Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အသံတိတ်သပိတ်မှ မြည်ဟိန်းသော သတင်းစကားများကို ကြားနာခြင်း

စျေးတွေ၊ဆိုင်တွေ၊ အလုပ်ရုံတွေ၊ လမ်းတွေ၊ မြေပြန့်ဒေသတွေ၊ တောင်ကုန်းတွေမှာ မနက် ၁၀ နာရီကနေ ညနေ ၄နာရီထိ လူသူကင်းမဲ့ တိတ်ဆိတ်သွားကြတယ်။

— အီဂေါဗလာဇီဗစ်

အင်မတန်အားကြီးတဲ့ တနိုင်ငံလုံးပါတဲ့ မြန်မာပြည်သူတွေရဲ့ လူထုလှုပ်ရှားမှုကြီးတစ်ခု ထပ်ဖြစ်လာမယ်လို့ မျော်လင့်မထားခဲ့ကြပါဘူး။ စစ်တပ်ရဲ့ ဖိနှိပ် သတ်ဖြတ် ရက်စက်မှု သိပ်ကြီးလွန်းတာကြောင့်၊ တက်ကြွလှုပ်ရှားသူတော်တော်များများ လည်း အဖမ်းခံထားရတာကြောင့် လူထုအစုအဖွဲ့လိုက် အကြမ်းမဖက် ဆန့်ကျင်နိုင်တဲ့စွမ်းရည် မရှိတော့ဘူးလို့ အများစုက တွေးခဲ့ကြတာပါ။ သိပ်မကြာခင်ကဆိုရင် သံတမန်တွေ၊ ကုလသမဂ္ဂကလူတွေ၊ ငြိမ်းချမ်းရေး ကူညီရေး ဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ လစာရနေကြတဲ့ ရန်ကုန်နေ နိုင်ငံတကာပုဂ္ဂိုလ်တွေဟာ စစ်အာဏာရှင်ကအာဏာချုပ်ကိုင်လို့ ရနေပြီ၊ စကစနဲ့ တွဲမလုပ်လို့ မရတော့ဘူးလို့ ပြောလာနေတာပါ။ အသံတိတ်သပိတ်က ဒီလူတွေရဲ့အဆို လုံးဝမှားယွင်းကြောင်း သက်သေပြလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

အသံတိတ်သပိတ်ဟာ ပြည်သူ့အာဏာနဲ့ ပြည်သူ့ဆန္ဒကို အံ့မခန်း ထုတ်ပြလိုက်တာပါပဲ။ ဒီဇင်ဘာ ၁၀ ရက် (ကမ္ဘာ့လူ့အခွင့်အရေးနေ့) မှာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေက ပြည်သူတွေသာမက များလှတဲ့ မြို့တွေရွာတွေအစွန်အဖျားနေရာတွေက ပြည်သူတွေအထိ ပါဝင်ကြပါတယ်။ လူမျိုးနွယ်စုံ၊ အသက်အရွယ်စုံ၊ အသက်မွေးဝမ်းကြောင်းစုံ၊ အလွှာစုံက ပြည်သူတွေဟာ စစ်အုပ်ချုပ်မှုကို ဘယ်တော့မှ လက်မခံ ငြင်းပယ်ကြတယ် ဆိုတာကို ပြသကြပါတယ်။

စျေးတွေ၊ဆိုင်တွေ၊ အလုပ်ရုံတွေ၊ လမ်းတွေ၊ မြေပြန့်ဒေသတွေ၊ တောင်ကုန်းတွေမှာ မနက် ၁၀ နာရီကနေ ညနေ ၄နာရီထိ လူသူကင်းမဲ့ တိတ်ဆိတ်သွားကြတယ်။
လူသူကင်းမဲ့ တိတ်ဆိတ်ခြင်းဟာ အလွန်ကျယ်လောင်စွာ မြည်ဟည်းပါတယ်။ တကမ္ဘာလုံးက မီဒီယာတွေ အသံတိတ်သပိတ်အကြောင်းကို ရေးကြတယ်။
ဒီအသံတိတ်သပိတ်အပြီးမှာတော့ သပိတ်ကနေ ဘာတွေပြောနိုင်ခဲ့သလဲ၊ သပိတ် ကပေးတဲ့ သတင်းစကားက ဘာတွေလည်းဆိုတာ ပြန်ဆင်ခြင်ကြည့်သင့်ပါတယ်။
ပထမဆုံး အနေနဲ့ကတော့ အသံတိတ်သပိတ်ဟာ မြန်မာပြည်သူအချင်းချင်း သတင်းစကားပါးပါတယ်။ ပြည်သူတွေအနေနဲ့ ငါတို့ဟာ လူများစုကြီးဆိုတဲ့ သေချာရေရာမှုကို ရစေပါတယ်။ ပြည်သူက ပြည်သူကိုပေးတဲ့ ဒီသတင်းစကားဟာ အလွန်အရေးကြီးပါတယ်။ ၁၁ လ လုံးလုံး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုအောက်မှာ နေရတဲ့ပြည်သူတွေဟာ အာဆီယံ၊ UN၊ တရုတ်၊ အမေရိကန်တွေကို ကူညီပေးဖို့ ကြိမ်ဖန်များစွာ တောင်းပန်ခဲ့ကြပါတယ်။ဘယ်သူမှ မကူညီကြပါဘူး။ ဖြေးဖြေးချင်း နာနာကျင်ကျင် သဘောပေါက်လာတာက အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ ပြည်သူပဲရှိပါလား၊ အဓိကပါဝင်ရမှာက ပြည်သူတွေပါပဲလားဆိုတဲ့ အချက်ပါ။

ပြည်သူဟာ ကိုယ့်ခံနိုင်ရည်၊ ကိုယ့်ဇွဲသတ္တိနဲ့သာ ရုန်းကန်ရမှာကြောင့် ငါတို့ညီညွတ်နေကြတယ်၊ ငါတို့အားလုံး စစ်အာဏာရှင်ကို တော်လှန်နေကြတယ်လို့ သိမြင်စေတဲ့ အသံတိတ်သပိတ်ဟာ အလွန်အရေးကြီးလှပါတယ်။

အသံတိတ်သပိတ်ဟာ လွတ်မြောက်ရေးအတွက် ရှေ့တန်းမှာ တိုက်ပွဲဝင်ရုန်းကန်နေရသူတွေကိုရော၊ ထောင်ထဲကသူတွေရောကိုပါ သူတို့ဟာ ပြည်သူတွေရဲ့ သူရဲကောင်းတွေဖြစ်ကြောင်းပြောပြပေးပါတယ်။ ပြည်သူတွေဟာသူတို့ရဲ့ သတ္တိနဲ့ စွန့်လွတ်မှုကို ကြည်ညိုရိုသေကြတယ်။ ပြည်သူတွေဟာ သူတို့နဲ့ အတူရှိနေတယ်ဆိုတာကို အသံတိတ်သပိတ်က ပြောပြပေးပါတယ်။

Public Service Announcement

Public Service Announcement

အသံတိတ်သပိတ်ဟာ အသက်စွန့်သွားကြတဲ့ အာဇာနည်တွေကိုလည်း အလေးပြုပါတယ်။ အမြဲတမ်းအမှတ်ရဂုဏ်ပြုနေကြလိမ့်မယ်ဆိုတဲ့ အဓိဌာန်ကိုလည်း အသံတိတ်သပိတ်က ပေးပါတယ်။

အသံတိတ်သပိတ်ဟာ လူမျိုးစုလက်နက်ကိုင်အဖွဲ့ ( EAO)တွေ၊ လူမျိုးစုပါတီတွေနဲ့ လူမျိုးစု အသီးသီးကိုလည်းစကားပြောပါတယ်။ အသံတိတ်သပိတ်ဆင်နွဲရာဒေသပြ မြေပုံကိုကြည့်ရင် သပိတ်ဒေသအများစုဟာ မြေပြန့်ဒေသနဲ့ အထက်အလယ်ပိုင်းဒေသတွေက များလှတဲ့မြိုကြီး မြို့သေးတွေဆိုတာတွေ့ရပါမယ်။ အဲဒီဒေသတွေဟာအစဉ်အလာ ဗမာအများစုဒေသတွေပါ။ အသံတိတ်သပိတ်ရဲ့ သတင်းစကားက လူမျိုးစုဖယ်ဒရယ် တိုက်ပွဲဝင်သူတွေရော၊ ဒီမိုကရေစီရေးသမားတွေပါ အတူလက်တွဲတိုက်ပွဲဝင်ပြီး ဆယ်စုနှစ်များစွာကြာနေတဲ့ စစ်အာဏာရှင်စနစ်ကို အောင်ပွဲရနိုင်တဲ့ သမိုင်းဝင်အခွင့်အရေး မျက်မှောက်ကာလမှာရှိနေပြီ ဆိုတဲ့ သတင်းစကားပါ။ဒီသတင်းစကားကို ကြားသိနားလည်ဖို့ မျှော်လင့်နိုင်ပါတယ်။ အတူပူးတွဲအောင်ပွဲခံမှုကနေ အပြန်အလှန်နားလည်မှုနဲ့ အစစ်အမှန်ညီညွတ်ရေး၊ အရှည်တည်တဲ့ ငြိမ်းချမ်းရေးတွေဆီကို ရောက်နိုင်ပါတယ်။

အသံတိတ်သပိတ်ဟာ တပ်မတော်ကိုလည်း ကျယ်လောင် အားကောင်းစွာ စကားပြောပါတယ်။ မအလရဲ့လူသတ်လမ်းစဉ်ကနေ စွန့်ခွါဖို့ အရာရှိတွေ၊ စစ်သားတွေကို ဆင့်ခေါ်ပါတယ်။ ရက်စက် သတ်ဖြတ်မှုတွေ အများကြီးဖြစ်ခဲ့ပါပြီ။ ဒါပေမဲ့ အင်္ဂုလိမာလရဲ့ လူသတ်လမ်းစဉ်မှာ အောင်ပွဲရစရာ အကြောင်းမရှိဆိုတာကို အသံတိတ်သပိတ်နဲ့အတူ ပြည်သူတွေက တပ်မတော်ကို သတိပေးနေပါတယ်။ မအလနဲ့ စစ်အာဏာရှင်တစ်စုကို ကျော်ခိုင်းပြီး ပြည်သူဘက်ပူပေါင်းဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ မအလဘက်မှာက အဆုံးမရှိတဲ့ ပြည်တွင်းစစ်နဲ့ ရက်စက်မှုတွေပဲရှိပါတယ်။ ပြည်သူ့ဘက်ကသာ ပိုပြီးအခြေခိုင်တာပါ။

အသံတိတ်သပိတ်ဟာ မြန်မာပြည်ရဲ့ အိမ်နီးချင်းတွေနဲ့ ဒေသတွင်း၊နိုင်ငံတကာ အရှေ့တောင်အာရှဆိုင်ရာအင်အားစုတွေကိုလည်း စကားပြောပါတယ်။ အသံတိတ်သပိတ်ကနေ အဲဒီလူတွေကိုလှမ်းပြောလိုက်တာကသိမ်မွေ့ပါတယ်။ စိတ်လှုပ်ရှား စိတ်ပျက်ပြားမှုကနေ လာတဲ့ ဒေါသနဲ့ အော်ဟစ်သံမျိုးမဟုတ်ပါဘူး။ တည်တည်ငြိမ်ငြိမ် ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာပြောတဲ့စကားပါ။ သပိတ်ကနေ ပြောတာက “ ဒါဟာ ငါတို့လမ်း ငါတို့မြို့ ငါတို့တိုင်းပြည်။ ငါတို့အနာဂတ်ကို ငါတို့ဆုံးဖြတ်မယ်။ ငါတို့တွေ လူမိုက်ရဲ့ အနိုင်ကျင့် ရက်စက် နှိပ်စက်တာတွေ မတရားသဖြင့် ခံနေရပေမဲ့ မင်းတို့တွေ ဆင်ခြေအမျိုးမျိုးနဲ့ မကူညီကြဘူး။ သူများပြည်တွင်းရေး ဝင်မစွပ်ဖက်ဘူးလို့ မင်းတို့ပြောကြသေးတယ်။ ရပါတယ် ဝင်မပါနဲ့။ ငါတို့တွေ ကိုယ့်အင်ကိုယ့်အား ကိုယ့်ယုံကြည်မှုနဲ့ သွားမယ်။ လူရမ်းကားကို ငါတို့ဘာသာ ရှင်းမယ်။ အဲဒီကောင် မနိုင်စေရဘူး။ ဒါပေမဲ့ လက်နက်တွေထောက်ပံ့တာ၊တိုင်းပြည်ရဲ့ လုပ်အားနဲ့ ကြွယ်ဝမှုကနေ ခိုးဝှက်ထားတဲ့ ဓနဥစ္စတွေကို လွှဲပေးတာ၊ ငါတို့ကို ကိုယ်စားမပြုတဲ့ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံတာတွေမလုပ်ပါနဲ့။ သူတို့ဟာ ငါတို့ကိုယ်စားလှယ်တွေမဟုတ်ဘူး။

ရဲရင့်သော မြန်မာပြည်သူများအား ဂုဏ်ပြုချီးမြောက်ပါ၏။ သင်တို့သည်ကား လွတ်လပ်ခွင့်နှင့် ထိုက်တန်သူများဖြစ်ကြပါပေ၏။

အာဏာရှင်နဲ့ မတရားမှုကို ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်ကအားသစ်နဲ့ ထပ်မံရှင်သန်စေခဲ့ပြန်ပါပြီ။