Connect with us

Hi, what are you looking for?

ဆောင်းပါး

အင်းရုံမှာ ကြွေခဲ့ရတဲ့ ပန်းကလေးများ

တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် နိုဝင်ဘာ ၂၆ ရက်နေ့က မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်းရုံကျေးရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ကထိန် အလှူပွဲ တစ်ခု ကျင်းပနေခဲ့တယ်။ စာသင်ကျောင်းဘေးမှာတော့ ဘုန်းကြီးကျောင်းက ကပ်ရပ်ပါ။ ကထိန်မှာ ပျော်ပွဲရွှင်ပွဲ အနေနဲ့ ချောတိုင်တက်တာတို့၊ ဆန်ကောရွက် ပြိုင်တာတို့ ကျင်းပနေခဲ့ပါတယ်။ ခြံစည်းရိုးက အုတ်တံတိုင်း မလုပ်ဘူး။ တိုင်လေးတွေ စိုက်ထားတာ။

(စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုတွင် သေဆုံးခဲ့သော ကလေးငယ် အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ — YYK)

နေ့သစ် / People’s Spring

တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် နိုဝင်ဘာ ၂၆ ရက်နေ့က မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်းရုံကျေးရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ကထိန် အလှူပွဲ တစ်ခု ကျင်းပနေခဲ့တယ်။ စာသင်ကျောင်းဘေးမှာတော့ ဘုန်းကြီးကျောင်းက ကပ်ရပ်ပါ။ ကထိန်မှာ ပျော်ပွဲရွှင်ပွဲ အနေနဲ့ ချောတိုင်တက်တာတို့၊ ဆန်ကောရွက် ပြိုင်တာတို့ ကျင်းပနေခဲ့ပါတယ်။ ခြံစည်းရိုးက အုတ်တံတိုင်း မလုပ်ဘူး။ တိုင်လေးတွေ စိုက်ထားတာ။

အဲဒီအချိန်မှာပဲ ကြီးမားတဲ့ ပေါက်ကွဲသံကြီးနဲ့အတူ ကျောင်းဝင်း တစ်ခုလုံး ဝုန်းဒိုင်း ကြဲသွားတော့တယ်။ လူတွေ လွင့်ထွက်ကုန်တယ်။ အဆောက်အအုံတွေ ပွင့်ထွက်သွားတယ်။ ကလေးတွေရော လူကြီးတွေပါ နားတွေ အူကုန်တယ်။ အာဏာသိမ်း စစ်တပ်က ကထိန်ပွဲကို လေကြောင်း တိုက်ခိုက်သွားခဲ့တာပါ။

အဲဒီနောက် ကျောင်း ဝန်းကျင် တစ်ခုလုံး မီးခိုးတွေ၊ ဖုန်တွေနဲ့ ဖုံးလွှမ်းသွားတယ်။ ကျောင်းသား ကျောင်းသူလေးတွေရဲ့ ခန္ဓာကိုယ်တွေဟာ ကျောင်းနဲ့ ခပ်ဝေးဝေး ခြံစည်းရိုးဘေးတွေ၊ ဘုန်းကြီးကျောင်းထဲတွေ လွင့်စဉ်ကုန်တယ်။ တချို့ဆို မလှမ်းမကမ်းက ချောင်းထဲက သဲခုံပြင်ပေါ်ထိ သွားကျတယ်။ နေရာ အနှံ့မှာလည်း ခြေပြတ် လက်ပြတ်တွေနဲ့။

Public Service Announcement

Public Service Announcement

ရုပ်ပျက် ဆင်းပျက် သေဆုံးနေတဲ့ အလောင်းတွေကို မြင်မြင်သမျှ ကောက်ကြရတယ်။ တစ်ဦးစီ တူးမြှုပ်ဖို့ အဆင်မပြေလို့ တွင်းကြီး တစ်တွင်းတူးပြီး မြှုပ်လိုက်ကြရတယ်။ ဘုန်းကြီးလည်း မပါ၊ သရဏဂုံလည်း မတင်နိုင်။ သက်ပျောက်ဆွမ်းလည်း မကပ်နိုင်တော့ဘူး။ အဲဒီလို တစ်စီဖြစ်နေတဲ့ အလောင်းတွေ လိုက်ကောက်နေတုန်းမှာပဲ ဒရုန်းနဲ့ ဂျက်ဖိုက်တာလည်း ထပ်လာဝဲလို့ ရွာသူရွာသားတွေ ဆက်မလုပ်ရဲတော့လို့ ထားပြီး ပြေးပုန်းကြရပါတယ်။

အဲဒီ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောင်းသူ ကျောင်းသား ၃၀ ကျော် အပါအဝင် ပြည်သူ အများအပြား သေဆုံး ထိခိုက်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

“၃၀ ဦးကတော့ မကဖို့ပဲ ရှိတယ်။ အလောင်းတွေ မကောက်နိုင်ဘူး။ အတည် မပြုနိုင်သေးဘူး။ အတည် ပြုနိုင်တယ်ဆိုတာ ရွာသားတွေ ဆုံမှ။ ရွာသားတွေက ဘေးတွေ ရှောင်နေကြတော့” လို့ ဒေသခံတစ်ဦးက ပြောတယ်။

အဲဒီဒေသမှာ တိုက်ပွဲ မရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေထဲ ကာကွယ်ရေး ရဲဘော် ၉ ဦးလည်း သေဆုံးခဲ့ပါတယ်။ အင်းရုံကျေးရွာဟာ တော်လှန်ရေး အဖွဲ့တွေ စိုးမိုးထားတဲ့ ဒေသ မဟုတ်ဘဲ ကျောင်းဟာလည်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်က ကျောင်းတစ်ကျောင်း ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

တချို့ကတော့ မိသားစုဝင် ရှိတာမှ သုံးလေးယောက်။ တစ်ယောက်ပဲ ကျန်ခဲ့သူတွေ ရှိတယ်။ အဲဒီ ကျန်ခဲ့သူလည်း ဒီအဖြစ်ဆိုးကြီး ဒဏ် ဘယ်ခံနိုင်မလဲ။ စိတ်တွေ လွတ်ထွက်သွားပြီး ဟိုအော် ဒီအော် တကြော်ကြော်ပေါ့။

အင်းရုံရွာ အလှူပွဲ ဗုံးကြဲမှုမှာ ကလေးတွေ အပါအဝင် ပြည်သူ ၂၀ ဦးနဲ့ PDF ရဲဘော် ၉ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရကြောင်း NUG နဲ့ မကွေး ဖက်ဒရယ်ယူနစ် ထုတ်ပြန်ခဲ့ပါတယ်။

မြေပြင် ကနဦး စိစစ်ချက်များအရ မကွေး လေတပ်စခန်းမှ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့အပြင် ကပစ (၈) မှ လက်နက်ကြီး ၁၂ လုံး ပစ်ခတ်တာ၊ ဧကရာဇ်ရွာ ရဲစခန်းမှ အသေခံ ဒရုန်း ၇ စီး အသုံးပြု အချိန်ကိုက် ညှပ်ပူး ညှပ်ပိတ် ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြပါတယ်။ တိုက်ခိုက်မှု အပြီးတွင်လည်း အင်းရုံကျေးရွာနဲ့ အနီးဝန်းကျင်ရှိ နဘဲ့ကျေးရွာဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သေဆုံးသူတွေထဲမှာ သာမဏေငယ် တစ်ပါး (ကိုရင်တစ်ပါး) အပါအဝင် ကလေးငယ်များ၊ ဆရာ၊ ဆရာမများ၊ အမျိုးသမီးများ၊ အခြား အရပ်သား ပြည်သူများ ပါဝင်သလို အရပ်သား ပြည်သူများအား ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ သရက်ခရိုင် တပ်ရင်းမှ တော်လှန်ရေး ရဲဘော် ၉ ဦးလည်း အသက် ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၄ ဦး၊ အသက် ၁၈ နှစ်အထက် အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၁ ဦး၊ စုစုပေါင်း အရပ်သား ပြည်သူ ၂၁ ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အသိပေးပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ သေဆုံးသူတွေဟာ NUG နဲ့ မကွေး ဖက်ဒရယ်ယူနစ်တို့ရဲ့ ထုတ်ပြန်ချက်ထက် ပိုများပါတယ်။ လေကြောင်း ဗုံးကြဲမှု အပြီး စစ်တပ်ရဲ့ ဒရုန်း လက်နက်ကြီးတွေကြောင့် သေဆုံး အလောင်းတွေ စနစ်တကျ ကောက်ယူနိုင်ခြင်း မရှိသလို နာရေးကိုလည်း ကောင်းမွန်စွာ မလုပ်နိုင်တာကြောင့် အရေအတွက် စိစစ်ဖို့ ခက်ခဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူ အရေအတွက် ၃၀ နဲ့ ၅၀ ဦးအကြား ရှိနိုင်ကြောင်း ခန့်မှန်းသူတွေ ရှိသလို အဲဒီထက် ပမာဏ ပိုများနိုင်ကြောင်း ပြောဆိုတဲ့ ဒေသခံလည်း ရှိပါတယ်။

NUG နဲ့ မကွေး ဖက်ဒရယ်ယူနစ်ရဲ့ ထုတ်ပြန်ချက်မှာလည်း “အဆက်မပြတ် ပစ်ခတ်မှုများနှင့် ဆက်သွယ်ရေး ဖြတ်တောက်ခံထားရမှုကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၂ ရွာမှ ဒေသခံ ပြည်သူ ၄၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရပြီး ကယ်ဆယ်ရေးနှင့် ဆေးဝါး ကုသရေး လုပ်ငန်းများတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရသဖြင့် သေဆုံးသူ အရေအတွက် ထပ်မံ မြင့်တက်လာနိုင်သည့် အခြေအနေ ရှိနေပါသည်” လို့ ဖော်ပြထားပါတယ်။

မြေပြင်ရှိ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များ၊ ကာကွယ်ရေး တပ်ဖွဲ့များ၊ ကျန်းမာရေးနဲ့ လူမှုကူညီရေး အဖွဲ့များ ပူးပေါင်းကာ ဒဏ်ရာရရှိသူများအား အရေးပေါ် ဆေးဝါး ကုသပေးခြင်း၊ စစ်ဘေးရှောင် ပြည်သူများအား လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးခြင်းနဲ့ ကျဆုံးသူများရဲ့ အမည်စာရင်း အသေးစိတ်ကို စနစ်တကျ စိစစ် အတည်ပြုခြင်းတို့ကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်လျက် ရှိကြောင်းလည်း ဖော်ပြပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ အရပ်သား ပြည်သူပိုင် မော်တော်ယာဉ်၊ ဆိုင်ကယ်များစွာ ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်း စစ်ရေးနဲ့ နိုင်ငံရေးအရ အဘက်ဘက်မှ ပြိုလဲ ရှုံးနိမ့်နေပြီ ဖြစ်သော အကြမ်းဖက် စစ်အုပ်စုဟာ အရပ်သား ပြည်သူများအား အကြောက်တရား လွှမ်းမိုးစေရန် ရည်ရွယ်ပြီး နိုင်ငံတကာ ဥပဒေအရ အထူး အကာအကွယ် ပေးထားသော စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံများကို စစ်ရေး ပစ်မှတ်သဖွယ် အင်အား အလွန်အကျွံ သုံးစွဲ တိုက်ခိုက်တာ၊ ဒဏ်ရာရ လူနာများနဲ့ ကယ်ဆယ်ရေး လုပ်ငန်းများကိုပါ ထပ်မံ တိုက်ခိုက်တာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု ဥပဒေ (IHL)၊ ဂျီနီဗာ သဘောတူညီချက်များနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ကြောင်းလည်း NUG နဲ့ မကွေး ဖက်ဒရယ်ယူနစ်တို့က ထုတ်ပြန်ကာ စစ်တပ် လုပ်ရပ်ကို ရှုတ်ချထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ကြောင်း ICJ က စီရင်ချက် ချမှတ်ပြီး ရက်ပိုင်းအတွင်း ယခုကဲ့သို့ ထပ်မံ ကျူးလွန်လာခြင်းဟာ နိုင်ငံတကာ တရားစီရင်ရေးနဲ့ လူ့အသက် တန်ဖိုးများအပေါ် စစ်အုပ်စုရဲ့ ပြောင်ပြောင်တင်းတင်း စိန်ခေါ် ချိုးဖောက်မှုပင် ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အခု ဖြစ်စဉ်မှာ အမိန့်ပေး စေခိုင်းသူ စစ်အုပ်စု ခေါင်းဆောင်များမှသည် မကွေး လေတပ်စခန်း၊ ကပစ (၈) နဲ့ ဧကရာဇ်ရွာ ရဲစခန်းတို့မှ လက်တွေ့ ပါဝင် ကျူးလွန်သူများအထိ ပြစ်ဒဏ် ကင်းလွတ်ခွင့် မရရှိစေဘဲ ပြည်တွင်း အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ယန္တရားများ၊ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများမှ တစ်ဆင့် ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်ရေး ခိုင်လုံတဲ့ သက်သေ အထောက်အထားများကို စနစ်တကျ မှတ်တမ်းတင် စုဆောင်းလျက် ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာ ဦးစီးဌာန၏ မှတ်တမ်းများအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ အောက်တိုဘာလကုန်အထိ စစ်အုပ်စုဟာ နိုင်ငံတစ်ဝန်း လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ် ၆,၆၅၃ ခု၊ အကြိမ်ရေ ၁၅,၃၂၇ ကြိမ် ကျူးလွန်ခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ၈၅၃ ဦး အပါအဝင် အရပ်သား ပြည်သူ ၆,၄၆၇ ဦး သေဆုံးခဲ့ကာ စာသင်ကျောင်း ၅၆၂ ကျောင်း၊ ဘာသာရေး အဆောက်အအုံ ၈၄၈ ခု ထိခိုက် ပျက်စီးခဲ့ပြီး ဖြစ်ကြောင်း အသိပေးထားပါတယ်။

ဒါကြောင့် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်း နိုင်ငံများနဲ့ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် စိုးရိမ်ကြောင်း ထုတ်ပြန်ရုံမျှဖြင့် ရပ်တန့်မနေဘဲ အကြမ်းဖက် စစ်အုပ်စုထံ စီးဆင်းနေတဲ့ လေယာဉ်ဆီ၊ လက်နက်ခဲယမ်း၊ ဒရုန်းနဲ့ စစ်ဘက် နည်းပညာ ထောက်ပံ့မှု လမ်းကြောင်းများကို ပြတ်ပြတ်သားသား ဖြတ်တောက် ပိတ်ဆို့ဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။ ဒါ့အပြင် နိုင်ငံတကာ တရားစီရင်ရေး လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော်ပေးရန် အလေးအနက် တိုက်တွန်းကြောင်း ဖော်ပြပါတယ်။

သေဆုံးသွားတဲ့ ကလေးတွေထဲ ရှင်ပြုထားတာမှ မကြာသေးတဲ့ သားကလေးတွေ ပါပါတယ်။ နားသထားတဲ့ ညီအစ်မ အရင်းကလေး နှစ်ယောက်လည်း ပါပါတယ်။ တကယ်တော့ ကလေးတွေရဲ့ မိဘတွေက ထိုင်းနိုင်ငံမှာ သွား အလုပ်လုပ်နေကြရတာပါ။ ကလေးတွေ အနာဂတ်အတွက် လူလားမမြောက်သေးတဲ့ သားသမီးတွေကို ရှင်ကွဲခွဲကာ ကြိုးစားနေကြရတာပါ။ ခုတော့ သေကွဲပါ ကွဲခဲ့ရပါပြီ။

ကလေးအမေလေးတစ်ယောက်ဆို လသား ကလေး ခါးထစ်ခွင်ချီရင်း ကထိန်ပွဲ လာကြည့်တယ်။ စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးမိခင်လည်း ဦးခေါင်း နောက်ပိုင်း ပွင့်ထွက်လို့။ သူ့ ရင်သွေးလေးကလည်း သူ့နောက်မှာ အသက်မဲ့လို့။

ဆက်စပ်သတင်းများ