— ကိုပါဝဲလ် ရေးသားသည်။
အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကွန်ဂရက်လွှတ်တော်၌ အစိုးရအဖွဲ့ အထူးသဖြင့် သမ္မတ၏ အာဏာကို ထိန်းကျောင်းနိုင်ရန်နှင့် တာဝန်ခံ ခိုင်းစေရန်အတွက် စွပ်စွဲပြစ်တင်ခြင်း (Impeachment) ဖြုတ်ချနိုင်ရေး ထည့်သွင်း ပြဋ္ဌာန်းထားသည်။
သမိုင်းတလျှောက်တွင် သမ္မတများကို စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်များသည် အမေရိကန် နိုင်ငံရေးစနစ်၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့သည်။
အမေရိကန် သမိုင်းတလျှောက်တွင် အောက်လွှတ်တော် (House) ၏ စွပ်စွဲပြစ်တင်ခြင်းကို ခံခဲ့ရသည့် သမ္မတ သုံးဦးသာ ရှိခဲ့ဖူးသည်။ ၎င်းတို့မှာ ၁၈၆၈ ခုနှစ်တွင် အန်ဒရူးဂျွန်ဆင်၊ ၁၉၉၈ ခုနှစ်တွင် ဘီလ်ကလင်တန်နှင့် ၂၀၁၉ နှင့် ၂၀၂၁ ခုနှစ်များတွင် ဒေါ်နယ်ထရမ့်တို့ ဖြစ်ကြသည်။

Public Service Announcement
ဤဖြစ်စဉ်များအပြင် တရားဝင် စွပ်စွဲပြစ်တင် မဲ မပေးရသေးမီ သမ္မတ ရစ်ချတ်နစ်ဆန်သည် ဝါတာဂိတ် အရေးအခင်းကြောင့် မိမိ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်သွားခဲ့ရဖူးသည်။
အမေရိကန် သမိုင်းတွင် ပထမဆုံး စွပ်စွဲပြစ်တင် စစ်ဆေးခံခဲ့ရသည့် သမ္မတမှာ အန်ဒရူးဂျွန်ဆင် ဖြစ်သည်။ ၁၇ ယောက်မြောက် အမေရိကန်သမ္မတ ဖြစ်သည်။
၁၈၆၅ ခုနှစ်တွင် သမ္မတ အေဘရာဟင်လင်ကွန်း လုပ်ကြံခံရပြီးနောက် သမ္မတ ဖြစ်လာခဲ့သူ ဂျွန်ဆင်သည် ပြည်တွင်းစစ် အပြီး နိုင်ငံ ပြန်လည် ထူထောင်ရေး (Reconstruction) ကာလတွင် ကွန်ဂရက် (အထူးသဖြင့် ရီပတ်ဘလစ်ကန်များ) နှင့် မူဝါဒပိုင်းဆိုင်ရာများအတွက် ဆန့်ကျင်ဘက်များ ဖြစ်ခဲ့သည်။
၁၈၆၇ ခုနှစ်တွင် ကွန်ဂရက်က အတည်ပြုခဲ့သော ရာထူးသက်တမ်း ထိန်းသိမ်းရေးဥပဒေ (Tenure of Office Act) ကို သမ္မတက ဆန့်ကျင်ခဲ့ပြီး ကွန်ဂရက်၏ ခွင့်ပြုချက် မပါဘဲ မိမိ၏ အစိုးရအဖွဲ့ဝင် စစ်ရေးရာဝန်ကြီး Edwin M. Stanton အား ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းကြောင့် ဥပဒေကို တမင် ချိုးဖောက်သည်ဟု ဆိုကာ အောက်လွှတ်တော်က စွဲချက် တင်ခဲ့သည်။
အထက်လွှတ်တော် (Senate) တွင် တရားစီရင်ခဲ့ရာ ရာထူးမှ ဖယ်ရှားရန်အတွက် အပြစ်ရှိကြောင်း လိုအပ်သော မဲအရေအတွက် မရရှိခဲ့သဖြင့် ဂျွန်ဆင်သည် ရာထူးမှ မပြုတ်ကျဘဲ ကံကောင်းစွာ လွတ်မြောက်ခဲ့ရသည်။
၁၉၉၈ ခုနှစ်တွင် သမ္မတ ဘီလ်ကလင်တန်သည် အမေရိကန် သမိုင်းတွင် ဒုတိယမြောက် စွပ်စွဲပြစ်တင်ခံရသည့် သမ္မတ ဖြစ်လာခဲ့သည်။ ကလင်တန်သည် ၄၂ ယောက်မြောက် သမ္မတ ဖြစ်သည်။ ကလင်တန် အစိုးရလက်ထက်တွင် ပေါ်ပေါက်ခဲ့သော အိမ်ဖြူတော် အလုပ်သင် မော်နီကာ လီဝင်စကီးနှင့် ဆက်ဆံရေး ရှိခဲ့သည့် အရှုပ်တော်ပုံနှင့် ယင်းကိစ္စကို ဖုံးဖိရန် ကြိုးပမ်းခဲ့မှုများကြောင့် ဖြစ်သည်။
အောက်လွှတ်တော်က ကလင်တန်အား တရားဥပဒေ စိုးမိုးမှုကို ဟန့်တားမှုနှင့် ဂရင်းဂျူရီ ရှေ့မှောက်တွင် မမှန်မကန် ထွက်ဆိုမှု စသည့် ပုဒ်မ နှစ်ခုဖြင့် စွပ်စွဲ ပြစ်တင်ခဲ့သည်။ သို့သော် ၁၉၉၉ ခုနှစ် အစောပိုင်းတွင် ကျင်းပခဲ့သော ဆီးနိတ်လွှတ်တော် တရားစီရင်ပွဲ၌ စွဲချက် နှစ်ခုစလုံးအတွက် လိုအပ်သော သုံးပုံနှစ်ပုံ (၆၇ မဲ) အပြည့်အဝ မရရှိခဲ့ဘဲ ကလင်တန်သည် ရာထူးမှ လွတ်မြောက်ခဲ့ပြီး သမ္မတ ရာထူးကို ဆက်လက် ထမ်းဆောင်နိုင်ခဲ့သည်။
ထို့နောက် သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင်မူ စွပ်စွဲပြစ်တင်ခြင်းကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရသည်။ အမေရိကန် သမိုင်းတလျှောက် တစ်ကြိမ်ထက်ပိုသော စွပ်စွဲပြစ်တင်ခြင်းကို ခံခဲ့ရသည့် တစ်ဦးတည်းသော သမ္မတ ဖြစ်သည်။ ထရမ့်သည် ၄၅ ယောက်မြောက်နှင့် ၄၇ ယောက်မြောက် သမ္မတ ဖြစ်သည်။ ပထမအကြိမ် အနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ယူကရိန်း သမ္မတအား ဂျိုးဘိုင်ဒင်နှင့် သားဖြစ်သူတို့အား စုံစမ်း စစ်ဆေးပေးရန် ဖိအားပေးခဲ့ပြီး နိုင်ငံရေး အမြတ်ထုတ်ရန် စစ်ရေး အကူအညီများကို ဆိုင်းငံ့ခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် အာဏာ အလွဲသုံးစားလုပ်မှုနှင့် ကွန်ဂရက်အား ဟန့်တားမှု ပုဒ်မတို့ဖြင့် စွပ်စွဲ ပြစ်တင်ခံခဲ့ရသည်။
ဖေဖော်ဝါရီ ၂၀၂၀ ခုတွင် ကျင်းပသည့် ဆီးနိတ် တရားစီရင်ပွဲ၌ ရီပတ်ဘလစ်ကန် အမတ် မက်ရောမ်နီက ပုဒ်မ တစ်ခုအတွက် အပြစ်ရှိကြောင်း ထောက်ခံမဲ ပေးခဲ့သော်လည်း လိုအပ်သော အမတ်ဦးရေ မပြည့်မီခဲ့သဖြင့် ထရမ့် လွတ်မြောက်ခဲ့သည်။
ဒုတိယအကြိမ် အနေဖြင့် ၂၀၂၁ ခု ဇန်နဝါရီလတွင် ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်များကို ငြင်းဆန်ကာ ဇန်နဝါရီ ၆ ရက်နေ့ ပါလီမန် စီးနင်းမှု အကြမ်းဖက်မှု ဖြစ်ပွားစေရန် လှုံ့ဆော်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဆူပူ အုံကြွမှု ဖြစ်ပွားစေရန် လှုံ့ဆော်မှု ပုဒ်မဖြင့် ထပ်မံ စွပ်စွဲ ပြစ်တင်ခံခဲ့ရသည်။
ရာထူးမှ ထွက်ခွာပြီးနောက် ဖေဖော်ဝါရီ ၂၀၂၁ ခုတွင် ပြုလုပ်ခဲ့သော ဆီးနိတ် တရားစီရင်ပွဲ၌ ဒီမိုကရက် အမတ်များအပြင် ရီပတ်ဘလစ်ကန် အမတ် ၇ ဦးပါ ပါဝင် မဲပေးခဲ့သဖြင့် အပြစ်ရှိကြောင်း ထောက်ခံမဲ ၅၇ မဲအထိ ရရှိခဲ့သော်လည်း သုံးပုံနှစ်ပုံ လိုအပ်ချက်ဖြစ်သည့် ၆၇ မဲ မပြည့်မီခဲ့သောကြောင့် ဒုတိယအကြိမ်မြောက်ပါ အပြစ်မရှိကြောင်း ဆုံးဖြတ်ခံခဲ့ရပြန်သည်။
လာမည့် အမေရိကန် ကြားကာလ (သက်တမ်းဝက်) ရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီက ကွန်ဂရက်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်မှုများ ပြုလုပ်လာနိုင်သည်ဟု နိုင်ငံရေး လေ့လာသူများက ခန့်မှန်း သုံးသပ်နေကြသည်။
သို့သော်လည်း လက်ရှိ အထက်လွှတ်တော်၏ အခင်းအကျင်းအရ သမ္မတတစ်ဦးကို ရာထူးမှ ဖယ်ရှားနိုင်ရန် လိုအပ်သော သုံးပုံနှစ်ပုံမဲ ရရှိရန်မှာ မလွယ်ကူသောကြောင့် စွပ်စွဲပြစ်တင် စစ်ဆေးမှု လုပ်ခြင်းသည် အချိန်ကုန် လူပင်ပန်းသည့် လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
လက်ရှိ အမေရိကန် အောက်လွှတ်တော်တွင် ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်အမတ်နေရာ ၂၁၈ နေရာ၊ ဒီမိုကရက်ပါတီက ၂၁၄ နေရာ၊ တစ်သီးပုဂ္ဂလက ၁ နေရာ၊ လစ်လပ်နေရာ ၂ ဖြစ်သည်။ အထက်လွှတ်တော်တွင် ရီပတ်ဘလစ်ကန်ပါတီက ၅၃ နေရာ၊ ဒီမိုကရက် ၄၅ နှင့် တစ်သီးပုဂ္ဂလ ၂ နေရာ ဖြစ်သည်။ သို့သော် တစ်သီးပုဂ္ဂလ ၂ နေရာက ဒီမိုကရက်နှင့် ပူးပေါင်းထား၍ ၄၇ နေရာဟုလည်း ပြောနိုင်သည်။
သို့သော် နိုဝင်ဘာ ၃ ရက် သက်တမ်းဝက် ရွေးကောက်ပွဲ အပြီး မဲရေတွက်မှု ရေတွက်ပြီးစီးမှုအရ ဒီမိုကရက်တစ်ပါတီက လွှတ်တော် နှစ်ရပ်စလုံးတွင် အသာစီးရပြီး ထိန်းချုပ်လာနိုင်သည်။ မဲရေတွက်မှု ပြီးသလောက်တွင် အောက်လွှတ်တော်၌ ဒီမိုကရက်တစ်ပါတီက ၂၅၄ နေရာ၊ ရီပတ်ဘလစ်ကန်က ၁၆၂ နေရာ၊ မဲရေတွက်မှု မပြီးပြတ်သေးသော မဲဆန္ဒနယ် ၁၉ နေရာ ရှိသည်။ အထက်လွှတ်တော်တွင် ဒီမိုကရက်တစ်က ၅၄ နေရာ၊ ရီပတ်ဘလစ်ကန်က ၄၄ နေရာနှင့် အပြီးသတ် ရလဒ် မထွက်သေးသော မဲဆန္ဒနယ် ၂ နေရာ ကျန်ရှိနေသေးသည်။ သက်တမ်းဝက် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များသည် ၂၀၂၇ ဇန်နဝါရီလဆန်းတွင်မှ လွှတ်တော် စတက်ရမည် ဖြစ်သည်။ ထိုကြောင့် လတ်တလောတွင်မူ ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်ကို ထိန်းချုပ်နိုင်နေဆဲ ဖြစ်ပြီး ၂၀၂၇ နှစ်ဆန်းပိုင်းမှစ၍ ဒီမိုကရက်တစ်ပါတီက လွှတ်တော် နှစ်ရပ် ထိန်းချုပ်မည် ဖြစ်သည်။
သမ္မတများအား စွပ်စွဲပြစ်တင် စစ်ဆေးခဲ့သည့် သမိုင်းဝင် ဖြစ်စဉ်များသည် အမေရိကန် နိုင်ငံရေးစနစ်အပေါ် လေးနက်သော သက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အာဏာ ခွဲဝေမှုနှင့် ထိန်းကျောင်းမှု စနစ်သည် သမ္မတတစ်ဦးတည်းက အာဏာကို အလွဲသုံးစား မလုပ်နိုင်စေရန် တားဆီးပေးနိုင်သည့် အဓိက မောင်းနှင်အား ဖြစ်ကြောင်း ပြသခဲ့သည်။
သို့သော် ခေတ်သစ် ကမ္ဘာ့နိုင်ငံရေး အခြေအနေများတွင် ပါတီစွဲ အမြင်များ ကြီးထွားလာခြင်းကြောင့် စွပ်စွဲပြစ်တင်ခြင်းများသည် ပါတီချင်း အမြတ်ထုတ် တိုက်ခိုက်ကြသည့် နိုင်ငံရေးအရ အမြတ်ထုတ်သည့် ပုံစံများ ဖြစ်လာသည်။
အထက်လွှတ်တော်တွင် သမ္မတကို ရာထူးမှ ဖယ်ရှားရန်အတွက် လိုအပ်သော မဲ သုံးပုံနှစ်ပုံသည် များပြားသော အရေအတွက် ဖြစ်နေပြီး၊ ပါတီနှစ်ခု အမြဲတမ်း အပြိုင်အဆိုင် ဖြစ်နေသည့် အမေရိကန် နိုင်ငံရေးတွင် မည်သည့်ပါတီကမျှ ထိုမျှ များပြားသော အမတ်နေရာကို တစ်ပါတီတည်းက ပိုင်ဆိုင်ရန်မှာ မလွယ်ကူနိုင်ပါ။




















































