Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စစ်ကောင်စီက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်တဲ့အခါ ဘယ်သူတွေ လာကြမလဲ

ကပ်ရောဂါ ဖိစီးတဲ့ ကာလတလျှောက် ခရီးသွားလာမှု စည်းမျဉ်းတွေ တင်းကျပ်ထားရာကနေ အရှေ့တောင်အာရှ နိုင်ငံတွေ တော်တော်များများက ပြန်လည် ဖြေလျှော့မှုတွေ စတင်လာပါပြီ။ ဒေသတွင်း ကမ္ဘာလှည့် ခရီးသွား ကဏ္ဍမှာ အထင်ရှားဆုံး နေရာတချို့ကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံကလည်း ၂၀၂၂ နှစ်ဆန်းပိုင်းလောက်မှာ နိုင်ငံတကာ ခရီးသွားတွေ ပြန်လည် ဝင်ရောက်လာဖို့ မျှော်လင့်ထားကြောင်း ကြေညာပါတယ်။

ခရီးသွား ဝါသနာပါသူတွေအတွက် Lockdown ကာလအလွန် စိတ်ကူးယဉ်ထားတဲ့ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး သတင်းကောင်း ဖြစ်လာပေမယ့် မြန်မာနဲ့ ပတ်သက်ရင်တော့ အခြေအနေတွေက ရှုပ်ထွေးနေပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အရှေ့တောင်အာရှ နိုင်ငံ အများစုက နယ်စပ်တွေကို ပိတ်ထားတယ် ဆိုတာဟာ ကိုဗစ်ရောဂါ ပျံ့နှံ့မှုတွေကို တားဆီးဖို့ ရည်ရွယ်ချက် တစ်ခုတည်းကြောင့်ပါ။ မြန်မာနိုင်ငံမှာကျတော့ စစ်တပ် အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို ဖိစီး ခံစားနေရဆဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ တင်မြှောက် ခံထားရတဲ့ အစိုးရကို ဖေဖော်ဝါရီလမှာ စစ်ခေါင်းဆောင်တွေက ဖြုတ်ချပြီး အဓမ္မ အာဏာသိမ်းခဲ့တာပါ။

အရင်ကလည်း စစ်အာဏာရှင် ကြီးစိုးမှုအောက်မှာ ဆယ်စုနှစ်တွေ ကြာညောင်းအောင် ဖြတ်သန်းခဲ့ဖူးချိန်တွေ ကတည်းက မြန်မာနိုင်ငံကို သွားရောက် လည်ပတ်တဲ့ အခါတိုင်း ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဝေခွဲရခက်တဲ့ အခြေအနေတွေ ကြုံတွေ့စေပါတယ်။ သူတို့ရဲ့ ခရီးစဉ်ဟာ ပြည်သူတွေအပေါ် ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားလွန်းတဲ့ စစ်အစိုးရကို ထောက်ပံ့ပေးသလို ဖြစ်နေမလား၊ ပြည်ပက အားပေး ကူညီမှုတွေ လိုအပ်နေတဲ့ ဒေသခံ ပြည်သူတွေအတွက် အကူအညီ ဖြစ်စေမလား ဆိုတာ တွေးတောကြည့်ဖို့ ခက်ပါတယ်။

Public Service Announcement

Public Service Announcement

အခုလက်ရှိ၊ ဒေသတွင်းမှာ ကိုဗစ်ပြဿနာက ဆက်ရှိနေတဲ့ အခြေအနေမျိုး၊ ကမ္ဘာအနှံ့မှာ သွားလာ လည်ပတ်စရာတွေ ပိုမို ကျယ်ပြန့်လာတဲ့ အခြေအနေမျိုးတွေမှာ ပြည်တွင်းက ရှုပ်ထွေးမှုတွေကိုပါ ထည့်ပေါင်းလိုက်ရင် တကယ့် မေးခွန်း အစစ်က မြန်မာနိုင်ငံကို ဘယ်သူတွေ လာမှာတဲ့လဲ ဆိုတာပါပဲ။

အာဏာသိမ်း စစ်တပ်ဟာ အခုဆိုရင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို တွန်းအားပေးဖို့ ဝက်ဘ်ဆိုက် တစ်ခုတောင် ဖွင့်ထားပြီးပါပြီ။ ဒါပေမဲ့ ကဏ္ဍအလိုက် ပြန်လည် ဖွင့်လှစ်မှုတိုင်းဟာ ကိုဗစ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေ အောင်မြင် ဖြစ်ထွန်းမှုအပေါ် မူတည်နေမယ်လို့လည်း ဆိုပါတယ်။

ကာကွယ်ဆေး ထိုးထားတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ ပြန်လည် ဝင်ရောက်ခွင့်ပြုဖို့ စီစဉ်နေကြောင်း၊ လုံခြုံပြီး အဆင်ပြေ ချောမွေ့မယ့် ခရီးစဉ်တွေအတွက် အကောင်းဆုံး ပြင်ဆင်ထားလိုကြောင်း စစ်တပ် လက်အောက်ခံ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းရဲ့ ပြန်ကြားရေး လက်ထောက် ညွှန်ကြားရေးမှူး ဇေယျာထွန်းက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တချို့ နိုင်ငံတကာ ခရီးသွားတွေ အနေနဲ့ မြန်မာနိုင်ငံကို ခပ်ဝေးဝေးက ရှောင်ခွာသင့်ကြောင်း သက်ဆိုင်ရာ အစိုးရ အသီးသီးက သတိပေးထားတာတွေ ရှိပါတယ်။ အကြောင်းရင်းကတော့ ကိုဗစ်နဲ့ ပတ်သက်လို့ စိုးရိမ်ရဆဲ ဖြစ်သလို အာဏာသိမ်းမှုနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲ ဂယက်တွေကြောင့်ပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သွားမလည်သင့်ကြောင်း အဆင့် ၄ သတိပေးချက် ၂ ခုထိ ထုတ်ပြန်ထားပါတယ်။ အမြင့်ဆုံးအဆင့် သတိပေးချက် နှစ်ခုထဲမှာ ပထမ တစ်ခုက ကပ်ရောဂါ ကိစ္စကြောင့်ဖြစ်ပြီး နောက်တစ်ခုကတော့ နိုင်ငံရေး အခြေအနေတွေနဲ့ သက်ဆိုင်ပါတယ်။ သီးခြား အကြံပြုချက် တစ်ခုထဲမှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ကဏ္ဍတွေမှာ အရမ်းဆိုးရွားတဲ့ အခြေအနေမျိုး ကြုံနေရပြီး အင်အားကြီး စစ်တပ်ရဲ့ ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကလည်း လူသားရေးရာ အကျပ်အတည်းတွေကို ပေါ်ပေါက်လာစေကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းဆိုင်ရာ တရားဝင် ဝက်ဘ်ဆိုက်မှာ ပြန်လည် ဖွင့်လှစ်မှု အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဖော်ပြထားတာတွေကတော့ အတော်လေး ပါးလျနေဆဲပါ။ ဒါပေမဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ်တွေရဲ့ အဆိုအရ အာဏာသိမ်း စစ်တပ်ဟာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေက ခရီးသွား ဧည့်သည်တွေကို ကနဦးအဆင့် ပြန်လည် ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ အလည်အပတ် ခရီးသွား ဧည့်သည်တွေအပြင် အခြေအနေ ပေးလာတာနဲ့ မြန်မာနိုင်ငံထဲ ဝင်ရောက်ချင်တဲ့ တခြားသူတွေလည်း ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပြီး ပြည်ပရောက်နေတဲ့ သူတွေက မိသားစုဝင်တွေနဲ့ ပြန်ပြီး ပေါင်းဆုံချင်ကြသလို ဗုဒ္ဓဘာသာဝင်တွေကလည်း ပြည်တွင်းမှာ ရှိနေတဲ့ စေတီပုထိုးတွေဆီ လာရောက် ဖူးမျှော်ချင်ကြပါတယ်။ ပြည်တွင်းက စက်ရုံတွေနဲ့ တခြား ပရောဂျက်တွေကို အခြေအနေ လာစစ်ဆေးချင်တဲ့ စီးပွားရေးသမားတွေလည်း ရှိကြမှာပါ။

ဗုဒ္ဓဘာသာ ပျံ့နှံ့ထွန်းကားတဲ့ နိုင်ငံတွေကြားမှာ ဘာသာရေးကို အခြေခံတဲ့ ပေါင်းကူး ဆက်ဆံရေး တစ်ခုကတော့ အမြဲတမ်း ရှိနေမှာဖြစ်ကြောင်း၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံရဲ့ ဒေသတချို့ဟာ ဘာသာရေး ပြက္ခဒိန်တွေအလိုက် အရေးကြီးတဲ့ ဘာသာရေး မြို့တော်တွေ ဖြစ်နေကြောင်း နာမည်ကြီး ခရီးသွား ကုမ္ပဏီ Trufflepigအတွက် ခရီးသွား လမ်းညွှန်တွေ ကူညီ ရေးဆွဲပေးနေပြီး ဒေသတွင်း ကမ္ဘာလှည့် ခရီးသွား ကဏ္ဍမှာ ဦးဆောင် လုပ်ကိုင်နေသူ တစ်ဦးဖြစ်တဲ့ တိုင်လာ ဒီလွန်က ဆိုပါတယ်။

ထင်ရှားတာ တစ်ခုကို ပြရရင် ရန်ကုန်မှာရှိတဲ့ ရွှေတိဂုံ စေတီတော်ဟာ မြန်မာနိုင်ငံမှာ အရေးအပါဆုံး ဗုဒ္ဓဘာသာဆိုင်ရာ နေရာတစ်ခု ဖြစ်ပါတယ်။ ပေ ၁၀၀ လောက် ဉာဏ်တော် မြင့်မားတဲ့ စေတီတော်ကြီးမှာ ဗုဒ္ဓရဲ့ ဓာတ်တော် မွေတော် တချို့ကို ဌာပနာထားပါတယ်။ အဲဒီမှာ ဗုဒ္ဓရဲ့ ဦးခေါင်းတော်ကနေ ဆောင်ယူလာတဲ့ ဆံတော် ၈ ဆူလည်း ပါဝင်ပါတယ်။ ဒီလို သတင်းစကားတွေကြောင့်လည်း ရွှေတိဂုံဟာ ကမ္ဘာအနှံ့က ဗုဒ္ဓဘာသာဝင်တွေကြားမှာ ရေပန်းစားတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ် အနေနဲ့ တရုတ်က ချမ်းသာကြွယ်ဝတဲ့ ခရီးသွား ဧည့်သည်တွေ ပြန်လည် ဝင်ရောက်လာမယ့် အခြေအနေမျိုးကို အသည်းအသန် လိုလားနေပါလိမ့်မယ်။ တရုတ်ဟာ မြန်မာအတွက် အရေးအပါဆုံး မဟာမိတ်နဲ့ ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်ပါတယ်။

နိုင်ငံတကာက အရေးယူ ပိတ်ဆို့မှုတွေ အရှိန်မြှင့်ထားတဲ့ ကာလတွေမှာတောင် တရုတ်ဟာ မြန်မာကို ကာလရှည်ကြာ ပံ့ပိုး ကူညီပေးနေခဲ့ပါတယ်။ ပြီးတော့ မြန်မာ ဆိုတာက တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ Belt and Road စီးပွားရေး မဟာ စီမံကိန်းကြီးမှာ ပထဝီဝင် အနေအထားအရ အရေးပါတဲ့ အစိတ်အပိုင်းမျိုးအဖြစ် ပါဝင်နေပါတယ်။ ဒီစီမံကိန်းဟာ တရုတ်ရဲ့ ကမ္ဘာအနှံ့ ဩဇာဖြန့်ကျက် လွှမ်းမိုးမှုနဲ့ ဒေသတွင်း ကုန်သွယ်ရေး ကဏ္ဍတွေကို မြှင့်တင်ဖို့ ရည်ရွယ်ထားတာပါ။

မြန်မာနိုင်ငံရဲ့ တံခါးတွေ ပြန်လည် ဖွင့်လှစ်လိုက်တဲ့အခါ ခရီးသွား ဧည့်သည်တွေဟာ သူတို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့စဉ်တုန်းကနဲ့ အကြီးအကျယ် ခြားနားသွားတာတွေကို သတိပြုမိလာကြပါလိမ့်မယ်။

မြေပြင်မှာ ရှိနေတဲ့ CNNရဲ့ သတင်းရင်းမြစ်တွေ ပြောတာကတော့ အခြေခံ အဆောက်အအုံ ကဏ္ဍဟာ သိသိသာသာ အားပျော့ ယုတ်လျော့သွားပြီ ဆိုတာပါပဲ။ စီးပွားရေးဆိုင်ရာ ဖိအားတွေ၊ ဒါမှမဟုတ် ပိုင်ရှင်တွေက နိုင်ငံကနေ ထွက်ခွာသွားတာတွေကြောင့် စီးပွားရေး လုပ်ငန်း အများအပြားက ပိတ်သိမ်းလိုက်ရပါတယ်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကိုလည်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေက လက်ဝါးကြီးအုပ် ခြယ်လှယ်နေပြန်ပါပြီ။

ဒီလွန်က မြန်မာနိုင်ငံမှာ ရှိတဲ့ သူ့ရဲ့ အဆက်အသွယ်တွေက အချိန်ပိုင်း မီးပြတ်သွားတာတွေ၊ အင်တာနက် ပြတ်တောက်တာတွေ ဖြစ်နေတယ်လို့ ပြောပြကြောင်း ဆိုပါတယ်။ အဲဒီအခါ ပြည်တွင်းကို ရောက်နေသူတွေ အနေနဲ့ ပြည်ပနဲ့ ထိတွေ့နေဖို့ ခက်ခဲသွားနိုင်ပါတယ်။

နိုင်ငံတကာ လူသိများတဲ့ အမှတ်တံဆိပ်တွေလည်း ဒီဒဏ်တွေကို သက်ရောက် ခံစားရတဲ့ထဲမှာ အပါအဝင် ဖြစ်ပါတယ်။ ကြယ်ငါးပွင့် ဟိုတယ် လုပ်ငန်းစုကြီး တစ်ခုဖြစ်ပြီး မြန်မာရဲ့ မြို့တော် နေပြည်တော်မှာ ဟိုတယ်တစ်ခု ဖွင့်ထားတဲ့ Kempinskiကလည်း ကြိုတင် ခန့်မှန်းလို့ရတဲ့ အနာဂတ် အခြေအနေတွေကြောင့် အောက်တိုဘာ လလယ် ကတည်းက ဟိုတယ် ပိတ်ထားကြောင်း ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။ ဒါပေမဲ့ ဒီလို လုပ်ငန်း ရပ်ဆိုင်းထားရတဲ့ အသေးစိတ် အကြောင်းရင်းကိုတော့ ဖော်ပြမထားပါဘူး။

အရှေ့တောင်အာရှက၊ အထူးသဖြင့် မဲခေါင်ဒေသမှာ မြစ်ကြောင်းသွား ဇိမ်ခံ ခရုစ်သင်္ဘောတွေ ပြေးဆွဲနေတဲ့ Pandaw ကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ အခြေစိုက်ထားတဲ့ လုပ်ငန်းတွေကို အပြီးတိုင် ရုပ်သိမ်း ရပ်ဆိုင်းတော့မယ်လို့ ကြေညာပါတယ်။ Pandawဟာ မြန်မာနိုင်ငံက ဒေသအနှံ့မှာ ၂၅ နှစ်ကျော်လောက် ရေလမ်းခရီး ပြေးဆွဲမှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။ လုပ်ငန်း ရပ်ဆိုင်းလိုက်ရတဲ့ အကြောင်းပြချက်အဖြစ် ကိုဗစ်ကိုရော၊ ပြည်တွင်း နိုင်ငံရေး အခြေအနေတွေကိုပါ ကုမ္ပဏီက အပြစ်တင်ထားပါတယ်။

မြန်မာနိုင်ငံကို သွားရောက်ဖို့ ဆုံးဖြတ်ထားတဲ့ နိုင်ငံတကာ ခရီးသွားတွေ အနေနဲ့ ဖြစ်လာနိုင်တဲ့ အရေးပေါ် အခြေအနေတွေအတွက် ကြိုတင် တွေးတော ပြင်ဆင်ထားသင့်တယ်လို့ Collinson Internationalရဲ့ ခရီးသွား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် တော့ဒ် ဟန်းကော့ခ်က ပြောပါတယ်။

ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ မြန်မာဟာ လောလောဆယ်မှာ အန္တရာယ် အများဆုံး ဇုန်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားနိုင်ကြောင်း သူက ဆိုပါတယ်။ မြန်မာနိုင်ငံကို ဝန်ထမ်းတွေ စေလွှတ်ဖို့ စဉ်းစားနေတဲ့ ကုမ္ပဏီတိုင်း အနေနဲ့လည်း ခရီးသွား အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတွေ အပတ်တကုတ် လုပ်ဆောင်ထားကြဖို့ သူက ဆော်ဩခဲ့သေးတယ်။ ဝန်ထမ်းတွေ အနေနဲ့ သူတို့ သိသင့်တာ မှန်သမျှ စုံစုံလင်လင် သိထားသင့်ပြီး ဒုက္ခတွေ ကြုံလာတဲ့အခါ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကိုပါ နားလည်ထားဖို့ လိုတယ်လို့လည်း ဟန်းကော့ခ်က ပြောပါတယ်။

ဒုက္ခတွေ ကြုံနေတဲ့ နိုင်ငံတွေကို ရောက်နေတဲ့အခါ ကိုယ်တိုင် ဘေးကင်းနေတာ သေချာကြောင်း ကိုယ့်အိမ်ကို ပြန်ပြီး အကြောင်းကြားနေဖို့ သိပ်အရေးကြီးကြောင်းလည်း သူက အလေးအနက် ထပ်သတိပေးပါတယ်။ သူဆိုရင် ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို မိသားစုဆီ ဓာတ်ပုံတွေ ရိုက်ပြီး အဆက်မပြတ် ပို့ပေးလေ့ ရှိကြောင်း၊ ကိုယ့်ကို ချစ်ခင်ပြီး စိုးရိမ်တဲ့သူတွေ ရှိနေတဲ့အခါ ခရီးသွား တစ်ယောက် အနေနဲ့ သူတို့ရဲ့ ဂရုစိုက်မှုကိုပါ ထည့်တွက်ပေးဖို့ လိုတယ်လို့ ဟန်းကော့ခ်က ပြောပါတယ်။

အရင်တုန်းက မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ်နေတဲ့ ကာလတွေမှာ စစ်ခေါင်းဆောင်တွေ အကျိုးအမြတ် ရစေမယ့် ကိစ္စတိုင်းကို ဆန့်ကျင်ကြဖို့ ပြည်တွင်းကရော၊ ပြည်ပကပါ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ စစ်ဗိုလ်ချုပ်တွေ ထိန်းချုပ်ထားတဲ့ ခရီးသွားလုပ်ငန်းတွေနဲ့ ခရီးသွားဇုန် နေရာတွေကို သပိတ်မှောက်ဖို့လည်း ပါဝင်ပါတယ်။

မြန်မာ့ ခရီးသွား လုပ်ငန်းဆိုင်ရာ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ အန်ဒရီရာ ဗလန်တီနာကတော့ ဒီကိစ္စတွေက ရှုပ်ထွေးတယ်လို့ ပြောပါတယ်။ ဟိုတယ်နဲ့ ခရီးသွား ဝန်ကြီးဌာနရဲ့ ထွေလီကာလီ စကားတွေအပြင် လောလောဆယ် မြန်မာ့ ခရီးသွား လုပ်ငန်းအကြောင်း ဆွေးနွေးနေလည်း အကြောင်းထူးမှာ မဟုတ်ကြောင်း၊ ဒီကိစ္စက အဖြူအမည်း သဲကွဲတာမျိုး မရှိတော့ကြောင်း၊ မြောက်ကိုရီးယားလို အခြေအနေထိလည်း မရောက်သေးကြောင်း သူက ဆိုပါတယ်။

ဗလန်တီနာက မြန်မာ စစ်ခေါင်းဆောင်တွေအတွက် ငွေကြေး အထောက်အပံ့ ရစေတာမျိုး မဟုတ်တဲ့ ခရီးသွားမှု ပုံစံမျိုး ဖြစ်နိုင်ခြေ ရှိသေးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒါက ခက်ခဲသလို အဲဒီလို လုပ်ငန်းမျိုးက ကျေးလက် ဧရိယာတွေမှာ အများစု ဖြစ်နိုင်တယ်လို့ သူက မှတ်ချက် ပေးခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အံ့ဩစရာ ခရီးသွား ပရောဂျက်တချို့ကို ထွက်ပေါ်လာပြီး အဲဒီ နေရာတွေက ထောက်ပံ့ ကူညီမှုတွေနဲ့ အမှန်တကယ် ထိုက်တန်ကြောင်း ဗလန်တီနာက မှတ်ချက် ပေးခဲ့ပါတယ်။ ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်ပြီး သပိတ်မှောက်တာမျိုးကိုတော့ သူတို့ အနေနဲ့ အယုံအကြည် မရှိဘူးလို့လည်း ဗလန်တီနာက ဆိုတယ်။

ခရီးလမ်းကြောင်းတွေ စီစဉ်လေ့ရှိတဲ့ ဒီလွန်ကတော့ လတ်တလော နီးနီးစပ်စပ် အနာဂတ်အတွက် မြန်မာနိုင်ငံ ခရီးစဉ်တွေကို ဦးဆောင်ဦးမှာ မဟုတ်ပေမယ့် မြန်မာနိုင်ငံကို စာရင်းထဲက လုံးဝ ဖယ်ထုတ်ထားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဆိုတာ နောက်ဖေးပေါက် ဒစ်ပလိုမေစီ တစ်ခုပဲလို့ သူက မှတ်ချက် ပေးခဲ့ပါတယ်။ ဆက်စပ် ပါဝင်နေသူတွေ အတွက်တော့ ကိစ္စတွေ အပြောင်းအလဲ ဖြစ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေ အများကြီး ကျန်နေနိုင်သေးတယ်လို့ ဒီလွန်က ပြောကြားသွားပါတယ်။

(CNN သတင်းဌာန၏ Myanmar is planning to reopen to tourism in early 2022. But who will go? ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။