို ယိုးမယ်ဖွဲ့ချင်တဲ့ ရှုထောင့်ကနေ ချဉ်းကပ်မိတဲ့ အခါမျိုးမှာ ဒီကိစ္စက ပိုဆိုးပါလိမ့်မယ်။ အသုံးများတဲ့ ဆင်ခြေနှစ်ခုကတော့ မြန်မာဟာ ကွဲပြားတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေကြား အဆက်အစပ်တွေ ရှုပ်ထွေးလွန်းတယ် ဆိုတာရယ်၊ စစ်တပ် အုပ်စိုးမှုဟာ ဘယ်တော့မှ ဖယ်ထုတ်လို့ မရဘူးလို့ ယူဆထားတာရယ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ခုစလုံးက မမှန်ပါဘူး။

အရမ်းအတွေ့များတဲ့ ကောက်ချက်က ပဋိပက္ခဟာ ဖြေရှင်းလို့ မရနိုင်လောက်အောင် ခက်ခဲရှုပ်ထွေးလွန်းတယ် ဆိုတာချည်းပါပဲ။ ပဋိပက္ခ တစ်ခုကို အဲဒီ အမြင်မျိုးနဲ့ ခေါင်းစဉ်တပ် သတ်မှတ် ခံလိုက်ရပြီဆိုရင်၊ ပြီးတော့ အဲဒီ ပဋိပက္ခဟာ ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာ အတိုင်းအတာထိ ကျယ်ပြန့်မှု မရှိဘူးဆိုရင် မူဝါဒချမှတ်သူတွေက ရေတိုကိုကြည့်ပြီး စွန့်စားရမှုနည်းတဲ့ လမ်းကြောင်းမျိုးဆီ လိုက်တော့တာပါပဲ။ ဒါပေမဲ့ အဲဒီဖြေရှင်းမှုဟာ ပဋိပက္ခရဲ့ မူလ အခြေခံ အရင်းအမြစ်ကို ဦးတည်နိုင်စွမ်း မရှိတော့ပါဘူး။ မြန်မာ့နိုင်ငံရေးမှာ အကြိမ်ကြိမ် ကျရှုံးစေမှု သံသရာ စက်ဝန်းရဲ့ အဓိက တရားခံဟာ အဲဒီအချက် ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်ပွဲ အရှည်ကြာဆုံး နိုင်ငံဆိုတဲ့ မနှစ်မြို့ချင်စရာ ဂုဏ်ပုဒ်ကို မလိုချင်ဘဲ လက်ခံရရှိထားရပါပြီ။

မြန်မာနိုင်ငံမှာ ရေတိုကြည့်ပြီး စွန့်စားမှုနည်းတဲ့ စွက်ဖက်မှုတွေဟာ လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေ၊ နိုင်ငံရေး အပေါ်ယံလွှာတွေ၊ အထူးခန့်အပ်ခံရတဲ့ ကိုယ်စားလှယ်တွေကြား ဆွေးနွေးမှုတွေကနေ ထွက်ပေါ်လာလေ့ ရှိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကို ကိုယ်စားပြု ရပ်တည်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း (ERO)တွေ ပါဝင်လေ့ မရှိပါဘူး။ အကြောင်းကတော့ အဲဒီ အင်အားစုတွေဟာ ပဋိပက္ခကြီးကို ဆုံးခန်းတိုင်လောက်အောင် တောင့်တင်းမှု မရှိဘူး ဆိုတာမျိုး၊ ဒါမှမဟုတ် သူပုန်တွေ၊ အစိုးရမဟုတ်တဲ့ စင်ပြိုင်တွေ၊ ခွဲထွက်ရေးဝါဒီတွေ စသဖြင့် တံဆိပ်ကပ် ခံရတာမျိုးတွေကြောင့် ဖြစ်ပါတယ်။ စွန့်စားရတဲ့ နည်းလမ်းမျိုးတွေကို သိပ်အာသီသ မရှိတဲ့ နိုင်ငံတကာ အင်အားစုတွေက အဲဒီလို အစုအဖွဲ့တွေကို ရှောင်လေ့ ရှိပါတယ်။ အမြင်ကျဉ်းတဲ့ ဝင်ရောက် စွက်ဖက်မှုတွေဟာ စစ်တပ်ကသာ ငြိမ်ဝပ်ပိပြားမှုကို ယူဆောင်ပေးနိုင်မယ်၊ အလုံးစုံ ရှုပ်ထွေးမှုတွေကို တားဆီးပေးနိုင်မယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆကို အခြေခံပြီး စစ်တပ်ကို ကူညီပေးတာတွေထိ ဖြစ်သွားတတ်ပါတယ်။ အဲဒီ ရိုးရှင်းလွန်းတဲ့ ချဉ်းကပ်မှုတွေဟာ ကျင့်ဝတ်ပိုင်းအရ မှားတယ်လို့တော့ မဆိုနိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ ၇၅ နှစ် ကြာမြင့်ခဲ့ပြီး ဖြစ်တဲ့ ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ ဘာထိရောက်မှုမှ မရှိခဲ့ပါဘူး။

အဲဒီလိုမျိုး မသိသာပေမယ့် ဆိုးကျိုးဆီ ပိုမို ဦးတည်စေနိုင်တဲ့ ချဉ်းကပ်မှုတွေဟာ မူဝါဒရေးရာ ရွေးချယ် ဆုံးဖြတ်သူတွေက ဘယ်သူ့ဖက် ယိမ်းသလဲ ဆိုတာကို ရှင်းလင်းအောင် ဆုံးဖြတ်လို့ မရဘဲ ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ အခြေအနေက သက်ရောက်မှုတွေ ဖြစ်စေတဲ့ တိကျတဲ့ လုပ်ဆောင်ချက်တွေဆီ တိုက်ရိုက် ချိတ်ဆက်ကြည့်လို့ မရတာကြောင့် ဖြစ်ပါတယ်။ အဲဒီလို အဓိပ္ပါယ် နှစ်ခွထွက်နေတာကိုကပဲ အဲဒီ ဗျူဟာတွေကို ဆက်ပြီး ကိုင်ဆွဲထားတဲ့ အကြောင်းရင်း တစ်ခုပါ။ နောက်ထပ် အကြောင်းရင်း တစ်ခုကတော့ စစ်ခေါင်းဆောင်တွေဟာ အဲဒီ ဗျူဟာတွေကို သူတို့ရဲ့ ကောင်းကျိုးအတွက် လိုရာဆွဲ အသုံးချနိုင်အောင် ပါးပါးနပ်နပ် ရေလိုက်ငါးလိုက် ပြောင်းလဲတတ်တာကြောင့် ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံအဆင့် စေ့စပ်ဆောင်ရွက်သူတွေ လက်ခံလောက်မယ့် နိုင်ငံတကာ စံနှုန်းတွေကို အသုံးပြုပြီး သူတို့ လိုချင်တဲ့ ရည်မှန်းချက် အထမြောက်အောင် အားထုတ်လေ့ ရှိပါတယ်။ အဲဒီ ရည်မှန်းချက် ဆိုတာကလည်း ပြည်သူလူထုက တော်လှန်ရေးကို အူလှိုက်သည်းလှိုက် အားပေးနေချိန်မှာ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်နဲ့ ဖိနှိပ်မှု၊ ရက်စက်မှု၊ အစုလိုက် ပြောင်းရွှေ့စေမှု နည်းလမ်းတွေကို သုံးပြီး သူတို့ရဲ့ အာဏာကို မြဲသထက်မြဲအောင် လုပ်ဖို့ပါပဲ။

အဲဒီ လုပ်ကွက်အတွက် စစ်ခေါင်းဆောင်တွေက နည်းလမ်းနှစ်သွယ်ကို အဓိက သုံးပါတယ်။ ပထမနည်းလမ်းက ဒီမိုကရေစီ နည်းလမ်းအရ သူတို့ မရထိုက်တဲ့ နိုင်ငံအာဏာကို လက်ထဲ ရောက်လာစေနိုင်မယ့် ညှိနှိုင်းဆွေးနွေးမှုတွေကို ရှာဖွေကြပါတယ်။ ပြီးရင် အဲဒီ ဆွေးနွေးမှုတွေရဲ့ သဘောတူညီချက်တွေကို သူတို့ကိုယ်တိုင်ပဲ ဘာအကျိုးဆက်မှ မခံစားရဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြန်ပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ ပုံစံတူ ဖြစ်စဉ်တွေ အများကြီးထဲက အမြင်သာဆုံး တစ်ခု ဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးမှုတွေကို မြန်မာ စစ်တပ်ကို နိုင်ငံ ကိုယ်စားပြု အဖွဲ့အစည်းလို့ သတ်မှတ်ပြီး စစ်ကောင်စီရဲ့ ရန်ဘက်တွေ (အာဏာမသိမ်းခင် ကတည်းက တည်ရှိခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ NUGနဲ့ အာဏာသိမ်းမှုအလွန် ပေါ်ထွန်းလာတဲ့ တော်လှန်ရေး အင်အားစုတွေ)ကို နိုင်ငံအဆင့် ကိုယ်စားမပြုဘူးလို့ ယူဆထားတဲ့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဆက်သွယ် အကောင်အထည် ဖော်လေ့ ရှိပါတယ်။ အဲဒါကြောင့်ပဲ နိုင်ငံတကာ အမြင်ဟာ စစ်တပ်ဖက်ကို သိသိသာသာ ယိမ်းနေတတ်ပြီး အကျိုးဆက်ကတော့ မြန်မာစစ်တပ်ဟာ ပြည်သူက ယုံကြည်အပ်နှင်းတဲ့ အခွင့်အာဏာ ဘာတစ်ခုမှ မရှိဘဲ တရားမဝင် ကျူးကျော်ရေး အင်အားစုကြီး တစ်ခုအဖြစ် အဓွန့်ရှည်နေစေတာ ဖြစ်ပါတယ်။ EROတွေနဲ့ NUGဖက်မှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်ပြီး လူထုထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိထားသလို တချို့ ခေါင်းဆောင်တွေဟာ အထင်အရှား တင်မြှောက်ခံထားရသူတွေ ဖြစ်ပါတယ်။

ဒုတိယ နည်းလမ်းကတော့ စစ်တပ်ဟာ အပစ်အခတ် ရပ်စဲရေး ဆိုတာကို စစ်ရေးဗျူဟာ တစ်ခုအဖြစ် အသုံးချခြင်းပါ။ အဲဒီနည်းကြောင့် သူတို့ဟာ နိုင်ငံအနှံ့ ဖြန့်ကျက်ထားရမယ့် စစ်မျက်နှာ အရေအတွက်နဲ့ ပမာဏကို လျှော့ချနိုင်ပါတယ်။ မြန်မာနိုင်ငံက ဒေသတစ်ခုမှာ အပစ်ရပ် သဘောတူညီမှု ရသွားရင် နိုင်ငံတကာ အသိုက်အဝန်းက ကောင်းချီးပေးကြမယ့် တကယ့် ခါးသီးတဲ့ အရှိတရားကတော့ စစ်တပ်ရဲ့ ဆိုးယုတ်မှုတွေဟာ တစ်နေရာမှာ ခဏရပ်သွားပြီး နောက်တစ်နေရာမှာ အရှိန်မြင့်လာတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

နောက်တစ်ခါ ထပ်ပြောရရင် သတင်းကောင်းက မြန်မာ့ ပြည်တွင်းရေး အရှုပ်အထွေးဟာ ဖြေရှင်းလို့ မရတာ မဟုတ်ဘူး ဆိုတာပါပဲ။ နိုင်ငံတကာ အသိုက်အဝန်းသာ တစ်ချိန်လုံး ဆွဲကိုင်လာတဲ့ ကံကို ယိုးမယ်ဖွဲ့မှုတွေကို စွန့်ခွာပြီး မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေး သွင်ပြင်လက္ခဏာတွေနဲ့ ထဲထဲဝင်ဝင် ထိတွေ့မယ်ဆိုရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရည်မှန်းချက်ကို လက်လှမ်းမီပါလိမ့်မယ်။ အဲဒီ အပိုင်းမှာတော့ USIPက လူထု အမြင်တွေကို စုစည်း ကောက်ခံတာ၊ စစ်တပ်ကို စွန့်ခွာ ထွက်ပြေးလာသူတွေနဲ့ ဆွေးနွေးတာ၊ တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်နွှယ်တဲ့ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ တွေ့ဆုံတာ၊ နိုင်ငံတကာ စစ်ရေး မှတ်တမ်းတွေကို လေ့လာတာနဲ့ တခြား ရင်းမြစ်တွေကို ကိုးကားပြီး အဓိကကျတဲ့ ကောက်နုတ်သုံးသပ်ချက် ၆ ခုကို ထုတ်နုတ်ခဲ့ပါတယ်။ အဲဒါတွေကတော့ အောက်ပါအတိုင်းပါပဲ။

၁။ မြန်မာစစ်တပ်နဲ့ စစ်အစိုးရ (မူရင်းအသုံးအနှုန်း)ဟာ နိုင်ငံရဲ့ တည်ငြိမ်မှုကို ပျက်စီးစေတဲ့ အဓိက အကျဆုံး အကြောင်းတရား ဖြစ်ပါတယ်။

၂။ မြန်မာစစ်တပ်ဟာ တရားဝင် အာဏာပိုင် အစိုးရ အဖွဲ့အစည်း မဟုတ်ပါ။

၃။ မြန်မာစစ်တပ်ကို အနိုင်တိုက်လို့ ရပါတယ်။ သူတို့ဟာ အာဏာကို ရေရှည် ဆုပ်ကိုင်ထားနိုင်စွမ်း မရှိတော့ပါဘူး။

၄။ ဒီမိုကရေစီရေးကို ဦးတည်တဲ့ တော်လှန်ရေး လှုပ်ရှားမှုဟာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ကျယ်ကျယ်ပြန့်ပြန့် အားပေး ထောက်ခံမှုတွေကို ရရှိထားပါတယ်။

၅။ စစ်တပ်ရဲ့ အာဏာ ချုပ်ငြိမ်းသွားချိန်ထိ မြန်မာပြည်သူတွေရဲ့ ဖီဆန်မှုဟာ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

၆။ ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေး လှုပ်ရှားမှုဟာ တည်ငြိမ်အေးချမ်းမှုအတွက် အလားအလာကောင်းတဲ့ လမ်းကြောင်းကို ညွှန်ပြပေးနေပါတယ်။

ကျင့်ဝတ်သိက္ခာနဲ့ ဥပဒေရေးရာတွေကို ဘေးချိတ်ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်တဲ့ စစ်အာဏာရှင်နဲ့ အပေးအယူလုပ် ဆွေးနွေးတယ် ဆိုဦးတော့၊ လူထုရဲ့ အမြင်မှာ တရားဝင်တယ်လို့ ယုံကြည် လက်ခံတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံတာတွေ၊ စစ်တပ်က အာဏာကို လက်လျှော့တာတွေ မရှိဘူးဆိုရင် အဲဒီ ဆွေးနွေးမှုတွေက ဘာအောင်မြင်မှုမှ မရနိုင်ပါဘူး။

လက်ရှိ အနေအထားမှာတော့ စစ်တပ်ဟာ ဒီအခြေအနေမျိုးတွေကို လက်ခံဦးမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ နိုင်ငံတကာ အသိုက်အဝန်းဟာ စစ်တပ်ကို ထိတွေ့ ဆက်ဆံတာ၊ လက်နက် တပ်ဆင်ပေးတာ၊ တရားဝင်သလို ဆက်ဆံနေတာတွေ ဆက်လုပ်ရင်း မျှော်လင့်ချက် အမှားတွေကို ကိုင်ဆွဲထားဆဲ ဖြစ်တာကြောင့်ပါပ။ နောက်တစ်ချက်က စစ်တပ်ဟာ မြန်မာ့ နိုင်ငံရေး ဩဇာရဲ့ ဗဟိုချက် နေရာမှာ မရှိတော့ပါဘူး။ ခက်တာက တော်တော်များများက အဲဒီသဘောတရားကို ဆက်ပြီး ဆုပ်ကိုင်ရင်း ချဉ်းကပ်နေကြခြင်းပါပဲ။ အခုအချိန်မှာ စစ်တပ်က နိုင်ငံ တည်ငြိမ်ရေးကို အမှန်တကယ် လိုလားတဲ့ နိုင်ငံရေး အတွေးအမြင်မျိုး ရှိနေရင်တောင်မှ အကောင်အထည် ဖော်နိုင်ဖို့ နယ်မြေ ထိန်းချုပ်နိုင်စွမ်း၊ အစုအဖွဲ့အင်အားတွေ ဘာမှ မကျန်တော့ပါဘူး။

မြန်မာ့နိုင်ငံရေးမှာ တကယ်တမ်း အင်အား အကြီးဆုံး အစုအဖွဲ့ဟာ မြန်မာပြည်သူတွေသာ ဖြစ်ပါတယ်။ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ ထိတွေ့ ဆွေးနွေးမှုတွေဟာ ပြည်သူလူထုရဲ့ အကျိုးအတွက်သာ ဦးစားပေးပြီး ပဲ့ကိုင်တာမျိုး ဖြစ်သင့်ပါတယ်။ ဒါဟာ လက်တွေ့ကျတဲ့ အခြေအနေပါ။ သူတို့ကို အပေါ်ယံ ချွေးသိပ်လို့ မရဘူး ဆိုတာကို မြန်မာ ပြည်သူတွေက သက်သေပြခဲ့ပြီးပါပြီ။ စစ်တပ်ကို ဖီဆန်ဖို့ စိတ်ပိုင်းဖြတ်ထားမှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေကိုလည်း တော်လှန်ရေး အင်အားစုတွေကို ရန်ပုံငွေ ထောက်ပံ့တာ၊ အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြတာ၊ အကျပ်အတည်းတွေမှာ အချင်းချင်း ဖေးမတာတွေနဲ့အတူ မှတ်ကျောက် အတင်ခံခဲ့ကြပြီး ဖြစ်ပါတယ်။

မျက်စိတစ်ဆုံးလောက်ပဲကြည့်တဲ့ နိုင်ငံတကာ ကြားဝင်မှုတွေဟာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဖီလာဆန့်ကျင်နေပြီး ကျရှုံးမှုဆီ ဦးတည်နေပါတယ်။ လူထုရဲ့ အကျိုးဆိုတဲ့ နေရာမှာ စုံလင် ကွဲပြားမှုတွေနဲ့ အတောမသတ်နိုင်တဲ့ ရှုပ်ထွေးမှုတွေ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ လက်မခံနိုင်တာမျိုးတွေနဲ့ ကျိုးကြောင်းဆီလျော်မှု မရှိတာတွေ မဟုတ်ပါဘူး။ တော်လှန်ရေး လှုပ်ရှားမှုရဲ့ သဘောသဘာဝက ရှုပ်ထွေးတာ၊ အစုအဖွဲ့ပေါင်းစုံ ရောပြွန်းနေတာတွေကို အကြောင်းပြုပြီး ကံကိုပဲ ပုံအော အားကိုးတဲ့ ကမ္မပဓာန ဝါဒကိုပဲ ဆွဲကိုင်မထားသင့်ပါဘူး။ အဲဒီ ချဉ်းကပ်မှုရဲ့ နောက်ဆုံးရလဒ်ဟာ စစ်တပ်ကလွဲလို့ ဘယ်သူမှ မလိုလားတဲ့ အခြေအနေသာ ဖြစ်ပါလိမ့်မယ်။

ရှားပါးအခြေအနေ တစ်ခုအဖြစ် မြန်မာနိုင်ငံမှာ ကျင့်ဝတ်ပိုင်း အရရော၊ မဟာဗျူဟာအရပါ စဉ်းစားရမယ့် လမ်းကြောင်းတွေဟာ တူညီနေပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ဒီမိုကရေစီ လှုပ်ရှားမှုကို အားပေး ထောက်ခံပြီး စစ်ကောင်စီအပေါ် ထောက်ခံအားပေးမှုတွေကို ရပ်တန့်ခြင်းဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်သလို ထိရောက်တဲ့ ရွေးချယ်မှုလည်း ဖြစ်နေပြန်တယ်။ ဝမ်းနည်းဖို့ ကောင်းတာက နိုင်ငံတကာ အသိုက်အဝန်းထဲမှာ အကျင့်ပျက်တဲ့၊ တရားမဝင်တဲ့၊ တစ်စစီ အက်ကွဲ ပြိုကျနေတဲ့ စစ်ကောင်စီကို ဆက်လက် ထောက်ခံပေးနေသူတွေ အများကြီး ရှိနေဆဲပါ။ အကြောင်းကတော့ သူတို့ဟာ ရှုပ်ထွေးမှု ဆိုတာကို ဖြေရှင်းလို့ မရဘူးဆိုတဲ့ သဘောတရားနဲ့ မှားယွင်းပြီး အဓိပ္ပါယ် ဖွင့်ဆိုမိနေကြတာကြောင့်ပါပဲ။

(USIP၏ In Myanmar’s Conflict, Don’t Mistake Complex for Intractable ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

ဗီဒီယိုတွေထဲက ပုံရိပ်တွေအရ နှိပ်စက်ညှင်းပန်းမှု၊ ရိုက်နှက်မှု၊ ရှော့ရိုက်မှု၊ လိင်အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်မှုစတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာ၊ အမျိုးသမီး ၂ ဦး အပါအဝင် ထိန်းသိမ်းခံရသူ ၄၈ ဦးလောက် ရှိနေတာတွေကို ဆန်းစစ် အတည်ပြုနိုင်ခဲ့တယ်လို့လည်း Fortify Rightsက ဖော်ပြသွားခဲ့ပါတယ်။

သတင်း

CBMဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ဝင်ရောက်မှု အဓိက ရင်းမြစ်တစ်ခုလည်း ဖြစ်နေပြီး ငွေလဲလှယ်မှု ကြီးကြပ်ရေး ကော်မတီနဲ့ ပူးပေါင်းပြီး ပြည်ပကနေ စစ်လက်နက်တွေ ဝယ်ယူဖို့ လိုအပ်တဲ့ နိုင်ငံခြားငွေကြေးကို စုဆောင်း ရှာဖွေပေးနေပြန်ပါတယ်။

သတင်း

စင်ကာပူရဲ့ လုပ်ဆောင်ချက်တွေကို နမူနာယူဖို့ လိုကြောင်း၊ မြန်မာပြည်သူတွေကို စစ်တပ်က သတ်ဖြတ်တဲ့ လုပ်ရပ်တွေမှာ ထိုင်းဘဏ်တွေက အားပေးအားမြှောက် သဘောမျိုး ပါဝင်နေတာကို လုံးဝ လက်ခံလို့ မဖြစ်နိုင်ကြောင်း သူက ထောက်ပြသွားပါတယ်။

သတင်း

စစ်ကောင်စီ၏ ဒုခေါင်းဆောင်စိုးဝင်းက တရုတ်ခရီးစဉ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည် ပြောဆိုမှုရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။