Connect with us

Hi, what are you looking for?

သတင်း

သုဝဏ္ဏကွင်းမှာ ပြမယ့်ကမ္ဘာ့ဖလားပွဲ စစ်တပ်လက်​အောက်ခံဝန်ထမ်းတွေ မဖြစ်မနေသွားကြည့်ဖို့ စစ်တပ် ညွှန်ကြား

အကြိုအပို့လုပ်ဖို့အတွက် YBS ကားတွေစီစဥ်​ပေး၊လူစည်​အောင်လုပ်ပြီး Mytel ကိုပရိိုမိုရှင်းလုပ်ဟု ဝန်ထမ်းအချို့​ပြော

(စစ်တပ်ရဲ့ Mytel က World cup 26 Fan Festival Manmar လို့​ခေါင်းစဥ်တပ်ပြီး သုဝဏ္ဏ​ဘောလုံးကွင်းမှာ ​​ပွဲ​တော်လုပ်ဖို့ပြင်ဆင်ခဲ့စဥ်။ ဓါတ်ပုံ-စစ်အုပ်စု )

ဇူလိုင်-၁၄၊ ၂၀၂၆။ တာရာ/People’s Spring

စစ်တပ်ပိုင် Mytel က စီစဥ်ပြီး သုဝဏ္ဏကွင်းမှာ ပြမယ့် ကမ္ဘာ့ဖလားနောက်ဆုံးပွဲတွေကို ဌာနဆိုင်ရာဝန်ထမ်းတွေ မဖြစ်မနေသွားကြည့်ရမယ်လို့ အာဏာသိမ်းစစ်တပ်က ညွှန်ကြားထားတယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဌာနဆိုင်ရာဝန်ထမ်းတွေကို အကြိုအပို့လုပ်ဖို့အတွက် YBS ကားတွေ စီစဥ်ထားတယ်လို့ သိရပါတယ်။

ညသန်း​ခေါင်​ကျော်မှာသုဝဏ္ဏ ဘောလုံးပွဲသွားကြည့်ရမယ့်ဝန်ထမ်း​တွေထဲမှာစစ်တပ်လက်​အောက်ခံ စည်ပင်၊လူကယ်ပြန်၊ အားကစားဝန်ကြီးဌာနစတဲ့ ဌာနကဝန်ထမ်း​တွေပါတယ်လို့ စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

“ဒီည ကိုးနာရီကတည်းက သုဝဏ္ဏကွင်းကိုသွားရတာ။ ပွဲက မနက်တစ်နာရီမှစမှာ။ မနက်ဖြန် အစိုးရဝန်ထမ်းတွေက ရုံးမတက်ရဘူးဆိုတော့ သူတို့က လာကြည့်ခိုင်းတာ။ မဖြစ်မနေကြည့်ရမယ်တဲ့။ မကြည့်လို့မရဘူး။ အပြင်လူတွေက ဘယ်လာကြည့်ကြမတုန်း။ အဲဒီအချိန်ကို။ ကိုယ်တွေကတော့ ထီပေါက််တယ်လို့ပဲပြောရတော့မယ်”လို့ အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အခြားဝန်ထမ်းတစ်ဦးကတော့ သူတို့ရုံးက အစားထိုးနားရက်မရှိဘဲ ဘောလုံးပွဲကြည့်လည်း ရုံးတက်ရမယ်လို့ ပြောပါတယ်။ စစ်တပ်ဝန်ထမ်းတွေကို မဖြစ်မနေ လာကြည့်ဖို့ ညွှန်ကြားတာစစ်တပ်ပိုင် Mytel ကို အရောင်းမြှင့်တင်လိုတာလည်း ပါမယ်လို့ ဝန်ထမ်းတဦးက သုံးသပ်ပါတယ်။

“အဓိကလူစည်တယ်ထင်အောင်ရယ်၊ ညဘက်လွတ်လပ်စွာသွားလာလို့ရပြီဆိုတာကို ပြချင်တာလည်းပါတယ်။အဓိက Mytel ကို promote လုပ်တာ”လို့ အဲဒီဝန်ထမ်းက​ပြောပါတယ်။

ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲအဖြစ် စပိန် နဲ့ ပြင်သစ်တို့ဟာ ဒီ​ညသန်း​ခေါင်အ​ကျော်

မြန်မာစံ​တော်ချိန် ၁ နာရီ ခွဲမှာယှဥ်ပြိုင်မှာဖြစ်ပါတယ် ။ အာဂျင်တီးနား-အဂ်လန် အကြိုဗိုလ်လုပွဲ​ရော ၊ဗိုလ်လုပွဲ​တွေမှာ သန်း​ခေါင်အလွန် မနက်အ​စော ၁ နာရီခွဲ​တွေမှာ ယှဥ်ပြိုင်မှာဖြစ်​ပေမယ့် စစ်အုပ်စုကအခုလိုစီစဥ်တာဖြစ်ပါတယ် ။

စစ်တပ်ကဦး​ဆောင်လုပ်မယ့်ပွဲအတွက် ​ဒီည ၈ နာရီခွဲဝန်းကျင်ကတည်းက သုဝဏ္ဏဘောလုံးကွင်းရှေ့မှာ စစ်သားတွေ နဲ့ ရဲတွေ လုံခြုံရေးယူထားတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် လူငယ်တွေကို ဘောလုံးပွဲလာကြည့်ဖို့ ဆွဲဆောင်တဲ့အနေနဲ့ စတိတ်ရှိုးတွေ၊ ပျော်ပွဲရွှင်ပွဲတွေကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Mytel ဟာ World Cup 26 Fan Festival Myanmar နာမည်နဲ့ ဇူလိုင် ၁၄၊ ၁၅ရက်တွေမှာ ဆီမီးဖိုင်နယ်ပွဲနဲ့ ဇူလိုင် ၁၉၊ ၂၀ရက်မှာ တတိယလုပွဲ၊ ဗိုလ်လုပွဲတို့ကို ပြသဖို့စီစဉ်နေတာ ဖြစ်ပြီး လက်မှတ်တစ်စောင်ကို နေရာအလိုက် ကျပ် ၅ သောင်းမှ ၁ သိန်းအထိ သတ်မှတ်ကာ ရောင်းချနေပါတယ်။

ဒါပေမဲ့ လက်မှတ်ဝယ်သူမရှိတာကြောင့် အခမဲ့ပြသဖို့ စီစဥ်ထားကြောင်းလည်း သိရပါတယ်။

ကမ္ဘာ့ဖလားရဲ့ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်တွေဟာ ည ၁ နာရီခွဲမှ စတင်မှာ ဖြစ်တဲ့အတွက် သာမန်ပြည်သူတွေအနေနဲ့ သွားရောက်ကြည့်ရှုနိုင်မှာ မဟုတ်သလို ညသန်းခေါင် အိမ်ပြန်နောက်ကျပါက စစ်တပ်ရဲ့ ပေါ်တာဆွဲခြင်းကို ခံရနိုင်ကြောင်း ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ပြောပါတယ်။

” ဒီနှစ် ကမ္ဘာ့ဖလားပွဲတွေက ညသန်းခေါင်တွေ ကန်ကြတာပါ။ အခုလာမယ့် ဆီမီးနဲ့ ဖိုင်နယ်တွေဆို ည ၁ နာရီခွဲ ပွဲတွေပါပဲ။ ဒါကိုတောင် သု၀ဏ္ဏကွင်းမှာ စုကြည့်ဖို့ စီစဉ်တယ်ဆိုတော့ ဘယ်သူက သွားကြည့်ရဲမှာတုန်းဗျာ။ သွားကြည့်ပြီး အိမ်ပြန်နောက်ကျရင် ပေါ်တာဆွဲတာ ခံနေရဦးမယ်။ စစ်တပ်ပိုင် Mytel က လုပ်တဲ့ပွဲဆိုတော့ သူတို့လူတွေလောက်ပဲ လာကြည့်မှာပါ။ မအလ က ရန်ကုန်မှာ လူစည်ကားနေကြောင်း ပြချင်လို့ ပေါတောတောအကွက်တွေ ထလုပ်တာပါ” လို့ အဲဒီလူငယ်က ပြောပါတယ်။

လက်မှတ်အခမဲ့ရခဲ့ရင်​တောင် ​ဘောလုံးပွဲသွားကြည့်ရမယ့် အသွားအပြန်ကားခ ၊ အခန့်မသင့်ရင်​ပေါ်တာဆွဲ ခံရနိုင်တဲ့ အန္တရာယ်​တေ့​ကြောင့် သာမာန်ပြည်သူ​တွေအတွက်အဆင်မ​ပြေပဲ စစ်အုပ်စုနဲ့ နီးစပ်သူ​​တွေအများစုပဲကြည့်မယ်လို့ထင်​ကြောင်း ​တောင်ဥက္ကလာပမြို့နယ်ကအမျိုးသားတစ်ဦးက​ပြောပါတယ်။

ပြည်သူတွေအပေါ်မှာ ‌အကြမ်းဖက်သတ်ဖြတ်မှုတွေပြုလုပ်နေတဲ့ စစ်တပ်ရဲ့ စီးပွားရေးထောက်တိုင် Mytel ကို ပြည်တွင်းမှာ ကမ္ဘာ့ဖလား‌ ဘောလုံးပွဲစဉ်တွေ ပြသခွင့်ပေးလိုက်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း Justice For Myanmar (JFM) ကထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

Facebook