Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

အာဏာသိမ်း စစ်ခေါင်းဆောင်တွေအတွက် တရုတ်ရဲ့ အနွေးဓာတ်များ

စက်တင်ဘာလတုန်းက တရုတ် အာဏာရ ကွန်မြူတစ် ပါတီ (CCP)ဟာ လက်ရှိ အထိန်းသိမ်း ခံထားရတဲ့ နိုင်ငံတော် အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားပြုပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ကိုယ်စားလှယ် တစ်ဦးကို အွန်လိုင်း ဆွေးနွေးပွဲ တစ်ခုဆီ ဖိတ်ကြားခဲ့ပါတယ်။ အရှေ့တောင်အာရှနဲ့ တောင်အာရှ နိုင်ငံရေး ပါတီများဆိုင်ရာ အွန်လိုင်း ညီလာခံအတွက် NLDကို တရုတ်က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ် အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်းက မြန်မာနိုင်ငံကို သိုသိုသိပ်သိပ် လာရောက်ခဲ့တဲ့ ခရီးစဉ် အပြီးမှာ ဒီလို အခြေအနေမျိုး ဖြစ်ပေါ်လာတာပါ။ ဆွန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းခဲ့ပေမယ့် စစ်တပ် အာဏာပိုင်တွေက ငြင်းဆိုခဲ့ပါတယ်။ ဆွန်ဟာ အခုလထဲမှာ ကြိုတင် ကြေညာထားတာမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံကို နောက်တစ်ကြိမ် ထပ်ရောက်လာခဲ့ပြန်ပါတယ်။

ဒီအရွေ့တွေကို ကြည့်ရင် တရုတ်ဟာ အာဏာသိမ်း စစ်တပ်ဖက်ကို ယိမ်းလိုတဲ့ သဘောထားမျိုး ရှိနေရင်တောင်မှပဲ NLDနဲ့ ပြန်လည် ချဉ်းကပ် ဆွေးနွေးတာမျိုးတွေကို ထိန်းသိမ်းထားဖို့လည်း လိုလားကြောင်း မြင်သာစေပါတယ်။ မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ NLD ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရဆီက နိုင်ငံအာဏာကို ဖေဖော်ဝါရီ ၁ ရက်မှာ အဓမ္မ သိမ်းယူခဲ့တာပါ။

CCPက ပိုင်ဆိုင်တဲ့ Global Times သတင်းစာရဲ့ စက်တင်ဘာလထုတ် အယ်ဒီတာ့အာဘော် တစ်ခုမှာ NLDကို မြန်မာနိုင်ငံရဲ့ တရားဝင် နိုင်ငံရေးပါတီ တစ်ခုလို့ ဖော်ပြသွားပါတယ်။ ဒါပေမဲ့လည်း ဘေဂျင်းမှာရှိတဲ့ တရုတ် အစိုးရဟာ NLDကို ထောက်ခံခြင်းနဲ့ အာဏာသိမ်း စစ်တပ်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကို ထောက်ခံခြင်းတို့ကြားက ခပ်ပါးပါး ခြားနားချက်တွေကို သေချာ လေ့လာ စောင့်ကြည့်နေပါတယ်။ NUGဟာ NLD အဖွဲ့ဝင်တွေ အများစုနဲ့ ဖွဲ့စည်းထားပေမယ့်လည်း တရုတ်ကတော့ NUGကို အခြေမခိုင်သေးတဲ့၊ မတည်ငြိမ်သေးတဲ့ အင်အားစု တစ်ခုလို့ပဲ မြင်နေဆဲပါ။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း အာဏာသိမ်း စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ထိထိရောက်ရောက် ထိန်းချုပ် အုပ်စိုးလာနိုင်ခဲ့မယ်ဆိုရင် သူတို့ကို ပေါ်ပေါ်ထင်ထင် မဟုတ်သေးဘဲ တစ်ဆင့်ချင်းစီ အသိအမှတ် ပြုလာမယ့် လမ်းကြောင်းမျိုးအတွက် တရုတ်က ပိုမို တိုးမြှင့် ပြင်ဆင်နေပါတယ်။ အာဏာသိမ်းမှုအပြီး ၉ လတာအတွင်း တရုတ် အရာရှိတွေဟာ အာဏာသိမ်း မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံ အုပ်ချုပ်မှု စွမ်းရည်အပေါ် သံသယတချို့ ရှိနေတဲ့တိုင်အောင် နှစ်ဖက် ဆက်ဆံရေးကို အတော်ကြီး ပုံမှန်ပြန်ဖြစ်လာအောင် လုပ်ဆောင်ခဲ့ပါတယ်။ NLDနဲ့ အဆက်အသွယ် လမ်းကြောင်းတစ်ခုကို ဆက်ပြီး ကိုင်ဆွဲထားတဲ့တိုင် တရုတ် အစိုးရဟာ မြန်မာနိုင်ငံရဲ့ ပိုမို ရှုပ်ထွေး နက်ရှိုင်းလာတဲ့ ပဋိပက္ခတွေကနေ ဘေးရှောင်နေဖို့ စီစဉ်နေပြီး မြန်မာနိုင်ငံမှာ အာဏာကို လက်ရ ချုပ်ကိုင်ထားတဲ့ ပေါင်းပြီး ကိုယ်ပိုင် အကျိုးစီးပွားတွေ အတွက်ပဲ ရှေ့ဆက် အာရုံစိုက်ဖို့ လမ်းကြောင်း ထွင်လာနေပါတယ်။

အာဏာသိမ်းမှု ပြီးပြီးချင်းမှာ တရုတ်ဟာ စစ်အစိုးရကိုရော၊ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုပါ ကျောထောက်နောက်ခံ ရပ်တည်ပေးဖို့ ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ မတ်လတုန်းက ရန်ကုန်မှာရှိတဲ့ စက်မှုဇုန်တွေမှာ တရုတ်ပိုင် စက်ရုံတွေ လက်သည် မပေါ်ဘဲ တိုက်ခိုက်တာ ခံခဲ့ရခြင်းက တရုတ်အတွက် အဓိက အလှည့်အပြောင်းတစ်ခု ဖြစ်လာစေပါတယ်။ မတည်မငြိမ် ဖြစ်နေတာကို တရုတ်က ပိုပြီး စိုးရိမ်လာပါတော့တယ်။ ရန်ကုန်မှာရှိတဲ့ တရုတ် သံရုံးရှေ့မှာ ဆန္ဒပြတာတွေ၊ စစ်အာဏာသိမ်းမှုနဲ့ ဆက်စပ်ပြီး တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာတွေက တရုတ်ရဲ့ သဘောထားကို မပြောင်းလဲစေတော့ပါဘူး။ တရုတ်က အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ဆွေးနွေးညှိနှိုင်းဖို့ တောင်းဆိုနေပေမယ့် စစ်ဗိုလ်ချုပ်တွေကိုတော့ ဖိအား သိပ်မပေးခဲ့ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်က နိုင်ငံတကာ ကိစ္စတွေမှာ ပြည်တွင်းရေး ဝင်မစွက်ဘူးဆိုတဲ့ မူကို အကြောင်းပြခဲ့ပါတယ်။ ဒီသဘောထားကြောင့်ပဲ ဂျပန်၊ တောင်ကိုရီးယား၊ အနောက်အုပ်စုတို့နဲ့ ပိုပြီး အမြင်ကွဲပြားလာခဲ့ပါတယ်။

ဩဂုတ်လမှာတော့ တရုတ်က အာဏာသိမ်း စစ်အစိုးရနဲ့ ပုံမှန် ဆက်ဆံရေးအဆင့် ထူထောင်တာကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ပါတယ်။ ကာလရှည်ကြာ ရပ်နားထားတဲ့ ဝန်ကြီးအဆင့် လုပ်ငန်းဖလှယ် ဆောင်ရွက်မှုတွေကို တရုတ်က ပြန်လည် စတင်လာခဲ့တယ်။ အဲဒီကစလို့ တရုတ်ရဲ့ ဝန်ကြီးဌာနနဲ့ ဒေသဆိုင်ရာအဆင့် အာဏာပိုင်တွေက ကျန်းမာရေး စောင့်ရှောက်မှု၊ ဒေသန္တရ စီးပွားရေး လက်တွဲလုပ်ဆောင်မှုနဲ့ တခြား ကဏ္ဍတွေမှာ စစ်အစိုးရ လက်အောက်ခံ အရာရှိတွေနဲ့ လက်တွဲ လုပ်ဆောင်လာတယ်လို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆန် တာဝါက ပြောပါတယ်။ အဲဒီလမှာပဲ တရုတ်က မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဖွံ့ဖြိုးရေး ပရောဂျက် ၂၁ ခုအတွက် ဒေါ်လာ ၆.၁ သန်း လွှဲပြောင်း ထောက်ပံ့မယ့် သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

မြန်မာ့အရေးမှာ တရုတ်ရဲ့ ဆက်နွှယ် ပါဝင်မှုတွေက မြင့်မြင့်မားမား ရှိနေခဲ့ပြီးသားပါ။ အနောက်တောင်ပိုင်း ဒေသက အိမ်နီးချင်း နိုင်ငံဟာ သူတို့ရဲ့ ဩဇာ ဖြန့်ကျက် လွှမ်းမိုးမှု အဝန်းအဝိုင်းထဲမှာ ရှိနေအောင် တရုတ် အစိုးရက ဆယ်စုနှစ် အဆက်ဆက် ကြံစည်ဆောင်ရွက်ခဲ့ပါတယ်။ တရုတ်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု မဟာ စီမံကိန်းနဲ့ ဆက်စပ်ပြီး တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်ကနေတဆင့် ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ခဲ့တယ်။ ဒီစင်္ကြန်ဟာ တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာဆီ ပင်လယ်ထွက်ပေါက် တိုက်ရိုက် ရရှိစေပါတယ်။ ပြီးတော့ တရုတ်ဟာ နှစ်နိုင်ငံ နယ်စပ်ထိ ကူးစက်လာမယ့် အန္တရာယ်မျိုး ရှိနေတဲ့ ပဋိပက္ခ တစ်ခုကိုလည်း မျက်နှာ လွှဲမနေနိုင်ပါဘူး။ အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက တရုတ်ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေကို တိုက်ခိုက်ခံရတာတွေ ရှိလာပါတယ်။ အထူးသဖြင့် ဒေါ်လာ ၂ ဘီလီယံတန် စီမံကိန်း ဖော်ဆောင်ပြီး သွယ်တန်း တည်ဆောက်ထားတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးအပေါ် တရုတ်ရဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတယ်။ ဖေဖော်ဝါရီ လကုန်ပိုင်းလောက်မှာ တရုတ် အာဏာပိုင်တွေက ပိုက်လိုင်းအတွက် လုံခြုံရေး တိုးမြှင့်ပေးဖို့ စစ်ဗိုလ်ချုပ်တွေဆီ တောင်းဆိုခဲ့ပါတယ်။

နောက်တော့ တရုတ်က မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်ကို ပိတ်လိုက်ပြီး စစ်တပ်ကိုရော၊ စစ်တပ်ကို ဆယ်စုနှစ်တွေနဲ့ချီ တော်လှန် တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO)တွေကိုပါ ကိုဗစ် ကာကွယ်ဆေး အပါအဝင် ဆေးဖက်ဆိုင်ရာ ပစ္စည်းတွေကို ထောက်ပံ့ ပေးပို့ခဲ့တယ်။ တရားဝင် အနေအထားမှာ အာဏာသိမ်း စစ်တပ်ဟာ တရုတ်ဆီက ထောက်ပံ့မှုကို အပြည့်အဝ ရနေသလို ရှိနေပေမယ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် တောင်းဆို တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံ မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကိုလည်း တရုတ်က တရားဝင် မဟုတ်ဘဲ ကူညီ ပံ့ပိုးပေးနေတယ်လို့ တာဝါက ပြောပါတယ်။ ဒါ့အပြင် နယ်စပ်ဒေသမှာ လှုပ်ရှားနေတဲ့ EAOတွေကို အလုံးအရင်း ထိုးစစ်ဆင်မယ့် စစ်တပ်ရဲ့ လက်နက်အင်အားကိုလည်း ကန့်သတ်ခံရအောင် တရုတ်က ကြားဝင်ထားပြန်တယ်လို့ သူက ဆိုတယ်။

အာဏာသိမ်း စစ်တပ်ဟာ သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတွေကို လူရာဝင်အောင် လပေါင်းအတော်ကြာ အချိန်ယူ ကြိုးစားခဲ့တဲ့နောက် တရုတ်က တဖြည်းဖြည်း အသိအမှတ် စပြုလာတယ်။ အထင်ရှားဆုံးကတော့ အခြေခံ အဆောက်အအုံ ပရောဂျက်ကြီးတွေမှာ အရှိန်တင်ပြီး အကောင်အထည်ဖော်ဖို့ အားထုတ်လာတာပါပဲ။ စက်တင်ဘာ ၃၀ မှာ ပြီးဆုံးခဲ့တဲ့ ဘဏ္ဍာရေးနှစ် စာရင်းတွေအရ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုဟာ ၁၈ ရာခိုင်နှုန်း ယုတ်လျော့ ကျဆင်းသွားပါတယ်။ တခြား နိုင်ငံခြား ကုမ္ပဏီတွေက မြန်မာနိုင်ငံကနေ ပြန်လည် ဆုတ်ခွာနေချိန်မှာ တရုတ်ရဲ့ ရင်းနှီး မြှုပ်နှံမှုတွေက စစ်အစိုးရအတွက် တရားဝင်ကြောင်း အသိအမှတ်ပြုတဲ့ မျက်နှာစာ တစ်ခုလိုမျိုး အထောက်အကူ ဖြစ်လာနိုင်ပါတယ်။ သူတို့ရဲ့ တရားဝင်မှုကို ပြသဖို့အတွက် မြန်မာ စစ်အစိုးရဟာ စီးပွားရေး ပြန်လည် နာလန်ထူအောင် ကုစားရေးကို သွေးရူးသွေးတမ်း ကြိုးစား လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံ၊ ရှီယာမန် တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူ ဝူရှင်ကျန်းက မှတ်ချက်ပေးခဲ့ပါတယ်။

မေလထဲမှာ စစ်အစိုးရဟာ ဧရာဝတီတိုင်း၊ မီးလင်းချိုင်မှာရှိပြီး သဘာဝဓာတ်ငွေ့ အရည်နဲ့ လည်ပတ်မယ့် ဒေါ်လာ ၂.၅ ဘီလီယံတန် စွမ်းအင် ပရောဂျက်ကို ခွင့်ပြုချက် ပေးလိုက်တယ်။ အာဏာသိမ်း စစ်တပ် အုပ်စိုးနေတဲ့ ကာလမှာ မီးစိမ်းပြပြီး ခွင့်ပြုပေးလိုက်တဲ့ တစ်ခုတည်းသော အကြီးစား ရင်းနှီးမြှုပ်နှံမှု ပရောဂျက်လို့လည်း ဆိုနိုင်ပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် ပရောဂျက်တွေနဲ့ ပတ်သက်ပြီး တာဝန်ယူဖို့ ဖွဲ့စည်းထားတဲ့ ကော်မတီ သုံးခုကိုလည်း ကိုယ့်လူတွေနဲ့ အစားထိုးပြီး ပြင်ဆင် စုဖွဲ့ခဲ့တယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တွေက ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်တွေ တည်ဆောက်ဖို့၊ ရခိုင်မှာ အထူးစီးပွားရေးဇုန် တစ်ခု တည်ထောင်ဖို့ အစရှိတာတွေ ပါဝင်တယ်။ ဒီစင်္ကြန်ဟာ တရုတ်နိုင်ငံ၊ ယူနန်ဒေသကို မြန်မာနိုင်ငံက မန္တလေး၊ ကျောက်ဖြူနဲ့ ရန်ကုန်တို့လို မြို့ကြီးတွေနဲ့ ဆက်သွယ်ပေးထားမှာ ဖြစ်ပါတယ်။

သူ့အမြင်အရ ဆိုရင်တော့ မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ တရုတ်အနေနဲ့ ရပ်ဆိုင်းထားရတဲ့ အခြေခံ အဆောက်အအုံ ပရောဂျက်တွေကို ပြန်လည် စတင်ဖို့ တောင်းတောင်းပန်ပန် တိုက်တွန်းခဲ့ပုံရကြောင်း၊ ဒါပေမဲ့ အခုကျတော့ တရုတ် ကိုယ်တိုင်က သတိကြီးကြီး ထားနေဆဲ ဖြစ်တာတောင် ဒီကိစ္စတွေအပေါ် လိုလိုလားလား ရှိလာပုံပေါ်ကြောင်း ဝူက သုံးသပ်ပါတယ်။

စစ်အစိုးရဟာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာရှိတဲ့ ပင်လယ်နက် ဆိပ်ကမ်း စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေအတွက် အဆိုပြုမှုတွေကို ပြန်လည် ညှိနှိုင်းဖို့ လိုလား ဆန္ဒရှိကြောင်း အချက်ပြခဲ့ပါတယ်။ ၂၀၁၈ တုန်းကတော့ NLD ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရဟာ ဒီစီမံကိန်းတွေနဲ့ ပတ်သက်လို့ မြန်မာရဲ့ ပိုင်ဆိုင်ခွင့် ရာခိုင်နှုန်းကို ပိုမို မြှင့်တင်နိုင်အောင် ညှိနှိုင်းပြောင်းလဲခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါ လှိုင်းတစ်ခု အပြင်းအထန် ရိုက်ခတ်နေတဲ့ ဇူလိုင်လမှာတော့ စစ်အစိုးရက ဒီပရောဂျက်ကို ရှေ့ဆက်ဖို့အတွက် ဥပဒေရေးရာ ဝန်ဆောင်မှုပေးမယ့် အဖွဲ့တွေကို တင်ဒါခေါ်ယူခဲ့ပါတယ်။ တရုတ်က မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်လာသလို တရုတ်ပိုင် စီးပွားရေး ဦးပိုင် လုပ်ငန်းစုကြီးဖြစ်တဲ့ CITIC Groupကလည်း ပရောဂျက်နဲ့ ပတ်သက်ပြီး ကွင်းဆင်း စုံစမ်းမှုတွေ ပြုလုပ်ဖို့ သဘောတူ လက်မှတ် ရေးထိုးလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်ဟာ NUGနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ ဧပြီလမှာ စတင်ဖွဲ့စည်း ထူထောင်ခဲ့ချိန် ကတည်းက NUGဟာ နိုင်ငံတကာ အစိုးရတွေရဲ့ တရားဝင် အသိအမှတ်ပြု လက်ခံမှုကို ရရှိဖို့ ကြိုးစားနေပါတယ်။ တရားဝင် မဟုတ်သေးတဲ့ လမ်းကြောင်းတွေကနေ တခြားနိုင်ငံတွေကိုလည်း ဆက်သွယ်နေခဲ့ပါတယ်။ NUGဟာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေကို ပံ့ပိုးတာ၊ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ဖြတ်တောက်ဖို့ ဖိအားပေးတာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို အားပေးထောက်ခံတာမျိုး လုပ်ဆောင်ချက်တွေနဲ့အတူ စစ်အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားကို နှောင့်ယှက်ပြီး စိန်ခေါ်ရပ်တည်နေခဲ့ပါတယ်။ NUGရဲ့ မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့တွေကလည်း စစ်သားတွေနဲ့ စစ်တပ်က ခန့်ထားတဲ့ အရာရှိတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးတွေ အရှိန်မြှင့်တင်လာခဲ့တယ်။

တရုတ်က ပညာရှင်တွေနဲ့ တခြား ကျွမ်းကျင်သူတွေကတော့ တရုတ် အစိုးရဟာ မြန်မာနိုင်ငံမှာ စစ်အစိုးရကသာ အပြတ်အသတ် အောင်ပွဲရလိမ့်မယ်လို့ ယူဆနေဟန်ရှိကြောင်း၊ ဒါကြောင့်သာ NUGနဲ့ လက်တွဲပြီး အလုပ်မလုပ်ဖို့ ဆုံးဖြတ်ချက်ကို တွန်းအားပေးခဲ့တာ ဖြစ်နိုင်ကြောင်း မှတ်ချက် ပေးခဲ့ကြပါတယ်။ စစ်တပ်က အသာစီး အနေအထားမှာ ရှိနေကြောင်း၊ NUGဟာ နိုင်ငံတကာရော၊ ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ခံမှုမျိုးကို ရရှိလာရင်တောင် တရုတ်ရဲ့ သဘောထားကို ယိမ်းယိုင်လာအောင် ဆွဲဆောင်နိုင်ခြေ မရှိကြောင်း ရှီယာမန် တက္ကသိုလ်ရဲ့ အရှေ့တောင်အာရှရေးရာ သုတေသန ဌာနရဲ့ အကြီးအကဲ ဖန်ဟွမ်ဝေက ဆိုပါတယ်။ တရုတ်ဟာ NUGအပေါ် စာနာ နားလည်မှုမျိုး ရှိခဲ့ရင်တောင်မှ ပွင့်ပွင့်လင်းလင်း ဆက်သွယ် ချိတ်ဆက်တာမျိုးတော့ လုပ်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

NUG အစိုးရ အဖွဲ့နဲ့ နီးစပ်သူတွေကတော့ တရုတ်ဟာ မြေအောက် ရပ်တည်မှုမျိုးနဲ့ ရှေ့ဆက်နေရတဲ့ အရပ်သား ခေါင်းဆောင်တွေကို ခပ်တန်းတန်း လုပ်နေတဲ့ အဓိက နိုင်ငံကြီး နည်းနည်းလောက်ထဲမှာ ပါဝင်နေတယ်လို့ ပြောပါတယ်။ ရံဖန်ရံခါမှာလည်း ကြားလူကနေ တစ်ဆင့်ခံပြီးသာ ဆက်သွယ်တာမျိုး လုပ်လေ့ ရှိတယ်လို့ ဆိုတယ်။ တရုတ်က NUGနဲ့ ဆွေးနွေးဖို့ ခေါင်းမာလွန်းနေတာကို အံ့ဩမိတယ်လို့ NUGရဲ့ ပြောရေးဆိုခွင့် အရာရှိနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာက ပြောပါတယ်။ တရုတ် အစိုးရပိုင် Xinhua သတင်း အေဂျင်စီနဲ့ ရုပ်မြင်သံကြား သတင်းဌာနတွေက စစ်အစိုးရရဲ့ အရာရှိတွေနဲ့ အင်တာဗျူး လုပ်ခဲ့ပေမယ့် NUGကို ဖိတ်ကြားတာမျိုးတော့ မရှိခဲ့ပါဘူး။ စစ်ဗိုလ်ချုပ်တွေနဲ့ပဲ စကားပြောနေတာက တရုတ်အတွက် အမှားကြီး တစ်ခုဖြစ်ကြောင်း၊ တကယ်တော့ ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားအောင် စစ်တပ် ကိုယ်တိုင်က ကြံဆောင် လုပ်ကိုင်နေတာ ဖြစ်ကြောင်း၊ ပြီးတော့ မြန်မာ ပြည်သူတွေကလည်း မင်းအောင်လှိုင်ကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် လက်မခံနိုင်မှန်း တရုတ် အရာရှိတွေလည်း သိထားကြပြီးဖြစ်ကြောင်း ဒေါက်တာ ဆာဆာက ဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုနီးပါး ကာလတုန်းက တရုတ်ဟာ အဲဒီတုန်းက အတိုက်အခံ ခေါင်းဆောင်သာ ဖြစ်နေသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကော်ဇောနီခင်းပြီး ကြိုခဲ့ဖူးပါတယ်။ တကယ်လို့ စစ်အစိုးရရဲ့ ထိန်းသိမ်း အုပ်ချုပ်နိုင်စွမ်း ဆုံးရှုံးပျောက်ကွယ်သွားရင် တရုတ်က ကျောခိုင်းသွားဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။ လောလောဆယ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေ ဖက်ကနေ လောင်းကြေးထပ်ထားပေမယ့် တရုတ်ဟာ နိုင်ငံတကာ အသိုက်အဝန်း၊ ပြည်တွင်းက ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ပါ ရင်ဆိုင်ရဦးမယ့် သဘောပါပဲ။ ပြီးတော့ ကသောင်းကနင်း အခြေအနေတွေ၊ ပြည်သူလူထုရဲ့ အမြင်ခါးသီးမှုတွေကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင် စိတ်ကူးထားတဲ့ ရည်မှန်းချက်တွေကို သေချာပေါက် ထိခိုက်စေပါလိမ့်မယ်။ ဒါပေမဲ့ လူမြင်ကွင်း နောက်ကွယ်မှာ တရုတ်ဟာ နယ်နိမိတ် ပိုင်နက်နားမှာ နောက်ထပ် ကျရှုံးနိုင်ငံတစ်ခု တိုးလာမယ့် အခြေအနေကိုလည်း ကြိုတင် တွေးတော ပြင်ဆင်ထားတာမျိုး ရှိချင် ရှိနေပါလိမ့်မယ်။

(Foreign Policy သတင်းဌာန၏ China Warms Up to Myanmar’s Generals ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။