Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

၂၀၂၂ ခုနှစ်မှာ စောင့်ကြည့်သွားရမယ့် ကမ္ဘာ့အရေး လားရာ ၁၀ ခု

တကယ်လို့ ၂၀၂၂ ခုနှစ်ဟာ ကပ်ရောဂါ လှိုင်းလုံးတွေ ရိုက်ခတ်နေမှုကို ချိုးဖျက် ပြောင်းလဲပစ်နိုင်တဲ့ ကာလ ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာ့လူသားတွေ အနေနဲ့ ကွဲပြားတဲ့ အရှိတရား ပုံစံသစ်တွေမှာ အသားကျအောင် ပြင်ဆင် ပြောင်းလဲနိုင်ဖို့ လိုပါလိမ့်မယ်။ အဲဒီ အရှိတရား ပုံစံသစ်တွေကို ကပ်ရောဂါကာလ နောက်ဆက်တွဲ အခြေအနေကရော၊ မျက်မှောက် ကမ္ဘာ့နိုင်ငံရေးနဲ့ တခြား ညွှန်ကိန်းတွေကပါ ပုံဖော်လာနိုင်ပါတယ်။

အခုဆောင်းပါးကတော့ ၂၀၂၁ ခုနှစ်အလွန်မှာ ကြုံလာရနိုင်တဲ့ လားရာလမ်းကြောင်းနဲ့ ဖြစ်တန်ခြေ ၁၀ ခုကို ကောက်နုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

၁။ ဒီမိုကရေစီ Vs အာဏာရှင်စနစ်
အမေရိကန်ရဲ့ ကြားကာလ ရွေးကောက်ပွဲနဲ့ တရုတ် ကွန်မြူနစ်ပါတီ ညီလာခံတွေက ပြိုင်ဘက် နိုင်ငံရေး စနစ်နှစ်ခုရဲ့ အသွေးအရောင်စုံ ဆန့်ကျင်ဖက် သဘောတရားတွေကို ထင်ဟပ်စေပါလိမ့်မယ်။ တည်ငြိမ်မှု၊ တိုးတက်မှု၊ ဆန်းသစ်မှုတွေအတွက် ဘယ်စနစ်က ပိုပြီး ကောင်းမွန်နေမလဲ။ ဒီအားပြိုင်မှုဟာ ကုန်သွယ်ရေးကစလို့၊ နည်းပညာ မူဝါဒတွေ၊ ကာကွယ်ဆေး ထိုးနှံပေးမှုတွေနဲ့ နောက်ဆုံးအဆင့် အာကာသ စခန်းကြီးတွေထိ အကျုံးဝင်ပါလိမ့်မယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဒီမိုကရေစီ အောင်လံတော်အောက်မှာ လွတ်လပ်တဲ့ ကမ္ဘာသစ် တစ်ခုကို စုစည်းပေးဖို့ ကြိုးစားနေပုံပါ။ ဒါပေမဲ့ သူ့အစိုးရ လက်အောက်မှာ ပြည်တွင်းက သွေးကွဲမှုတွေ၊ အုပ်ချုပ်ရေး ယန္တရား အားနည်းချက်တွေက သူ့ရဲ့ မျှော်မှန်းချက်တွေကို လူတွေ စိတ်ဒုံးဒုံးချ လက်ခံယုံကြည်အောင် စည်းရုံးဖို့ဆိုရင် အတော်လေး အားနည်းတဲ့ ကြော်ငြာတစ်ခုလို ဖြစ်နေပါတယ်။

၂။ ကမ္ဘာ့ကပ်ရောဂါမှသည် ဒေသအလိုက် ကူးစက်ရောဂါသို့
ကိုဗစ်ရောဂါကို တိုက်ဖျက်နိုင်မယ့် ကာကွယ်ဆေးတွေ၊ ကုသဆေးတွေနဲ့ ကိုယ်ခံအား မြှင့်တင်တဲ့ Antibody ကုထုံး အသစ်တွေ ဆက်တိုက် ထွက်ပေါ်လာနေပါတယ်။ ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံကြီးတွေမှာ ကာကွယ်ဆေး ထိုးထားသူ အများစု အတွက်တော့ ဒီရောဂါဟာ အသက်ဘေးကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေမျိုး သိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံတွေမှာတော့ ခြိမ်းခြောက်မှု ကြီးမားလွန်းတဲ့ အန္တရာယ်ဆိုး တစ်ခုအဖြစ် တည်မြဲနေဆဲပါ။ ကာကွယ်ဆေး ထိုးနှံနိုင်စွမ်းကိုသာ သိသိသာသာ အရှိန် မမြှင့်နိုင်ဘူးဆိုရင် ကိုဗစ်ရောဂါဟာ ချမ်းသာ ကြွယ်ဝသူတွေအတွက် ကင်းလွတ်ခွင့်ရပြီး ဆင်းရဲသား နင်းပြားတွေ လိမ့်နေအောင် ခံရတဲ့ ဖိစီးမှုကြီးအဖြစ် ပုံစံပြောင်းလာနိုင်ပါတယ်။

၃။ ငွေကြေးဖောင်းပွခြင်းအတွက် သောကတွေ
သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေမှာ အခက်အခဲပေါင်းစုံ ဖြစ်နေတာ၊ စွမ်းအင် လိုအပ်ချက်အတွက် တောင်းဆိုမှုတွေ အရမ်းများလာတာတွေက လောင်စာဆီ စျေးတွေကို ထိုးတက်လာစေပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ဗဟိုဘဏ်တွေကတော့ ဒီအခြေအနေဟာ ယာယီလောက်သာ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီစကားကို ဘယ်သူမှ မယုံကြပြန်ဘူး။ ဗြိတိန်ဆိုရင် ငွေကြေးဖောင်းပွမှု အန္တရာယ်အတွက် စိုးရိမ်နေရပြီး Brexit နောက်ဆက်တွဲ လုပ်သား အင်အား ပြတ်လပ်မှုတွေလည်း ကြုံနေရပါတယ်။ ပြီးတော့ စျေးကြီးပေး ဝယ်ရတဲ့ သဘာဝ ဓာတ်ငွေ့အပေါ် မှီခိုနေရတယ်။

၄။ အလုပ်အကိုင် အနာဂတ်
အများစု သဘောတူထားကြတာက အလုပ်ခွင်တွေဟာ မျိုးစပ် (Hybrid)ပုံစံတွေ ပြောင်းလာနိုင်တယ်ဆိုတဲ့ အချက်ပါ။ အိမ်မှာနေပြီး အလုပ်လုပ်ကြတဲ့ သူတွေ ပိုများလာမယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် သဘောကွဲလွဲနိုင်တာတွေ ရှိနေပြန်ပါတယ်။ အိမ်မှာ ဘယ်နှရက်လောက် အလုပ်လုပ်ကြမှာလဲ။ ဘယ်လို အလုပ်တွေလဲ။ လုပ်ခလစာ ဘယ်လို သတ်မှတ်မလဲ စတဲ့ ကိစ္စတွေပေါ့။ စစ်တမ်း ကောက်ယူမှုတွေ အရတော့ အမျိုးသမီးတွေထဲမှာ ရုံးပြန်မသွားချင်တော့တဲ့ အချိုးအစားက ပိုများပါတယ်။ ဒီအတွက် ရာထူးတိုးမယ့် အခွင့်အရေးတွေကနေ ချန်လှပ် ခံရမှာကိုလည်း စိုးရိမ်ကြရသေးတယ်။ အခွန် စည်းကြပ်မှု စည်းမျဉ်းတွေ၊ အဝေးရောက် ဝန်ထမ်းတွေကို စီမံခန့်ခွဲရမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ အငြင်းအခုံတွေလည်း ရှိနေပြန်ပါတယ်။

Public Service Announcement

Public Service Announcement

၅။ နည်းပညာ ကြီးစိုးမှု အရှုပ်တော်ပုံတွေ
အမေရိကန်နဲ့ ဥရောပက စည်းမျဉ်း ကြပ်မတ်တဲ့ အဖွဲ့အစည်းတွေဟာ နည်းပညာ လုပ်ငန်းစုကြီးတွေရဲ့ ဩဇာ ဖြန့်ကျက်မှုကို တန်ပြန် ထိန်းချုပ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အဖွဲ့အစည်းကြီးတွေရဲ့ ကြီးထွားလာမှု၊ ဒါမှမဟုတ် အကျိုးအမြတ် ဖြစ်ထွန်းမှုတွေကို ကိုင်တွယ်ဖို့ ရုန်းကန်နေရဆဲပါ။ အခုတော့ တရုတ်က ဒီကိစ္စမျိုးမှာ ဦးဆောင်လာပြီး ပြည်တွင်းက နည်းပညာ လုပ်ငန်းစုကြီးတွေကို အကြမ်းနည်းနဲ့ ကိုင်တွယ်လာတယ်။ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပထဝီဝင် နိုင်ငံရေး အားသာချက်မျိုးလို အထောက်အပံ့တွေ ဖြစ်စေမယ့် Deep Tech နည်းပညာပိုင်းမှာ တရုတ်ကုမ္ပဏီတွေကို ပိုပြီး အားစိုက်စေချင်တယ်။ ဂိမ်းတွေနဲ့ စျေးဝယ် Appတွေအပေါ်မှာ သိပ်ပြီး အာရုံ မထားစေချင်ဘူး။ သမ္မတ ရှီရဲ့ သဘောထားက တရုတ်ရဲ့ နည်းပညာ ထိုးထွင်း အောင်မြင်မှုတွေကို ပိုတိုးတက်စေမလား၊ ဒါမှမဟုတ် အရှိန်လျော့သွားစေမလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

၆။ ဒစ်ဂျစ်တယ် ငွေကြေးစနစ် ကြီးထွားလာမှု
ပြောင်းလဲ သက်ရောက်မှု ကြီးမားနိုင်တဲ့ တခြားနည်းပညာတွေလိုပဲ ခရစ္စပတို ငွေကြေးယူနစ်လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် ငွေကြေး စနစ်အပေါ်မှာလည်း အာဏာပိုင်တွေက စည်းမျဉ်းကြပ်မတ် ထိန်းချုပ်ဖို့ ကြိုးစားနေကြပါတယ်။ နိုင်ငံအလိုက် ဗဟိုဘဏ်တွေက ကိုယ်ပိုင် ခရစ္စပတို ငွေကြေးတွေ သတ်မှတ် ဖန်တီးဖို့ စဉ်းစားနေသလို ဗဟိုဘဏ်က ချုပ်ကိုင်တဲ့ ဒစ်ဂျစ်တယ် ငွေကြေး ပုံစံမျိုး ဖော်ဆောင်ချင်ကြတယ်။ ရလဒ်အနေနဲ့ အနာဂတ် ဘဏ္ဍာရေး ကဏ္ဍမှာ သုံးပွင့်ဆိုင် အားပြိုင်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ခရစ္စပတိုရယ်၊ ဘလော့ချိန်းရယ်၊ ဗဟိုချုပ်ကိုင်မှုကို စွန့်ခွာလိုတဲ့ ဒီဖိုင်ငွေကြေး စနစ်တို့ ကြားမှာပါ။ သမားရိုးကျ နည်းပညာ ကုမ္ပဏီတွေနဲ့ ဗဟိုဘဏ်တွေ ကြားမှာလည်း ပြိုင်ဆိုင်မှု အခြေအနေတွေ ၂၀၂၂ ခုနှစ်မှာ ပိုပြင်းထန်လာနိုင်သေးတယ်။

၇။ ရာသီဥတု ဖောက်ပြန်မှု ဘေးအန္တရာယ်တွေ
ကမ္ဘာအနှံ့မှာ တောမီးလောင်မှုတွေ၊ အပူလှိုင်း ရိုက်ခတ်မှုတွေ၊ ရေလွှမ်းမိုးမှုတွေက အကြိမ်ရေ ပိုစိပ်လာနေတယ်။ ဒါပေမဲ့ မူဝါဒရေးရာ ရေးဆွဲ ချမှတ်သူတွေကြားမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ကိုင်တွယ်မယ့် ဘာအရေးပေါ် အစီအမံမျိုးမှ မတွေ့ရသေးဘူး။ ဒါ့အပြင် ရာသီဥတု ကပ်ဘေးတွေနဲ့ ပတ်သက်ရင် တရုတ်နဲ့ အနောက်အုပ်စုကြား ပိုပြီး ညှိနှိုင်း ပူးပေါင်းဖို့ လိုပါတယ်။ ဒါပေမဲ့ သူတို့ကြားက ပထဝီဝင် နိုင်ငံရေး ပြိုင်ဆိုင်မှုတွေသာ ပိုမို နက်ရှိုင်းလာနေတယ်။

၈။ ဒုက္ခပွေနေဦးမယ့် ခရီးသွားလုပ်ငန်း
နိုင်ငံအလိုက် စီးပွားရေး ကဏ္ဍတွေ ပြန်လည် ဖွင့်လှစ် လည်ပတ်လာနေပါပြီ။ ဒါပေမဲ့ ကိုဗစ်ရောဂါ ကူးစက်မှုကို သုညမှတ်ထိ လျှော့ချဖို့ ရည်ရွယ် ကြိုးပမ်းနေတဲ့ ဩစတြေးလျ၊ နယူးဇီလန်တို့လို နိုင်ငံမျိုးတွေမှာကျတော့ ကမ္ဘာကြီးနဲ့ ထိတွေ့ ပေါင်းကူးရေးက ရှုပ်ထွေးပြီး မာယာများတဲ့ အလုပ်တစ်ခု ဖြစ်နေဆဲပါ။ ကပ်ရောဂါဟာ ဒေသအလိုက် ပျံ့နှံ့ ကူးစက်တဲ့ ရောဂါအသွင် ပြောင်းလဲလာပါတယ်။ တစ်ဖက်မှာလည်း ခရီးသွားလုပ်ငန်းတွေရဲ့ ထက်ဝက်လောက်က ရပ်တန့် ပြီးဆုံးသွားလောက်ပါပြီ။ ဒါဟာ ကမ္ဘာကြီးရဲ့ ဂေဟစနစ်ကို ထိန်းသိမ်းဖို့ ကောင်းမွန်တဲ့ အပြောင်းအလဲ ဖြစ်ပေမယ့် ကမ္ဘာလှည့် ခရီးသွားတွေ အတွက်ရော၊ သူတို့ရဲ့ ငွေကြေး အမြောက်အမြား သုံးစွဲမှုကို မျှော်ကိုးထားတဲ့ ခရီးသွား လုပ်ငန်းတွေ အတွက်ပါ ဆိုးဆိုးရွားရွား ရိုက်ခတ်လာပါတယ်။

၉။ အာကာသ စူးစမ်းလေ့လာရေး ပြိုင်ဆိုင်မှု
၂၀၂၂ ဟာ အာကာသထဲကို အပျော် ခရီးသွားသူ အရေအတွက်ဟာ အစိုးရ အမှုထမ်း ဦးရေထက် ပိုများတဲ့ ပထမဆုံး နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်။ အာကာသ အပျော်ခရီးသွား လုပ်ငန်းဟာ ကုမ္ပဏီကြီး တချို့ကြား ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာစေပါတယ်။ တရုတ်ကလည်း သူတို့ရဲ့ အာကာသ စခန်းအသစ်ကို လာမယ့်နှစ်မှာ ဆောက်လုပ် ပြီးစီးပါမယ်။ ရုပ်ရှင် ထုတ်လုပ်သူတွေက မြေဆွဲအားမဲ့ ရပ်ဝန်းမှာ ရုပ်ရှင်တွေ ရိုက်ကြဖို့ ပိုပြီး စိတ်ဝင်စားလာပါတယ်။ အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က အာကာသ စူးစမ်း လေ့လာရေး ယာဉ်ငယ် တစ်စီးကို ဥက္ကာခဲ တစ်ခုနဲ့ ဝင်တိုက်စေတဲ့ ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ဝင်ခန်းဆန်ဆန် စမ်းသပ်မှုမျိုး ပြုလုပ်ဖို့ တာဆူနေပါတယ်။

၁၀။ အားကစား နိုင်ငံရေး
တရုတ်နိုင်ငံမှာ ကျင်းပမယ့် ဘေဂျင်း ဆောင်းရာသီ အိုလံပစ်နဲ့ ကာတာက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတို့ဟာ အားကစားက ကမ္ဘာကြီးကို ဘယ်လိုဘယ်ပုံ ပေါင်းစည်းပေးနိုင်သလဲ ဆိုတာ ပြန်လည် အမှတ်ရစေပါလိမ့်မယ်။ တစ်ဖက်မှာလည်း အားကစား ပွဲတော်ကြီးတွေက နိုင်ငံရေး ဘောလုံးပွဲတွေလို ဖြစ်နေတတ်ပါသေးတယ်။ အိမ်ရှင်နိုင်ငံတွေရဲ့ အငြင်းပွားစရာ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြကြတာတွေကို မျှော်လင့်ထားရမှာပါ။ ဒါပေမဲ့ အားကစား အသင်းတွေ ကိုယ်တိုင်က သပိတ်မှောက်ကြတယ် ဆိုတာမျိုးကတော့ ဖြစ်နိုင်ခြေ နည်းလွန်းပါတယ်။

(The Economist သတင်းဌာနမှာ ဖော်ပြထားတဲ့ Tom Standageရဲ့ Ten trends to watch in the coming year ဆောင်းပါးကို ဘာသာပြန်ဆိုထားပါသည်)