အပစ်ရပ်ထားတဲ့ နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ် အငြင်းအခုံကို အကြောင်းပြုပြီး မနှစ်တုန်းက နှစ်ကြိမ်တိုင် စစ်ခင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒုတိယအကြိမ် စစ်ပွဲဟာ သီတင်းသုံးပတ်လောက် ကြာမြင့်ခဲ့ပြီး ဒီဇင်ဘာလမှာ အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ပါတယ်။
နှစ်နိုင်ငံကြားမှာ အပစ်အခတ် ရပ်စဲထားပေမယ့် အဲဒီ သဘောတူညီမှုကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲမှုတွေကတော့ ရံဖန်ရံခါ ထွက်ပေါ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ ထိုင်းစစ်တပ်က နယ်စပ် တစ်နေရာမှာ ကမ္ဘောဒီးယားနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးတော့ ကမ္ဘောဒီးယားဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်တယ်လို့လည်း ထိုင်းက စွပ်စွဲခဲ့ပါတယ်။

Public Service Announcement
ထိုင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ဆီဆာကက် ပြည်နယ်ရဲ့ နယ်စပ်နားမှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်ကို ကမ္ဘောဒီးယားက ၄၀ မမ ဗုံးသီးတစ်လုံးနဲ့ လှမ်းပစ်ခဲ့တာကြောင့် ထိုင်းကလည်း လက်နက်ငယ်တွေနဲ့ တုံ့ပြန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဝင်ထိုင် ဆူဗာရီက ကမ္ဘောဒီးယားဟာ အပစ်ရပ် သဘောတူညီမှုတွေကို အတိအလင်း ချိုးဖောက်ခဲ့တယ်လို့လည်း ဝေဖန်သွားပါတယ်။
ဒါပေမဲ့ ကမ္ဘောဒီးယား ပြန်ကြားရေး ဝန်ကြီး နက်သ် ဖီယက်ထရာက ထိုင်းရဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး ကမ္ဘောဒီးယား တပ်တွေက ဘာလက်နက်ကိုမှ အသုံးမပြုခဲ့ဘူးလို့ ပြောပါတယ်။ ထိုင်းရဲ့ ကြေညာချက်ဟာ လုံးဝဥဿုံ မှားယွင်းနေပြီး လူထုကို အထင်လွဲအောင်၊ ပြီးတော့ တင်းမာမှုတွေကို ခေါင်းထောင်လာအောင် ရည်ရွယ်ထားတာသာ ဖြစ်တယ်လို့ သူက တုံ့ပြန်ခဲ့ပါတယ်။
ထိုင်းစစ်တပ်ရဲ့ အဆိုအရ နယ်စပ်က အပြန်အလှန် ပစ်ခတ်မှုမှာ တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရတာတော့ မရှိခဲ့ကြောင်း သိရပါတယ်။ ဝင်ထိုင်က M79 ဗုံးသီးတစ်လုံးနဲ့ တိုက်ခိုက်တာ ခံရတဲ့နောက် ထိုင်းစစ်သားတွေဟာ အဲဒီစစ်လက်နက်ရဲ့ မူလ လမ်းကြောင်းဖက်ကို တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း၊ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ ရန်စမှုအပေါ် သတိပေးဖို့ ရည်ရွယ်တဲ့ လုပ်ဆောင်မှုဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ဖီယက်ထရာကတော့ ထိုင်းရဲ့ ကင်းလှည့်ယူနစ်ကို ကမ္ဘောဒီးယားက ရန်စပြီး ပစ်ခတ်ခဲ့တယ်ဆိုတဲ့ စကားက လုပ်ကြံဇာတ်လမ်း သက်သက်ဖြစ်ပြီး အချက်အလက် အမှန်တွေနဲ့ အလွန်အကျွံ ကင်းကွာနေတယ်လို့ စွပ်စွဲ ဝေဖန်သွားပါတယ်။
ပြီးတော့ ကမ္ဘောဒီးယားဟာ ထိုင်းနဲ့ စစ်ပွဲနှစ်ကြိမ်အပြီး ရယူခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုတိုင်းကို လေးလေးစားစား စောင့်ရှောက်ထိန်းသိမ်းခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ လောလောဆယ် အပစ်ရပ်ထားပေမယ့် ရာစုနှစ်နဲ့ချီ အငြင်းပွားနေတဲ့ နယ်စပ်ကိစ္စကိုတော့ မဖြေရှင်းနိုင်သေးပါဘူး။ နှစ်နိုင်ငံကြားမှာ ကီလိုမီတာ ၈၀၀ လောက် ရှည်လျားတဲ့ နယ်နိမိတ်မျိုး ထိစပ်နေပြီး ကမ္ဘောဒီးယားမှာ ပြင်သစ်ကိုလိုနီ အုပ်စိုးခဲ့တဲ့ ကာလတွေ ကတည်းက နယ်စပ်အရေး ငြင်းခုံမှုတွေ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – Reuters

















































