Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သတိထားရမယ့် ဂျပန်ယာကူဇာအမှု

မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအတွက် မူးယစ်ဆေးဝါးနဲ့စစ်လက်နက် လဲလှယ်ရောင်းဝယ်ပေးတဲ့ ပွဲစား ဂျပန်ယာကူဇာတွေကို အမေရိကန်ကဖမ်းလိုက်တဲ့သတင်းအပေါ် သတိထားသုံးသပ်သင့်ပါတယ်။

DEAနဲ့ မြန်မာစစ်တပ် ပြန်လည်ချိတ်ဆက်နိုင်ခြေ၊ တော်လှန်ရေးအပေါ်ရိုက်ခတ်လာနိုင်ခြေကို သတိပြုတားဆီးကိုင်တွယ်ဖို့အတွက် တော်လှန်ရေးတပ်ဦးမှာ မူဝါဒကောင်း လက်၀ယ်ရှိသင့်ပါတယ်။

အမေရိကန်တရားရေးဌာနနဲ့DEAရဲ့ တရားဝင်အမှုတွဲဖိုင် အပြည့်အစုံကို အောက်မှာ ပူးတွဲထည့်သွင်းဖော်ပြထားပါတယ်။ အဲဒီ့အမှုတွဲဖိုင်မှာ မူးယစ်ဆေးဝါးကုန်ကူးမှု၊ လက်နက်ကုန်ကူးမှု၊ ငွေမည်းခဝါချမှုတွေအတွက် ဖမ်းဆီးလိုက်တဲ့ ယာကူဇာတွေဟာ မြန်မာနိုင်ငံက UWSA၊ SSAနဲ့ KNU တို့အတွက် မူးယစ်ဆေးဝါးကုန်ကူးရောင်းပေးပြီး အမေရိကန်နိုင်ငံက အမေရိကန်လုပ် စစ်လက်နက်ဝယ်ယူပေးတဲ့ ပွဲစားလို့ ဆိုထားပါတယ်။

Global Organized Crime Indexရဲ့ criminality scoreမှာလည်း မြန်မာဟာ တတိယချိတ်နေတဲ့နိုင်ငံ ဖြစ်ပြီး အာရှတတိုက်လုံးမှာ ပထမချိတ်နေတဲ့ ရာဇဝတ်နိုင်ငံတနိုင်ငံဖြစ်နေပါတယ်။ မြန်မာဟာ လူကုန်ကူးမှု၊ လက်နက်ကုန်ကူးမှု၊ သဘာဝသယံဇာတကုန်ကူးမှု၊ မူးယစ်ဆေးဝါးကုန်ကူးမှုတွေ အဓိကဇစ်မြစ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ခေါင်းဆောင်တွေ၊ အဆင့်မြင့်အစိုးရထိပ်တန်းအရာရှိတွေ၊ နိုင်ငံရေးပါ၀င်ပတ်သတ်မှု ကြီးကြီးမားမားရှိနေတယ်လို့ Organized Crime Indexက အစီရင်ခံထားပါတယ်။ ရာဇ၀တ်ပြစ်မှုကျူးလွန်သူတွေထဲမှာ မာဖီးယားစတိုင်လ်အဖွဲ့တွေ၊ ရာဇ၀တ်ကွန်ယက်တွေ၊ နိုင်ငံတော်အဆင့် ပါ၀င်လုပ်ကိုင်သူတွေ၊ နိုင်ငံခြား နိုင်ငံဖြတ်ကျော်ဂိုဏ်းတွေ ပါ၀င်တည်ရှိနေတယ်။ ဒါတွေ မရှိဘူးလို့ ဘူးခံ ငြင်းပယ်စရာ မလိုဘဲ ကိုင်တွယ်နှိမ်နင်းဖြေရှင်းဖို့လိုအပ်ပါတယ်။ အမေရိကန်ဟာ မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုရဲ့ မိတ်ဆွေနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန် အမေရိကန်အမှုတွဲနဲ့ပတ်သတ်လို့ မေးခွန်းထုတ်သတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။

❐ပထမအချက်က – UWSAနဲ့ မြန်မာအရှေ့မြောက်ဒေသအခြေစိုက် အီးအေအိုတွေဟာ တရုတ်ဆီက စစ်လက်နက်ဝယ်ယူရရှိနိုင်တဲ့လမ်းကြောင်းတွေ ရှိတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အထူးသဖြင့် UWSAဟာ သာမာန်စစ်လက်နက်အသေးစားတွေသာမက ဟယ်လီကော်ပတာတွေ၊ မစ်ဆိုင်းတပ်ဒရုန်းတွေ အပါအဝင် အဆင့်မြင့်စစ်ဘက်ဆိုင်ရာလက်နက်ကိရိယာတွေကို တရုတ်ဆီကဝယ်ယူရရှိထားပြီး ဖြစ်ပါတယ်။ အဲဒီ့တော့ တရုတ်ဆီကလက်နက်ဝယ်ယူနိုင်တဲ့ ဒီအဖွဲ့တွေက ဝေးလံတဲ့အနောက်ကမ္ဘာဆီက အမေရိကန်ဆီက ဘာကြောင့်ဝယ်ဖို့လုပ်မလဲ ဆိုတဲ့ အချက်ကို ဝေဖန်ပိုင်းခြားမေးခွန်းထုတ်သုံးသပ်သင့်ပါတယ်။

Public Service Announcement

Public Service Announcement

❐ဒုတိယအချက်က- KNUဟာ မူးယစ်ဆေးဝါးကုန်သွယ်မှုမှာပါဝင်တဲ့ မှတ်တမ်း မရှိပါဘူး။ ဒါကြောင့် နွေဦးတော်လှန်ရေးကာလမှာ တော်လှန်အင်အားစုအများအပြားကို အိမ်ရှင်အဖြစ်လက်ခံပါဝင်ထားတဲ့၊ အစားအသောက်အဝတ်အထည်လက်နက်ကိရိယာ ဝယ်ယူသယ်ပို့ရာလမ်းကြောင်းဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့၊ ထိုင်းနယ်စပ်ကိုကူးသူ တတိယနိုင်ငံထွက်သူ တော်လှန်ရေးဦးဆောင်သူတွေရဲ့ လမ်းကြောင်းလည်းဖြစ်နေတဲ့ KNUကို မူးယစ်ဆေးဝါးနဲ့လက်နက် ဖလှယ်ကုန်ကူးမှုအမှုတွဲထဲ ထည့်လာခြင်းရဲ့ အကြောင်းရင်းကို သတိထားသင့်ပါတယ်။

❐တတိယအချက်နဲ့ အရေးအကြီးဆုံးအချက်က- အမေရိကန်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့DEAက မြန်မာစစ်တပ်နဲ့ linksတွေ ပြန်လည်ထူထောင်ချင်လို့ လှုပ်ရှားနေပြီလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဘာကြောင့် ဒီမေးခွန်းကို မေးသင့်သလဲဆိုတော့- အမေရိကန်ဟာ ၁၉၈၈အရေးတော်ပုံကာလမှာ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံရာကနေ နောက်ပိုင်းမှာ DEAနဲ့မြန်မာစစ်တပ်ချိတ်ဆက်မိသွားပြီး မူးယစ်ဆေးဝါးကိစ္စပူးပေါင်းကိုင်တွယ်ရေးမူဝါဒဘက် လိုက်ပါသွားခဲ့ဖူးပြီး နယ်စပ်ဒေသရောက်တော်လှန်ရေးအင်အားစုတွေ ပြည်ပရောက်တော်လှန်ရေးအင်အားစုတွေ မျှော်လင့်ထားသလို နိုင်ငံတကာအကူအညီတွေမရတော့ဘဲ တော်လှန်ရေးချိနဲ့ဝေးကွာသွားခဲ့တဲ့အတွေ့အကြုံဆိုး ကြုံခဲ့ကြရပါတယ်။ (အမေရိကန်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့တွေအကြောင်း၊ အမေရိကန်မူးယစ်နှိမ်နင်းအဖွဲ့တွေဟာ လူ့အခွင့်အရေး တခုတည်းကို ဦးစားပေးတဲ့အဖွဲ့ မဟုတ်ကြောင်း အစရှိတာတွေကိုလည်း မြန်မာစစ်တပ်ကသဘောပေါက်သွားခဲ့တာ ၈၈ကာလ ခရီးသွားနေတဲ့လာအိုတော်လှန်‌ရေးအဖွဲ့ကို ရှမ်းနယ်စပ်မှာ မြန်မာစစ်တပ်ကခြုံခိုတိုက်လိုက်ကတည်းကဖြစ်ပါတယ်။

အဲဒီ့နောက် မြန်မာစစ်အစိုးရပိုင် နေ့စဉ်သတင်းစာကလည်း မူးယစ်ဆေးဝါးနှိမ်နင်းဖမ်းဆီးရရှိတဲ့သတင်းတွေ၊ မူးယစ်ဆေးဝါးအပုံကြီးတွေရှေ့မှာ တရားခံတွေကိုထားပြီး ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကို သတင်းတွေ ဆက်တိုက်ဖော်ပြ‌လာပါတော့တယ်။ အဲဒီ့အချိန်မှာ မြန်မာစစ်ထောက်လှမ်းရေးက ဂျွန်ထင်အောင်လို့ခေါ်တဲ့ ဝါရင့်ထောက်လှမ်းရေးသမားကို ရန်ကုန်က အမေရိကန်သံရုံးမှာ ၀င်ထွက်ဆက်ဆံရင်းနှီးမှုတည်ဆောက်ခိုင်းထားပြီးသား ရှိပါတယ်။ အဲဒီ့ကတဆင့် ဂျွန်ထင်အောင်ဟာ ရန်ကုန်မှာဖွင့်ထားတဲ့ အမေရိကန်DEAရုံးမှာ အလုပ်ရဖို့အခွင့်အရေး ရယူနိုင်ခဲ့ပါတယ်။ အဲဒီ့နောက် ရန်ကုန်ကDEAရုံးမှာ ဂျွန်ထင်အောင် ၀င်အလုပ်လုပ်ရင်း အမေရိကန်DEAကို သတင်းတွေပို့ခဲ့ နားသွင်းခဲ့ပါတယ်။ မြန်မာစစ်အစိုးရဟာ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ဘယ်လိုလုပ်ဆောင်နေကြောင်း၊ ဘယ်လိုမူဝါဒရှိကြောင်း၊ တခြားဘယ်အဖွဲ့တွေကတော့ မူးယစ်ဆေးဝါးနဲ့ ဘယ်လိုလုပ်ကိုင်ပတ်သတ်နေကြကြောင်း၊ မြန်မာစစ်အစိုးရက အမေရိကန်အကူအညီကို လက်ခံလိုကြောင်း အစရှိသဖြင့် အမေရိကန်DEAက မြန်မာစစ်အစိုးရကို ဆုပေးဒဏ်ပေးနဲ့ လက်ခံနိုင်စရာသတင်းကောင်းတချို့ကို အမေရိကန်အစိုးရနားရောက်အောင် ပေးပို့နိုင်ခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်းမှာတော့ ဒီမိုကရေစီရေးအတွက် နိုင်ငံတကာကအကူအညီပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ရှိခဲ့ကြဖူးတဲ့၊ နယ်စပ်ဒေသတွေကိုရောက်ရှိနေကြတဲ့ မြန်မာကျောင်းသားတွေ၊ လူငယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ မျှော်လင့်ထားသလို ထင်ထားသလို နိုင်ငံတကာအကူအညီကို မရရှိတဲ့အတွေ့အကြုံဆိုးကို ရရှိသွားခဲ့ကြပါတော့တယ်။ ဒါဟာ ၈၈အရေးတော်ပုံနဲ့တော်လှန်ရေးလှုပ်ရှားမှု ပန်းတိုင်မရောက်ခဲ့ရခြင်း‌နောက်ခံအကြောင်းအရာအခြေအနေပေါင်းများစွာ ရှိတဲ့အထဲက တချက် ဖြစ်ပါတယ်။) အခုအချိန်မှာ အလားတူ patternတူ ဖြစ်စဥ်မျိုး အခုအကြိမ်မှာ လုံးဝ ထပ်မဖြစ်အောင် တော်လှန်ရေးတပ်ဦးက လုပ်ဆောင်ရပါမယ်။

အမေရိကန်နဲ့ အနောက်ဒီမိုကရေစီမဟာမိတ်နိုင်ငံတွေဟာ မြန်မာပြည်သူလူထုနဲ့ နွေဦးတော်လှန်ရေးအတွက် အရေးပါတဲ့ ဒီမိုကရေစီမိတ်ဆွေတွေ ဖြစ်ပါတယ်။ နိုင်ငံတကာထောက်ခံအားပေးမှုကို ရရှိဖို့ လိုအပ်သလို ရရှိအောင် NUGက ကြိုးပမ်းနေတာကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ အရှိတရားကို သတိပြုသင့်ပါတယ်။ တွေ့ဆုံပွဲတွေ၊ ကြေညာချက်တွေ၊ ထောက်ခံမှုတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာခေါင်းစဥ် အကျုံးဝင်ထောက်ပံ့မှုတွေ၊ စီးပွားရေးပိတ်ဆို့မှုတွေက လွဲရင် (တော်လှန်ရေးတပ်ဦးမှာပါဝင်သူတွေက ၂၀၂၁နွေဦးတော်လှန်ရေးစတင်ချိန်ကတည်းကကြွေးကြော်မျှော်လင့်ထားခဲ့သလို) စစ်ရေးကြားဝင်မှုသော် လည်းကောင်း၊ အစိုးရအဖြစ်တရားဝင်မှုနဲ့ အသိအမှတ်ပြုမှုသော်လည်းကောင်း၊ စစ်ဘက်ဆိုင်ရာတိုက်ရိုက် ထောက်ပံ့မှုသော်လည်းကောင်း လက်ဆုပ်လက်ကိုင်အကူအညီ ကြီးကြီးမားမားကို အမေရိကန်အပါအဝင် နိုင်ငံတကာက ပေးကြမှာ မဟုတ်ပါဘူး။ ဒါ့အပြင် နိုင်ငံတကာဟာ မြန်မာပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေကို စာနာထောက်ခံရပ်တည်ကြောင်း၊ စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို တာဝန်ခံရအောင်လုပ်မယ့်အကြောင်း ကြေညာပြသနေကြတဲ့ တပြိုင်နက်မှာပဲ- ကျန်တဖက်မှာလည်း ပထဝီနိုင်ငံရေးနဲ့ နိုင်ငံအသီးသီးဟာ တဖြည်းဖြည်းနဲ့ အာဏာသိမ်းစစ်အုပ်စုကို Implied/Implicit recognitionသော်လည်းကောင်း Explicit recognitionသော်လည်းကောင်း ပေးလာကြတာကို တွေ့မြင်နိုင်ပါတယ်။ အဲဒီ့လိုအခြေအနေကြားထဲမှာ ဒီအမှုဟာ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ NUCC NUG မဟာမိတ်ပူးပေါင်းမှုအင်အား၊ လက်ရှိထက် ပိုပါဝင်ကြီးမားမယ့်ပူးပေါင်းရေးအလားအလာကိုလည်း သက်ရောက်ဟန့်တားစေနိုင်ပါတယ်။

လက်တွေ့အကျိုးစီးပွားအခြေပြု နိုင်ငံတကာမူဝါဒတွေအပေါ် သက်ရောက်နိုင်ခြေရှိတဲ့ ကိစ္စရပ်တွေထဲမှာ မူးယစ်ဆေးဝါးအရေးနဲ့ တရုတ်အရေး ပါဝင်ပါတယ်။ မြန်မာစစ်တပ်၊ ထိုင်းစစ်တပ်နဲ့ DEAချိတ်ဆက်မှုအခြေအနေကို သတိပြုသင့်ပါတယ်။ DEAက မြန်မာစစ်တပ်နဲ့ linksတွေ ပြန်လည်ထူထောင်မယ်ဆိုရင် မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုအပေါ် သက်ရောက်မှုရှိနိင်တာကြောင့် NUCCနဲ့NUGက အလေးပေးကိုင်တွယ်ဖြေရှင်းဖို့ တိုက်တွန်းလိုပါတယ်။

• NUGကိုယ်တိုင် မူးယစ်ဆေးဝါးမူဝါဒ၊ စစ်လက်နက်ပစ္စည်းဆိုင်ရာမူဝါဒ စတဲ့ ယုံကြည်စိတ်ချစရာ အားကောင်းခိုင်လုံတဲ့ မူဝါဒတွေနဲ့မဟာဗျူဟာကို စနစ်တကျရေးဆွဲဖို့ လိုအပ်ပါတယ်။
• အမေရိကန်နဲ့ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ လိုအပ်ပါတယ်။
• မိမိရဲ့မူဝါဒကို ကိုင်စွဲတင်ပြပြီး သဘောတူညီချက်ရတဲ့အထိ ဆွေးနွေးကြိုးပမ်းဖို့ လိုအပ်ပါတယ်။
• မူးယစ်ဆေးဝါးကိစ္စမှာ DEAနဲ့ မြန်မာစစ်တပ် ထပ်မချိတ်ဆက်ဘဲ အခြားနည်းလမ်းတွေ ရွေးချယ်စရာ ရေးဆွဲစီမံနိုင်ဖို့ လိုအပ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဂျပန်ရဲ့ ဒုံးကျည် အင်ဂျင် တစ်ခုဟာ စမ်းသပ်အဆင့် လွှတ်တင်ရာမှာ စတင် အသက်ဝင်ပြီး စက္ကန့် ၅၀ အတွင်း ပေါက်ကွဲ ပျက်စီးသွားခဲ့ဖူးကြောင်း သိရပါတယ်။

နိုင်ငံတကာ

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။