Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“မြန်မာစစ်တပ် ခြေကုန်လက်ပန်း ကျလာပြီလား”

တော်လှန်ရေးကို ထောက်ခံ အားပေးနေပြီး တရားဝင် မဟုတ်တဲ့ နိုင်ငံတကာ ကွန်ရက် တစ်ခုကလည်း EAOနဲ့ PDFတွေအတွက် လက်နက်တွေ ဝယ်ယူပေးနိုင်ဖို့ ကြိုးစားနေပေမယ့် ဘဏ္ဍာရေးနဲ့ ဥပဒေရေးရာ ပြဿနာတွေ ကြုံနေရပြန်ပါတယ်။

ဓာတ်ပုံ - The New York Times

(ဘာသာပြန်ဆောင်းပါး)

▪️ခန့်မှန်း တွက်ချက်မှုတွေအရ စတင်းဂါးလို ဒုံးကျည်လက်နက် အလက် ၅၀ နဲ့ ၁၀၀ ကြားလောက်ရယ်၊ စစ်သုံးအဆင့် M4 ချေမှုန်းရေး ရိုင်ဖယ် ထောင်ဂဏန်း တချို့လောက်ရယ် အထောက်အပံ့ ရလာရင်တောင် မြန်မာစစ်တပ်ကို ဖယ်ရှားရှင်းလင်းဖို့ လုံလောက်နိုင်တယ်လို့ ဆိုပါတယ်။ EAOနဲ့ PDF အဖွဲ့အစည်း တစ်ခုချင်းအတွက် လိုအပ်တဲ့ လက်နက်တွေ ဖြည့်တင်း တပ်ဆင်ပေးဖို့ဆိုရင် ဒေါ်လာ သန်း ၃၀ စီတောင် မပြည့်တဲ့ ကုန်ကျမှုမျိုးသာ ရှိနိုင်ပါတယ်။ EAOနဲ့ PDF အင်အားစုတွေထဲမှာ ဘယ်အဖွဲ့အစည်းတွေကို ထောက်ပံ့မလဲ ဆိုတဲ့အပေါ် မူတည်ပြီး စုစုပေါင်း ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁ ဘီလီယံ အောက်လောက်သာ ရှိမယ့် သဘောပါ။ ဒါဟာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန် အစိုးရက လောလောဆယ် ယူကရိန်းကို ထောက်ပံ့ပေးနေတဲ့ ငွေပမာဏနဲ့ ယှဉ်လိုက်ရင် အစွန်းထွက် အဆင့်လောက်သာ ရှိပါတယ်။ ဒါပေမဲ့ ဘိုင်ဒန် အစိုးရက မြန်မာနိုင်ငံမှာရှိတဲ့ EAOတွေနဲ့ PDFတွေ လိုအပ်နေတဲ့ စစ်ရေး အထောက်အပံ့တွေ ပေးပို့သွားမယ့် လက္ခဏာမျိုးတော့ သိပ်ပြီး မတွေ့ရပါဘူး။

ဆောင်းပါးရှင် – Michael F. Martin

မြန်မာစစ်တပ် အနေနဲ့ ရှေ့ဆက် ရှင်သန်ရပ်တည်ဖို့ ပြင်းပြင်းထန်ထန် လှုပ်ရှား ရုန်းကန်နေရတယ် ဆိုတာကို ညွှန်ပြနေတဲ့ အရိပ်အယောင်တွေက တဖြည်းဖြည်း ထင်ရှား ကြီးထွားလာနေပါတယ်။ မြန်မာ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းလိုက်ချိန် ကတည်းက မြန်မာနိုင်ငံဟာ စစ်မျက်နှာတွေ များပြားစုံလင်လွန်းတဲ့ ပြည်တွင်းစစ်ထဲ သက်ဆင်း ကျရောက်သွားပါတော့တယ်။ စစ်တပ်ရဲ့ တာဝန်အရ မြန်မာနိုင်ငံရဲ့ တည်ငြိမ် အေးချမ်းမှုနဲ့ လုံခြုံမှုကို ဆောင်ယူပေးရမယ့်အစား အာဏာသိမ်းလိုက်တဲ့အတွက် အခုဆိုရင် မြန်မာဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံငယ်လေးတွေ သီးခြားစီ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်ကုန်မယ့် ဖြစ်နိုင်ခြေမျိုးဆီ ဦးတည်လာနေပါပြီ။ ဒါ့အပြင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါ ဗိုလ်ချုပ်ကြီးတွေ အတွက်လည်း သူတို့ ကြီးစိုး ချုပ်ကိုင်ထားတဲ့ စစ်တပ်ဟာ ပြည်တွင်းစစ်ကြောင့် တစ်စစီ ပြိုကွဲထွက်တဲ့ ရလဒ်မျိုးကို လက်ခံလိုက်ရဖွယ် ရှိနေပါတယ်။

သီတင်းပတ်တိုင်းမှာ မြန်မာနိုင်ငံက ယုံကြည်စိတ်ချရလောက်တဲ့ သတင်းဌာနတွေက မြန်မာစစ်တပ်ရဲ့ နေ့စဉ်ရက်ဆက် သေကျေပျက်စီးမှု သတင်းတွေကို ဖော်ပြနေပါတယ်။ မြန်မာစစ်တပ်ဟာ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေ အပါအဝင် နိုင်ငံအနှံ့မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO)တွေ၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF)တွေနဲ့ မရပ်မနား စစ်ခင်း တိုက်ခိုက်နေရပါတယ်။ စစ်တပ်ရဲ့ အသေအပျောက် စာရင်းထဲမှာ အဆင့်မြင့် အရာရှိတွေလည်း မကြာခဏ ပါဝင်လာတာ တွေ့ရပြီး ဒီအခြေအနေတွေက စစ်ကောင်စီ တပ်သားတွေရဲ့ စစ်ရေးစွမ်းရည်နဲ့ စိတ်ဓာတ်ရေးရာ ကဏ္ဍတွေကို ကြီးကြီးမားမား သက်ရောက် ထိခိုက်စေနိုင်ပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် စစ်ကောင်စီ တပ်သားတွေဟာ EAOတွေနဲ့ PDFတွေ လက်ချက်နဲ့ အသက်ထွက်ရမှာ ကြောက်လွန်းလို့ စစ်တန်းလျား အပြင်တောင် မထွက်ရဲတော့ဘူးဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ ရှိရင်းစွဲ တပ်သားတွေကို ဆက်ထိန်းထားဖို့ရော၊ ကျဆုံး၊ ဒဏ်ရာရသူတွေ နေရာမှာ လူသစ်တွေနဲ့ အစားထိုးဖို့ပါ အကြီးအကျယ် အခက်တွေ့နေပါတယ်။ နောက်ပြီး ဗိုလ်မှူးအဆင့် အရာရှိ တချို့ အပါအဝင် ရာနဲ့ချီ များပြားတဲ့ စစ်သားတွေက ခွင့်မဲ့ပျက်ကွက်ပြီး ပြန်ပေါ်မလာတော့တာမျိုး၊ EAO၊ PDFတွေဆီ သွားရောက် ပေါင်းစည်းတာမျိုးတွေလည်း ကြုံနေရပြန်တယ်။ စစ်တပ်ရဲ့ လူသစ်စုဆောင်းရေး အရာရှိတွေဟာ လိုအပ်တဲ့ လူသစ်အင်အားမျိုး ရနိုင်ဖို့ အသည်းအသန် ရုန်းကန်နေရပြီး တချို့က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကိုပါ လိုက်စုနေတယ်လို့ သတင်းထွက်နေပါတယ်။ အရင်က မြန်မာစစ်တပ်အတွက် အားသစ်လောင်းပေးမယ့် အဓိက ရင်းမြစ်တွေ ဖြစ်ခဲ့တဲ့ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ အခုဆိုရင် လူငယ်တွေက PDFတွေဆီပဲ သွားပြီး ပူးပေါင်းကုန်ကြပါပြီ။

ရလဒ်ကတော့ အခုဆိုရင် မြန်မာစစ်တပ်ဟာ အရင် ရှိနေကျ အင်အားထက် တော်တော်ကြီး လျော့နည်းသွားပြီ ဖြစ်ပါတယ်။ ဒီကွာဟချက်ကို ပြန်ဖာထေးဖို့အတွက် စစ်တပ်ဟာ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆင်ရေးတွေအတွက် ဆွဲသွင်းတာမျိုး လုပ်လာပါတယ်။ ဒီတော့ စစ်မြေပြင်ကို ရှောင်ချင်တဲ့ ရဲအရာရှိတချို့ နုတ်ထွက်ကုန်တယ် ဆိုတာကလည်း သိပ်တော့ မဆန်းလှပါဘူး။

Public Service Announcement

Public Service Announcement

စစ်အင်အား ပြန်တိုးချဲ့ဖို့ အကြံအိုက်နေတဲ့ မြန်မာစစ်တပ်ဟာ ပျူစောထီးဆိုတဲ့ ပြည်သူ့စစ်ဆန်ဆန် လက်နက်ကိုင် အဖွဲ့တွေကို ဖန်တီးလာပြန်ပါတယ်။ ဒီအင်အားစုတွေမှာ စစ်မှုထမ်းဟောင်းတွေနဲ့ ဗုဒ္ဓဘာသာရေး အစွန်းရောက်ဝါဒီတွေကို အဓိက အခြေခံ စုဖွဲ့ထားလေ့ ရှိပါတယ်။ ပျူစောထီးတွေဟာ PDF အဖွဲ့ဝင်တွေ ရှိနေတယ်၊ ဒါမှမဟုတ် PDFတွေကို ကူညီထောက်ပံ့နေတယ်လို့ ယုံကြည်ရတဲ့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး ဒေသခံ လူထုကို အကြမ်းဖက်တဲ့ နည်းလမ်းတွေ အသုံးပြု တိုက်ခိုက်တတ်ကြပါတယ်။

PDFနဲ့ EAOတွေကို တိုက်ဖို့အတွက် ဒီလိုမျိုး ရနိုင်သမျှ ရင်းမြစ်တွေ ရှာကြံ သုံးနေတာတောင်မှ စစ်တပ်ဟာ နိုင်ငံကို ထိန်းချုပ်နိုင်စွမ်း ဆက်တိုက် လျော့ကျလာနေပါတယ်။ မြန်မာ့ ပြည်တွင်းစစ်ကို အနီးကပ် လေ့လာစောင့်ကြည့် နေသူတွေက နိုင်ငံရဲ့ ၄၀ ကနေ ၅၀ ရာခိုင်နှုန်းလောက်ဟာ အခုဆိုရင် EAOတွေနဲ့ PDFတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်နေပြီလို့ သုံးသပ်ကြပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင် ရက္ခိုင့်တပ်တော် (AA)ဟာ စစ်ကောင်စီ (SAC)ရဲ့ ထိန်းချုပ်မှုကနေ ကင်းလွတ်တဲ့ ကိုယ်ပိုင် အစိုးရ ယန္တရား တစ်ရပ်ကို အသက်သွင်းနေပါပြီ။ ချင်းအမျိုးသား တပ်ဦး (CNF)နဲ့ ချင်းဒေသ ကာကွယ်ရေး တပ်မတော် (CDF)တို့ ပူးပေါင်းပြီး ချင်းပြည်နယ်က လွတ်မြောက်နယ်မြေတွေမှာ အစိုးရသစ်တစ်ရပ် ထူထောင်ဖို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်။ ကချင် လွတ်မြောက်ရေး တပ်တော် (KIA)၊ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)နဲ့ တခြား မဟာမိတ် EAOတွေကလည်း ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ သူတို့ရဲ့ ထိန်းချုပ်နယ်မြေ ပိုင်နက်တွေကို ချဲ့ထွင်လာနိုင်ခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီ (SAC)ကတော့ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဒေသခံ ပြည်သူတွေက စစ်တပ်ရဲ့ အစိုးရ ယန္တရား လည်ပတ်ရေးအတွက် ဝင်ကူညီ အလုပ်လုပ်ပေးချင်စိတ် မရှိတဲ့ တုံ့ပြန်မှုတွေကြောင့် အခက်တွေ့နေပါတယ်။

ဘူးလေးရာ ဖရုံဆင့် ဆိုသလိုပဲ ယူကရိန်း နိုင်ငံကို ရုရှားက ကျူးကျော် တိုက်ခိုက်တဲ့ စစ်ပွဲကလည်း မြန်မာ စစ်ကောင်စီကို ပိုပြီး အကျပ်ရိုက်စေပြန်ပါတယ်။ စစ်ကောင်စီအတွက် ပြည်ပကနေ လက်နက်တွေ တင်သွင်း ဝယ်ယူရာမှာ ရုရှားဟာ အားအကိုးရဆုံး အဓိက ရင်းမြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ပွဲ စတင်ချိန် ကတည်းက မြန်မာစစ်တပ်အတွက် လက်နက် တင်ပို့မှုတွေက အရှိန်အဟုန် နှေးကွေး ယုတ်လျော့သွားပါတယ်။ တရုတ်ကလည်း မြန်မာအတွက် အဓိက လက်နက် ရောင်းချပေးနေတဲ့ အင်အားကြီး နိုင်ငံ တစ်ခုပါ။ ဒါပေမဲ့ တရုတ်ဟာ မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခတွေမှာ နှစ်ဖက်စလုံးနဲ့ တတ်နိုင်သမျှ မျက်နှာမပျက်အောင် ဆက်ဆံလိုတဲ့ မူဝါဒအရ အင်အားကြီး EAO တချို့ကိုလည်း လက်နက် ထောက်ပံ့ပေးနေပြန်ပါတယ်။ မြန်မာစစ်တပ်မှာ ကိုယ်ပိုင် လက်နက်စက်ရုံတွေ ရှိနေပေမယ့် တပ်တွေအတွက် လုံလောက် ပြည့်မီအောင် ဖြည့်ဆည်းနိုင်စွမ်း ရှိမရှိ ဆိုတာကတော့ မသဲကွဲလှပါဘူး။

မင်းအောင်လှိုင်တွေက ငြိမ်းချမ်းရေးစကား ပြောကြရအောင်ဆိုပြီး EAOတွေကို လှမ်းဖိတ်တာကလည်း မြန်မာစစ်တပ်ဟာ အတော်ကြီး ဗျာများပြီး ဒုက္ခရောက်နေတယ် ဆိုတဲ့ အယူအဆကို ပိုပြီး ခိုင်မာလာစေပါတယ်။ ၁၉၆၂ ကနေ ၂၀၁၁ ထိ ကြာမြင့်ခဲ့တဲ့ အရင်တစ်ကြိမ်က မြန်မာစစ်တပ် ကြီးစိုးခဲ့တဲ့ ကာလတွေမှာ စစ်တပ်ဟာ EAOတွေနဲ့ တိုက်ခိုက်ရင်း အခက်အခဲတွေ ကြုံလာတိုင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေ ရရှိအောင် အားထုတ်လေ့ ရှိခဲ့ဖူးပါတယ်။ တစ်ခါတလေကျရင် စစ်တပ်က EAO အဖွဲ့အစည်း တစ်ခုနဲ့ အပစ်ရပ်ဖို့ ဆွေးနွေးပြီး တခြား EAO တစ်ခုကို အားသွန်ခွန်စိုက် တိုက်ခိုက်နိုင်အောင် တပ်တွေကို နုတ်ယူ ပြောင်းရွှေ့လေ့ ရှိပါတယ်။ နောက်ဆုံးကျတော့ မြန်မာစစ်တပ်ကပဲ အဲဒီ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေ အားလုံးကို ချိုးဖောက်ပစ်ခဲ့တာကြောင့် အခုတစ်ကြိမ် မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းမှုကို အထင်ကရ EAO အဖွဲ့ကြီး အားလုံးက ပယ်ချခဲ့ကြတယ်ဆိုတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။

EAO အဖွဲ့အစည်း တချို့နဲ့ PDFတွေရဲ့ ကိုယ်စားလှယ်တွေဆီက စစ်ရေးဆိုင်ရာ အကူအညီ တောင်းခံမှုတွေက မြန်မာစစ်တပ်ကို ရင်ဆိုင်ရာမှာ ကြုံနေရတဲ့ လက်နက် လိုအပ်ချက် ပြဿနာကို မြင်သာစေပါတယ်။ ခန့်မှန်း တွက်ချက်မှုတွေအရ စတင်းဂါးလို ဒုံးကျည်လက်နက် အလက် ၅၀ နဲ့ ၁၀၀ ကြားလောက်ရယ်၊ စစ်သုံးအဆင့် M4 ချေမှုန်းရေး ရိုင်ဖယ် ထောင်ဂဏန်း တချို့လောက်ရယ် အထောက်အပံ့ ရလာရင်တောင် မြန်မာစစ်တပ်ကို ဖယ်ရှားရှင်းလင်းဖို့ လုံလောက်နိုင်တယ်လို့ ဆိုပါတယ်။ EAOနဲ့ PDF အဖွဲ့အစည်း တစ်ခုချင်းအတွက် လိုအပ်တဲ့ လက်နက်တွေ ဖြည့်တင်း တပ်ဆင်ပေးဖို့ဆိုရင် ဒေါ်လာ သန်း ၃၀ စီတောင် မပြည့်တဲ့ ကုန်ကျမှုမျိုးသာ ရှိနိုင်ပါတယ်။ EAOနဲ့ PDF အင်အားစုတွေထဲမှာ ဘယ်အဖွဲ့အစည်းတွေကို ထောက်ပံ့မလဲ ဆိုတဲ့အပေါ် မူတည်ပြီး စုစုပေါင်း ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁ ဘီလီယံ အောက်လောက်သာ ရှိမယ့် သဘောပါ။ ဒါဟာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန် အစိုးရက လောလောဆယ် ယူကရိန်းကို ထောက်ပံ့ပေးနေတဲ့ ငွေပမာဏနဲ့ ယှဉ်လိုက်ရင် အစွန်းထွက် အဆင့်လောက်သာ ရှိပါတယ်။

ဒါပေမဲ့ ဘိုင်ဒန် အစိုးရက မြန်မာနိုင်ငံမှာရှိတဲ့ EAOတွေနဲ့ PDFတွေ လိုအပ်နေတဲ့ စစ်ရေး အထောက်အပံ့တွေ ပေးပို့သွားမယ့် လက္ခဏာမျိုးတော့ သိပ်ပြီး မတွေ့ရပါဘူး။ ဘိုင်ဒန်က မြန်မာ့ အရေးနဲ့ ပတ်သက်ရင် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ဆုံးဖြတ်ထားတဲ့ မူဝါဒ ၅ ချက်ကိုပဲ လိုက်နာသင့်တယ်လို့ ယူဆနေပြီး မြန်မာစစ်တပ်ကို နိုင်ငံတကာ လက်နက် ထောက်ပံ့မှုတွေ တားဆီးပေးဖို့ပဲ ထပ်ခါထပ်ခါ တောင်းဆိုနေပါတယ်။ EAOတွေနဲ့ PDFတွေကို လက်နက်တွေ ထောက်ပံ့လိုက်မယ်ဆိုရင် သူလက်ရှိ ဆွဲကိုင်ထားတဲ့ မူဝါဒနဲ့ ဆန့်ကျင်သလို ဖြစ်သွားနိုင်ပါတယ်။ အလားတူပဲ ဥရောပ သမဂ္ဂ (EU)ကလည်း မြန်မာ စစ်တပ်ကို အနိုင်တိုက်ဖို့အတွက် EAOတွေနဲ့ PDFတွေကို လက်နက်တွေ ထောက်ပံ့ ကူညီပေးဖို့ မဖြစ်နိုင်လောက်ပါဘူး။

အကျိုးဆက် အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့တွေဟာ သူတို့အတွက် လက်လှမ်းမီရာ လက်နက်တွေနဲ့ပဲ ရုန်းကန် တိုက်ခိုက်နေကြရပြီး ပြည်တွင်းစစ်ကလည်း ရှေ့ဆက် ကြာညောင်းနေဦးမှာပါ။ KIAနဲ့ UWSAတို့လို EAO တချို့က ကိုယ်ထူကိုယ်ထ လက်နက် ထုတ်လုပ်နိုင်တဲ့ အနေအထားမျိုး ရှိနေပေမယ့် EAOနဲ့ PDF အားလုံးအတွက် လုံလောက်အောင် ဖြန့်ဝေ ထောက်ပံ့နိုင်ပုံတော့ မပေါ်ပါဘူး။ တော်လှန်ရေးကို ထောက်ခံ အားပေးနေပြီး တရားဝင် မဟုတ်တဲ့ နိုင်ငံတကာ ကွန်ရက် တစ်ခုကလည်း EAOနဲ့ PDFတွေအတွက် လက်နက်တွေ ဝယ်ယူပေးနိုင်ဖို့ ကြိုးစားနေပေမယ့် ဘဏ္ဍာရေးနဲ့ ဥပဒေရေးရာ ပြဿနာတွေ ကြုံနေရပြန်ပါတယ်။ ဒီတော့ ပြည်တွင်းစစ်မီးဟာ ဆက်လက် တောက်လောင်နေမှာဖြစ်ပြီး မြန်မာပြည်သူတွေလည်း စစ်ရဲ့ဒဏ်ကို ဆက်ပြီး ခါးစည်းခံရဦးမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

(Center for Strategic and International Studies (CSIS)မှ အရှေ့တောင်အာရှရေးရာ ပရိုဂရမ် အဖွဲ့ဝင် Michael F. Martin ရေးသားသည့် Is Myanmar’s Military on Its Last Legs? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)