ကိုဗလ ရေးသားသည်။
အခုလို တော်လှန်ရေးကာလမျိုးမှာ ရှော့တိုက်ဒုံးနဲ့ ပစ်တယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ဖတ်နေကြရပါတယ်။ စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရှော့တိုက်ဒုံးကို အသုံးများပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၁၀၇ မမ (107mm) ရှော့တိုက်ဒုံးတွေကို အသုံးများပါတယ်။ ဒုံးကို ကားပေါ်တင်ပြီး ဒါမှမဟုတ် မြေပြင်မှာ အောက်ခံခုံလုပ်ပြီး ပစ်ခတ်လေ့ရှိကြပါတယ်။
အခုရက်ပိုင်းမှာတင်ကို Brave Warriors for Myanmar တော်လှန်ရေးတပ်ဖွဲ့ကဦးဆောင်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေး နန်းတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ခဲ့ပြီး ၃ လုံးက ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြတာကို တွေ့ရပါတယ်။ ရှော့တိုက်ဒုံးဆိုတာ ဘာလဲ၊ ဘယ်လောက် ပစ်မှတ်တိကျလဲဆိုတာ ကြည့်ကြရအောင်ပါ။
●ရှော့တိုက်ဒုံးဆိုတာ ဘာလဲ

Public Service Announcement
ရှော့တိုက်ဒုံးဆိုတာ ပစ်မှတ်ကို လမ်းညွှန်စနစ်မပါဘဲ (ဒါမှမဟုတ်) အကန့်အသတ်နဲ့ပဲပါဝင်ပြီး အရှိန်ခပ်ပြင်းပြင်းနဲ့ ပစ်ခတ်နိုင်တဲ့ ဒုံးကျည် အမျိုးအစားဖြစ်ပါတယ်။
●ဘယ်လို အလုပ်လုပ်သလဲ
ရှော့တိုက်ဒုံးတွေဟာ ဒုံးတွန်းအား စနစ်နဲ့ အလုပ်လုပ်ပါတယ်။ ဒုံးကျည်ရဲ့ နောက်ပိုင်းမှာ ပါဝင်တဲ့ ယမ်း ဒါမှမဟုတ် ဒုံးလောင်စာက မီးလောင်ပေါက်ကွဲပြီး နောက်ပြန်ကန်အားကိုထုတ်ပေးပါတယ်။ အဝေးထိန်းစနစ် ဒါမှမဟုတ် အချိန်ကိုက်စနစ်တွေနဲ့ ပစ်ခတ်လေ့ရှိပါတယ်။ ပုံသေပစ်စင်တွေအစား သံလမ်း၊ ပိုက်လိုင်း ဒါမှမဟုတ် မြေကြီးကို တူးပြီး တည့်မတ်ကာ ပစ်ခတ်တာကြောင့် “ ရှော့တိုက်ဒုံး” လို့ အလွယ်ခေါ်ကြတာပါ။
●ဘယ်လောက်အကွာအဝေးထိ ပစ်နိုင်လဲ
ရှော့တိုက်ဒုံးပစ်နိုင်တဲ့ အကွာအဝေးဟာ ပစ်မယ့် ဒုံးကျည်အမျိုးအစားနဲ့ အသုံးပြုတဲ့ လောင်စာအပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။အခြေခံအဆင့်သုံးတဲ့ ရှော့တိုက်ဒုန်းတွေဟာ ၃ ကီလိုမီတာ ကနေ ၅ ကီလိုမီတာ ဝန်းကျင်(မနားတမ်း တနာရီလမ်းလျှောက်တဲ့ အကွာအဝေး) ထိ ပစ်ခတ်နိုင်ပါတယ်။ အဆင့်မြင့် ဒါမှမဟုတ် စစ်ဘက်သုံး ၁၀၇ မမ ဒုံးကျည်သုံးထားတဲ့ ရှော့တိုက်ဒုံးတွေကတော့ ၁၀ ကီလိုမီတာ ကနေ ၄၀ ကီလို
မီတာ ( ရန်ကုန်မြို့လယ်လောက်ကနေ လှည်းကူးမြို့နားထိ) အကွာအဝေးထိ ရောက်နိုင်ပါတယ်။
ပြည်တွင်းလုပ် ရှော့တိုက်ဒုံးတွေကတော့ များသောအားဖြင့် ၅ မိုင် ကနေ ၁၀ မိုင် ပတ်ဝန်းကျင်ကို အဓိက ပစ်ခတ်နိုင်ပါတယ်။
●ပစ်မှတ်ကိုဘယ်လောက်တိကျနိုင်လဲ
အကွာအဝေးကို ခပ်ဝေးဝေးထိရောက်အောင် ပစ်ခတ်နိုင်ပေမယ့် ပစ်မှတ်ကို တိကျနိုင်တဲ့ ရာခိုင်နှုန်းကတော့ နည်းပါတယ်။ ဒါဟာ ရှော့တိုက်ဒုံးရဲ့ အားနည်းချက် ဖြစ်ပါတယ်။ ပစ်မှတ်ကို တည့်တည့်ကျဖို့ ၃၀ ကနေ ၅၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဒါကြောင့် ပစ်မှတ်ကို ရှော့တိုက်ဒုံးတခု မဟုတ် တခုနဲ့ ထိမှန်စေဖို့ ရှော့တိုက်ဒုံးအလုံးရေ အများအပြားကို တပြိုင်တည်းပစ်ခတ်တဲ့နည်းလမ်းကို သုံးကြပါတယ်။
ရှော့တိုက်ဒုံးတွေတိကျမှုနည်းရတဲ့အဓိက အကြောင်းရင်းတွေကတော့ လေတိုက်နှုန်း၊ ဒုံးကျည်ရဲ့ကိုယ်ထည်စနစ်ကျသေသပ်မှုနဲ့လောင်စာလောင်ကျွမ်းမှုနှုန်းတွေကို တွက်ချက်ဖို့ ခက်ခဲလို့ဖြစ်ပါတယ်။ ရှော့တိုက်ဒုံးဟာ ပစ်လွှတ်လိုက်ပြီးတာနဲ့ လမ်းကြောင်းကို ပြန်ပြင်လို့မရတဲ့ (Unguided) လက်နက်ဖြစ်တာမို့ ရှော့တိုက်ဒုံးပစ်စင်ကို တည်ဆောက်ထားတဲ့ မြေပြင်အနေအထား ခိုင်ခံ့ဖို့က ပစ်မှတ်တိကျမှုအတွက် အလွန်အရေးကြီးပါတယ်။ တစ်ဖက်မှာလည်း ကိုယ်တိုင်လုပ် ရှော့တိုက်ဒုံးတွေဟာ မီးစာစနစ် မမှန်ကန်ရင် ပစ်ခတ်သူနားမှာတင်ပေါက်ကွဲနိုင်ပြီးအန္တရာယ်ရှိပါတယ်။
အခုခေတ်မှာတော့ ခေတ်မီ နည်းပညာတွေကိုသုံးပြီး လေတိုက်နှုန်းနဲ့ အမြင့်ပေကို ထည့်သွင်းတွက်ချက်ကာ ပစ်မှတ်ကို ပိုမိုတိကျအောင် လုပ်ဆောင်လာကြပါတယ်။
ရှော့တိုက်ဒုံးနဲ့ လူတဦးချင်းစီ ဒါမှမဟုတ် ကားတစီးချင်းစီကို ထိအောင်ပစ်ဖို့ ခက်ခဲပြီးတပ်စခန်းတခုလုံးဒါမှမဟုတ်မြို့ပြဧရိယာလိုမျိုး (Area Target)တွေကိုပဲ ပစ်ခတ်ရာမှာထိရောက်ပါတယ်။
ဒီလက်နက်ဟာ တပ်ဆင်ရလွယ်ကူပြီး ပစ်ပြီးတာနဲ့ ချက်ချင်း နေရာရွှေ့ပြောင်းနိုင်တဲ့အတွက် ပြောက်ကျားစစ်ဆင်ရေးတွေမှာ အသုံးများပါတယ်။ တိကျမှုနည်းပေမယ့် ပေါက်ကွဲအား ပြင်းထန်ပြီး အသံကျယ်တာမို့ ရန်သူ့ဘက်ကို ထိတ်လန့်ခြောက်ခြားစေတဲ့ စိတ်ဓာတ်စစ်ဆင်ရေး အဖြစ်လည်း အသုံးဝင်ပါတယ်။

















































