Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စီးပွားရေး အပိတ်ဆို့ခံ မြန်မာလုပ်ငန်းရှင်တွေရဲ့ အိုအေစစ် ဖြစ်နေတဲ့ စင်ကာပူ

တစ်ချိန်တုန်းက မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ နံပါတ် ၁ ခရိုနီ လုပ်ငန်းရှင်လို့ လူသိများခဲ့တဲ့ ဦးတေဇဟာ စင်ကာပူနိုင်ငံက ဆန်တိုဆာ ကျွန်းမှာ ဘဝကို သာသာယာယာ ဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ အဲဒီနေ့တွေက သိပ်ကြာကြာ ခံနေဦးမယ့်ပုံ မပေါ်တော့ပါဘူး။

Sentosa Cove in Singapore
စင်ကာပူရှိ ဦးတေဇပိုင် ဗီလာရှိသော Sentosa Cove Photographer: Darren Soh/Bloomberg

စင်ကာပူ ရောက်တဲ့အခါ မြန်မာနိုင်ငံ လုပ်ငန်းရှင် သူဌေးကြီး ဦးတေဇ နေထိုင်လေ့ရှိတဲ့ ဆန်တိုနာ ကျွန်းပေါ်က ၃ ထပ် စံအိမ်ကြီး ရှေ့မှာတော့ တရုတ်စံကားနဲ့ အုန်းပင်တွေကို အစီအရီ စိုက်ပျိုးထားပါတယ်။ တောင်တရုတ်ပင်လယ်ကို မေးတင်နေပြီး ချမ်းသူကြွယ်ဝသူတွေရဲ့ အပန်းဖြေ ကစားကွင်းလို့ ညွှန်းဆိုခံရတဲ့ ဆန်တိုနာ ကျွန်းပေါ်မှာ ဦးတေဇတို့ မိသားစု ပိုင်ဆိုင်တဲ့ အိမ်ကြီးနှစ်လုံး ရှိပါတယ်။ ငွေစက္ကူတွေကို ရှုံ့အိတ်ကြီး တစ်လုံးထဲ အပြည့်အသိပ်ထည့်ပြီး ဦးတေဇတစ်ယောက် မကြာခဏ ပေါ်ပေါ်လာတတ်တဲ့ Marina Bay Sands ကာစီနိုရုံကနေ ကားနဲ့ ခဏလေး မောင်းသွားရုံနဲ့ ရောက်မယ့် နေရာမျိုးမှာ ဦးတေဇရဲ့ စံအိမ်ကြီး ရှိနေပါတယ်။ ဇွန်လရဲ့ နေသာတဲ့ တစ်နေ့မှာတော့ Ferrari F8 Spider စူပါကား တစ်စီးနဲ့ Mercedes ဇိမ်ခံကားကြီး တစ်စီးက စံအိမ်ကြီး တစ်လုံးရှေ့မှာ ရပ်ထားတာ တွေ့ရပါတယ်။

တကယ်တော့ မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ တခြား အထောက်အပံ့တွေ ပေးနေတယ်ဆိုပြီး အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံထားရတဲ့ ဦးတေဇ အပါအဝင် မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအတွက် စင်ကာပူဆိုတာ ကောင်းကင်ဘုံတစ်ခု ဖြစ်နေခဲ့တာ အတော်ကြာပါပြီ။ ၂၀၀၇ ခုနှစ်မှာ အမေရိကန်ရဲ့ ပထမဆုံး အရေးယူ ပိတ်ဆို့မှုတွေ စတင် ကြုံခဲ့ရပေမယ့် ဦးတေဇဟာ စင်ကာပူမှာ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ဆက်ပြီး ရရှိနေသလို ကျွန်းသစ်၊ စားအုန်းဆီ၊ လေကြောင်းလိုင်းစတဲ့ လုပ်ငန်းပေါင်းစုံ ကုမ္ပဏီကြီး ၁၀ ခုလောက်နဲ့လည်း ချိတ်ဆက် လုပ်ကိုင်နေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ဆီ ဦးတည်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့အပြီး ၂၀၁၆ ခုနှစ်မှာတော့ အမေရိကန်က ဦးတေဇ အပါအဝင် စစ်တပ်ကို ပံ့ပိုးနေတဲ့သူတွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပြန်လည် ပယ်ဖျက်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို အဓမ္မ ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့နောက် အဲဒီ အရေးယူ ပိတ်ဆို့မှုတွေကလည်း တကျော့ပြန် အသက်ဝင်လာပါတော့တယ်။

U Tay Za
ဦးတေဇ (Photographer: Soe Than Win/AFP/Getty Images)

စင်ကာပူ အပါအဝင် အာရှနိုင်ငံ အများစုဟာ အဲဒီလို အရေးယူ ပိတ်ဆို့မှုတွေကို မထောက်ခံကြပါဘူး။ အဲဒီလို ပိတ်ဆို့မှုတွေက မြန်မာ ပြည်သူတွေကိုပဲ ပိုမို ထိခိုက်နစ်နာစေပြီး မြန်မာကို တရုတ်နဲ့ ပိုမိုနီးစပ်အောင် တွန်းပို့ရာ ရောက်နေတယ်လို့ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ပြောခဲ့ဖူးပါတယ်။ ဦးတေဇအကြောင်းရယ်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စင်ကာပူရဲ့ မူဝါဒတွေ အကြောင်းရယ်ကို မေးမြန်းတဲ့အခါ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်ရဲ့ ထုတ်ပြန်ချက် အဟောင်းတစ်ခုကိုသာ ကိုးကားသွားပါတယ်။ ဝန်ကြီးက မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ကြေကွဲဝမ်းနည်းစရာလို့ ရည်ညွှန်းခဲ့ဖူးပါတယ်။ ပြီးတော့ မြန်မာနိုင်ငံဟာ ပဋိပက္ခတွေကို ပြည်တွင်းရေး အနေနဲ့ပဲ သဘောထား ဖြေရှင်းသင့်သလို မြန်မာ့အရေးနဲ့ ပတ်သက်လို့ စင်ကာပူရဲ့ ပါဝင်လွှမ်းမိုး လုပ်ဆောင်နိုင်ခြေတွေကို အလွန်အကျွံ မျှော်လင့် တွက်ဆထားတာမျိုး မလုပ်ဖို့ ဝန်ကြီးက ပြောဖူးပါတယ်။

ဒါပေမဲ့ အမေရိကန်က မြန်မာ စစ်ဗိုလ်ချုပ်တွေအပေါ် ဖိအားပေးမှုတွေ အစွမ်းကုန် မြှင့်တင်လာပြီး ကမ္ဘာ့ ဘဏ္ဍာရေး ထိန်းညှိ အဖွဲ့အစည်းတွေကလည်း မြန်မာအပေါ် နာမည်ပျက် စာရင်းသွင်း ပိတ်ဆို့မှုတွေ ပိုမို လုပ်ဆောင်လာတဲ့အခါ ဒီလို သဘောထား ရပ်တည်မှုကို ဆက်ထိန်းထားဖို့ မလွယ်တော့ပါဘူး။ အခုဆိုရင် စင်ကာပူဟာ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေရဲ့ ပြည်တွင်းရေး ကိစ္စတွေမှာ ဝင်မစွက်ဖူးဆိုတဲ့ သူတို့ရဲ့ မူဝါဒကနေ စတင်ဖယ်ခွာမယ့် အရိပ်လက္ခဏာတွေ တွေ့နေရပါပြီ။ စင်ကာပူဟာ မြန်မာ စစ်ကောင်စီအပေါ် ထင်သာမြင်သာ ဝေဖန်တာတွေ ရှိလာပါတယ်။ ဘဏ်တွေကိုလည်း မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ ငွေကြေး စီးဆင်းမှုတွေကို ပိုမိုတင်းကျပ် စောင့်ကြည့်ဖို့ တောင်းဆိုခဲ့ပြီး အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက် ဖိနှိပ်ရာမှာ အသုံးဝင်နိုင်တဲ့ ပစ္စည်းကိရိယာတွေ လွှဲပြောင်းပေးမှု အားလုံးကိုလည်း ခွင့်မပြုတော့ပါဘူး။ ဒါပေမဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းမှာ ပါဝင်နေပြီး သူ့လုပ်ရပ်တွေကို မကျူးလွန်ခဲ့ဖူးပါဘူးလို့ ငြင်းချက်ထုတ်နေဆဲဖြစ်တဲ့ ဦးတေဇတို့လို လက်နက် ကုန်သည်တွေကတော့ မြို့ပြနိုင်ငံငယ် စင်ကာပူမှာ တခြားလုပ်ငန်းတွေကို လည်ပတ် လုပ်ကိုင်နေဆဲပါပဲ။

“အစောပိုင်းမှာတော့ စင်ကာပူဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ရမှာကို အတော်လေး မလိုလားတဲ့ သဘောမျိုး ပြသခဲ့တယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် နိုင်ငံရဲ့ ဘဏ္ဍာရေး ကဏ္ဍအပေါ်မှာ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ ယူဆခဲ့ပုံပဲ”လို့ ဝါရှင်တန် စစ်ကောလိပ်ရဲ့ အရှေ့တောင်အာရှ မူဝါဒရေးရ ပါမောက္ခ ဇက်ခါရီ အဘူဇာက ပြောပါတယ်။ “စစ်ကောင်စီရဲ့ စီးပွားရေး အချိတ်အဆက် တချို့ကို ပြည်တွင်းမှာ စင်ကာပူက စတင်ဖြိုခွင်းတာတွေတော့ ရှိလာပါတယ်။ ဒါပေမဲ့ စစ်ကောင်စီအတွက် ဘဏ္ဍာရေးအရ အသက်သွေးကြောလို အထောက်အပံ့ ဖြစ်စေပြီး လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ အပိုပစ္စည်းတွေ အထောက်အပံ့ ရစေမယ့် စီးပွားရေး လုပ်ငန်း အများစုကတော့ စင်ကာပူမှာ လည်ပတ်နေတုန်းပါပဲ”လို့လည်း သူက ဆိုပါတယ်။

၂၀၀၇ ခုနှစ်တုန်းက ပေါက်ကြားလာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေမှာတော့ ဦးတေဇကို မြန်မာနိုင်ငံရဲ့ နံပါတ်တစ် ခရိုနီ စီးပွားရေး လုပ်ငန်းရှင်လို့ ရည်ညွှန်းထားပါတယ်။ ပြီးတော့ ရုရှားက လေယာဉ် ထုတ်လုပ်ရေး နယ်ပယ်နဲ့ ဦးတေဇရဲ့ ဆက်စပ်မှုတွေကိုလည်း ဖော်ပြထားပါတယ်။ ရန်ကုန် အခြေစိုက် အမေရိကန် သံရုံး အရာရှိတစ်ဦး ရေးသားထားတဲ့ မှတ်တမ်းကို WikiLeaksက ဖွင့်ချလိုက်ရာမှာတော့ ဦးတေဇဟာ စစ်လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ M-17 ရဟတ်ယာဉ်နဲ့ MiG-29 တိုက်လေယာဉ်တွေ ရောင်းချတဲ့ ကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံဆိုင်ရာ တစ်ဦးတည်း ကိုယ်စားလှယ်လိုမျိုး ဖြစ်လာအောင် ရုရှား သံအမတ်ကြီး တစ်ဦးနဲ့ ဘယ်လိုဘယ်ပုံ ဆက်ဆံရေး တည်ဆောက်ယူခဲ့သလဲ ဆိုတာတွေပါ အစုံအလင် ပါရှိနေပါတယ်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ ဗြိတိန် အစိုးရက ဦးတေဇကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ကြေညာလိုက်ရာမှာလည်း သူဟာ အရင်နဲ့ လက်ရှိ မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန်ရဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း သူ့ကို ဇန်နဝါရီလမှာ နာမည်ပျက် စာရင်းသွင်း ပိတ်ဆို့ အရေးယူခဲ့ပြီး ဦးတေဇဟာ ၂၀၂၁ ခုနှစ်၊ မေလတုန်းက မြန်မာ့လေတပ် ဦးစီးချုပ်နဲ့အတူ ရုရှားကို သွားရောက်ပြီး စစ်တပ်အတွက် လက်နက်နဲ့ တခြား အသုံးအဆောင်တွေ ရရှိအောင် ကူညီ ညှိနှိုင်းပေးခဲ့ကြောင်း စွပ်စွဲထားပါတယ်။ အမေရိကန် အစိုးရဟာ ဦးတေဇအပြင် သူ့သားတွေဖြစ်တဲ့ ပြည့်ဖြိုးတေဇနဲ့ ထူးထက် တေဇတို့ နှစ်ဦးကိုပါ ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ထည့်ခဲ့ပါတယ်။ သူ့သားနှစ်ယောက်ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ် လုပ်ရာမှာရော၊ ဦးတေဇ ပိုင်တဲ့ Htoo Group ကုမ္ပဏီကို ဦးဆောင်ရာမှာပါ အစိတ်အပိုင်းတွေ အနေနဲ့ ပါဝင်နေတယ်လို့ အမေရိကန်က ဆိုပါတယ်။

ရုရှားဟာ တရုတ်ပြီးရင် ၂၀၂၁ ခုနှစ် မတိုင်ခင် လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း မြန်မာကို လက်နက် တင်ပို့ရောင်းချမှု ဒုတိယ အများဆုံး နိုင်ငံအဖြစ် ရပ်တည်ခဲ့ကြောင်း နိုင်ငံတကာ လက်နက် အရောင်းအဝယ် ကဏ္ဍကို မျက်ခြေမပြတ် လေ့လာနေတဲ့ စတော့ခ်ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI)က ထုတ်ပြန်ပါတယ်။ SIPRIရဲ့ အဆိုအရ အဲဒီ ကာလရဲ့ ဒုတိယ ၅ နှစ်တာအတွင်း တိုက်ခိုက်ရေး ကဏ္ဍအတွက် သုံးစွဲနိုင်တဲ့ လေယာဉ် အစီး ၃၀ ကို မြန်မာစစ်တပ်က မှာယူခဲ့ရာမှာ ရုရှားဆီက အစီး ၂၀ နဲ့ တရုတ်ဆီက ၁၀ စီးဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးက ကာကွယ်ရေး ကဏ္ဍအတွက် စစ်လက်နက်တွေ စုဆောင်း ဝယ်ယူတတ်ကြပေမယ့် တပ်မတော်လို့ ကိုယ့်ကိုယ်ကိုယ် နာမည်တပ်ထားတဲ့ မြန်မာစစ်တပ်ကတော့ ကိုယ့်နိုင်ငံသားတွေနဲ့ လူနည်းစု ရိုဟင်ဂျာတွေကို ဖိနှိပ် ရန်ပြုဖို့ စစ်လက်နက်တွေ ဝယ်နေတာလို့ SIPRIက ဆိုပါတယ်။

Soldiers in Yangon
၂၀၂၁ မတ်လက ရန်ကုန်မြို့ ဆန္ဒပြပွဲများကို ဖြိုခွင်းရန် ရောက်လာသော စစ်သားများ (Source: Getty Images)

SIPRIရဲ့ လက်နက် လွှဲပြောင်းရေး စီမံကိန်းဆိုင်ရာ အကြီးတန်း သုတေသီ တစ်ဦးဖြစ်တဲ့ ဆိုင်မွန် ဝက်ဇီမန်က မြန်မာလို နိုင်ငံမျိုးတွေမှာ ဦးတေဇလို ကြားလူတွေကို အသုံးပြုတာဟာ ပုံမှန် အနေအထားမျိုးပဲလို့ မှတ်ချက်ပေးပါတယ်။ “အဲဒီလို ကြားလူတွေက ဗဟုသုတ များတယ်။ အဆက်အသွယ် ကောင်းတယ်။ ဒီတော့ သူတို့ကို သုံးတဲ့အခါ ဘီးလှည့်ရင် ချောဆီထည့်သလိုပဲ။ အလုပ်တွင်တယ်ပေါ့လေ”လို့ ဝက်ဇီမန်က ပြောတယ်။ “သူတို့ လုပ်နေသမျှက တရားမဝင်ဘူးလို့တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ သူတို့က လက်နက် အရောင်းအဝယ် ကိစ္စတွေ အထမြောက်အောင်၊ သယ်ယူနိုင်အောင် ကူညီပေးနိုင်ကြတယ်”လို့လည်း ဝက်ဇီမန်က မှတ်ချက် ပေးခဲ့ပါတယ်။

အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေ ဦးတေဇအပေါ် သက်ရောက်မှု မရှိတဲ့ ၂၀၁၈ လောက် ကာလတုန်းကတော့ သူပိုင်ဆိုင်တဲ့ Yangon Aircraft Engineering Co.ရဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာ့လေတပ်က အရာရှိတချို့နဲ့ တွေ့ဆုံပြီး ART 72 လေယာဉ် တစ်စီးစီကို ကုန်တင်ဖို့နဲ့ စစ်သည်တွေ သယ်ယူ ပို့ဆောင်ဖို့အတွက် ပြောင်းလဲနိုင်ရေးကိစ္စ ဆွေးနွေးခဲ့တယ်။ အဲဒီအတွက် လေယာဉ် တစ်စီးကို ဒေါ်လာ ၅ သိန်းခွဲလောက် ကုန်ကျလိမ့်မယ်လို့ တင်ပြခဲ့ကြောင်း ပေါက်ကြားလာတဲ့ အစည်းအဝေး မှတ်တမ်းတွေကို ကိုးကားပြီး Justice for Myanmarက ဖော်ပြခဲ့ပါတယ်။ Justice for Myanmarဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေကို အားပေး ထောက်ပံ့နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို စုံစမ်းဖော်ထုတ်တဲ့ အဖွဲ့တစ်ခုပါ။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတုန်းက ပေါက်ကြားလာတဲ့ နောက်ထပ် မှတ်တမ်း တစ်ခုအရဆိုရင် ဦးတေဇရဲ့ Myanmar Avia Export ကုမ္ပဏီဟာ ရုရှားရဲ့ JSR ရဟတ်ယာဉ် ကုမ္ပဏီနဲ့ မိတ်ဖက် သဘောတူညီမှုတွေ ရှိနေကြောင်း သိရှိလာရပါတယ်။

၂၀၁၉ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ အစီရင်ခံမှု တစ်ခုမှာတော့ ဦးတေဇပိုင် Htoo Group ကုမ္ပဏီကို မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ခရိုနီ လုပ်ငန်းစုကြီး တစ်ခုအဖြစ် ရည်ညွှန်းထားပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတုန်းက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေ ဆင်နွှဲမယ်လို့ ခေါင်းစဉ်တပ်ပြီး ရခိုင်ပြည်နယ် အနောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူမျိုးသုဉ်း သုတ်သင် ရှင်းလင်းတော့လည်း မြန်မာစစ်တပ်ကို အဓိက လှူဒါန်း ထောက်ပံ့တဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် Htoo Groupက ပါဝင် ရပ်တည်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကြောင့် ရိုဟင်ဂျာ ထောင်ဂဏန်းလောက် သေဆုံးပြီး ၈ သိန်း ၇ သောင်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြောင်း ခန့်မှန်းထားကြပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဦးတေဇနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။ လက်နက်ပွဲစား လုပ်မှုနဲ့ ဦးတေဇကို အရေးယူ ပိတ်ဆို့မှုတွေ ရှိလာတဲ့အပေါ် မေးခွန်းထုတ်ရာမှာ ဇော်မင်းထွန်းက လောလောဆယ် မဖြေနိုင်သေးကြောင်း တုံ့ပြန်သွားပါတယ်။

၁၀၀၀ ရာခိုင်နှုန်း ငြင်းဆန်မှု
ဦးတေဇကတော့ သူဟာ လက်နက်ကုန်သည်တစ်ယောက် မဟုတ်ဘူးလို့ ငြင်းထားပါတယ်။ ဟိမဝန္တာ တောင်ခြေက သူပိုင်ဆိုင်တဲ့ အပန်းဖြေ စခန်းတစ်ခုရှိရာ ပူတာအိုမှာ မိနစ် ၉၀ ကြာ အင်တာဗျူးတစ်ခု ပြုလုပ်တဲ့အခါ အသက် ၅၈ နှစ်အရွယ် စီးပွားရေး လုပ်ငန်းရှင်ကြီးက သူ့အနေနဲ့ မြန်မာ စစ်တပ်အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ သယ်ယူ ပို့ဆောင်ပေးတာသာဖြစ်ပြီး လက်နက်တွေ ဝယ်ယူပေးတာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ ပြီးတော့ အခုလို အရေးယူ ပိတ်ဆို့မှုတွေကြောင့် သူဟာ ဘဏ္ဍာရေးအရ ထိခိုက် နစ်နာမှုတွေ ရှိခဲ့သလို အာမခံ သဘောတူညီမှုတွေလည်း လုပ်လို့ မရတဲ့အတွက် သူပိုင်ဆိုင်တဲ့ လေကြောင်းလိုင်းကိုပါ ပိတ်ပစ်ခဲ့ရတယ်လို့လည်း ဦးတေဇက ဆိုတယ်။ အခုဆိုရင် သူဟာ စီးပွားရေး နယ်ပယ်ကနေ တစ်စိတ်တစ်ပိုင်း အနားယူလိုက်ပြီလို့တောင် သတ်မှတ်နိုင်ကြောင်းလည်း ဦးတေဇက ပြောခဲ့ပြန်ပါတယ်။

“ကျွန်တော်က လက်နက်တွေ ရောင်းဝယ်တာ မဟုတ်ပါဘူး”လို့ ပြောနေချိန် သူ့ရဲ့ ဝိုင်းစက်တဲ့ မျက်နှာဟာ ကွန်ပျူတာ မျက်နှာပေါ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ “၁၀၀၀ ရာခိုင်နှုန်း မဟုတ်ပါဘူး”လို့ သူက ဆက်ပြောတယ်။

ချိတ်ဆက် မေးမြန်းမှုမှာ သူ့သားနှစ်ယောက်ကလည်း ပါဝင်ခဲ့ကြပါတယ်။ သူ့ရဲ့ အဓိက အမွေခံလို့ ထင်ကြေးပေးခံရတဲ့ အသက် ၃၅ နှစ်အရွယ် ပြည့်ဖြိုးတေဇက ရန်ကုန်ကနေပြီး ဆက်သွယ်ခဲ့ပါတယ်။ မိသားစုပိုင် ဘဏ်လုပ်ငန်းကို ကြီးကြပ်နေသူ အသက် ၂၉ နှစ်အရွယ် ထူးထက်တေဇကတော့ ဆန်တိုဆာမှာရှိတဲ့ W ဟိုတယ်ကနေ လှမ်းချိတ်ဆက်ခဲ့တာပါ။ စင်ကာပူက နိုင်ငံတကာ ကျောင်းတစ်ခုမှာ တက်ရောက် ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်လို မွှတ်နေအောင် ပြောဆိုတတ်တဲ့ သားနှစ်ယောက်က တစ်ခါတလေမှာ ဖခင်ဖြစ်သူအတွက် ဘာသာပြန်ပေးပြီး ကူညီကြပါတယ်။

Htoo Htet Tay Za
ဦးတေဇ၏သား ထူးထက်တေဇ (Photographer: Brent Lewin/Bloomberg)

“မီဒီယာတွေက ကျွန်တော်နဲ့ စစ်တပ်ကြားက ဆက်ဆံရေးကို လိုရာဆွဲ ပုံဖော်နေတာပါ”လို့ ဦးတေဇက ပြောပါတယ်။ သူဟာ ၂၀၁၁ ခုနှစ် အထိတော့ စစ်တပ်နဲ့ အပြန်အလှန် ခင်မင်ရင်းစွဲ ဆက်ဆံရေးမျိုး ရှိခဲ့တယ်လို့ ဦးတေဇက ဝန်ခံတယ်။ နောက်ပြီး အဲဒီအချိန်တုန်းက သူနဲ့ အစိုးရကြားက နီးစပ်မှုတွေဟာ ပုံကြီးချဲ့ ဖော်ပြထားတာတွေ ဖြစ်တယ်လို့လည်း ဦးတေဇက ဆိုတယ်။ ဒါ့အပြင် မနှစ်တုန်းကလည်း ကပ်ရောဂါကြောင့် ခရီးသွားလာခွင့်တွေ ကန့်သတ်ထားတဲ့အတွက် သူဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်ဆီ လုံးဝ မသွားခဲ့ပါဘူးလို့ ဦးတေဇက အခိုင်အမာ ပြောပါတယ်။ ဒါဟာ ပြည်ပမှာ တိမ်းရှောင်နေရတဲ့ မြန်မာ မီဒီယာ တစ်ခုဖြစ်တဲ့ ဧရာဝတီရဲ့ ၂၀၂၁ ခုနှစ်၊ မေလတုန်းက သတင်းဖော်ပြချက်ရယ်၊ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ စွပ်စွဲချက်တွေရယ်ကို ငြင်းဆိုလိုက်တဲ့ အဓိပ္ပါယ်ပါပဲ။

ဧရာဝတီကတော့ နာမည်ဖော်မပြတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဦးတေဇဟာ စင်ကာပူကနေ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်ဆီ စင်းလုံးငှား လေယာဉ်နဲ့ သွားရောက်ခဲ့ကြောင်း ထုတ်ဖော် ရေးသားခဲ့ပါတယ်။ နေပြည်တော်မှာ မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ အစည်းအဝေး လုပ်ပြီးတဲ့နောက် အဲဒီတုန်းက လေတပ် ဦးစီးချုပ်နဲ့အတူ မော်စကိုက စစ်ရေးပြပွဲ တစ်ခုဆီ ခရီးဆက်ခဲ့တယ်လို့ ဧရာဝတီက ဆိုတယ်။ “ဒီစွပ်စွဲချက်တွေ တစ်ခုမှ မဟုတ်ပါဘူးဗျာ”လို့ ဦးတေဇက ပြောပါသေးတယ်။

“Bloomberg သတင်းဌာနက ဦးတေဇရဲ့ မြန်မာနိုင်ငံသား ပတ်စ်ပို့တ် မိတ္တူတစ်စောင်ကို တွေ့ခဲ့ရာမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနောက်ပိုင်း နိုင်ငံရပ်ခြား ခရီးသွားတဲ့ ဘာတံဆိပ်ခေါင်းမှ ထုမထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဦးတေဇလိုမျိုး စင်ကာပူရဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ ကင်းလွတ် နေထိုင်ခွင့် ရထားသူတွေရဲ့ ပတ်စ်ပို့တ်တွေဟာ တံဆိပ်ခေါင်း ထုတာမျိုး မဟုတ်ဘဲ အီလက်ထရောနစ် နည်းပညာနဲ့ Scanဖတ်တာမျိုး ရှိနိုင်ပါတယ်။ ဒီအချက်ကိုတော့ စင်ကာပူရဲ့ လူဝင်မှု ကြီးကြပ်ရေးဌာန ဝက်ဘ်ဆိုက်က ဖော်ပြချက်တွေကို ကိုးကားပြီး ဖော်ပြထားတာပါ။ ဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိကတော့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီနဲ့ ပတ်သက်လို့ ဌာနက မှတ်ချက် မပေးနိုင်ကြောင်း ပြောခဲ့သလို ၂၀၂၁ ခုနှစ်၊ မေလတုန်းက ဦးတေဇတစ်ယောက် စင်ကာပူကနေ ထွက်ခွာခဲ့သလား ဆိုတာကို ပြောပြဖို့လည်း ငြင်းဆိုသွားပါတယ်။

ဦးတေဇရဲ့ ကိုယ်စားလှယ် နောက်တစ်ယောက်ကတော့ ဆန်တိုဆာရဲ့ ဧည့်သည် အဝင်အထွက် မှတ်တမ်းတွေကို နောက်ထပ် အထောက်အထား အနေနဲ့ ယူဆောင် ပြသခဲ့ပါတယ်။ ဦးတေဇဟာ ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်၊ နေ့လယ် ၁း၀၀ နာရီမှာ အိမ်က ထွက်သွားပါတယ်။ မေလ ၂၁ ရက်၊ ညနေ ၄း၀၀ နာရီမှ အိမ်ပြန်ရောက်လာပါတယ်။ ဒီတော့ မေလ ၂၀ ကနေ ၂၂ ရက်ထိ ကျင်းပတဲ့ မော်စကိုက စစ်ရေးပြပွဲကို သွားတက်ဖို့ လုံလောက်တဲ့ အနေအထား ရှိပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက စင်ကာပူမှာ ပြဋ္ဌာန်း သတ်မှတ်ထားတဲ့ ကပ်ရောဂါ ထိန်းချုပ်ရေး စည်းမျဉ်းတွေအရ သူဟာ သီးသန့် နေရာတစ်ခုမှာ ၂၁ ရက်ကြာ Quarantine ဝင်ရမယ်ဆိုတဲ့ အချက်နဲ့ ချိန်ထိုးရင်တော့ နိုင်ငံခြား သွားခဲ့တယ်လို့ ယူဆလို့ မရတော့ပါဘူး။

ဧရာဝတီရဲ့ အယ်ဒီတာချုပ် ကိုအောင်ဇော်ကတော့ သတင်းဌာနရဲ့ ဖော်ပြချက်က ခိုင်မာမှန်ကန်ကြောင်း ပြောပါတယ်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနကတော့ ဘာမှတ်ချက်မှ မပေးပါဘူး။

ဦးတေဇက နောက်ထပ် မေးခွန်းတွေကို ဖြေဆိုဖို့ စင်ကာပူမှာ တွေ့ဆုံမယ်လို့ ပြောခဲ့ပြီးမှ အဲဒီကမ်းလှမ်းချက်ကို ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။ သူ့ကုမ္ပဏီရဲ့ ကိုယ်စားလှယ် တစ်ယောက်ကတော့ ၂၀၁၈ ခုနှစ်တုန်းက လေယာဉ်တွေကို ပြောင်းလဲ အသုံးပြုရေး စီမံကိန်းဟာ အရပ်ဖက် လုပ်ငန်းတွေရဲ့ သဘာဝသာ ဖြစ်တယ်လို့ပြောပြီး လက်တွေ့လည်း အထမမြောက်ခဲ့ကြောင်း အီးမေးလ် တစ်စောင်မှာ မှတ်ချက် ပေးထားပါတယ်။ ဒါ့အပြင် Myanmar Avia Exportဟာ ဘယ်နိုင်ငံရပ်ခြား ကုမ္ပဏီနဲ့မှ မိတ်ဖက်အဖြစ် လက်တွဲမထားကြောင်းလည်း သူက ဆက်ငြင်းသွားပါတယ်။

နောက်ဆုံး ပြဋ္ဌာန်းလိုက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် မြန်မာစစ်တပ်က သူတို့ရဲ့ မူဝါဒတွေကို ပြောင်းလဲမှာ မဟုတ်ပေမယ့် ဦးတေဇ တစ်ယောက်ကတော့ အတော်လေး ထိချက်ပြင်းပြင်း ခံစားခဲ့ရပါတယ်။ ဗြိတိန် အစိုးရက သူတို့ရဲ့ ဆက်စပ်နယ်မြေ အားလုံးမှာ ဦးတေဇကို ခရီးသွားလာခွင့် ပိတ်ပင်ခဲ့ပါတယ်။ စင်ကာပူ အခြေစိုက် Banyan Tree Groupက မြန်မာနိုင်ငံမှာရှိတဲ့ ဟိုတယ် ၁၇ ခုအတွက် စီမံအုပ်ချုပ်ရေး ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးဖို့ ညှိနှိုင်း ဆွေးနွေးမှုတွေလည်း ပျက်ပြယ်သွားတယ်။ ဒီလို ဖြစ်ရတာက လတ်တလော အခြေအနေတွေကြောင့်လို့ Banyan Tree Groupရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်က အကြောင်းပြပါတယ်။ ဒီနှစ် အစောပိုင်းမှာလည်း အမေရိကန်ရဲ့ Las Vegas Sands ကော်ပိုရေးရှင်းက ပိုင်ဆိုင်တဲ့ Marina Bay Sandsကလည်း ဦးတေဇကို သူတို့ဆီမှာ လာပြီး လောင်းကစားနေတာတွေအတွက် မကြိုဆိုတော့ကြောင်း အခုနှစ်ဆန်းပိုင်းမှာ အသိပေးလိုက်ပါတယ်။ (ဒီလို တားမြစ်ခံရတာက ဦးတေဇအတွက် ကောင်းရာကောင်းကြောင်း ကိစ္စမျိုးလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ သူက အဲဒီ ကာစီနိုမှာ ဒေါ်လာ သန်း ၇၀ လောက် ရှုံးထားတယ်လို့ အကြောင်းသိ တစ်ယောက်က ပြောပါတယ်) ကာစီနို ကုမ္ပဏီကလည်း ဒီကိစ္စတွေကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြန်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဦးတေဇဟာ ဆန္ဒရှိသလို ဝင်ထွက် သွားလာလို့တော့ ရနေတုန်းပါပဲ။ “စင်ကာပူက ဒေသတွင်းမှာ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆုံချက်နေရာ တစ်ခုအဖြစ် ရှိနေဆဲပါ။ အမြင့်ဆုံးဆိုတဲ့ ဝန်ဆောင်မှု စံနှုန်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်”လို့ ဦးတေဇရဲ့ ကိုယ်စားလှယ် တစ်ဦးက ဆိုတယ်။ “ဦးတေဇဟာ စင်ကာပူရဲ့ လူနေမှု ဘဝ၊ အစားအသောက်၊ ပတ်ဝန်းကျင်တွေကို နှစ်သက်ပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ စင်ကာပူက မိတ်ဆွေတွေနဲ့လည်း ခိုင်မာတဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်လာနိုင်ခဲ့ပါတယ်”လို့ အဲဒီပုဂ္ဂိုလ်က ဆက်ပြောတယ်။ ဒါပေမဲ့ ဦးတေဇရဲ့ ချမ်းသာ ကြွယ်ဝမှုတွေနဲ့ လောင်းကစား ဝါသနာထုံမှု အကြောင်းတွေအပေါ် မှတ်ချက်ပေးဖို့တော့ သူက ငြင်းဆန်သွားပါတယ်။

မိသားစု ဆက်စပ်မှုများ
ဦးတေဇရဲ့ မိသားစု မျိုးရိုး အဆက်အနွယ်တွေကလည်း စစ်ဘက်မှာရော၊ စီးပွားရေး နယ်ပယ်မှာပါ သူ့အတွက် လမ်းကြောင်းဖြောင့်ဖြူးအောင် ကူညီပေးနေတယ်။ သူ့ဖခင် ဦးမြင့်ဆွေဟာ မြန်မာစစ်တပ်ရဲ့ စစ်ရေး သုတေသန ဌာနတစ်ခုမှာ ထိပ်တန်း ရာထူးတစ်ခုကို တာဝန်ယူခဲ့ဖူးတယ်။ လုပ်ထုံးလုပ်နည်းအရ အဲဒီဌာနဟာ အမေရိကန်ရဲ့ စီအိုင်အေ ထောက်လှမ်းရေး ဌာနနဲ့ ဆင်တူပါတယ်။ ဦးမြင့်ဆွေဟာ ဂျော်ဂျီယာပြည်နယ်က ဖို့ဒ်ဘန်နင်မှာပါ သင်တန်း တက်ခဲ့ဖူးတယ်လို့ ၂၀၀၈ ခုနှစ်မှာ သူကွယ်လွန်သွားတဲ့နောက်ပိုင်း မိသားစုက ထုတ်ဝေတဲ့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားပါတယ်။ ဦးမြင့်ဆွေဟာ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ခင်မင်ရင်းစွဲ ရှိခဲ့တာကြောင့်လည်း သူ့ရဲ့ အငယ်ဆုံးသားကို စစ်တပ်က ယုံကြည်စိတ်ချအောင် အထောက်အပံ့ ဖြစ်စေခဲ့တယ်။

ဦးတေဇဟာ ၁၉၈၀ ပြည့်လွန်နှစ် အစောပိုင်းတွေမှာ စစ်တက္ကသိုလ် တက်နေရာက ကျောင်းထွက်လာပြီး ဒေါ်သီတာဇော်နဲ့ လက်ထပ်ခဲ့တယ်။ သူ့ဇနီးရဲ့ မိသားစုက Htoo Group ကုမ္ပဏီကို ပိုင်ဆိုင်ပါတယ်။ အဲဒီတုန်းကတော့ Htoo Groupဟာ ဆန်စက်လုပ်ငန်းတွေကို အဓိက လုပ်ကိုင်နေပါတယ်။ နောက်တော့ ဦးတေဇက ကျွန်းသစ် ကုန်သွယ် ရောင်းဝယ်မှု၊ လေကြောင်း သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ဘဏ်နဲ့ ဟိုတယ် နယ်ပယ်တွေမှာ လုပ်ငန်း ချဲ့ထွင်လာတယ်။ တစ်ချိန်တည်းမှာပဲ ၂၀၁၁ ခုနှစ်ထိ မြန်မာနိုင်ငံကို ဆယ်စုနှစ် ၂ ခုလောက် အုပ်စိုးသွားသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ထိပ်တန်း စစ်ဘက် အရာရှိကြီးတွေနဲ့လည်း အပေါင်းအသင်း ပိုဝင်ဆံ့လာတယ်။

အမေရိကန်ရဲ့ ပေါက်ကြားလာတဲ့ မှတ်တမ်းတစ်ခုမှာတော့ ဦးတေဇဟာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ဘာအတွေ့အကြုံမှ မယ်မယ်ရရ မရှိတဲ့ သားသမီးတွေကို သူ့လုပ်ငန်းတွေအတွက် ငှားရမ်းပြီး ရာထူးကြီးကြီးတွေမှာ ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။ အပြန်အလှန် အနေနဲ့ သူကလည်း အထူးအခွင့်အရေးတွေ ရခဲ့တယ်။ ဥပမာ အနေနဲ့ နိုင်ငံရဲ့ မြို့တော်သစ်အဖြစ် နေပြည်တော်ကို စတင်တည်ဆောက်နေတဲ့ အချိန်တွေမှာ ဘိလပ်မြေ တင်သွင်းခွင့် ရရှိတဲ့ လူနည်းစု စာရင်းမှာ ဦးတေဇ ပါဝင်ခဲ့ပါတယ်။ နောက်ပြီး အရက်တင်သွင်းခွင့် အထူးလိုင်စင် တစ်ခုကိုလည်း ဦးတေဇက ရရှိခဲ့ပြီး ဒီအတွက် သူက လေတပ် ဦးစီးချုပ်ဟောင်း တစ်ဦးရဲ့ အသက် ၂၀ အရွယ် သားဖြစ်သူကို လက်လီ အရောင်းဆိုင်တွေ ဖွင့်လှစ်နိုင်အောင် ဒေါ်လာ ၂ သိန်း ပေးအပ်ခဲ့ကြောင်း အမေရိကန်ရဲ့ ထောက်လှမ်းရေးကေဘယ်လ် မှတ်တမ်းတွေအရ သိရပါတယ်။

၁၉၉၇ ခုနှစ်မှာ အမေရိကန် သမ္မတ ဘီလ်ကလင်တန်က မြန်မာကို ပထမဆုံးအကြိမ် နာမည်ပျက် စာရင်း သွင်းလိုက်တဲ့အခါ ဦးတေဇဟာ စင်ကာပူ အခြေစိုက် သူ့ရဲ့ လုပ်ငန်းနှစ်ခုဖြစ်တဲ့ Pavo International Pteနဲ့ Pavo Trading Pteတို့ကို ပေါင်းစည်းလိုက်တယ်။ ကုမ္ပဏီရဲ့ အချက်အလက်တွေကို ရေးဖြည့်ရာမှာ သစ်တွေ၊ အထပ်သားတွေနဲ့ တခြား ဆက်စပ် ပစ္စည်းတွေ ထုတ်လုပ်ဖို့လို့ ဖော်ပြထားပါတယ်။ ၂၀၀၄ ခုနှစ်မှာ အမေရိကန် သမ္မတ ဂျော့ဂျ် ဒဗလျူ ဘုရှ်က မြန်မာနိုင်ငံရဲ့ ထုတ်ကုန်တွေ တင်သွင်းမှုကို ပိတ်ပင်လိုက်တဲ့ အချိန်မှာ ဦးတေဇက Air Bagan Holdings ကုမ္ပဏီကို မှတ်ပုံတင်ခဲ့တယ်။ ဘုရှ်က အရေးယူ ဒဏ်ခတ်မှုတွေကို ချဲ့ထွင်လာတဲ့ ၂၀၀၇ ခုနှစ်မှာတော့ စင်ကာပူ အခြေစိုက် Terrestrial Pte ကုမ္ပဏီကို ဦးတေဇက စတင် လည်ပတ်စေခဲ့တယ်။

Tay Za, left, with Myanmar military officers
ဦးတေဇနှင့် အစိုးရအရာရှိကြီးများကို Air Bagan အခမ်းအနားတစ်ခုတွင် တွေ့ရစဉ် (AP Photo)

အေးချမ်းတဲ့ အိုအေစစ်
တခြား ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေလိုပဲ ဦးတေဇဟာ တည်ငြိမ်မှုနဲ့ သိုသိုသိပ်သိပ်ရှိမှုတွေကို ပေးစွမ်းနိုင်မယ့် စင်ကာပူကို သဘောကျခဲ့တယ်။ တခြား အာရှ အိမ်နီးချင်းတွေနဲ့ ယှဉ်လိုက်ရင် အဲဒီ မြို့ပြ နိုင်ငံလေးဟာ အေးချမ်းတဲ့ အိုအေစစ်လေး တစ်ခုလိုပါပဲ။ ၁၉၆၅ ခုနှစ်မှာ မလေးရှားကနေ ခွဲထွက်လာတဲ့နောက် စင်ကာပူဟာ ခေါင်းဆောင်ကြီး လီကွမ်ယုရဲ့ ဦးဆောင်မှုနဲ့အတူ တစ်ပါတီ စနစ် ကျင့်သုံး အုပ်ချုပ်ခဲ့တယ်။ လီဟာ စင်ကာပူကို နိုင်ငံတကာ စီးပွားရေးနဲ့ ဘဏ္ဍာရေး ဗဟိုချက်တစ်ခု ဖြစ်လာအောင် ဦးဆောင်မှု ပေးခဲ့တယ်။

ဆွစ်ဇာလန်နဲ့ ဟောင်ကောင်တို့ပြီးရင် ကမ္ဘာပေါ်မှာ ပြည်ပ ဘဏ္ဍာရေးစင်တာတွေ တတိယ အများဆုံး တည်ရှိတဲ့ စင်ကာပူဟာ ကမ္ဘာအနှံ့က ငွေကြေးတွေကို ဆွဲဆောင်နေပါတယ်။ ၂၀၂၀ ပြည့်နှစ်က စင်ကာပူမှာ စီးပွားရေး လုပ်ငန်း အသီးသီးရဲ့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးက ဒေါ်လာ ၃.၅ ထရီလီယံဖိုးလောက် ရှိနေပြီး လေးပုံ၊ သုံးပုံကတော့ ပြည်ပကနေ စီးဝင်လာတာလို့ ဗဟိုဘဏ်ရဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဘဏ်တွေနဲ့ ကြွယ်ဝမှု စီမံကွပ်ကဲရေး လုပ်ငန်းတွေက အာဏာပိုင်တွေရဲ့ ဥပဒေနဲ့အညီ တောင်းဆိုမှု၊ ဒါမှမဟုတ် တရားရုံး အမိန့်တွေ မပါဘဲနဲ့ သူတို့ ဖောက်သည်တွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ထုတ်မပေးနိုင်ကြောင်း ပြောပါတယ်။

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ စင်ကာပူမှာတော့ အကြီးစား လုပ်ငန်းကဏ္ဍ တစ်ခုပါပဲ။ ဇူလိုင်လထိ စာရင်းတွေအရ စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်း ၅ သိန်း ၆ သောင်းကျော် ရှိတယ်။ ဒီအခြေအနေတွေကြောင့် ကောင်းကျိုး ခံစားရသူတွေထဲမှာ ဆရီနာ လီချွိုင်လီလည်း ပါဝင်ပါတယ်။ မလေးရှားက ရှေ့နေ အမျိုးသမီးဟာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းပေါင်း ၂၀၀ ကျော်အတွက် အတွင်းရေးမှူး တာဝန် ယူထားရကြောင်း စင်ကာပူ ကော်ပိုရိတ် မှတ်ပုံတင် ဌာနမှာ ဖော်ပြထားတဲ့ စာမျက်နှာ ၁၄၇ မျက်နှာရှိတဲ့ သူ့ရဲ့ ကိုယ်ရေး မှတ်တမ်းအရ သိရပါတယ်။ အဲဒီထဲက လုပ်ငန်း တစ်ခုကတော့ ဦးတေဇရဲ့ Pavo Tradingပဲ ဖြစ်ပါတယ်။ လီဟာ အဲဒီမှာ အတွင်းရေးမှူးအဖြစ် ၁၉၉၉ ခုနှစ် ကတည်းက အလုပ်လုပ်နေခဲ့တယ်။ ဒါ့အပြင် ဦးတေဇ၊ ဒါမှမဟုတ် သူ့မိသားစုနဲ့ အဆက်အစပ်ရှိတဲ့ လုပ်ငန်းပေါင်း တစ်ဒါဇင်ထက် မနည်းမှာ လီက အလုပ်လုပ်နေဆဲ၊ ဒါမှမဟုတ် အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီ လုပ်ငန်း အများစုရဲ့ တည်နေရာဟို Bharat အဆောက်အအုံရဲ့ ၆ လွှာ လိပ်စာနဲ့ပဲ မှတ်ပုံတင်ထားပါတယ်။ လီရဲ့ ရုံးခန်းကလည်း အဲဒီမှာပဲ ရှိနေပါတယ်။ လီကတော့ ဒီအကြောင်းတွေအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။

၂၀၀၈ ခုနှစ်လောက်မှာ Pavo Tradingကို ဦးတေဇရဲ့ ဘဏ္ဍာရေး ကွန်ရက်နဲ့ ဆက်နွှယ်တဲ့ လုပ်ငန်းတစ်ခုအဖြစ် အမေရိကန်က စာရင်းသွင်း သတ်မှတ်ခဲ့ပါတယ်။ စင်ကာပူရဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ မှတ်ပုံတင် စာရင်းတွေအရ အဲဒီ ကုမ္ပဏီဟာ ဒီနေ့ထိ ကြွေးမြီကင်းရှင်းပြီး သက်​ဝင် လှုပ်ရှားနေဆဲလို့ သိရပါတယ်။ ပြီးတော့ ကုမ္ပဏီရဲ့ နောက်ဆုံးအကြိမ် နှစ်ပတ်လည် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ မှာ ကျင်းပခဲ့ပါတယ်။ ဦးတေဇဟာ ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ၊ ဒါရိုက်တာနဲ့ အဓိက ရှယ်ယာရှင်ဆိုတဲ့ ရာထူး သတ်မှတ်ချက်တွေကို ရယူထားတယ်။ သူနဲ့ လမ်းခွဲထားတဲ့ ဇနီးဖြစ်သူ ဒေါ်သီတာဇော်ကလည်း နောက်ထပ် ရှယ်ယာရှင် တစ်ဦးအဖြစ် ပါဝင်နေတယ်။ ကုမ္ပဏီရဲ့ နာမည်ကိုတော့ ဦးတေဇ အကြိုက်ဆုံး စီးကရက် El Pavoကို အစွဲပြု မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။

သူ့နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ စင်ကာပူ အခြေစိုက် စီးပွားရေး လုပ်ငန်း ၁၀ ခု ရှိခဲ့ပြီး ၂ ခုသာ ဆက်လက် လည်ပတ်နေတယ် ဆိုပေမယ့်လည်း မြေပြင် အခြေအနေက ဒီထက် အများကြီး ရှုပ်ထွေးနေနိုင်ပါတယ်။ ဒီနှစ်အထိ ဆန်းစစ်ကြည့်ရင် သူ့ရဲ့ လက်ရင်းတပည့်တွေနဲ့ မိသားစုဝင်တွေက ချုပ်ကိုင်ထားတဲ့ ကုမ္ပဏီပေါင်း နောက်ထပ် တစ်ဒါဇင်လောက် ရှိနေသေးတယ်။ သူနဲ့ မောင်နှမ တော်စပ်တဲ့ ဒေါ်သီတာဆွေက စင်ကာပူမှာရှိတဲ့ Frontier Gold ကုမ္ပဏီကို ပိုင်ဆိုင်ပြီး အခုနှစ်၊ မေလထိ လုပ်ငန်း လည်ပတ်နေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ သားအငယ် ထူးထက်တေဇက စင်ကာပူ ကုမ္ပဏီ ၃ ခုရဲ့ ဒါရိုက်တာနဲ့ ရှယ်ယာရှင်အဖြစ် ရှိနေပြန်တယ်။ Bharat အဆောက်အအုံက တူညီတဲ့ လိပ်စာမှာပဲ လုပ်ငန်း မှတ်ပုံတင်ထားတဲ့ တီယာအာပန် ဆိုသူကလည်း လက်ရှိ လည်ပတ်နေတဲ့ ကုမ္ပဏီ ၆ ခုမှာ ဒါရိုက်တာ ဖြစ်နေတယ်။

ဆန်တိုဆာမှာရှိတဲ့ ဦးတေဇရဲ့ ဇိမ်ခံ စံအိမ်ကြီးကိုတော့ မလေးရှားရဲ့ အကြီးဆုံး ဘဏ်ဖြစ်တဲ့ Malayan Banking Bhdရဲ့ စင်ကာပူ ဘဏ်ခွဲဆီက ငွေချေးစာချုပ်နဲ့ ဝယ်ယူခဲ့တာလို့ ဒေသခံ မြေတိုင်းဌာန တာဝန်ရှိသူတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ စာချုပ်ရဲ့ တန်ဖိုးကို လျှို့ဝှက်ထားပေမယ့် ဒီလို အရွယ်အစား စံအိမ်မျိုးရဲ့ တန်ဖိုးဟာ ကာလပေါက်စျေး စင်ကာပူဒေါ်လာ ၁၅.၅ သန်း၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၀.၇ သန်းလောက်ထိ ရှိနိုင်တယ်လို့ စင်ကာပူ အိမ်ခြံမြေ ရောင်းဝယ်မှုဌာန ERAက ခန့်မှန်း တွက်ချက်ထားပါတယ်။ ကျွန်းပေါ်က ဂေါက်ကွင်းနဲ့ မျက်နှာချင်းဆိုင်မှာ ဦးတေဇက နောက်ထပ် အိမ်တစ်လုံးကို ၂၀၁၂ ခုနှစ်က ဝယ်ယူထားခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ လူသိရှင်ကြား ထုတ်ပြန်တဲ့ မှတ်တမ်းတွေအရ အိမ်တန်ဖိုးဟာ စင်ကာပူဒေါ်လာ ၁၅.၃ သန်းဖြစ်ပြီး နိုင်ငံရဲ့ တတိယ အကြီးဆုံးဘဏ် Overseas Bankနဲ့ ငွေချေးစာချုပ် ချုပ်ဆို ​ဝယ်ယူထားတာပါ။ Malayan Banking Bhdရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဖောက်သည် တစ်ဦးချင်းစီရဲ့ ကိုယ်ရေး အချက်အလက်တွေကို ထုတ်မပြောနိုင်ပေမယ့် အိမ်ဝယ်ယူမှုဟာ ဥပဒေ စည်းမျဉ်းတွေ အားလုံးနဲ့ ကိုက်ညီတယ်လို့ ဆိုပါတယ်။ United Overseas Bankကတော့ ဦးတေဇ အိမ်ဝယ်တဲ့ ကိစ္စအပေါ် တစ်ခွန်းမှ မှတ်ချက် မပေးပါဘူး။

စင်ကာပူဟာ မြန်မာနိုင်ငံမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှု အကြီးမားဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကစလို့ ပိုမို မွဲတေသွားတဲ့ နိုင်ငံမှာ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံငွေတွေ ဒေါ်လာ ၂၅ ဘီလီယံလောက် စီးဝင်ခဲ့ပြီးပါပြီ။ အစိုးရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း Temasek Holdingsကို အကြီးဆုံး ရှယ်ယာရှင်အဖြစ် ထည့်သွင်း သတ်မှတ်ထားတဲ့ Keppler ကော်ပိုရေးရှင်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ခဲ့သလို GIC ကုမ္ပဏီကလည်း တော်တော်များများ ရင်းနှီး မြှုပ်နှံခဲ့ပါတယ်။

ဒီအရွေ့ဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းလိုက်ပြီး အရေးယူ ပိတ်ဆို့မှုတွေ ဖြစ်လာ၊ ပြည်သူ ၂၀၀၀ အသတ်ခံလာရချိန်တွေအထိ တည်မြဲနေဆဲလို့ ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ဆိုပါတယ်။ မတ်လ မတိုင်ခင် ၆ လအတွင်း စင်ကာပူကနေ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၂၉၇ သန်း ဝင်ရောက်လာတယ်လို့လည်း စစ်ကောင်စီရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

အမေရိကန်ဖိအား
အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ဟာ ပုံမှန် အခြေအနေမှာတော့ နိုင်ငံ တစ်ခုချင်းရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ ဝေဖန်တာတွေကို ရှောင်ကြဉ်လေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီမူဝါဒ သဘောထားဟာ စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ ပြောင်းလဲလာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ မြန်မာ့အရေး ကူညီဖြေရှင်းဖို့ အာဆီယံက အဆိုပြုတဲ့ ဘုံသဘောတူညီချက် ၁၀ ရပ်ကို မြန်မာ စစ်ခေါင်းဆောင်တွေက လေးစားလိုက်နာမှု မရှိခဲ့တဲ့နောက် အာဆီယံဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလက ကျင်းပတဲ့ ထိပ်သီးညီလာခံမှာ မြန်မာကို ဖယ်ထုတ်လိုက်ပါတယ်။ အခုနှစ်ဆန်းပိုင်းမှာတော့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မေလတုန်းက အိမ်ဖြူတော်မှာ အာဆီယံ အခမ်းအနားကို ကျင်းပတဲ့အခါ စစ်တပ်က ဖယ်ရှားခဲ့တဲ့ အရပ်သား မြန်မာ အစိုးရအတွက် ရည်စူးတဲ့ ထိုင်ခုံအလွတ် တစ်လုံးကို နေ့လယ်စာ စားပွဲ အစီအစဉ်မှာ ထားရှိခဲ့တာ တွေ့ရပါတယ်။

စင်ကာပူဟာ နိုင်ငံတစ်ခုချင်းစီက သတ်မှတ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို သိပ်ပြီး လိုက်နာလေ့ မရှိဘဲ ကုလသမဂ္ဂရဲ့ အရေးယူ ဆုံးဖြတ်ချက်တွေကိုသာ အလေးထားတတ်တဲ့ သဘောမျိုး ရှိပါတယ်။ ကုလသမဂ္ဂဟာ မြန်မာစစ်တပ်အပေါ် ဘာမှ ကြီးကြီးမားမား အရေးမယူနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ မတ်လမှာ ယူကရိန်း ကျူးကျော်စစ်ကို အကြောင်းပြုပြီး ရုရှားအပေါ် စင်ကာပူက ကန့်သတ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကုလသမဂ္ဂက ဘာမှ မလုပ်နိုင်ဘဲ ငုတ်တုပ် ထိုင်နေချိန်မှာ စင်ကာပူက သီးခြား အရေးယူခဲ့တာပါ။

အမေရိကန်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ပိုပြီး တင်းတင်းမာမာ ကိုင်တွယ်ပေးဖို့ အာရှဒေသတွင်း မဟာမိတ်တွေအပေါ် ဖိအားပေးနေပြီး အခုဆိုရင် စင်ကာပူဆီက တုံ့ပြန်မှုတွေ မြင်လာရပါပြီ။ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး အရာရှိ ဒဲရက်ခ် ချော်လတ်ဟာ စင်ကာပူရဲ့ ငွေကြေး စီမံခန့်ခွဲမှု အာဏာပိုင် အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုဘဏ်ကို သွားရောက် လည်ပတ်ခဲ့ပြီး စင်ကာပူဟာ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး ကဏ္ဍနဲ့ ပတ်သက်ရင် ထင်ရှားတဲ့ ထောက်ကန်မှုမျိုး ရှိနေကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် စင်ကာပူ ဗဟိုဘဏ်က ပြည်တွင်းဘဏ်တွေမှာ မြန်မာ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ရန်ပုံငွေ အလုံးအရင်း ထားရှိမှုမျိုး ရှာမတွေ့ခဲ့ကြောင်း ပြောဆိုခဲ့တဲ့နောက် ချော်လတ်ဆီက ဒီလိုစကားမျိုး ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အဲဒီတုန်းက ပြောဆိုခဲ့တဲ့ သဘောထား ရပ်တည်ချက်ဟာ အခုထိ မပြောင်းလဲသေးဘူးလို့ စင်ကာပူ ဗဟိုဘဏ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်က ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ အခြေအနေတွေကို စောင့်ကြည့်ဖို့ စင်ကာပူက ဘဏ်အားလုံးကို တပ်လှန့်ထားကြောင်း သူက အတည်ပြုပါတယ်။ စက်တင်ဘာလတုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး တစ်ခုမှာ စင်ကာပူ ကိုယ်စားလှယ်က နိုင်ငံရဲ့ ဘဏ်တွေဟာ နိုင်ငံခြား အရေးယူ ပိတ်ဆို့မှုတွေနဲ့ ဆက်စပ်နိုင်တဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ငွေကြေး လွှဲပြောင်းမှု လုပ်ငန်းစဉ်တွေအပေါ် နိုးနိုးကြားကြား ဆက်လက် စောင့်ကြည့်နေမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ပါရီမြို့ အခြေစိုက် နိုင်ငံတကာ ငွေကြေး လေ့လာစောင့်ကြည့်ရေးဌာန Financial Action Task Forceဟာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတုန်းက မြန်မာနိုင်ငံမှာ ငွေကြေး ခဝါချမှုတွေ ထိန်းချုပ်နိုင်စွမ်း လျော့ရဲနေဆဲ ဖြစ်တာကြောင့် အနီးကပ် စောင့်ကြည့်တဲ့ စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အောက်တိုဘာ ၁၈ ရက်၊ အစည်းအဝေး အပြီးမှာတော့ မြန်မာကို နာမည်ပျက် စာရင်းထဲထည့်ဖို့ စဉ်းစားသင့်ကြောင်း အဲဒီအဖွဲ့က ပြောကြားလာခဲ့ပါတယ်။

စင်ကာပူနဲ့ အရှေ့တောင်အာရှမှာ အကြီးဆုံး ချေးငွေ လုပ်ငန်းကြီးဖြစ်တဲ့ DBS Group Holdingsဟာ စစ်အာဏာရှင် တိုက်ဖျက်ရေး ရန်ပုံငွေတွေ စုဆောင်းပေးနေသူတွေ အပါအဝင် စင်ကာပူမှာ အခြေချ နေထိုင်တဲ့ မြန်မာနိုင်ငံသား တချို့ရဲ့ အကောင့်တွေကို ပိတ်သိမ်းပစ်ခဲ့ကြောင်း ဖြစ်စဉ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဇွန်လတုန်းက အကောင့်ပိုင်ရှင်တွေဆီ ပေးပို့တဲ့ စာထဲမှာတော့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်နွှယ်နေတဲ့ အကောင့်တွေကို ရက်ပေါင်း ၃၀ အတွင်း ပိတ်တော့မယ်လို့ DBSက အသိပေးထားခဲ့ပါတယ်။ နောက်တော့ DBSမှာ အကောင့်ပိတ်ခံရသူ တချို့ဟာ တခြား စင်ကာပူ ဘဏ်တွေမှာ အကောင့်အသစ်တွေ ဖွင့်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

DBSက ဖောက်သည် တစ်ဦးချင်းစီရဲ့ အရေးကိစ္စတွေအပေါ် မှတ်ချက် မပေးလိုကြောင်းနဲ့ ဖောက်သည်တွေရဲ့ နိုင်ငံရေး အမြင်ကို အခြေပြုပြီး စည်းမျဉ်းသတ်မှတ်တာမျိုးတွေ မရှိကြောင်း ပြောပါတယ်။ DBSက ရည်ညွှန်းတဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှု ဆိုတာက ဒုစရိုက် ဂိုဏ်းတွေနဲ့ ဆက်နွှယ်နိုင်တာတွေ၊ စင်ကာပူရဲ့ နိုင်ငံရေး မူဝါဒနဲ့ မလျော် ဆန့်ကျင်တာတွေ၊ ဒါမှမဟုတ် ငွေကြေး လွှဲပြောင်းမှုတွေ မူမမှန်တဲ့ ပမာဏထိ များပြားလာတာ၊ ဒါမှမဟုတ် အကြိမ်ရေ များလာတာတွေကိုသာ ဆိုလိုတယ်လို့ တာဝန်ရှိသူ တစ်ဦးက ဖြေရှင်းပါတယ်။

စင်ကာပူဖက်က အခုလိုတွေ ကျပ်လာတဲ့အခါ မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့လည်း ထင်သာမြင်သာ ဆက်စပ်မှုလည်းမရှိ၊ အရေးယူ ပိတ်ဆို့ခံရတဲ့ စာရင်းမှာလည်း မပါတဲ့ ကုမ္ပဏီ တချို့ပါ သက်ရောက် ထိခိုက်လာပါတယ်။ “မြန်မာ နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေက ဘဏ်စာရင်းသစ် လာဖွင့်ပြီ ဆိုတာနဲ့ စင်ကာပူ ဘဏ်တွေက အတော်လေး စည်းမျဉ်းတွေ တင်းကျပ်လာတာ သတိထားမိပါတယ်”လို့ စင်ကာပူရဲ့ အကြီးမားဆုံး ဥပဒေ အကျိုးဆောင် လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Rajan & Tannရဲ့ မိတ်ဖက် တစ်ဦးဖြစ်သူ ချက်စတာ တိုဟ်က ဆိုပါတယ်။ “အရင်က မြန်မာ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကြီး လက်တွဲ အလုပ်လုပ်ချင်ခဲ့တဲ့ စင်ကာပူ ဘဏ်တွေဟာ အခုတော့ ရှောင်ဖယ်ဖယ် ဖြစ်လာတယ်။ ဒီအခြေအနေက မြန်မာနိုင်ငံကို စွန့်ခွာပြီး ပြန်လည်ထူထောင် တည်ဆောက်ချင်တဲ့ မြန်မာ့ စီးပွားရေး လုပ်ငန်းတွေအတွက် တကယ့် အခက်အခဲကြီးပါပဲ”လို့ သူက သုံးသပ်တယ်။

ဒီအတောအတွင်း ကျပ်ငွေ တန်ဖိုးကျတာ၊ ဒေါ်လာ ပြတ်လပ်တာတွေကြောင့် စီးပွားရေးအရ ယိမ်းယိုင်မှုတွေ ကြုံနေတဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကလည်း နိုင်ငံခြားငွေကြေး ရရှိသူတွေဟာ သူတို့ရဲ့ ဝင်ငွေကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ် ဆိုတာမျိုး စည်းမျဉ်းတွေ တင်းကျပ်လိုက်တယ်။ အဲဒီလို လဲလှယ်ရာမှာလည်း နှုူန်းသေ တန်ဖိုး သတ်မှတ်ပြီး ပြင်ပပေါက်စျေးထက် နိမ့်နေပါတယ်။ ဇူလိုင်လမှာ ဗဟိုဘဏ် အာဏာပိုင်တွေက အကြွေးရှိနေသူတွေ အနေနဲ့ နိုင်ငံခြား ချေးငွေတွေ ပြန်ဆပ်တာကို ဆိုင်းငံ့ထားပြီး အရန် နိုင်ငံခြားငွေ သိုလှောင်မှု ပါးလျလာတာကို ကျားကန်ပေးဖို့ တောင်းဆိုလိုက်ပြန်တယ်။

စင်ကာပူမှာ မြန်မာနိုင်ငံက ငွေကြေးတွေ ဘယ်လောက်များများ ရှိနေမလဲ ဆိုတာကို ခန့်မှန်းဖို့ ယုံကြည်ရတဲ့ အထောက်အထားမျိုး မရှိပါဘူး။ ဒါပေမဲ့ အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့လိုက်တဲ့ စာရင်းမှာ ပါဝင်သူ တော်တော်များများဟာ စင်ကာပူမှာ စီးပွားရေးဆိုင်ရာ ရေရှည် ကင်းလွတ် နေထိုင်ခွင့်တွေ ရရှိထားကြတယ်လို့ မှတ်တမ်းမှတ်ရာတွေအရ သိနိုင်ပါတယ်။

The Orchard Residences condominium tower in Singapore
စင်ကာပူရှိ Orchard Residences ကွန်ဒိုမီနီယံ (Photographer: Wei Leng Tay/Bloomberg)

အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်မှု ရှိသလို တရုတ် ကုမ္ပဏီတွေဆီက စစ်လက်နက်တွေ အမြောက်အမြား ဝယ်ယူနေတယ်လို့ မတ်လတုန်းက အမေရိကန် အစိုးရ စွပ်စွဲခဲ့တဲ့ ဦးနိုင်ထွဋ်အောင်ဟာ စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ၂ ခုထက်မနည်းကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ လိပ်စာကို Orchard အိမ်ရာရဲ့ ၄၄ ထပ်လို့ စာရင်းပေးထားပါတယ်။ အဲဒီ အိမ်ရာဟာ စျေးဝယ်စင်တာကြီး တစ်ခုရဲ့ အပေါ်ထပ်၊ စင်ကာပူရဲ့ နာမည် အကျော်ဆုံး စျေးဆိုင်တန်း လမ်းမကြီး တစ်ခုမှာ တည်ရှိနေပါတယ်။ အဲဒီ ကုမ္ပဏီတွေကို အရေးယူ ပိတ်ဆို့မှု စာရင်းကနေ ကင်းလွတ်တဲ့ ဇနီးဖြစ်သူ ဝေဝေယဉ်ရဲ့ နာမည်နဲ့ မှတ်ပုံ တင်ထားပါတယ်။ အဲဒီ အမျိုးသမီးဟာ စင်ကာပူ အခြေစိုက် ကုမ္ပဏီတွေရဲ့ ဒါရိုက်တာ ရာထူးကို ရယူထားကြောင်း အစိုးရ မှတ်တမ်းတွေမှာ ပါရှိနေပါတယ်။ ဦးနိုင်ထွဋ်ဆွေက ဒီကိစ္စတွေကို ဆက်သွယ်မေးမြန်းတဲ့ အီးမေးလ်ကို အကြောင်းမပြန်ခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ စစ်လက်နက် စက်ရုံ တည်ဆောက်ရေး စီမံကိန်းရဲ့ ဗဟိုချက် နေရာက ပါဝင်သူ တစ်ယောက်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဦးအောင်လှိုင်ဦးကတော့ ၂၀၀၆ ခုနှစ် ကတည်းက စင်ကာပူမှာ မှတ်ပုံတင်ထားခဲ့တဲ့ သံမဏိ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီ M C M Pacific Pteကို ပိုင်ဆိုင်ပါတယ်။ အဲဒီ ကုမ္ပဏီနဲ့ ငွေကြေးဆိုင်ရာ ဆက်စပ် လုပ်ကိုင်နေတာက United Overseas Bank ဖြစ်တယ်လို့ ၂၀၁၇ ခုနှစ်၊ မှတ်ပုံတင်တွေအရ သိရပါတယ်။ ဦးအောင်လှိုင်ဦးရော၊ သူ့ရဲ့ ကုမ္ပဏီကပါ အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းမှုတွေအပေါ် မတုံ့ပြန်ခဲ့ပါဘူး။

၂၀၁၉ ခုနှစ်က မှတ်တမ်းတွေအရ ကာကွယ်ရေး စက်မှုလုပ်ငန်းတွေရဲ့ ဒါရိုက်တာတစ်ဦး ဖြစ်သူ ဦးထွန်းလှိုင်ဟာလည်း စင်ကာပူက ကုမ္ပဏီ တချို့နဲ့ အဆက်အစပ် ရှိနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ သမီးဖြစ်သူ သက်နှင်းလှိုင်ဟာ ဦးတေဇရဲ့သား ပြည့်ဖြိုးတေဇနဲ့ ၂၀၂၀ ပြည့်နှစ်မှာ လက်ထပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကို မန္တလေးနားက အပန်းဖြေ စခန်းမြို့ တစ်ခုမှာ ကျင်းပခဲ့ပြီး သတို့သားက အနီရောင် Ferrari F8 Spider တစ်စီးနဲ့ ရောက်ရှိလာခဲ့ပါတယ်။ တခမ်းတနား ရိုက်ကူး ထုတ်လုပ်ထားတဲ့ မင်္ဂလာဆောင် မှတ်တမ်း ဗီဒီယိုကို YouTubeမှာ တင်ထားပြီး အနက်ရောင် ဘလေဇာ ကုတ်အင်္ကျီနဲ့ အတွဲအဖက်ညီတဲ့ သံပုရာခွံ ဦးထုပ်ရယ်ကို ဝတ်ဆင်ထားတဲ့ ဦးတေဇဟာ အခမ်းအနားမှာ ဝမ်းသာလို့ ငိုကြွေးနေခဲ့ပြီး မီးရောင်စုံ ထိန်ထိန်ညီးတဲ့ ညစာစားပွဲမှာလည်း ကိုယ်တိုင် ဒရမ်ဝင်တီးနေခဲ့တာ တွေ့ရပါတယ်။

သက်နှင်းလှိုင်ဟာ ဖခင်ရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်နေပြီး စင်ကာပူက ဖခင်ပိုင် ကုမ္ပဏီ နှစ်ခုမှာ ဒါရိုက်တာအဖြစ် တာဝန်ယူထားပါတယ်။ သူ့ရဲ့ ဖခင်ဟာ စင်ကာပူ စားသောက်ဆိုင် လုပ်ငန်း Vino Vovoရဲ့ ရှယ်ယာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းဟာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ ကုန်ဆုံးတဲ့ ဘဏ္ဍာရေးနှစ် စာရင်း ရှင်းတမ်းတွေအရ စင်ကာပူဒေါ်လာ ၂.၉၃ သန်းလောက် ဝင်ငွေ ရရှိခဲ့ကြောင်း သိရပါတယ်။ ဦးထွန်းလှိုူင်ကလည်းပဲ ဒီအကြောင်းအရာတွေအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို မတုံ့ပြန်ခဲ့ပါဘူး။

“မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေ အတွက်တော့ စင်ကာပူဟာ စီးပွားရေး ဗဟိုချက်တစ်ခု ဖြစ်နေတုန်းပါပဲ”လို့ Justice for Myanmarရဲ့ ပြောရေးဆိုခွင့် အရာရှိ တစ်ဦးဖြစ်တဲ့ မရတနာမောင်က ပြောပါတယ်။ စင်ကာပူ ဘဏ်တွေနဲ့ စတော့အရောင်းအဝယ် ကြပ်မတ်သူတွေက ဒီအခြေအနေအပေါ် ပိုပြီး နိုးနိုးကြားကြား စောင့်ကြည့်လာတာကို ကြိုဆိုကြောင်း မရတနာမောင်က ဆိုပါတယ်။ Justice for Myanmarက Emerging Towns & Cities Singapore Ltd.နဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေကြားက ဆက်နွှယ်မှုကို ဖွင့်ချလိုက်တဲ့နောက် အဲဒီကုမ္ပဏီဟာ စင်ကာပူမှာ ကုန်သွယ်ရောင်းဝယ်ခွင့်တွေ ဆိုင်းငံ့ ခံထားလိုက်ရပါတယ်။

“ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ပင်ပြီး လက်နက် တင်ပို့မှုတွေကိုလည်း တားမြစ်ရပါမယ်။ ဒါမှသာ စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ လက်နက်တွေ၊ စစ်ဘက်-အရပ်ဖက် နှစ်မျိုးသုံးနိုင်တဲ့ ပစ္စည်း ကိရိယာတွေရယ်ကို မြန်မာစစ်တပ်ရဲ့ ကိုယ်ကျိုးအတွက် သုံးစွဲတာတွေကနေ ရပ်တန့်သွားစေမှာ ဖြစ်ပါတယ်”လို့ မရတနာမောင်က ပြောပါတယ်။

U Tay Za
ဦးတေဇ

ဆုတ်ယုတ်လာတဲ့ အင်ပါယာ
အခုအခါမှာ ဦးတေဇပိုင် Htoo Groupဟာ ဝန်ထမ်း ၁ သောင်းခွဲလောက်သာ ကျန်တော့တဲ့ထိ ပြန်လည် ယုတ်လျော့လာခဲ့ပါတယ်။ ၂၀၁၁ တုန်းက Financial Times သတင်းဌာနရဲ့ အစီရင်ခံမှုအရ အဲဒီတုန်းက Htoo Groupမှာ ဝန်ထမ်း ၆ သောင်းလောက် ခန့်အပ်ထားခဲ့ပါတယ်။ ဦးတေဇ ပိုင်ဆိုင်တဲ့ Asia Green Developmentဘဏ် (AGD)ဟာလည်း ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို လက်လွတ် ဆုံးရှုံးခဲ့တယ်လို့ သားဖြစ်သူ ထူးထက်တေဇက အတည်ပြုပါတယ်။ သူက AGDနဲ့ လက်တွဲဖြုတ်သွားတဲ့ မိတ်ဖက်ဟောင်း အဖွဲ့အစည်းတွေရဲ့ နာမည်ကိုတော့ ထုတ်မပြောခဲ့ပါဘူး။ ဒါ့အပြင် AGDရဲ့ အကြွေးဝယ်ကတ် (Credit-card)လုပ်ငန်းကလည်း ရေစုန်မျောသွားပါတယ်။ အမေရိကန် အခြေစိုက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Visaရော၊ Mastercardပါ AGDနဲ့ ဆက်ပြီး လက်တွဲ အလုပ်လုပ်လို့ မရတော့ပါဘူး။

လက်ရှိ လုံခြုံရေး အနေအထားတွေ အရရော၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့်ပါ ဦးတေဇ အနေနဲ့ အရေးယူ ပိတ်ဆို့မှုတွေကနေ လွတ်မြောက်မယ့် လုပ်ငန်းစဉ်မျိုး အစပြုဖို့ မဖြစ်နိုင်ကြောင်း ကုမ္ပဏီရဲ့ ကိုယ်စားလှယ် တစ်ယောက်က ပြောပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက သူ့အပေါ် အရေးယူ ပိတ်ဆို့မှုတွေကနေ လွတ်မြောက်ဖို့အတွက် ဦးတေဇဟာ သမ္မတ ဘုရှ်လက်ထက်က အမေရိကန် ရှေ့နေချုပ်ဟောင်း ဖြစ်ခဲ့သူ ဂျွန်အက်ရှ်ခရော့ဖ် ထူထောင်ထားတဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့တစ်ခုကို ချဉ်းကပ်ခဲ့ဖူးပါတယ်။ ရလဒ်ကောင်းတွေ ဘယ်လောက် မြန်မြန် အကောင်အထည် ဖော်နိုင်မလဲဆိုတဲ့အပေါ် မူတည်ပြီး ဥပဒေ အကျိုးဆောင် အဖွဲ့ကို ဒေါ်လာ ၅ သိန်းနဲ့ ၁ သန်းကြား ပေးချေဖို့ သဘောတူခဲ့ကြောင်း Bloombergက ရရှိထားဖူးတဲ့ စာချုပ် မိတ္တူတွေအရ သိရပါတယ်။

ဦးတေဇရဲ့ ဇနီးဟောင်းဟာ သူတို့နှစ်ယောက် လမ်းခွဲ ပြတ်စဲမှုကို အကြောင်းပြုပြီး ၂၀၁၅ ခုနှစ်မှာ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းကနေ ဖယ်ရှားပေးခြင်း ခံခဲ့ရပါတယ်။ နောက်နှစ်မှာတော့ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက မြန်မာအစိုးရနဲ့အတူ ဦးတေဇကိုပါ အရေးယူ ပိတ်ဆို့မှု စာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အက်ရှ်ခရော့ဖ်ရဲ့ ကုမ္ပဏီကို ငွေကြး ဘယ်လောက် ပေးချေခဲ့ရသလဲ ဆိုတဲ့အပေါ် ဦးတေဇရဲ့ ကုမ္ပဏီက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အက်ရှ်ခရော့ဖ်ရော၊ သူ့ရဲ့ ဥပဒေ အကျိုးဆောင် လုပ်ငန်းကပါ ဒီအကြောင်းကို နှုတ်ဆိတ်နေပါတယ်။

မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးလိုက်တဲ့အခါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက အုံနဲ့ကျင်းနဲ့ စီးဝင်လာပါတယ်။ အဲဒီနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်နှုန်းက ကမ္ဘာ့ထိပ်တန်းအဆင့် ရောက်ခဲ့ပြီး ၁၀.၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာသလို ၂၀၁၇ ခုနှစ်မှာ မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး ကုလသမဂ္ဂက ဒီကိစ္စကို လူမျိုးရေး သုတ်သင်ရှင်းလင်းမှုလို့ သတ်မှတ်ခဲ့ပါတယ်။

Rohingya refugees
ရိုဟင်ဂျာဒုက္ခသည်များ (Photographer: Fred Dufour/AFP/Getty Images)

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးတဲ့အခါ မြန်မာစစ်တပ်ဟာ ရုရှား၊ တရုတ်တို့နဲ့ ပိုပြီး နီးကပ်လာပါတယ်။ နောက်ထပ် လက်နက် ကုန်သည် အသစ်တွေလည်း ပေါ်လာတယ်။ အဲဒီထဲမှာ အသက် ၄၀ အရွယ် ဦးကျော်မင်းဦးလည်း အပါအဝင် ဖြစ်ပါတယ်။ သူဟာ ဦးတေဇ လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတယ်လို့ အတွင်းသိ တစ်ဦးက ပြောပါတယ်။ ရန်ကုန် အခြေစိုက် Sky Aviator ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာလည်း ဖြစ်တဲ့ ဦးကျော်မင်းဦးဟာ ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်အတွင်း စင်ကာပူမှာ ကုမ္ပဏီ ၅ ခုထက် မနည်းကို မှတ်ပုံတင်ထားခဲ့ပါတယ်။ ဦးကျော်မင်းဦးက Sky Aviatorဟာ JSC Russian Helicopters ကုမ္ပဏီရဲ့ မြန်မာနိုင်ငံရဲ့ အထူးကိုယ်စားလှယ် ကုမ္ပဏီ ဖြစ်လာပြီလို့ လေတပ်ဆီ စာရေးသားခဲ့ကြောင်း ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှာ Justice for Myanmarက ဖော်ထုတ်ခဲ့တဲ့နောက် ဧပြီလမှာ သူဟာ စင်ကာပူ ကုမ္ပဏီ အားလုံးကနေ နုတ်ထွက်ပြသွားခဲ့ပါတယ်။ ဇွန်လမှာ ဗြိတိန် အစိုးရက Sky Aviator ကုမ္ပဏီကို အရေးယူ ပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ Sky Aviatorနဲ့ JSC Russian Helicoptersတို့က အခုဖြစ်စဉ်အပေါ် ဘာမှတ်ချက်မှ မပေးပါဘူး။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အကြံပေး အရာရှိဖြစ်သူ ချော်လတ်ကတော့ စင်ကာပူဟာ မြန်မာ စစ်ခေါင်းဆောင်တွေကို အထီးကျန်သွားအောင် ဒဏ်ခတ် အပြစ်ပေးရာမှာ စင်ကာပူက လက်တွဲဖော်ကောင်းအဖြစ် ပူးပေါင်း ကူညီခဲ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့က လာထရော့ဘ် တက္ကသိုလ်ရဲ့ သုတေသီ တစ်ဦးဖြစ်တဲ့ ဟန်တာ မာစတန်မှာတော့ ပိုပြီး ဝေဝါးတဲ့ အတွေးမျိုးသာ ရှိနေဆဲပါ။ ၂၀၀၇ ခုနှစ် ကတည်းက အရှေ့တောင်အာရှရဲ့ ဖွံ့ဖြိုးမှု ကဏ္ဍတွေကို စောင့်ကြည့် လေ့လာနေခဲ့တဲ့ မာစတန်က “မြန်မာနိုင်ငံ အပါအဝင် ဘယ်နေရာမှာမဆို အရေးယူ ပိတ်ဆို့မှုတွေက သိပ်တော့ အလုပ်မဖြစ်ပါဘူး။ အဓိက သက်ရောက် ခံစားရတာက မြန်မာ ပြည်သူတွေသာဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေက သူတို့ရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ပင်လယ်ရပ်ခြား နိုင်ငံတွေမှာ နည်းလမ်းရှာပြီး ရွှေ့ပြောင်းထားကြတာပါပဲ။ ကိုယ်ကျိုးရှာ အမြတ်ထုတ်ထားတဲ့ စည်းစိမ်ချမ်းသာတွေကို ပြည်တွင်းက သူတို့အပေါ် သစ္စာစောင့်သိသူတွေနဲ့ ခွဲဝေယူကြတယ်။ အရေးယူ ပိတ်ဆို့တာမျိုးလောက်နဲ့တော့ စစ်ခေါင်းဆောင်တွေက ဘယ်တော့မှ တွန့်ဆုတ်သွားမှာ မဟုတ်ပါဘူး”လို့ သုံးသပ်သွားပါတယ်။

(Bloomberg သတင်းဌာနအတွက် Chanyaporn Chanjaroen ရေးသားပြီး Khine Lin Kyaw၊ Nick Wadhams၊ Faris Mokhtarနှင့် Henry Meyer တို့ ပူးပေါင်း ပံ့ပိုးပေးထားသည့် Sanctioned Myanmar Tycoons Find Shelter in Singapore ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

You May Also Like

News

သတင်းထုတ်ပြန်ချက်နဲ့ ဒဏ်ခတ်အရေးယူမှုချမှတ်ခြင်းတွေကို တုံ့ပြန်နိုင်ရေး အခြေခံအကြောင်းရင်းနဲ့ အချက်အလက်သက်သေတွေနဲ့ ရှင်းလင်းဖို့ Htoo Group of Companies ဟာ သူ့ရဲ့ရှေ့နေတွေနဲ့ လက်ရှိမှာ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။

News

အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို အမေရိကန်နဲ့ ဗြိတိန်တို့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားပြီး စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဝင်ငွေရတဲ့လုပ် ငန်းတွေကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားပါတယ်။

News

မြန်မာနိုင်ငံရဲ့ ခရိုနီစာရင်းဝင်ဦးတေဇနဲ့သူ့ရဲ့ကုမ္ပဏီဖြစ်တဲ့ Htoo Group of Companies ကို ဒဏ်ခတ်အရေးယူကြောင်း ဗြိတိန်က ဒီနေ့ကြေညာပါတယ်။

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်၏ သမီး ခင်သီရိသက်မွန် ရှယ်ယာဝင်ထား​သောမိုဘိုင်းဖုန်းတာဝါတိုင်များ ဆောက်လုပ်နေ​နေ​သော Pinnacle Asia ကုမ္ပဏီနှင့် MyTel ၊ ကမ္ဘာ့ဘဏ်လက်​အောက်ရှိ IFC ၊ ဦးသိမ်း​ဝေပိုင်ဆိုင်​သော ရိုးမဘဏ် ၊ ဦး​တေဇ၏ AGD ဘဏ်တို့ကြား လျှိုဝှက်​သော အကျိုးစီးပွားဆက်သွယ်မှုများကို Justice for...