Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

မြန်မာနဲ့ ယူကရိန်းကြောင့် ဂျပန်ရဲ့ ဒုက္ခသည် လက်ခံရေး မူဝါဒအပြောင်းအလဲ

❝ဒုက္ခသည်ရေးရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဂျပန်ရဲ့ အထိုက်အလျောက် ဖြေလျှော့မှုတွေဟာ ယူကရိန်းနဲ့ မြန်မာကြားမှာ ညီမျှမှု မရှိသလို နိုင်ငံရေး သဘောတရားတွေလည်း ကိန်းအောင်းနေနိုင်တယ်လို့ တိုကျိုမြို့တော်က နိုင်ငံတကာ ခရစ်ယာန် တက္ကသိုလ်ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ ပါမောက္ခ စတီဖန် နက်ဂီက ထောက်ပြပါတယ် ❞

(Al Jazeera သတင်းဌာတွင် ဖော်ပြထားသည့် Myanmar, Ukraine war shift Japanese policy on refugees ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
(Al Jazeera သတင်းဌာတွင် ဖော်ပြထားသည့် Myanmar, Ukraine war shift Japanese policy on refugees ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ဘာသာပြန်ဆောင်းပါး

၁၉၉၉ ခုနှစ်မှာ စတင် ထူထောင်ခဲ့ချိန် ကတည်းက ဂျပန်နိုင်ငံရဲ့ ဒုက္ခသည်ရေးရာ အသင်း (JAR)ဟာ နိုင်ငံပေါင်း ၇၀ ထက်မနည်းက ရွှေ့ပြောင်း အခြေချသူ ၇၀၀၀ ကျော်ကို ကူညီပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ ကာလအတွင်း ဂျပန်အစိုးရရဲ့ ပြည်ပ ဒုက္ခသည် လက်ခံမှု ကိန်းဂဏန်းတွေဟာ တစ်နှစ်ကို ပျမ်းမျှ အယောက် ၃၀ လောက်နဲ့တင် စာရင်းငြိမ်နေခဲ့ပါတယ်။ ဂျပန်က ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ခိုလှုံရာ လိုအပ်နေသူ အရေအတွက်က တရိပ်ရိပ် မြင့်တက်လာနေပေမယ့် အဲဒီ အရေအတွက်ဟာ နှစ်တိုင်းလိုလို သိပ်ပြီး အပြောင်းအလဲ ကြီးကြီးမားမား မရှိခဲ့ပါဘူး။

ဒါပေမဲ့ ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ပွဲ ဆင်နွှဲခဲ့တဲ့ အချိန်မှာတော့ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။

ကျူးကျော်စစ်ပွဲ စတင်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဂျပန်မှာ လာရောက် အခြေချ နေထိုင်နေပြီးသားဖြစ်တဲ့ ယူကရိန်း နိုင်ငံသား ၁၉၀၀ လောက်ရဲ့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေကိုပါ ခိုလှုံခွင့် ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ နောက်ထပ် တစ်လလောက် အကြာမှာ တရားရေး ဝန်ကြီး ယိုရှီဟီဆာ ဖူရူကာဝါကလည်း ဂျပန် အစိုးရ အနေနဲ့ ရွှေ့ပြောင်း အခြေချသူတွေကို နီးနီးကပ်ကပ် ထိတွေ့ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ ကြေညာချက် နှစ်ခုစလုံးက ဂျပန်ရဲ့ ဒုက္ခသည် လက်ခံမှုဆိုင်ရာ မဟာဗျူဟာ အပြောင်းအလဲတွေ တွေ့လာရတော့မယ်လို့ ညွှန်ပြနေပါတယ်။

Public Service Announcement

Public Service Announcement

ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းမှာ ၁၉၅၁ ခုနှစ်က ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး နောက်ပိုင်း ဂျပန်ဟာ နိုင်ငံတကာ ဒုက္ခသည်တွေ လက်ခံမှုမှာ သိပ်ပြီး ထင်သာမြင်သာ တက်တက်ကြွကြွ မရှိတဲ့ ပုံစံမျိုးနဲ့သာ ချဉ်းကပ်ခဲ့ပါတယ်။ ဒုက္ခသည်တွေကို ကိုယ်တိုင် လက်ခံတာမျိုးထက် တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေက သတ်မှတ် ပမာဏထက် ပိုလျှံလို့ လက်လွှဲပေးတဲ့ ရွှေ့ပြောင်း အခြေချသူတွေကိုသာ နေရာချပေးတာမျိုး ဂျပန် အစိုးရ အဆက်ဆက်က လုပ်ဆောင်ခဲ့ပါတယ်။

အမေရိကန်မှာ ဒုက္ခသည်ဦးရေ လက်ခံမှုနှုန်းဟာ အကျဖက် ဦးတည်လာခဲ့ပြီး ဒီနှစ်ထဲမှာဆိုရင် ဒုက္ခသည် လျှောက်လွှာ အစောင်ရေ ၁၅၀၀၀ လောက်ကိုသာ စိစစ် လက်ခံခဲ့ပါတယ်။ ဗြိတိန်မှာ နှစ်စဉ် ရွှေ့ပြောင်း ဒုက္ခသည် ၁၀၀၀၀ ကျော်လောက်ကို လက်ခံလေ့ရှိပြီး ဒီပမာဏဟာ ဥရောပ သမဂ္ဂရဲ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်၊ အီတလီတို့နဲ့ ပျမ်းမျှအားဖြင့် အတူတူလောက်ပါပဲ။

JARရဲ့ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ အီရင် အီရှီကာဝါက ဂျပန်မှာ ဒုက္ခသည်ဆိုင်ရာ လျှောက်ထားမှု လုပ်ငန်းစဉ်တွေဟာ နှေးကွေး ကြန့်ကြာလွန်းနေတယ်လို့ ပြောပါတယ်။ ဒီမှတ်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက နာမည်ဝှက် မစ္စတာအေလို့ ခေါ်တဲ့ ရွှေ့ပြောင်း အခြေချသူ တစ်ဦးကို ဥပမာပြုပြီး သူက ရှင်းပြပါတယ်။

“သူ(မစ္စတာအေ)က ဂျပန်မှာ ခိုလှုံနေထိုင်ခွင့်အတွက် လျှောက်လွှာတင်ထားတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းကပါ။ အခုထိ သူ့လျှောက်လွှာအတွက် ခွင့်ပြုချက်ကို စောင့်နေရတုန်းပါပဲ။ သူက တရားမဝင် နေထိုင်နေရတာ ဖြစ်တဲ့အတွက် ဥပဒေကြောင်းအရဆိုရင် အချိန်မရွေး အဖမ်းဆီး ခံရနိုင်ပါတယ်”လို့ အီရှီကာဝါက Al Jazeera သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ “အဲဒီ အမျိုးသားဟာ တရားဝင် အလုပ်လုပ်ခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုလိုမျိုး လူမှုဖူလုံရေးဆိုင်ရာ အထောက်အပံ့တွေလည်း ခံစားခွင့် မရှိပါဘူး”လို့ JAR ဘုတ်အဖွဲ့ကို ဦးဆောင်နေတဲ့ အမျိုးသမီးက ဆက်ပြောပါသေးတယ်။

၂၀၂၁ ခုနှစ် အတွင်းမှာ ဂျပန်ရဲ့ လူဝင်မှု ကြီးကြပ်ရေး ဌာနဆီ လိပ်မူပြီး ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက်ထားမှု ၂၄၁၃ ခု ရှိခဲ့ပေမယ့် ၇၄ ယောက်ကိုသာ လက်သင့်ခံပေးခဲ့ပါတယ်။ ဒီအရေအတွက်ဟာ နည်းပါးနေသေးတယ်လို့ ဆိုနိုင်ပေမယ့် မြန်မာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ ခွဲခြားဖိနှိပ် ဆက်ဆံနေမှုတွေရယ်၊ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားတဲ့ စစ်အာဏာသိမ်းမှုရယ်နဲ့ ဆက်စပ်ပြီး အရင်နှစ်တွေထက် နှစ်ဆလောက် တိုးလာခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်မှာ ဂျပန်ဟာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွက် လှူဒါန်း ထည့်ဝင်မှု အများဆုံး နိုင်ငံတွေ စာရင်းမှာ ဒေါ်လာ သန်းပေါင်း ၁၄၀ နဲ့ တတိယ ချိတ်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံက ရွှေ့ပြောင်း ဒုက္ခသည်တွေကို လက်ခံဖို့ စမ်းသပ်အဆင့် ပြန်လည် နေရာချထားရေး အစီအမံ တစ်ခုကို အစပြုခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ချိတ်ဆက်ပြီး အကောင်အထည် ဖော်ခဲ့တဲ့ အစီအမံအရ ဂျပန်ဟာ ပထမဆုံး ၃ နှစ်ကျော် ကာလအတွင်း မြန်မာ ရွှေ့ပြောင်း ဒုက္ခသည် ၉၀ လောက်ကို လက်ခံပေးခဲ့ပါတယ်။

အခုနှစ် ဧပြီလမှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် နေရပ်ပြန်ဖို့ အဆင်မပြေသူတွေဟာ အရေးပေါ် သတ်မှတ်ချက်တွေအရ ဂျပန်မှာ ဆက်ပြီး နေထိုင်ခွင့် ရစေမယ်လို့ ဂျပန် အစိုးရက ကြေညာပါတယ်။

အဲဒီ သတ်မှတ်ချက်တွေဟာ ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းမှာ ဂျပန် ကတိကဝတ် ပြုထားတဲ့ စံနှုန်းတွေပေါ် အခြေပြုပြီး ၆ လကနေ ၁ နှစ်အထိ ယာယီ တရားဝင် နေထိုင်ခွင့်နဲ့ တစ်ပတ်ကို ၂၈ နာရီအောက် အလုပ်လုပ်ခွင့်တွေ ရရှိစေမှာ ဖြစ်ပါတယ်။ အဲဒီ သတ်မှတ်ချက်တွေနဲ့အညီ ဂျပန်မှာ နေထိုင်သူ အရေအတွက်ဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ၃၆၀၀ လောက်ထိ များပြားခဲ့ပါတယ်။

ပြည်တွင်းမှာ မြန်မာစစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ဆောင်လာတဲ့တိုင် ဂျပန်ဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အချိတ်အဆက်နဲ့ မဟုတ်တဲ့ မြန်မာ ဒုက္ခသည်တွေကို လက်ခံတာမျိုး မရှိခဲ့ပါဘူး။ ၂၀၂၁ ခုနှစ်၊ ဇွန်လတုန်းက ရရှိထားတဲ့ အချက်အလက်တွေအရ အဲဒီ လုပ်ငန်းစဉ်ကနေ တရားဝင် ဒုက္ခသည် သတ်မှတ်ချက် ခံယူရရှိသူ အရေအတွက်ဟာ ၂၀၀ တောင် မပြည့်ခဲ့ဘူးလို့ သိရပါတယ်။ ဒီအခြေအနေက ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံမှာ ကျပ်တည်း ရုန်းကန်နေရတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ အတွက်လည်း စိတ်ပျက်စရာ ရိုက်ခတ်မှုတွေ ရှိစေနိုင်ပါတယ်။

ယူကရိန်းမှာ တောက်လောင်နေတဲ့ စစ်မီးကလည်း ဂျပန်ရဲ့ ဒုက္ခသည်ရေးရာ မူဝါဒ အပြောင်းအလဲတွေအတွက် နောက်ထပ် လမ်းပြ အလင်းရောင်တစ်ခု ဖြစ်လာပြန်တယ်။ ရုရှား စစ်တပ်က ယူကရိန်းကို စတင်ကျူးကျော်ခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ဂျပန်ကို ယူကရိန်း နိုင်ငံသားတွေ တဖွဲဖွဲ ဆိုက်ရောက်လာနေတယ်လို့ ဆိုပါတယ်။

ဂျပန် အစိုးရက အဲဒီ ယူကရိန်း နိုင်ငံသားတွေကို ပြောင်းရွှေ့လာသူတွေလို့ သုံးနှုန်းလေ့ ရှိပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ ဒုက္ခသည်ဖြစ်ခွင့်ဆိုင်ရာ သတ်မှတ်ချက်တွေက တရားဝင် မဟုတ်သေးတာကြောင့်ပါ။ ယူကရိန်း နိုင်ငံသားတွေကိုလည်း အရေးပေါ် သတ်မှတ်ချက်တွေဆိုတဲ့ စံနှုန်းအောက်မှာပဲ ဂျပန်က နေထိုင်ခွင့် ပြုထားပါတယ်။ တစ်နှစ်ကြာ ခိုလှုံနေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်တွေ ရရှိပြီး အခြေအနေအလိုက် သက်တမ်းတိုးပေးသွားမှာပါ။ JAR ဘုတ်အဖွဲ့ ဥက္ကဋ္ဌ အီရှီကာဝါက ပြောင်းရွှေ့လာသူတွေဆိုတဲ့ သုံးနှုန်းမှုဟာ ယူကရိန်း နိုင်ငံသားတွေ အနေနဲ့ ဒုက္ခသည် ခံယူခွင့် လျှောက်ထားတဲ့ အခွင့်အရေးတွေကို ဝေဝါးသွားစေနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းမှာ သဘောတူထားတဲ့ ကတိကဝတ်တွေ အရတော့ နေရပ်နိုင်ငံမှာ ဖိနှိပ်မှုတွေ ကြုံနိုင်ခြေရှိတဲ့ ဘယ်လို လူပုဂ္ဂိုလ်ကိုမဆို ဆက်ပြီး ကူညီ လက်ခံထားရမယ် ဆိုတဲ့ အချက်မျိုး ပါဝင်နေပါတယ်။

နိုင်ငံခြားရေး မူဝါဒတွေနဲ့ ပတ်သက်ရင် တိတ်တိတ်ဆိတ်ဆိတ် နေလိုတဲ့ ဂျပန်ရဲ့ အစဉ်အလာ မူ​ဝါဒတွေကနေ ဖယ်ကြဉ်ပြီး ဝန်ကြီးချုပ် ကီရှီဒါရဲ့ အစိုးရ အဖွဲ့ဟာ ယူကရိန်းကို အားကောင်းတဲ့ ကူညီ ပံ့ပိုးမှုတွေနဲ့ ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီထဲမှာ ဒေါ်လာ သန်း ၆၀၀ လောက် တန်ဖိုးရှိတဲ့ အကူအညီတွေအပြင် နေရပ်စွန့်ခွာ တိမ်းရှောင်လာသူ ယူကရိန်း နိုင်ငံသား ၂၀ လောက်ကို ဂျပန်နိုင်ငံဆီ ခေါ်ဆောင်ဖို့ စင်းလုံးငှားလေယာဉ် ပေးပို့တာမျိုး ကိစ္စတွေ ပါဝင်ခဲ့ပါတယ်။

ဒီလုပ်ဆောင်မှုတွေဟာ ဂျပန်လူထုရဲ့ သဘောဆန္ဒ ထင်ဟပ်မှုကြောင့်လို့လည်း ပြောနိုင်ပါတယ်။ နိုင်ငံ တဝန်းမှာ ရုရှားရဲ့ ကျူးကျော်မှုကို ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေ၊ ယူကရိန်းအတွက် ရန်ပုံငွေ မြှင့်တင်ပေးဖို့ စည်းရုံးတဲ့ အစီအစဉ်တွေ ပေါ်ပေါက်လာပါတယ်။ ဩဂုတ်လတုန်းကလည်း ဒုတိယ ကမ္ဘာစစ် ပြီးဆုံးမှု ၇၇ နှစ်ပြည့် နှစ်ပတ်လည် ကာလမှာ ဂျပန် ပြည်သူ အများစုက ယူကရိန်းနဲ့ ထပ်တူ ရပ်တည်ကြောင်း ပြသလာကြပြန်ပါတယ်။

ယူကရိန်းက ရွှေ့ပြောင်းလာသူတွေကို Peace Winds Japan အဖွဲ့နဲ့အတူ ကူညီပေးနေတဲ့ လုပ်ငန်းတွေမှာ ဦးဆောင်နေတဲ့ နတ်ဆူကို တာကီနာကာက ယူကရိန်း အကျပ်အတည်းကို အကြောင်းပြုပြီး ဂျပန်ရဲ့ နိုင်ငံခြား ဆက်ဆံရေး ကဏ္ဍမှာ အပြောင်းအလဲတွေ ဖြစ်လာတာကို သတိပြုမိကြောင်း၊ ဂျပန် လူထုဟာ ယူကရိန်းကို အကူအညီပေးဖို့ လေးလေးနက်နက် လိုလားလာကြကြောင်း ပြောပါတယ်။

Peace Winds Japanဟာ အစိုးရ မဟုတ်တဲ့ အန်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ယူကရိန်း နိုင်ငံသားတွေအပြင် အိမ်နီးချင်း မော်လ်ဒိုဗာ နိုင်ငံဆီကနေ ပြောင်းရွှေ့လာသူတွေကိုပါ အကူအညီ ပေးနေပါတယ်။ အခုဆိုရင် အဲဒီ အဖွဲ့ဟာ ဂျပန်မှာ ရွှေ့ပြောင်း အခြေချဖို့ ကြိုးစားခဲ့တဲ့ ယူကရိန်း မိသားစုပေါင်း ၁၉ ခုကို ချိတ်ဆက် ကူညီပေးထားပြီး ဖြစ်ပါတယ်။ Peace Winds Japanက အိမ်မွေး တိရစ္ဆာန်တွေပါ ခေါ်ဆောင်ပြီး ပြောင်းရွှေ့ချင်တဲ့ ယူကရိန်း နိုင်ငံသားတွေ၊ အထူးသဖြင့် သူတို့ချစ်တဲ့ တိရစ္ဆာန်လေးတွေကို ခေါ်လာဖို့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခက်အခဲ အတားအဆီးတွေနဲ့ ကြုံနေရသူတွေကို ဦးစားပေး ကူညီပေးနေပါတယ်။ အဲဒီ အစီအစဉ်မှာ အိမ်မွေး တိရစ္ဆာန်တွေကို ရက်ပေါင်း ၁၈၀ ကြာ သီးသန့် ခွဲခြားပြီး ခွေးရူးရောဂါပိုး ရှိမရှိ စစ်ဆေးပေးတာမျိုး လုပ်ငန်းစဉ်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ အဲဒီအတွက် စရိတ်စကတွေက အတော်ကို ကြီးမားပါတယ်။

တာကီနာကာက သူတို့ အဖွဲ့ဟာ ရွှေ့ပြောင်းလာသူတွေ ကြုံရတဲ့ နောက်ထပ် ပြဿနာ တစ်ခုက ဘာသာစကား မကျွမ်းကျင်တဲ့ ကိစ္စဖြစ်တယ်လို့ ရှင်းပြပါတယ်။ ဘာသာစကား ပြဿနာကြောင့် လူတစ်ဦးချင်းစီရဲ့ ကျွမ်းကျင်မှု၊ အရည်အချင်းနဲ့ အတွေ့အကြုံတွေကို ပြောမပြနိုင်တဲ့ အတားအဆီးမျိုးကို Peace Winds Japanက ကြားဝင် ကူညီ ဖြေရှင်းပေးပါတယ်။ ဂျပန်ရဲ့ အလုပ်အကိုင် ရှာဖွေရေး စင်တာတွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေခဲ့တယ်။ အထူးသဖြင့် အောက်ခြေသိမ်းနဲ့ ကော်လံပြာ (ကာယ လုပ်သား) နေရာတွေအတွက် စီစဉ်ပေးနိုင်လေ့ ရှိတယ်လို့ ဆိုပါတယ်။

ယူကရိန်းကနေ ရောက်ရှိလာတဲ့ ဒုက္ခသည် ၂၆၀ လောက်ဆီက စစ်တမ်း ကောက်ယူပြီးတဲ့နောက် ဂျပန်ဘာသာစကား ပြောဆိုတတ်ဖို့ဟာ သူတို့အတွက် အရေးအကြီးဆုံး လိုအပ်ချက် ဖြစ်လာတယ်လို့ အများစုက ဖြေဆိုခဲ့ကြောင်း Nippon ဖောင်ဒေးရှင်းက ပြောပါတယ်။ အဲဒီနောက် အလုပ်အကိုင် အခွင့်အရေးက ဒုတိယ အလိုအပ်ဆုံးဖြစ်ပြီး အလုပ်ဆိုင်ရာ လေ့ကျင့် သင်ယူမှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေအကြောင်း အလေးထား ပြောဆိုမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ “ဒုက္ခသည်တွေ အတွက်တော့ ဘာသာစကားရယ်၊ ယဉ်ကျေးမှု ကွဲပြားတာရယ်တွေက သူတို့ အခြေချ နေထိုင်ဖို့ရော၊ အသက်မွေးဖို့ အတွက်ပါ အတော်ကြီး ခက်ခဲတဲ့ ကိစ္စတွေ ဖြစ်နေပါတယ်”လို့ JARရဲ့ အီရှီကာဝါက ပြောပါတယ်။ နောက်ပြီး သူတို့ကို ဒုက္ခသည်ဘဝ ရောက်အောင် တွန်းပို့လိုက်တဲ့ မိခင်နိုင်ငံက ပဋိပက္ခတွေ၊ ဖိနှိပ်မှုတွေကလည်း ကာလတိုအတွင်း ပြေလည် ရှင်းလင်းသွားမယ့် အနေအထားမျိုး မရှိပြန်ပါဘူး။

ဒုက္ခသည်ရေးရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဂျပန်ရဲ့ အထိုက်အလျောက် ဖြေလျှော့မှုတွေဟာ ယူကရိန်းနဲ့ မြန်မာကြားမှာ ညီမျှမှု မရှိသလို နိုင်ငံရေး သဘောတရားတွေလည်း ကိန်းအောင်းနေနိုင်တယ်လို့ တိုကျိုမြို့တော်က နိုင်ငံတကာ ခရစ်ယာန် တက္ကသိုလ်ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ ပါမောက္ခ စတီဖန် နက်ဂီက ထောက်ပြပါတယ်။

“မြန်မာက သဘာဝ သယံဇာတတွေ ပေါကြွယ်ဝပြီး ပထဝီဝင် နိုင်ငံရေး အရလည်း အရှေ့တောင် အာရှနဲ့ တောင်အာရှ ဒေသကြီး နှစ်ခုကြားမှာ အချက်အခြာကျကျ တည်ရှိနေပါတယ်။ ဒီတော့ ဂျပန် အစိုးရဟာ မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ပြီး တရုတ် စိတ်တိုင်းကျ ခြယ်လှယ်တဲ့ နိုင်ငံတစ်ခု မဖြစ်အောင် တားဆီးလိုတဲ့ သဘောမျိုး ရှိနေတယ်။ မြန်မာနိုင်ငံက ဒုက္ခသည် နည်းနည်းပါးပါးကို လက်ခံနေတယ် ဆိုတာကလည်း ဒီသဘောထားရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ”လို့ သူက ဆိုတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ လမ်းစဉ်မျိုး တရုတ်ကလည်း အင်ဒို-ပစိဖိတ် ဒေသမှာ လိုက်အကောင်အထည် ဖော်လာမှာကို ဂျပန်က အလေးအနက် စိုးရိမ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်းအပေါ် ဂျပန်ရဲ့ အားပေး ကူညီမှုတွေ အပေါ်မှာလည်း လွှမ်းမိုး သက်ရောက်လာမှာကိုလည်း ပူပန်နေဟန် ရှိတယ်လို့ နက်ဂီက ဆက်ပြောပါတယ်။

“ယူကရိန်း ဒုက္ခသည်တွေကို လက်ခံပေးနေတာ၊ ကျောင်းသားတွေနဲ့ လူမှုဝန်ထမ်းတွေကို ကူညီလေ့ကျင့် သင်ကြားပေးနေတာတွေက ယူကရိန်းရဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်မှုကို ခိုင်မာစေဖို့ရယ်၊ ရုရှားက စစ်အင်အားသုံး ကျူးကျော်မှုကို တွန်းလှန်ဖို့ရယ်၊ ဂျပန် အပါအဝင် တခြား အလယ်အလတ် ဩဇာ အင်အားရှိတဲ့ နိုင်ငံတွေအပေါ် ကောင်းကျိုး သက်ရောက်စေဖို့ရယ် ရည်ရွယ်ထားဟန်ပေါ်တယ်လို့ သူက ဆိုတယ်။

လေ့လာသူတွေကတော့ ဂျပန်ရဲ့ ဒုက္ခသည် လက်ခံမှုဆိုင်ရာ မူဝါဒတွေမှာ တိုးတက်မှုတချို့ တွေ့လာရတာကို လက်ခံထားကြတယ်။ ပြီးတော့ ဩဂုတ် ၁၉ ရက်မှာ အာဖဂန် နစ္စတန် နိုင်ငံသား ၉၈ ဦးကို လာရောက် နေထိုင်ဖို့ ခွင့်ပြုလိုက်ခြင်းက ဂျပန်ရဲ့ အရေးပေါ် အစီအမံတွေဟာ ကာလတို လုပ်ဆောင်မှု မဟုတ်ဘူးဆိုတာ မြင်သာစေတယ်လို့ ဆိုတယ်။ ဒီအခြေအနေတွေက ဗီယက်နမ် စစ်ပွဲကာလအတွင်း လူပေါင်း ၁၁၀၀၀ လောက်က ဂျပန်မှာ လာရောက် ရှောင်တိမ်း နေထိုင်ခွင့်ပြုဖို့ လျှောက်ထားခဲ့ကြတဲ့ ဖြစ်ရပ်တွေကိုပါ ပြန်လည် ထင်ဟပ်စေခဲ့ပါတယ်။

ဂျပန်ရဲ့ ဒုက္ခသည် လက်ခံမှုမှာ မူဝါဒ အကြီးအကျယ် ပြောင်းလဲသွားတာမျိုးတော့ လောလောဆယ် မမျှော်လင့်နိုင်သေးပါဘူး။ ဒါပေမဲ့ အီရှီကာဝါကတော့ ဒုက္ခသည် ရေးရာနဲ့ ပတ်သက်ရင် တစ်ဦးချင်း အဆင့်ထိ အနုစိတ် ကူညီပေးတာမျိုးတွေ အကျယ်တဝင့် လုပ်ဆောင်သင့်တယ်လို့ ယုံကြည်နေပါတယ်။

“ဂျပန်မှာ လာရောက် ရွှေ့ပြောင်း အခြေချဖို့ လက်ခံပေးထားတဲ့ သူတွေကို နေထိုင်ရုံ သက်သက်အပြင် စားနပ်ရိက္ခာ၊ အဝတ်အစား၊ နေစရာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေထိ ပြည့်စုံ ကုံလုံအောင် ကူညီပေးဖို့ လိုပါတယ်။ ဒါ့အပြင် အသက်မွေးမှု အထောက်အပံ့တွေပါ ဖြည့်တင်းပေးရမှာပါ။ ဒါမှသာ သူတို့ဟာ ဂျပန်မှာ ရေရှည် အခြေတကျ နေထိုင်နိုင်မှာ ဖြစ်ပါတယ်”လို့ သူက ဆိုတယ်။ နောက်ပြီး ဒုက္ခသည် ဘဝ ရောက်လာတဲ့ ကွဲပြားတဲ့ နောက်ခံ အခြေအနေတွေအလိုက် တစ်ဦးချင်းအတွက် အကြံပေး နှစ်သိမ့်မှုတွေ၊ တုံ့ပြန် အစီအမံတွေလည်း မဖြစ်မနေ လိုအပ်လိမ့်မယ်လို့ အီရှီကာဝါက အကြံပြုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။