Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စစ်ကောင်စီ ရေတပ်ကို တရုတ်က ရေငုပ်သင်္ဘောတစ်စီး ဘာကြောင့် ထောက်ပံ့ပေးခဲ့သလဲ

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က ရိုက်ကူးထားတဲ့ မှတ်တမ်း ဗီဒီယို တစ်ခုမှာတော့ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ ထိုင်ဝမ်၊ ယူကရိန်း အရေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာလာတဲ့ အခြေအနေတွေမှာ အပြန်အလှန် အားပေး ကူညီဖို့ ကတိတွေ ပြုနေခဲ့ကြပါတယ်။

ဒါပေမဲ့လည်း အင်အားကြီး နှစ်နိုင်ငံကြားက ပိုမို အားကောင်းလာတဲ့ ဆက်ဆံရေး ကဏ္ဍမှာတောင် အချင်းချင်း အားပြိုင်မှုတွေကတော့ ရှိနေဆဲပါပဲ။ (အမေရိကန်ရဲ့ Boeing ကုမ္ပဏီနဲ့ ဥရောပရဲ့ Airbusတို့ကြား ပြိုင်ဆိုင်မှု ပုံစံမျိုးလိုပဲ ဆိုကြပါစို့)

၉ ရက် အကြာမှာပဲ အဲဒီ အားပြိုင်မှုရဲ့ အရှိန်အဟုန် တစ်ခုက ထင်သာမြင်သာ ပေါ်လွင်လာတယ်။ တရုတ် ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော တစ်စီးကို မြန်မာ့ ရေတပ်အတွက် လွှဲပြောင်းပေးလိုက်ပြီး တရုတ်က ရုရှားထက် ခြေတစ်လှမ်း အသာယူလိုက်ပါတယ်။ အခု အဲဒီရေငုပ်သင်္ဘောဟာ မြန်မာ့ရေတပ်မှာ မင်းရဲကျော်ထင်ဆိုတဲ့ နာမည်အသစ် ရနေပါပြီ။

၂၀၀၀ ပြည့်လွန်နှစ်တွေ ကတည်းက မြန်မာစစ်တပ်ဟာ ရေငုပ်သင်္ဘော တပ်ဖွဲ့တစ်ခု ဖွဲ့စည်းထားနိုင်ဖို့ စိုင်းပြင်းနေခဲ့ပါတယ်။ ဒါဟာ အရှေ့တောင်အာရှ အိမ်နီးချင်းတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ကို အမီလိုက်ချင်လို့လည်း ဖြစ်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ မြန်မာအတွက် ရေငုပ်သင်္ဘော ဝယ်ယူဖို့ ရွေးချယ်ခွင့်တွေက အကန့်အသတ် ကြီးမားလွန်းနေခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ဖိနှိပ်ချိုးနှိမ်မှု နာမည်ဆိုးတွေကြောင့် ဥရောပ သမဂ္ဂက မြန်မာကို လက်နက် တင်ပို့ခွင့် ပိတ်ပင်ထားခဲ့ပါတယ်။ ဒီတော့ ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်တို့ဆီက ရေငုပ်သင်္ဘောတွေ ဝယ်ဖို့ကိစ္စဟာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။

အထက်မှာ ဖော်ပြထားတဲ့ တူညီတဲ့ အကြောင်းပြချက်ကြောင့်ပဲ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း သူတို့ရဲ့ ရေငုပ်သင်္ဘောတွေကို မြန်မာဆီ လက်လွှဲပေးဖို့ ဖြစ်နိုင်ခြေ မရှိသလောက်ပါပဲ။ ဒီတော့ ရွေးစရာက ထုံးစံအတိုင်း တရုတ်နဲ့ ရုရှားပဲ ကျန်ပါတော့တယ်။ ဒီနှစ်နိုင်ငံဟာ မြန်မာစစ်တပ်အတွက် လက်နက်တွေ တင်ပို့ပေးနေတဲ့ ပထမနဲ့ ဒုတိယ အကြီးဆုံး ဖောက်သည်ကြီးတွေလည်း ဖြစ်ပါတယ်။

ရုရှားက အတွင်းပိုင်းမှာ အချိတ်အဆက် လမ်းကြောင်းတွေနဲ့ လှုပ်ရှားခဲ့ပုံ ပေါ်တယ်။ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ အိန္ဒိယ ရေတပ် အနေနဲ့ ဆိုဗီယက်ခေတ်က ထုတ်လုပ်ခဲ့တဲ့ Kiloအဆင့် ရေငုပ်သင်္ဘော တစ်စီးကို မြန်မာဆီ လွှဲပြောင်းပေးဖို့ ရုရှားက မီးစိမ်းပြ ခွင့်ပြုပေးလိုက်ပါတယ်။

အဲဒီ ရေငုပ်သင်္ဘောဟာ အိန္ဒိယ ရေတပ်မှာ ၃၂ နှစ်လောက် အမှုထမ်းခဲ့ပြီးပါပြီ။ ဒါပေမဲ့ ပြင်ဆင် မွမ်းမံမှုတချို့ ပြုလုပ်ပြီး မြန်မာဆီ ရောင်းချလိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယဟာ ပြည်ပကို တင်ပို့ရောင်းချဖို့ ရေငုပ်သင်္ဘောတွေ ထုတ်လုပ်နိုင်တာမျိုး မရှိသေးပါဘူး။

အဲဒီ ရေငုပ်သင်္ဘော ရောင်းချမှုဟာ အိန္ဒိယရော၊ ရုရှား အတွက်ပါ အကျိုးရှိစေခဲ့ပါတယ်။ အိန္ဒိယဆီက ရေယာဉ်ကို မြန်မာက ဝယ်ယူလိုက်တဲ့အတွက် အိန္ဒိယနဲ့ မြန်မာတို့ကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်လိုက်ရာ ရောက်ခဲ့ပြီး မြန်မာအပေါ် တရုတ်ရဲ့ လွှမ်းမိုးလာမှုတွေကိုလည်း တန်ပြန်လိုက်တဲ့သဘော ဖြစ်ခဲ့ပါတယ်။

ရုရှားဖက်က ကြည့်ပြန်တော့လည်း အိန္ဒိယ ရေတပ်က သုံးပြီးသား ရုရှားလုပ် ရေငုပ်သင်္ဘော တစ်စီးကို ရောင်းခွင့် ပေးလိုက်တဲ့အတွက် မြန်မာ ရေတပ်ဟာ ရုရှား နည်းပညာတွေနဲ့ လေ့ကျင့်မှု အသားကျလာမယ်။ နောက်ဆက်တွဲအဖြစ် ရုရှားလုပ် ရေငုပ်သင်္ဘော အသစ်တွေ ထပ်ဝယ်ယူတာမျိုး ဖြစ်လာနိုင်မယ်လို့ ရုရှားက မျှော်လင့်တယ်။

နောက်ပိုင်းမှာလည်း မြန်မာဖက်က ရုရှားရဲ့ Varshavyanka အဆင့် ရေငုပ်သင်္ဘော တစ်စီး၊ ဒါမှမဟုတ် အဲဒီထက်ပိုပြီး ဝယ်ယူဖို့ ရုရှားနဲ့ စတင် ဆွေးနွေးလာတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီရေငုပ်သင်္ဘောတွေကို Kilo အဆင့်လို့လည်း ခေါ်ဝေါ်ကြပါတယ်။

ဗီယက်နမ်ဟာ အဲဒီလို ရေငုပ်သင်္ဘောမျိုး ၆ စီးထိ ပိုင်ဆိုင်ထားပါတယ်။ ဒီရေယာဉ်တွေ ရှိနေတာက တောင်တရုတ် ပင်လယ်မှာ တရုတ်ရဲ့ လက်ဝါးကြီး အုပ်လိုမှုတွေကို အားကောင်းကောင်းနဲ့ တွန်းလှန်နိုင်စွမ်း ရှိနေစေတယ်။

ရုရှားဟာ အရှေ့တောင်အာရှ ဒေသမှာ ကာကွယ်ရေးနဲ့ စစ်လက်နက် ပစ္စည်းတွေ ရောင်းအား ကျလာတဲ့နောက် မြန်မာကို ရေငုပ်သင်္ဘောတွေ တင်ပို့ဖို့ အတော်လေး အားသန်နေခဲ့တယ်။ (ဒေသတွင်းမှာတော့ ဗီယက်နမ်က ရုရှားရဲ့ အဓိက ဖောက်သည် ဖြစ်ပါတယ်) ပြီးတော့ တရုတ်က မြန်မာ စစ်အာဏာရှင်တွေအတွက် နံပါတ် ၁ စစ်လက်နက် ထောက်ပံ့သူအဖြစ် ရယူထားတဲ့ နေရာကိုလည်း ရုရှားက လက်လွှဲရယူလိုနေတယ်။

တရုတ်ကလည်း ငြိမ်မနေဘဲ တွန်းအားပြန်ပေးလာတယ်။ ဒီနေရာမှာ ရုရှားရဲ့ ရည်ရွယ်ချက်က စီးပွားရေး သက်သက်ပဲ ဖြစ်ပါတယ်။ တရုတ်ကတော့ ပထဝီဝင် နိုင်ငံရေး ကစားပွဲမျိုး အတွက်ပါ ထည့်စဉ်းစားခဲ့တယ်။ မြန်မာ စစ်ဗိုလ်ချုပ်တွေအပေါ် သက်ရောက်နေတဲ့ ဩဇာ လွှမ်းမိုးမှုကိုလည်း ဆက်ထိန်းထားချင်တယ်။

အိန္ဒိယက သူတို့ရဲ့ ရေငုပ်သင်္ဘောကို ၂၀၂၀ ပြည့်နှစ်မှာ မြန်မာဆီ လက်လွှဲပေးတော့ တရုတ်က အဲဒီကိစ္စကို နှာခေါင်းရှုံ့ခဲ့ပါတယ်။ တရုတ် အစိုးရပိုင် မီဒီယာကြီး တစ်ခုဖြစ်တဲ့ Global Timesက ဒီအရောင်းအဝယ်ဟာ တရုတ်ကို မထိတထိ စတဲ့သဘော ဖြစ်နေတယ် ဆိုတာမျိုး ရေးသားခဲ့ပြီး မြန်မာက ဝယ်လိုက်တဲ့ ရေငုပ်သင်္ဘော ဆိုတာကလည်း အင်မတန် ခေတ်နောက်ကျပြီး အနားတောင် ပေးသင့်နေပြီလို့ ထေ့ငေါ့ခဲ့ဖူးတယ်။

ဒါပေမဲ့ လောလောလတ်လတ် မြန်မာက တရုတ်ဆီက လက်ခံ ရရှိထားတဲ့ ရေငုပ်သင်္ဘောကို ကြည့်ပြန်တော့လည်း ထူးမခြားနားပါပဲ။ ပြောရမယ်ဆိုရင် စွမ်းဆောင်ရည်ပိုင်းမှာ ပိုလို့တောင် ညံ့ဖျင်းသေးတယ်လို့ ဆိုနိုင်တယ်။

မင်းရဲကျော်ထင်ဟာ Type 035B Ming အဆင့် သတ်မှတ်ချက်ရှိတဲ့ ရေငုပ်သင်္ဘော ဖြစ်ပါတယ်။ ဒီရေယာဉ်ကို ၂၀၀၀ ပြည့်လွန် အစောပိုင်း နှစ်တွေတုန်းက ဝူဟန်မှာ တည်ဆောက်ခဲ့တယ်။ Ming အဆင့် ရေငုပ်သင်္ဘောတွေက ဆိုဗီယက် ပြည်ထောင်စုရဲ့ Romeoအဆင့် ရေငုပ်သင်္ဘောတွေကို မှီငြမ်းထားတဲ့ မူကွဲတွေ ဖြစ်ပါတယ်။ Romeoတွေကို ဆိုဗီယက်တွေ သုံးခဲ့တဲ့ အချိန်က ၁၉၅၀ ပြည့်လွန်နှစ် ဝန်းကျင် ကာလတွေပါ။

တရုတ် ပြည်သူ့လွတ်မြောက်ရေး ရေတပ်ဟာလည်း Type 035B တစ်စီးကို ဆိုးရွားတဲ့ မတော်တဆမှု တစ်ခုကြောင့် လက်လွှတ် ဆုံးရှုံးခဲ့ဖူးပါတယ်။ ပင်လယ်ဝါထဲမှာ နစ်မြုပ်သွားတဲ့ ရေယာဉ်နဲ့အတူ အမှုထမ်း ၇၀ စလုံး ကျဆုံးခဲ့ဖူးပါတယ်။

အခုကျတော့ တရုတ်ဟာ Ming အဆင့် ရေငုပ်သင်္ဘောတွေကို သူတို့ရဲ့ ရေတပ်ကနေ တဖြည်းဖြည်းချင်း ဖယ်ထုတ်ပြီး ပိုမို ခေတ်မီလာတဲ့ နည်းပညာမြင့် မော်ဒယ်လ်သစ်တွေနဲ့ အစားထိုးလာနေပါတယ်။ ၂၀၁၆ တုန်းက တရုတ်ဟာ အဲဒီ ရေငုပ်သင်္ဘော ၂ စီးကို ပြန်လည် မွမ်းမံ ပြင်ဆင်ပြီး ဘင်္ဂလားဒေ့ရှ် ရေတပ်ဆီ သက်သာတဲ့ စျေးနှုန်း ဒေါ်လာ ၂၀၃ သန်းလောက်နဲ့ ရောင်းချခဲ့ဖူးတယ်။

မင်းရဲကျော်ထင်ကိုလည်း မြန်မာဆီ လက်လွှဲမပေးခင် တရုတ်က အဆင့်မြှင့် ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒီရေငုပ်သင်္ဘောကို တရုတ်က ရောင်းချခဲ့တာလား၊ မြန်မာဆီ အလကား ပေးလိုက်တာလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

သေချာတာကတော့ တရုတ်ဟာ အနာဂတ် မြန်မာ့ရေတပ်ရဲ့ မျိုးဆက်သစ် ရေငုပ်သင်္ဘောတွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် စကားကမ်းလှမ်းထားပြီးသား ဖြစ်မှာပါ။ အဲဒီ အခါမှာတော့ တစ်ပတ်ရစ် Mingအဆင့် ရေယာဉ်တွေထက် ပိုအဆင့်မြင့်တဲ့ ကိစ္စတွေ ပါဝင်လာနိုင်ပါတယ်။ အလားအလာ အရှိဆုံး အခြေအနေ တစ်ခုကတော့ တရုတ်ဟာ သူတို့ရဲ့ ခေတ်အမီဆုံး ရေငုပ်သင်္ဘောတွေဖြစ်တဲ့ ဒီဇယ်နဲ့ လျှပ်စစ်စွမ်းအင်သုံး Type041 Yuanအဆင့် ရေယာဉ်တွေကို မြန်မာ စစ်ဗိုလ်ချုပ်တွေဆီ ဝယ်ယူခွင့် ပြုလာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဟာ ၂၀၁၇ တုန်းက တရုတ်အနေနဲ့ ထိုင်းကို အမေရိကန် ဒေါ်လာ ၁.၀၃ ဘီလီယံတန် ရေငုပ်သင်္ဘောတွေ ရောင်းချပေးခဲ့တဲ့ အခင်းအကျင်းမျိုး တကျော့ပြန်လာနိုင်တဲ့ သဘောမျိုးပါပဲ။

အဲဒီတုန်းက ရုရှားကလည်း ထိုင်းဆီကို ရေငုပ်သင်္ဘောတွေ ရောင်းချနိုင်ဖို့ ချဉ်းကပ် စည်းရုံးခဲ့ဖူးပေမယ့် တရုတ်ကို အရေးနိမ့်ခဲ့ပါတယ်။ အဲဒီတုန်းက တရုတ်ဟာ ရေငုပ်သင်္ဘော ၃ စီးကို ၂ စီးစာ စျေးနဲ့ ရောင်းပေးခဲ့တဲ့အပြင် တိုက်ခိုက်ရေးစနစ်၊ တော်ပီဒိုတွေ၊ လေ့ကျင့်ရေး အထောက်အကူ စနစ်တွေ၊ ရေတပ်သားတွေ ရေငုပ်ဖို့ အသုံးအဆောင်တွေနဲ့ မက်မောလောက်စရာ ပြန်အမ်းငွေ ပမာဏမျိုးထိ ထည့်သွင်း ကမ်းလှမ်းခဲ့ပါတယ်။

ထိုင်းကို ပို့ဆောင်မယ့် ရေငုပ်သင်္ဘောတွေထဲက ပထမဆုံး တစ်စီးကို လောလောဆယ် ဝူဟန်မှာ တည်ဆောက်နေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ်ကျရင် လက်လွှဲပေးရမှာပါ။ ဒါပေမဲ့ ဒုတိယနဲ့ တတိယ ရေငုပ်သင်္ဘောတွေအတွက် ငွေချေမယ့် ကိစ္စကိုတော့ နှစ်နိုင်ငံ ပြန်ညှိနှိုင်းနေရပါတယ်။ အကြောင်းကတော့ ကိုဗစ် ကပ်ရောဂါ ဂယက်ကြောင့် ထိုင်းရဲ့ စီးပွားရေး ထိခိုက် ကျဆင်းခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်လုပ် ရေငုပ်သင်္ဘော ၃ စီးကို ထိုင်းရေတပ်မှာ ၂၀၂၆ ခုနှစ်အမီ အပြည့်အဝ အမှုထမ်းနိုင်ဖို့ ရည်မှန်းချက်ကတော့ မပြောင်းလဲသေးပါဘူး။

မြန်မာနိုင်ငံကို ရေငုပ်သင်္ဘောတွေ ရောင်းချရေးနဲ့ ပတ်သက်လို့တော့ ရုရှားနဲ့ တရုတ်မှာ ဘယ်သူက အသာရသွားမလဲ ဆိုတာက ထင်ထင်ရှားရှား အဖြေမပေါ်နိုင်သေးပါဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြည့်ရတာတော့ ရုရှားလုပ် စစ်လက်နက်တွေဖက် ပိုပြီး အာရုံ ယိမ်းယိုင်နေပုံပါပဲ။ ဇွန်လတုန်းက သူဟာ ရုရှားက လက်နက် စက်ရွုံတွေဆီ သွားရောက် လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ကိုတော့ အခုထိ မသွားဖြစ်သေးပါဘူး။

သူက ရုရှားလုပ် စစ်လက်နက်တွေကို တရုတ်လုပ် ပစ္စည်းတွေထက် ပိုပြီး လိုလားနေပုံ ပေါ်တာဟာ အဓိက အကြောင်းနှစ်ရပ်ကြောင့် ဖြစ်နိုင်ပါတယ်။ ရုရှား စစ်ပစ္စည်းတွေက အရည်အသွေးလည်း ပိုကောင်းပါတယ်။ ပြီးတော့ မင်းအောင်လှိုင် ကိုယ်တိုင်က တရုတ်အပေါ် အလွန်အကျွံကြီး မှီခိုရတာမျိုးကို ရှောင်လွှဲချင်ပုံရတယ်။

Public Service Announcement

ဒီတော့ တရုတ်က အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အနေနဲ့ သူတို့ရဲ့ ရေငုပ်သင်္ဘောတွေကို ဝယ်ယူချင်လာအောင် တခြားနည်းလမ်းတွေနဲ့ ဆွဲဆောင်တာမျိုး ရှိကောင်း ရှိလာနိုင်တယ်။ တိုင်းပြည် စီးပွားရေး အခြေအနေ ယိမ်းယိုင်နေချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အရူးအမူး လိုအပ်နေတဲ့ စီးပွားရေး အထောက်အပံ့တွေ တရုတ်က ကြီးကြီးမားမား ပေးပါမယ်ဆိုတဲ့ မက်လုံးမျိုးလည်း ဖြစ်နိုင်ပါတယ်။

မြန်မာ အနေနဲ့လည်း တရုတ်နဲ့ ရုရှားကြားမှာ ဟန်ချက်ညီညီနဲ့ ပါးပါးနပ်နပ် လှုပ်ရှားဖို့ နည်းလမ်းတွေ ရှာလာနိုင်ပါတယ်။ ပြောရမယ်ဆိုရင် ရေငုပ်သင်္ဘောတွေကို တရုတ်ဆီက ဝယ်ပြီးတော့ တိုက်လေယာဉ်တွေကို ရုရှားဆီက ဝယ်လိုက်တာမျိုးပေါ့။ (ဖြစ်နိုင်တာ တစ်ခုက SU-35 တိုက်လေယာဉ် ၁၁ စီးကို မြန်မာက လက်လွှဲ ဝယ်တာမျိုးပါ။ မူလက အင်ဒိုနီးရှားဟာ အဲဒီ ရုရှားလုပ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ သဘောတူထားပြီးမှ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှု အလားအလာကို စိုးရိမ်ပြီး နောက်ဆုတ်သွားခဲ့ပါတယ်)

ဘယ်နိုင်ငံဆီက ရေငုပ်သင်္ဘော ဝယ်ယူလိုက်တာပဲဖြစ်ဖြစ်၊ တရုတ်နဲ့ ရုရှားတို့ဟာ မြန်မာကို ဘယ်နိုင်ငံကမှ လက်နက်တွေ မရောင်းဖို့ အမေရိကန်ရဲ့ လတ်တလော တောင်းဆိုမှုကို အဖက်မလုပ်မယ့် သဘောပါ။ မြန်မာဟာ ရုရှားနဲ့ တရုတ်ရဲ့ ပထဝီဝင် စီးပွားရေး ရပ်ဝန်းမှာ အရမ်းကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပုံပါပဲ။

(စင်ကာပူ အခြေစိုက် ISEAS-Yusof Ishak သုတေသန ဌာနမှ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Dr. Ian Storey၏ Why China transferred a submarine to Myanmar ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။