Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျူးကျော်စစ်ကို ကြုံနေကြတာ။ နိုင်ငံကြီးများရဲ့ အသုံးချခံစစ် မဟုတ်ပါ။ ယူကရိန်းနဲ့ မြန်မာ

“မြန်မာပြည်တွင် နိုင်ငံကြီးများ၏ အကျိုးအတွက် အသုံးချခံ စစ်ပွဲကို တားဆီးခြင်း“ ဆိုတဲ့ ကဗီချောင်ကစ်တဗွန်(Kavi Chongkittavorn) ရဲ့ ဘန်ကောက်ပို့စ်က ဆောင်းပါးကို တုန့်ပြန်မှတ်ချက်ပြုခြင်းရုရှားက ယူကရိန်းကို ရန်လိုရန်စမှု မရှိပါပဲလျက် ရုတ်တရက် ဝင်တိုက်ခဲ့ခြင်းဟာ ကဗီနာမည်တပ်သလို “proxy war”ခေါ် အသုံးတော်ခံစစ်မဟုတ်ပါ။

(အပိုင်း ၁)

—အီဂေါဗလာဇီဗစ်

“မြန်မာပြည်တွင် နိုင်ငံကြီးများ၏ အကျိုးအတွက် အသုံးချခံ စစ်ပွဲကို တားဆီးခြင်း“ ဆိုတဲ့ ကဗီချောင်ကစ်တဗွန်(Kavi Chongkittavorn) ရဲ့ ဘန်ကောက်ပို့စ်က ဆောင်းပါးကို တုန့်ပြန်မှတ်ချက်ပြုခြင်းရုရှားက ယူကရိန်းကို ရန်လိုရန်စမှု မရှိပါပဲလျက် ရုတ်တရက် ဝင်တိုက်ခဲ့ခြင်းဟာ ကဗီနာမည်တပ်သလို “proxy war”ခေါ် အသုံးတော်ခံစစ်မဟုတ်ပါ။ ရုရှားက ဝင်တိုက်ခြင်းဟာ ရာဇဝတ်မှုမြောက်တဲ့ကျူးကျော်ခြင်းဖြစ်ပြီးတွန်းလှန်အနိုင်ယူရမဲ့ကိစ္စပါ။ ယူကရိန်းရဲ့ ရုန်းကန် တွန်းလှန်စစ်ပွဲဟာ ပြည်ပအင်အားစုများစုရဲ့ ကြိုးဆွဲအသုံးချခံစစ်ပွဲ မဟုတ်ပါ။ ယူကရိန်းတစ်နိုင်ငံလုံးဟာ သူ့ရေမြေအချုပ်အခြာ၊ သူ့နိုင်ငံပုံရိပ်၊ နိုင်ငံသားတို့ရဲ့ အခြေခံလွတ်လပ်ခွင့်နဲ့ အခြားဥရောပနိုင်ငံတွေကြားမှာ ဥရောပနိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ သူရဲကောင်းပီသစွာတွန်းလှန်ကာကွယ်နေကြရတာဖြစ်ပါတယ်။ ဒီစစ်ဟာ ခုခံစစ်ဖြစ်ပြီး ယူကရိန်းတွေနိုင်မဲ့ စစ်လည်းဖြစ်တယ်။

ကဗီရဲ့ ဆောင်းပါးအဖွင့်မှာ မှားယွင်းနေရုံမက စာဖတ်သူကိုလည်း အမြင်လွဲစေတဲ့ အချက်ကို ရေးသားထားပါတယ်။ သူက ဆူပါပါဝါနိုင်ငံကြီးတွေ သို့မဟုတ် အချို့သော ထိပ်သီးနိုင်ငံတွေဟာ ကမ္ဘာ့ပထဝီနိုင်ငံရေးကစားပွဲကိုယူကရိန်းမြေပေါ်မှာ ဝင်ကစားနေကြပြီး ထိခိုက်နာကျင်ရသူတွေက အပြစ်မဲ့ယူကရိန်းနိုင်ငံသားတွေဖြစ်တယ်ဟုကောက်ချက်ဆွဲပါတယ်။ ဒါက တော်တော်လွဲပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းစစ်ဟာ ပူတင်ဦးဆောင်တဲ့ အာဏာကိုအလွဲသုံးပြီးနိုင်ငံတော်ဆီက ခိုးဝှက်နေကြတဲ့ အာဏာရှင်ရုရှားအစိုးရက အိမ်နီးချင်းနိုင်ငံကို ဝင်တိုက်တဲ့ စစ်ပွဲဖြစ်ပါတယ်။ ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ ယူကရိန်းပြည်သူတွေ ကြိုက်တဲ့ အစိုးရကို ဖြုတ်ချပြီး ရုရှားအလိုကျဖြစ်အောင်လုပ်ပေးမယ့် အစိုးရသစ်တစ်ရပ်ကိုထူထောင်ဖို့ ကြံစည်တာလည်း ဖြစ်တယ်။

သူ့အကြံသာ အထမြောက်ခဲ့ရင် ယူကရိန်းမှာ ရုရှားနည်းတူ သူခိုးဓမြအာဏာရှင် အစိုးရတရပ် ပေါ်လာပြီး ဒီမိုကရေစီကိုဖျက်ဆီးပစ်ကြပါမယ်။ နောက်တော့ ရုရှားကို အမြဲမှီခိုနေရတဲ့နိုင်ငံတစ်ခု ဖြစ်လာမယ်။ ဘီလာရုစ် အာဏာရှင် လူကာရှန်ကာဟာလည်း ဒီနည်းနဲ့ပဲ တက်လာပြီး ပူတင်ကို အမြဲမှီခိုနေရတဲ့ အဖြစ်ကို ရောက်သွားတယ်။

ယခုစစ်ပွဲမှာ ရုရှားကို ပြန်တိုက်နေကြတဲ့ ယူကရိန်းစစ်တပ်၊ ယူကရိန်းနယ်မြေကာကွယ်ရေးတပ်၊ စေတနာ့ဝန်ထမ်းတပ်ဖွဲ့တွေဟာလည်း ယူကရိန်းပြည်သူတွေပဲဖြစ်ပါတယ်။ ပြည်သူတွေဟာ ခုခံစစ်မှာ စိတ်နှလုံးကိုနှစ်မြှုပ်ပါဝင်နေကြတာဖြစ်တယ်။ သူတို့ဟာ မိမိတို့အချုပ်အခြာ၊ မိမိတို့ရဲ့ လွတ်လပ်ခွင့် ၊ ယူကရိန်းဆိုတဲ့ ဖြစ်တည်မှုသရုပ်သကန်၊ မိမိတို့ နှစ်သက်တဲ့ အစိုးရကိုရွေးချယ်နိုင်တဲ့ ဒီမိုကရေစီစနစ်နဲ့ လူ့အခွင့်အရေးတွေ အတွက် ခုခံကာကွယ်နေကြတာ ဖြစ်တယ်။

ဒီစစ်ပွဲဟာ နိုင်ငံကြီးတွေ တစ်ဖက်နဲ့တစ်ဖက် ကြားနိုင်ငံကိုအသုံးချ စစ်ဖြစ်ကြတာမဟုတ်ပါ။ ယူကရိန်းဒီမိုကရေစီ၊ယူကရိန်း၏ လွတ်လပ်ရေး၊ ယူကရိန်း၏ အချုပ်အခြာကို ထိပါးတဲ့ အာဏာရှင်ရုရှားရဲ့ ကျူးကျော်စစ်သာဖြစ်ပြီးယူကရိန်းပြည်သူတို့က အစော်ကားမခံဘဲ ပြန်လည်တော်လှန်ကြ ရခြင်းပဲဖြစ်တယ်။

ရုရှားတပ်တွေ နယ်မြေသိမ်းပိုက်ဖို့ ဝင်ရောက်လာတာကို ယူကရိန်းပြည်သူတွေက တိုက်ခိုက်နေကြရတယ်။ ဘယ်သူကမှ ရုရှားနယ်မြေထဲဝင်ပြီး ရုရှားတွေကို တိုက်ခိုက်နေကြတာမဟုတ်ပါ။ သို့သော် ရုရှား စစ်တပ်ကတော့ အစပိုင်းမှာ အထူးတပ်ဖွဲ့တွေ စေလွတ်ပြီး လျပ်တပြက်စစ်နဲ့ ယူကရိန်းအစိုးရကို ဖမ်းဆီးဖယ်ရှားဖို့ လုပ်ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါ့ကြောင့်ရုရှားစစ်တပ်ဟာ အခုတော့အကြမ်းဖက်စစ်ပွဲဆင်နွှဲနေပါပြီ။ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာ၊ မြို့ပြတွေကို ဖျက်ဆီးပစ်တာ လုပ်ပါတယ်။ ဒါ့အပြင် အရပ်သား ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ပြီး နယ်စပ်ဖြတ်ကျော် ဒုက္ခသည်တွေအများကြီးဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိလုပ်နေပါတယ်။(ဆီးရီးယားမှာလည်း ရုရှားဟာဒီနည်းတွေနဲ့ အာဏာရှင် အာဆတ်ကို ကူညီခဲ့ပါတယ်။)

လူပေါင်းများစွာ ထိခိုက်ပျက်စီးရတဲ့ စစ်ရာဇဝတ်မှုကြီးတွေ ရက်စက်မှုကြီးတွေကို နေ့စဉ်နဲ့အမျှ ရုရှားက ကျူးလွန်နေပါတယ်။ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့နိုင်ငံများစွာဟာ ရုရှားရဲ့လုပ်ရပ်ကိုထိတ်လန့်ရွံရှာကြတာက အဲဒီလို မြေပြင်အခြေအနေတွေကြောင့်ပါ။

ပူတင်ရဲ့ အိမ်နီးချင်းနိုင်ငံအပေါ် တဘက်သတ် ကျူးကျော်စစ်၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အခြေခံစံနှုန်းတွေချိုးဖောက်မှုကို အိမ်နီးချင်း နိုင်ငံတွေ စိုးရိမ်ကြတာဟာ စိုးရိမ်ထိုက်တဲ့အခြေအနေဖြစ်လို့ပါ။ ဒီအကြောင်းတွေကြောင့် ခုခံစစ် ဆင်နွဲနေရတဲ့ ယူကရိန်းကို အခြားနိုင်ငံတွေက ( အဓိကအားဖြင့်) ခုခံရေးစစ်နက်လက်တွေ ကူညီကြပါတယ်။ လူသားချင်းစာနာထောက်ထားမှုအကူအညီအနေနဲ့ ယူကရိန်းဒုက္ခသည်အမြောက်အများ (အမျိုးသမီးတွေနဲ့ ကလေးတွေအများစု)ကိုလက်ခံကူညီပေးနေကြရတာ ဖြစ်ပါတယ်။

ရုရှားရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးတွင် ဦးဆောင်မှုပြုနေကြသူတွေကိုလည်း ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ကြတယ်။ ရုရှားစီးပွားရေးကို အကျပ်အတည်းဖြစ်အောင်အရေးယူကြရတယ်။ ဒီလိုလုပ်မှ ဥရောပတခွင်ရဲ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကို အတိုင်းအဆ လျော့နည်းသွားအောင်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ယူကရိန်းအစိုးရ၊ဥရောပနိုင်ငံတွေအားလုံးနဲ့ ကုလအဖွဲ့ဝင် နိုင်ငံအများစုဟာ ကုလသမဂ္ဂမှာ မဲပေးမှုကနေရော၊နိုင်ငံတကာတရားရုံး (ICJ)ကနေ တဆင့်ရော ပူတင်နဲ့ ရုရှားအစိုးရကို ဒီကျုးကျော်စစ် ချက်ချင်းရပ်တန့်ဖို့တောင်းဆိုကြတယ်။ အချုပ်အချာပိုင်နယ်မြေထဲဝင်လာတဲ့ ကျူးကျော်သူ ရုရှားတပ်တွေ ချက်ချင်းရုပ်သိမ်းပေးဖို့တိုက်တွန်းကြတယ်။ နှစ်ဖက်စလုံးရဲ့ လုံခြုံရေးကို အာမခံချက်ပေးတဲ့ နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ဖို့ နှိုးဆော်နေကြတယ်။

ပူတင်ကတော့ ဒါတွေအားလုံးကို လျစ်လျူရှု ငြင်းပယ်နေခဲ့တယ်။ သူဟာ စစ်ရာဇဝတ်မှုတွေကို ဆက်ကျူးလွန်နေပြီး ယူကရိန်းအစိုးရကိုဖြတ်ချဖို့သာ မဲနေခဲ့တယ်။ သူရည်ရွယ်တဲ့ “ရုရှားကြီးစိုးတဲ့ကမ္ဘာ”ကို ထူထောင်လိုတဲ့အာသီသမှာ ပိတ်မိနေတယ်။

ဒါကြောင့်မို့ ကဗီရဲ့ ဆောင်းပါးဟာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး လွဲမှားစွာဖေါ်ပြတဲ့ ဆောင်းပါးဖြစ်နေပါတယ်။

ကဗီဟာ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့လည်း စစ်တပ်က အာဏာသိမ်းတာကို လူတိုင်းက လက်ခံလိုက်တာ၊ မင်းအောင်လှိုင်ကို အာဏာချုပ်ကိုင်ဖို့ ခွင့်ပြုလိုက်တာ၊ သူ့ရဲ့ ဒီမိုကရေစီလမ်းပြမြေပုံစတင်ခွင့်ပေးလိုက်တာသည်သာတစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်တယ်လို့ ပြောဟောနေတာ ကြာပါပြီ။

ကဗီဟာ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းတာကို လက်ခံသူဖြစ်ရုံသာမကပဲ ထိုင်းမှာ ထိုင်းစစ်တပ်ကအာဏာသိမ်းတာ ကိုလည်း ထောက်ခံခဲ့သူဖြစ်ပါတယ်။ ဘန်ကောက်ပို့စ်က သူ့ဆောင်းပါးဟာ အာဆီယံနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ စစ်တပ်က အာဏာသိမ်းတာကို လူရာဝင်အောင်၊ လူမြင်ကောင်းအောင် လုပ်ပေးခြင်းမျိုးပါပဲ။

အာဏာရှင်စနစ်အောက်က တည်ငြိမ်မှု၊ စီးပွါးရေးအကျိုးအမြတ်အတွက်နိုင်ငံရေးအာဏာမှာ လူမွေးထားကြတဲ့အော်လီဂါတွေပေါင်းလုပ် လက်ဝါးကြီးအုပ်ကြတဲ့ လမ်းမျိုးကို ကဗီက ရွေးချယ်ပါတယ်။

သူဟာ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံစလုံးက ဒီမိုကရေစီနဲ့ ဆန့်ကျင်ပြီး မတရားအာဏာသိမ်းထားသူတွေကို သူ့ပညာသုံးပြီး ရှေ့နေလိုက်ပေးနေပါတယ်။

ဒါပေမယ့် လူအများစုကြီးကတော့ ကဗီနဲ့ မတူတဲ့ အခြားသောလမ်းကို ရွေးကြပါတယ်။ ပြည်သူ့ဆန္ဒကိုအလေးထားတဲ့ ပြည်သူက ဒီမိုကရေစီနည်းကျကျ ရွေးချယ်နိုင်တဲ့ အခင်းအကျင်းကို လိုလားတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ရွေးကောက်တဲ့ ပြည်သူအပေါ် တာဝန်ခံရတဲ့ ရွေးကောက်ခံ အစိုးရကိုသာ လက်ခံတယ်။

ပြည်သူအများစုကြီးဟာ နိုင်ငံရေးအာဏာနဲ့ စီးပွါးရေး အခွင့်အလမ်းကို လက်ဝါးကြီးအုပ်ထားကြတဲ့ အော်လီဂါ့လူတန်းစားနဲ့ ဖယ်မရ ရှားမရ အခိုင်အမာနေရာယူထားတဲ့ စစ်တပ်ကို မလိုချင်ကြဘူး။

ကဗီရဲ့ဆောင်းပါးမူရင်းကို ဒီလင့်မှာ ကြည့်နိုင်တယ်။

Preventing a proxy war in Myanmar
KAVI CHONGKITTAVORN
(https://www.bangkokpost.com/opinion/opinion/2282978/preventing-a-proxy-war-in-myanmar?fbclid=IwAR1I9cb83NCLgdaEH8QNEgCFn-v7cQ27aCbuy-XwFUDUtGB7UW4tRHUV2qI)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။