Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စီးပွား​ရေးပညာရှင် ဖြတ်သန်းခဲ့ရတဲ့ ငရဲခန်းမှာ ရက်​ပေါင်း ၆၅၀

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ ဩစတြေးလျ စီးပွားရေး ပရော်ဖက်ဆာ ရှောင်တာနဲလ်ဟာ ရန်ကုန်မြို့က သူတည်းခိုနေတဲ့ ဟိုတယ်ဝန်ထမ်း တစ်ဦးဆီက ကျောချမ်းစရာ သတိပေးမှု တစ်ခုကို ကြားခဲ့ရပါတယ်။

စီးပွား​ရေးပညာရှင် ဖြတ်သန်းခဲ့ရတဲ့ ငရဲခန်းမှာ ရက်​ပေါင်း ၆၅၀
(Source : ABC News: Brendan Esposito)

“ဟိုတယ်ရဲ့ လုံခြုံရေးစနစ်တွေ၊ လုံခြုံရေး ကင်မရာတွေကို စစ်တပ်က ညတွင်းချင်း စီးနင်းထားလိုက်ပြီ”လို့ သူ့ကို အဲဒီ ဝန်ထမ်းက အသိပေးခဲ့တာပါ။ “အဲဒီ ကင်မရာတွေက ကျွန်တော့် အခန်းတံခါးကို ချိန်ရွယ်ထားတယ်”လို့လည်း တာနဲလ်က ဆိုတယ်။

ဒီမိုကရေစီ နည်းလမ်းနဲ့ တင်မြှောက်ခံထားရတဲ့ ရွေးကောက်ခံ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်တပ်က ဖမ်းဆီးလိုက်တဲ့နောက် ၃ ရက်လုံးလုံး တာနဲလ်ဟာ မြန်မာနိုင်ငံကနေ လေယာဉ်စီး ထွက်ခွာသွားနိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။ သူ့အတွက် အချိန်တွေက တရိပ်ရိပ် ကုန်ဆုံးလာနေပါတယ်။

Public Service Announcement

Public Service Announcement

သူက Chatrium ဟိုတယ်ရဲ့ ဧည့်ကြိုဌာနရှေ့မှာ ငွေရှင်းပေးရင်း မတ်တပ်ရပ်နေတုန်း လက်နက်ကိုင် ရဲတွေက သူ့ဆီ ဦးတည်လာနေတာကို တာနဲလ် သတိပြုမိခဲ့တယ်။

“အယောက် ၂၀၊ ၃၀ လောက် ရှိလိမ့်မယ်။ အဲဒီအချိန်မှာ ကိစ္စပြတ်သွားပြီပေါ့ဗျာ”လို့ တာနဲလ်က ပြောပြပါတယ်။

ဩစတြေးလျ အစိုးရရဲ့ ကြားဝင် ဆောင်ရွက်မှုကြောင့် မြန်မာ စစ်အာဏာရှင်တွေရဲ့ လက်အောက်ကနေ ပြန်လည် လွတ်မြောက်လာပြီး ၈ ရက် အကြာ၊ ဆစ်ဒနီမြို့မှာ သူက ဩစတြေးလျရဲ့ ABC 7.30 သတင်းဌာနနဲ့ အင်တာဗျူး လက်ခံ ဖြေကြားခဲ့ပါတယ်။ သူပြန်လွတ်လာတဲ့အတွက် အရမ်းကျေးဇူးတင်မိတယ်လို့ တာနဲလ်က ဆိုတယ်။

အသက် ၅၈ နှစ်အရွယ် တာနဲလ်ဟာ အခုအခါ အာဏာသိမ်းပြီး ဖမ်းဆီး ခံထားရတဲ့ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူပါ။

Public Service Announcement

Public Service Announcement

တာနဲလ်ဟာ နိုင်ငံတော် လျှို့ဝှက်ချက်တွေ ချိုးဖောက်မှု အက်ဥပဒေအရ ပြစ်မှုထင်ရှားတယ်ဆိုပြီး ထောင်ဒဏ် ၃ နှစ် ချမှတ် ခံခဲ့ရတယ်။ “ကျွန်တော့်ကို စပိုင် (သူလျှို)လို့ စွပ်စွဲကြတာဗျ။ ကျွန်တော်က ဘာအမှားမှ မကျူးလွန်ခဲ့ပါဘူး”လို့ သူက ရှင်းပြတယ်။

မြန်မာနိုင်ငံက ဆိုးရွားလှတဲ့ ထောင်တွေထဲမှာ ရက်ပေါင်း ၆၅၀ အကျဉ်းချ ခံခဲ့ရပြီးနောက် တာနဲလ်တစ်ယောက် တခြား နိုင်ငံခြားသား ၃ ဦးနဲ့အတူ ပြန်လည် လွတ်မြောက်လာပါတယ်။ စစ်အာဏာရှင်တွေက လူသားချင်း စာနာမှုနဲ့ မေတ္တာတရားကို အခြေခံတဲ့ သဘောထားရယ်၊ တခြားနိုင်ငံတွေနဲ့ မိတ်မပျက်ချင်တာရယ်ကြောင့် အခုလို ပြန်လွှတ်ပေးတာလို့ ပြောခဲ့ပါတယ်။

အခန်းကျဉ်းလေးထဲကဘဝ

အဖမ်းခံရပြီး ပထမဆုံး ၂ လတာ ကာလအတွင်း တာနဲလ်ဟာ သီးသန့် ခွဲထားတဲ့ အခန်းကျဉ်းလေးထဲမှာ နေခဲ့ရတယ်။ အဲဒီမှာ အိပ်ရာမရှိဘူး၊ ပြတင်းပေါက် မရှိဘူး။ အခန်းအလယ်မှာ ကြမ်းပြင်နဲ့ တွဲထားတဲ့ ကုလားထိုင် တစ်လုံးပဲ ရှိတယ်။ သူ့ကို စစ်ဆေး မေးမြန်းတဲ့အခါ ခြေကျင်းဝတ်နဲ့ လက်ကောက်ဝတ်တွေမှာ သံကြိုးတွေ ခတ်ထားတယ်။

“အဲဒီမှာ အရင်ဆုံး လုပ်မိတာကတော့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတာပါပဲ။ ကျွန်တော်က ခြေလှမ်းတွေကို ရေတွက်ကြည့်နေမိတယ်။ အံ့ဩစရာ ကောင်းလောက်အောင်ပဲ အဲဒီလို လုပ်နေရတာ အတော်လေး ကျေနပ်ဖို့ ကောင်းတယ်ဗျ။ အဲဒီအတွင်း အတွေးတွေ မများအောင် နည်းဗျူဟာပေါင်းစုံ လျှောက်စဉ်းစားတယ်။ သမ္မတတွေရဲ့ နာမည်တွေကို မှတ်မိသလောက် ပြန်တွေးတယ်။ ဩစတြေးလျ ဝန်ကြီးချုပ်တွေ အားလုံးရဲ့ နာမည်တွေကိုလည်း ပြန်စဉ်းစားကြည့်တယ်။ ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ တုန်လှုပ်နေတာမျိုး မဖြစ်အောင် လုပ်လို့ရတဲ့ နည်းမှန်သမျှ လျှောက်စမ်းကြည့်ခဲ့တယ်”လို့ တာနဲလ်က ဆိုတယ်။

ဒါပေမဲ့ တစ်ခါတလေ စိတ်တုန်လှုပ်မှုကြောင့် ချောက်ချောက်ချားချား ဖြစ်မိတယ်လို့လည်း တာနဲလ်က ဝန်ခံခဲ့ပါတယ်။

“ဩစတြေးလျက စိတ်ထား နူးနူးညံ့ညံ့နဲ့ ပါမောက္ခ တစ်ယောက်က ဘယ်လိုကြောင့်များ အရှေ့တောင်အာရှရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ထောင်ကြီးတစ်ခုထဲ ရောက်လာသလဲ ဆိုတာမျိုးတွေ ကျွန်တော် တွေးခဲ့မိတယ်”လို့ သူက ABC 7.30ကို ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော်က ကိုယ့်စိတ်ကိုယ် ပြန်စုစည်းတယ်။ ပြင်ပက အကူအညီတွေ ရောက်လာမယ်မှန်း ကျွန်တော် သေချာ သိတယ်။ အဲဒါကြောင့် ဒီအခြေအနေကို ကျွန်တော် ကျော်ဖြတ်ဖို့ လိုတယ်။ ပြီးရင် အဆင်ပြေသွားမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးတယ်”လို့ သူက ရှင်းပြတယ်။

တစ်ဖက်မှာလည်း သူအမြန်ဆုံး ပြန်လွတ်မှာပဲ ဆိုတဲ့ အလွန်အကျွံ အကောင်းမြင်တာမျိုး ရှိခဲ့မိတယ်လို့လည်း တာနဲလ်က ဝန်ခံတယ်။

“အထိုက်အလျောက် လူသိများတဲ့ နိုင်ငံခြားသား တစ်ယောက် အနေနဲ့ နည်းနည်း အဆင်ပြေတဲ့ အခြေအနေမျိုးတွေ ရလာနိုင်တယ်လို့ ကျွန်တော် အတွေးမှားမိခဲ့သေးတယ်။ ဒါပေမဲ့​ မျှော်လင့်သလို မဖြစ်ခဲ့ပါဘူး။ တခြားသူတွေနဲ့ တန်းတူပဲ ကျွန်တော်လည်း ဆက်ဆံ ခံခဲ့ရတာပါပဲ။ ကျွန်တော် ထိတွေ့ဆက်ဆံရတဲ့ လူသားတွေဆိုလို့ အချိန်မတော်ကြီး ဝင်လာတတ်တဲ့ စစ်ကြောရေးက ပုဂ္ဂိုလ်တွေပဲ ရှိတယ်။ သူတို့က ညလယ်ခေါင် အချိန်မျိုးတွေမှာ ရည်ရွယ်ချက်ရှိရှိ အခန်းထဲ ဝင်လာကြတာလို့ ကျွန်တော် ထင်တယ်။ ပြီးရင် မေးခွန်းတွေ မေးတယ်။ အစောပိုင်းမှာ သူတို့ရဲ့ မေးခွန်းတွေက ကျွန်တော့်ကို တမင်တကာ ခြိမ်းခြောက်ဖို့၊ စိတ်ဓာတ်ရေးရာ ထိုးနှက်ဖို့လားလို့တောင် အတွေးဝင်မိတယ်။ တကယ့်ကို အသုံးမကျဘဲ အဖြေမရှိတဲ့ မေးခွန်းမျိုးတွေကိုး”လို့ သူက ပြောပြတယ်။

“နောက်ကျတော့ သူတို့က နည်းနည်း လှည့်ကွက်ပါတဲ့ မေးခွန်းတွေ ညှပ်ပြီး မေးလာတတ်တယ်။ (ဒေါ်) အောင်ဆန်းစုကြည်၊ ဒါမှမဟုတ် တခြား တစ်ယောက်ယောက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုခု ကျွန်တော့်ဆီက စကားနှိုက်ဖို့ပေါ့လေ။ ဟုတ်တယ်။ ကျွန်တော် ထိတွေ့ဆက်ဆံရသူဆိုလို့ သူတို့ပဲ ရှိခဲ့တာပါ”လို့ တာနဲလ်က ဆိုတယ်။

ပိုးကောင်တွေ၊ ကြွက်တွေ၊ ကင်းမြီးကောက်တွေ၊ ပြီးတော့ စာအုပ်တွေ

နောက်ပိုင်းမှာတော့ တာနဲလ်ဟာ ရန်ကုန်မြို့ ဆင်ခြေဖုံးက အင်းစိန်ထောင်ဆီ ရွှေ့ပြောင်း ခံခဲ့ရပါတယ်။ “ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင် အနေအထားကတော့ တော်တော်ဆိုးဆိုးပဲဗျ”လို့ သူက ပြောပါတယ်။

သံချေးတက်နေတဲ့ သံတိုင်တွေတွေ တပ်ထားတဲ့ ကွန်ကရစ် အချုပ်ခန်းဟာ ရန်ကုန်ရဲ့ ဓာတ်ကြီးလေးပါး သက်ရောက်မှုတွေကို လမ်းဖွင့်ပေးတာတယ်။ အဓိပ္ပါယ်ကတော့ အဲဒီ အချုပ်ခန်းထဲမှာနေရင်း မိုးရာသီမှာ မုတ်သုံမိုးဒဏ် ခံရမှာ ဖြစ်သလို နွေရာသီကျရင် ကျွတ်နေအောင် ပူပါတယ်။ ပြီးတော့ ပိုးကောင်တွေ၊ ကြွက်တွေ၊ ကြောက်စရာ ကောင်းတဲ့ ကင်းမြီးကောက်ကြီးတွေရယ်က အကျဉ်းခန်းထဲ အလည်လာတတ်သေးတယ်။

“ဒါပေမဲ့ အကောင်းဖက်က တွေးမယ်ဆိုရင် ကျွန်တော်က တခြား နိုင်ငံရေး အကျဉ်းသားတွေနဲ့အတူ တွေ့ဆုံခွင့် ရခဲ့တယ်လေ။ အခိုက်အတန့် တစ်ခုကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မယ် မထင်ဘူး။ ခပ်ငယ်ငယ် နိုင်ငံရေး အကျဉ်းသားလေး တစ်ယောက်က ကျွန်တော့်ဆီ ရောက်လာပြီး ပြောတယ်။ ‘ရှောင်ရေ၊ ခင်ဗျား လုံခြုံသွားပါပြီ။ အခု ခင်ဗျားက ကျွန်တော်တို့နဲ့အတူ ရှိနေပြီလေ’တဲ့လေ”လို့ တာနဲလ်က ဆိုတယ်။

သီတင်းပတ် တော်တော်များများမှာ တာနဲလ်ဟာ Macquarie တက္ကသိုလ်က စီးပွားရေး ပညာရပ်ဆိုင်ရာ ကထိက တစ်ဦးဖြစ်တဲ့ ဇနီးဖြစ်သူ ဟာဗူဆီက ပေးပို့လိုက်တဲ့ အထုပ်တွေကို လက်ခံ ရရှိလေ့ ရှိပါတယ်။ “ကျွန်တော့် ဇနီးက ANZAC ကွတ်ကီးတွေ၊ သပျစ်သီးခြောက်နဲ့ အုတ်ဂျုံမှုန့် ရောပြီး ဖုတ်ထားတဲ့ ကွတ်ကီးတွေ၊ သူ့ရဲ့ အပျံစားလက်ရာ သစ်သီးကိတ်တွေ ပို့ပေးလေ့ ရှိတယ်။ အဲဒီ အထုတ်တွေက ဆစ်ဒနီကနေတဆင့် လေလုံအိတ်တွေနဲ့ ကင်ဘာရာကိုရောက်ပြီး သံတမန်ရေးရာ လမ်းကြောင်းတွေကနေတဆင့် ရန်ကုန်ကို ပို့တယ်။ နောက်တော့ ကျွန်တော့်ဆီ ရောက်လာတယ်။ ဘယ်အထုပ်မှ ပျက်စီးနေတာမျိုး မရှိခဲ့ဘူး”လို့ တာနဲလ်က ပြုံးရင်း ပြောပြတယ်။

“အထုပ်ကို ဖွင့်လိုက်တဲ့အချိန် မုန့်ဖုတ်ထားတဲ့ အနံ့လေး သင်းပြီး ထွက်လာတာက တကယ့် ကျေနပ်စရာ အခိုက်အတန့်ပေါ့ဗျာ။ အစားအသောက်တွေလိုပဲ နောက်ထပ် တန်ဖိုးရှိတဲ့ အရာတွေကတော့ အထုပ်ထဲမှာ ပါလာတဲ့ စာအုပ်တွေပါပဲ။ အဲဒီ စာအုပ်တွေသာ မရှိရင် ကျွန်တော် ဆက်ပြီးတောင် အသက်ရှင်နိုင်ခဲ့ပါ့မလား မပြောတတ်ဘူး”လို့ တာနဲလ်က ဆိုတယ်။

သူ့ဆီကို အစောဆုံး ရောက်လာတဲ့ အထုပ်ထဲမှာ အမေရိကန်ရဲ့ ပထမဆုံး ဘဏ္ဍာရေးဝန်ကြီး အလက်ဇန္ဒား ဟယ်မီလ်တန်ရဲ့ အထုပ္ပတ္တိစာအုပ် ပါလာတဲ့အကြောင်း တာနဲလ်က ပြောပြတယ်။ လပိုင်းလောက် အကြာမှာတော့ သူဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကို စတင် ရေးသားနေခဲ့ပါပြီ။ တချို့ အကြောင်းအရာတွေကို ခေါင်းထဲမှာ သိုမှီးထားပြီး တချို့ကိုတော့ အကျဉ်းခန်းထဲမှာ သူသိမ်းထားတဲ့ စာအုပ်တွေရဲ့ ထောင့်စွန်းလိုင်း နေရာတွေမှာ ရေးထားလေ့ ရှိတယ်။

လက်ထပ်တုန်းက ထားရှိခဲ့တာ ဒီလိုကတိမျိုး မဟုတ်

တာနဲလ် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေမှာ လုံးဝ ယိမ်းယိုင်မှုမရှိ၊ ပျက်ကွက်မှု မရှိဘဲ အစဉ်တစိုက် ထောက်ပံ့ခဲ့တာကတော့ ဇနီးဖြစ်သူ ဟာဗူပါပဲ။ သူလွတ်မြောက်ရေးအတွက် ဇနီးဖြစ်သူက ကြိုးစားခဲ့တဲ့ တချို့ ဆောင်ရွက်မှုတွေဟာ ထူးကဲလွန်းတယ်လို့ တာနဲလ်က ပြောပါတယ်။

“ကျွန်တော် အိမ်ပြန်ရောက်လာတဲ့အချိန် တွေ့သမျှ လူပေါင်းစုံဆီက ကြားရတဲ့ မှတ်ချက်ကတော့ ကျွန်တော့်ဇနီးဟာ ဘယ်လောက်တောင် ထူးထူးကဲကဲ ကြံ့ခိုင် သန်မာခဲ့တယ် ဆိုတာတွေကပါပဲ။ သူက ဩစတြေးလျ၊ အမေရိကန်၊ ဗီယက်နမ်၊ စင်ကာပူက ရနိုင်သမျှ အကူအညီတွေ အားလုံးကို ဘယ်လို စုစည်းခဲ့တယ် ဆိုတာတွေ ကျွန်တော့်ကို ပြန်ပြောပြကြတယ်။ တစ်ခါတုန်းကဆိုရင် ချားလ်စ်ဘုရင်၊ ဟုတ်တယ်၊ အခု ဘုရင်အသစ် ဖြစ်လာတဲ့ ချားလ်စ်ကို ပြောတာပါ။ သူတောင် ဝင်ပါလိုက်ရပါသေးတယ်။ ဒါတွေ အားလုံးဟာ ဟာဗူဆီကနေ မြစ်ဖျားခံလာတာပါ။ သူဟာ အသက် ၂၈ နှစ် မတိုင်ခင်က ဩစတြေးလျကိုတောင် တစ်ခါမှ မရောက်ဖူးသေးပေမယ့် အခုအခါမှာတော့ ဩစတြေးလျ အစိုးရရဲ့ အမြင့်ဆုံး အဆင့်ဆိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ ဆက်ဆံခဲ့တယ်။ သူက အမေရိကန် အထက်လွှတ်တော်နဲ့တောင် ချိတ်ဆက်ခဲ့ပါသေးတယ်”လို့ တာနဲလ်က ဆိုတယ်။

သူ့ဇနီးရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုကို ချီးကျူးရင်း တာနဲလ်က တစ်ဖက်မှာလည်း သူအကျဉ်းကျနေချိန် ဟာဗူတစ်ယောက် စိတ်ထိခိုက် တုန်လှုပ်နေရတာတွေအတွက် အပြစ်ရှိသလို ခံစားမိကြောင်း ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော် ဒီလိုတွေးမိတယ်။ ဒါက ကျွန်တော်တို့ရဲ့ သဘောတူညီမှုထဲမှာ မပါခဲ့ဘူး။ လက်ထပ်ခဲ့ကြတဲ့ အချိန်မှာ ထားရှိခဲ့တဲ့ ကတိကဝတ်တွေက ဒီအခြေအနေမျိုးအတွက် မဟုတ်ဘူးလေ”လို့ သူက ပြောပါတယ်။

“ပြင်ပမှာ ရှိနေသူတွေက ကျွန်တော်တော့ အထဲမှာ အကြီးအကျယ် ဒုက္ခရောက်နေပြီဆိုတဲ့ အတွေးနဲ့ ထိခိုက် နာကျင်နေကြရမှာပါ။ ဒါပေမဲ့ ကျွန်တော်က ကာယကံရှင် ဖြစ်တဲ့အတွက် ကိုယ့်အခြေအနေ ကိုယ်သိတယ်လေ။ မြန်မာနိုင်ငံက ထောင်လို့ ပြောလိုက်တာနဲ့ လူတိုင်းကတော့ ကောင်းကွက် တစ်ခုခု ရှိလောက်ပါတယ်လို့ မြင်ကြတော့မှာ မဟုတ်ဘူး”လို့လည်း တာနဲလ်က ဆိုတယ်။

တကွဲတပြားနဲ့ ထူးထူးဆန်းဆန်း ပိုင်းခြားမှုမျိုး ကြုံနေရပြီး အဆက်အသွယ်လုပ်ဖို့ အကန့်အသတ်တွေ ရှိနေတဲ့တိုင် သူတို့ ဇနီးမောင်နှံဟာ စိတ်ချင်း ဆက်သွယ်ပြီး တစ်ယောက်အကြောင်း တစ်ယောက် တွေးနေကြမယ့် အချိန်လေး တစ်ခုကို သဘောတူ သတ်မှတ်နိုင်ခဲ့ကြပါတယ်။ နေ့တိုင်း မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲမှာပေါ့။ အဲဒီအချိန်က ဩစတြေးလျမှာတော့ မနက် ၁၀ နာရီ ဖြစ်ပါတယ်။

“အစောပိုင်း ဖုန်းခေါ်ဆိုမှု တစ်ခုမှာ ကျွန်တော်တို့က တစ်ယောက်ကို တစ်ယောက် ငဲ့ကွက် စဉ်းစားပေးပြီး အချိန်တစ်ခု သတ်မှတ်လိုက်ပါတယ်။ ဟုတ်တာပေါ့။ အဲဒီအချိန်လေးမှာ ကျွန်တော်တို့ တစ်ယောက်အသံ တစ်ယောက် မကြားနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အကြောင်း သူက အလေးအနက် တွေးနေမယ် ဆိုတာကို ကျွန်တော် သိတယ်။ အဲဒီလိုပဲ သူ့အကြောင်းကို ကျွန်တော် လေးလေးနက်နက် တွေးနေလို့လည်း ကောင်းတယ်လေ။ ကျွန်တော်တို့ချင်း ဆက်သွယ်မှု ရှိနေသလို ခံစားမိတယ်။ ‘ဒါလင်ရေ၊ မင်းအဲဒီမှာ ရှိနေလား’လို့ ကျွန်တော် ပြောမိမလိုတောင် ဖြစ်သွားတတ်သေးတယ်။ ပြီးတော့ ကျွန်တော့် စကားကို သူကြားမယ်လို့လည်း ယုံချင်မိတယ်”လို့ တာနဲလ်က ဆိုတယ်။

“ကျွန်တော်က ‘ဟာဗူ ဘာများ လုပ်နေမလဲ’ဆိုတာမျိုး ပြောကြည့်တယ်။ လက်တွေ့ဘဝက အခြေအနေတွေမှာ ဘယ်လို တုံ့ပြန်နေမလဲ ဆိုတာမျိုးပေါ့။ ‘ဟာဗူ ဘာလုပ်နေမလဲ’။ အဲဒီ အချိန်တွေမှ သူ့အကြောင်းတွေးရင်း သူနဲ့ စကားလက်ဆုံ ကျနေတာမျိုး စိတ်ကူးယဉ်မိပြန်တယ်။ အကြောင်းကိစ္စတွေကို ရှင်းပြတဲ့ အခါမျိုးကျရင် သူ့ဆီမှာ သိပ်ကို ထူးခြားတဲ့ နည်းလမ်းတစ်ခု ရှိတယ်။ အဲဒါက သူ့အသံ ဖြစ်နိုင်တယ်။ အဲဒီအသံက ကျွန်တော့်ဆီ ရောက်လာမယ် ဆိုတာမျိုးပေါ့”လို့ တာနဲလ်က ပြောပြပါတယ်။

မြန်မာနိုင်ငံကို ဘယ်တော့မှ မမုန်း

​ဝန်ကြီးချုပ်ဟောင်း စကော့မော်ရစ်ဆန်ရဲ့ အစိုးရ လက်ထက်မှာ ကတည်းက သူလွတ်မြောက်နိုင်ရေးအတွက် အားထုတ်မှုတွေ ရှိခဲ့မှန်း တာနဲလ်က သိပါတယ်။ ဒါပေမဲ့ လက်ရှိ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နီစ်ရဲ့ လက်ထက်မှာတော့ အဲဒီ အားထုတ်မှုတွေရဲ့ တမ်ပိုက တရိပ်ရိပ် တက်လာမှန်း သတိထားမိလာကြောင်း သူက ဆိုတယ်။

“တော်တော်လေး သိသာတဲ့ အပြောင်းအလဲဗျ။ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာတွေ၊ ဖုန်းပြောဖို့ တောင်းဆိုတာမျိုး ကိစ္စတွေပေါ့”လို့ တာနဲလ်က ရှင်းပြတယ်။

အဲဒီအချိန်မှာ တာနဲလ်ရဲ့ ကျန်းမာရေးက နည်းနည်း ဆိုးရွားစ ပြုလာပြီး တရားစီရင် စစ်ဆေးရေး ကာလအတွင်း မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်မှာရှိတဲ့ အကျဉ်းထောင်ဆီ ရွှေ့ပြောင်းလိုက်တယ်။ အဲဒီထောင်ရဲ့ ကွဲပြားတဲ့ အဆောင်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားပါတယ်။ (အာဏာသိမ်းမှုနောက်ပိုင်း) ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို စကားပြောခွင့် ရခဲ့ချိန်မှာ နိုင်ငံတော် အစိုးရ ခေါင်းဆောင်က တာနဲလ်ကို တောင်းပန်စကား ဆိုခဲ့ပါတယ်။

“သူက ပြောတယ်ဗျ။ ‘ရှောင်ရေ။ ရှင့်အတွက်၊ ဟာဗူအတွက်၊ ရှင့်အဖေအတွက်၊ ရှင်တို့ မိသားစုတွေ အားလုံးအတွက် စိတ်မကောင်းပါဘူး။ ကျွန်မတို့ရဲ့ ပြဿနာတွေမှာ ရှင်တို့ပါ ကြားညပ်နေရပြီ’တဲ့လေ”လို့ တာနဲလ်က ပြန်ပြောပြတယ်။

စက်တင်ဘာလမှာတော့ တာနဲလ်က စွဲချက်တွေအတွက် ပြစ်မှုထင်ရှားကြောင်း စီရင်ချက် ချမှတ်ခံရပြီး ထောင်ဒဏ် ၃ နှစ် ကျခံလိုက်ရတယ်။ နောက်ထပ် ၇ ပတ် အကြာမှာတော့ သူလွတ်မြောက်လာခဲ့ပါတယ်။

အစောပိုင်းမှာ အကျဉ်းထောင် ဝန်ထမ်းတွေက သူ့ကို အဲဒီသတင်း လာပြောပြတော့ တာနဲလ်က သူတို့ နောက်ပြောင်နေတယ်လို့ ထင်မိခဲ့သေးတယ်။ အဲဒီအစား ပစ္စည်းတွေ သိမ်းဖို့ သူ့ကို အစောင့်တွေက အချိန်ပေးခဲ့တယ်။ သူသိပ်တန်ဖိုးထားတဲ့ စာအုပ်တွေနဲ့ ပတ်သက်လို့ တာနဲလ်တစ်ယောက် နည်းနည်း ချီတုံချတုံ ဖြစ်မိသွားပေမယ့် နောက်ပိုင်းမှာတော့ အများစုကို တခြား အကျဉ်းသားတွေ ဖတ်နိုင်အောင် အကျဉ်းထောင် စာကြည့်တိုက်မှာပဲ ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ကို အကျဉ်းထောင်ကနေ လေဆိပ်ဆီ တန်းခေါ်ဆောင်သွားတယ်။ အဲဒီမှာ ဩစတြေးလျ အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ဩစတြေးလျ နိုင်ငံဆီပြန်မယ့် လေယာဉ်တစ်စီးပေါ် တင်ပေးလိုက်တော့တာပါပဲ။ သူ့ဇနီးက မဲလ်ဘုန်း လေဆိပ်မှာ လာရောက် စောင့်ကြိုနေခဲ့တယ်။

“တကယ့်ကို ပဉ္စလက်ဆန်တဲ့ အခိုက်အတန့်လေးပါပဲ။ ကျွန်တော်တို့က ရုပ်ရှင်တွေထဲကလို ပြေးဖက်လိုက်ကြတယ်”လို့ တာနဲလ်က ဆိုတယ်။

ကြုံခဲ့သမျှ ဖြစ်ရပ်တွေက ဆိုးရွားခဲ့တဲ့တိုင် တာနဲလ်ကတော့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ချစ်မြတ်နိုးနေဆဲပါလို့ ပြောပါတယ်။ “မြန်မာနိုင်ငံက ပြန်ထွက်ခွာလာတော့မယ့် အချိန်မှာ အကြီးတန်း လူဝင်မှု ကြီးကြပ်ရေး အရာရှိ တစ်ယောက်က လာပြောတယ်ဗျ။ ‘ကျေးဇူးပြုပြီး မြန်မာနိုင်ငံကို မမုန်းလိုက်ပါနဲ့’တဲ့။ ‘ငါဘယ်တော့မှ မြန်မာနိုင်ငံကို မမုန်းနိုင်ပါဘူးကွာ’လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။ မြန်မာနိုင်ငံက လူတွေ အားလုံးရဲ့ ၉၉ ရာခိုင်နှုန်းလောက်ဟာ တကယ့်ကို ထူးကဲ ကောင်းမွန်ပါတယ်။ အများစုက ဖော်ရွေတယ်။ ခင်မင်စရာကောင်းပြီး ကြင်နာတတ်ကြပါတယ်။ ကျွန်တော့်အပေါ်မှာ မြန်မာပြည်သူတွေက တောင်းပန်စရာ ဘာအကြောင်းမှ မရှိပါဘူး’လို့လည်း တာနဲလ်က သူ့သဘောထားကို ဖွင့်ဟခဲ့ပါတယ်။

အမှန်တကယ် ပြန်လွတ်မြောက်လာတဲ့ အချိန်မှာ တာနဲလ်တစ်ယောက် သူအခုလို လွတ်မြောက်နိုင်အောင် ဝိုင်းဝန်း အားထုတ်ပေးခဲ့သူတွေအပေါ် ကျေးဇူးတင်နေရင်း တာနဲလ်တစ်ယောက် အိမ်ပြန်ချင်စိတ်က လွှမ်းမိုးနေခဲ့ပါတော့တယ်။

“လုံးဝကြီး သိမ်ငယ်သလိုလိုလည်း ဖြစ်သွားတယ်။ အသေအချာ အာရုံစိုက်လို့ မရသလိုတွေလည်း ခံစားမိတယ်။ ကျွန်တော့် စိတ်ထဲက ဖြစ်ပျက် ပြောင်းလဲမှုတွေနဲ့ ပတ်သက်ရင် ကိုယ့်ဝမ်းနာ ကိုယ်သာသိပဲ မဟုတ်လား။ ကျွန်တော် ကြောက်နေပြီး သူရဲဘောကြောင်သလိုမျိုး အိမ်ပြန်ချင်နေတဲ့ အခိုက်အတန့်တွေကို ကျွန်တော့်ဖာသာ ကျွန်တော်ပဲ သိတယ်လေ။ ကျွန်တော် အိမ်ပဲပြန်ချင်ခဲ့ပါတယ်”လို့ တာနဲလ်က ဖွင့်ဟသွားပါတယ်။

(ABC 7.30 တွင် ဖော်ပြထားသည့် Sean Turnell says he ‘could never hate Myanmar’ despite spending 650 days in ‘horrible’ prisons ဆောင်းပါးကို ဘာသာပြန်ဆိုသည်)