Connect with us

Hi, what are you looking for?

ဆောင်းပါး

နှုတ်ဆက်ခွင့် ရမသွားတဲ့ စားဖိုမှူးကြီး

ကိုမြင့်စိုးကြီး စျေးဝယ်လာရင် ဒေါ်အောင်ဆန်းစုကြည်အိမ်ကမှန်း သိသွားကြတော့ စျေးသည်တွေက ဟင်းချက်စရာတွေ အလကားထည့်ပေးကြတော့တာ။ ဒါကို ဒေါ်အောင်ဆန်းစုကြည် သိသွားတော့ ကဲ ကိုမြင့်စိုးကြီးပဲ သွားနေရင်တော့ မဖြစ်ချေဘူးဆိုပြီး သမ္မတကြီးတာဝန်ယူခဲ့ဖူးတဲ့ ဦးထင်ကျော်က တလှည့် စျေးဝယ်ပေးခဲ့ရသတဲ့။

တည်ကြည်/People’s Spring

၁၉၈၈ ခုနှစ်။ မတ်လ။ ရန်ကုန်ဆေးရုံကြီး။

အသက် ၃၇ နှစ်အရွယ် ကိုမြင့်စိုးတစ်ယောက် ရန်ကုန် ဆေးရုံကြီး ပင်မအဆောက်အအုံထဲ ဝင်လာခဲ့တယ်။ သူသွားတွေ့တာက မေမေကြီးဆီ။ မေမေကြီးဆိုတာက လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်ကို ခေါ်တာပါ။ မေမေကြီး လေဖြတ်သွားလို့ သူက လူနာသတင်းသွားမေးတာပါ။

ကိုမြင့်စိုးဟာ ငယ်ငယ်ကတည်းက ဗိုလ်ချုပ်ကို အင်မတန်မှကြည်ညိုလေးစားတယ်။ ဗိုလ်ချုပ်ရဲ့ မိသားစုကိုလည်း ချစ်ခင်လေးစားတာမို့ မေမေကြီးဆီ သွားတွေ့တာပါ။ အဲဒီမှာ မေမေကြီးကို ပြုစုဖို့ ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံရတယ်။အစ်မကို အရင်ကတည်းက သိနေကြောင်း နှုတ်ဆက်စကား ဆိုခဲ့တယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ကိုမြင့်စိုးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်ဖြစ်လာပြီး ၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးခံရပြီးနောက် ထောင်ကနေ ပြန်လည် လွတ်မြောက်လာချိန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံမှာ ဥယျာဥ်မှူး ဝင်လုပ်ခဲ့တယ်။

အဲဒီနောက် ၁၉၈၉ခုနှစ် ဇူလိုင်လ ၂၀ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရဖြစ်တဲ့န၀တ (နိုင်ငံ​တော် ငြိမ်ဝပ်ပိပြားမှု တည်​ဆောက်​ရေးအဖွဲ့ )ကနေအိမ်အကျယ်ချုပ်ချမှတ်ခဲ့တယ်။ ၆ နှစ်အကြာ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၆ နှစ်တိတိ နေလာတဲ့ အိမ်အကူအမျိုးသမီးလေးတစ်ယောက်ရှိတယ်။ သူလည်း နှစ်ကာလအတော်ကြာ နေလာခဲ့ရတော့ ဒေါ်အောင်ဆန်းစုကြည်က အနားယူခွင့်ပေးချင်တယ်။ ဒါနဲ့ ကိုမြင့်စိုးကို ခေါ်ပြောတယ်။ “ကိုမြင့်စိုး။ အမကို ထမင်းဟင်း ချက်ပေးနိုင်မလား”တဲ့။ ကိုမြင့်စိုးလည်း ဘာပြောကောင်းမလဲ။ “ဟာ ရတယ်အမ။ ချက်ပေးနိုင်တယ်”ပေါ့။ ဒါနဲ့ သြဂုတ်လကနေစပြီး ချက်ကျွေးလာခဲ့တယ်။ အဲဒီကနေ ၂၀၀၃ ခုနှစ်အကျယ်ချုပ်ကာလအထိ။ အကျယ်ချုပ်ကာလမှာလည်း ကိုမြင့်စိုးပဲ ထပ်ပို့ခဲ့တယ်။ ကိုမြင့်စိုးက သူပို့ခွင့်ရတာကို ဝမ်းသာတာ။

ကိုမြင့်စိုး နေ့စဥ် ပို့ပေးခဲ့ရတယ်။ မနက်ဆို သူခြံအမှတ် ၅၄ တံခါးဝ ကို သွားတယ်။ ခြံထဲကနေ ဒေါ်ခင်ခင်ဝင်း ထွက်လာရင် သူ့လက်ထဲ ဟင်းချိုင့်တွေကိုယ်တိုင်အပ်တယ်။ပေးထားခဲ့တာမျိုး မဟုတ်ဘူး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာလား မမာလား နေကောင်းလားမကောင်းလားဆိုတာကို ကိုမြင့်စိုး သိခွင့်ရတယ်။ အဲဒါကြောင့် နားရက်မရှိတာကို ကိုမြင့်စိုး ပျော်ပျော်ကြီးလုပ်တယ်။

နှစ်ကြာလာတော့ဒေါ်အောင်ဆန်းစုကြည်အားနာလာတယ်။ “ကိုမြင့်စိုး။ အမကို ငါးရက်စာလောက်ပို့လိုက်။ ရေခဲသေတ္တာထဲ ထည့်ထားမယ်။ ကိုမြင့်စိုး နားပါလား”တဲ့။ ကိုမြင့်စိုး ပျာပျာသလဲ ငြင်းပါတယ်။ “ဟင့်အင်း မနားဘူးအမ။ ကျွန်တော်နေ့စဥ်လာမှ အမ နေကောင်းလားမကောင်းလား သိရတာ။ အဲဒါကြောင့် ကျွန်တော်နားရက်မလိုချင်ဘူး”လို့ ကိုမြင့်စိုး ပြန်ပြောလိုက်တယ်။

အဲသလိုနဲ့ ကိုမြင့်စိုး နေ့စဥ် နေ့စဥ် နားရက်မရှိ ထမင်းချိုင့်ပို့ခဲ့တာ ၇ နှစ်တိတိ ကြာခဲ့တယ်။ ကြားထဲမှာ ကိုမြင့်စိုး ဖျားနာတာမျိုး၊ ခရီးသွားဖို့ရှိတာမျိုးဆိုရင်တော့ သခင်အုန်းမြင့်သား ကိုနီကလည်း ပို့ပေးတယ်။ သမ္မတကြီး ဦးထင်ကျော်လည်း ပို့ပေးတယ်။

ထမင်းကတော့ အိမ်ထဲမှာတင် ဒေါ်ခင်ခင်ဝင်းက ချက်တယ်။ သူကဟင်းတင်ပို့ပေးရတာ။ ဒေါ်အောင်ဆန်းစုကြည်က အမဲသား၊ ဝက်သားမစားဘူး။ ဆိတ်သား အရင်ကတော့စားတယ်။ နောက်ပိုင်းမှာ မစားတော့ဘူး။ ကြက်သား၊ ဘဲသား၊ ငါး၊ ပင်လယ်စာ စသဖြင့် ပို့ပေးရတယ်။

၂၀၁၀ ပြည့်နှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတော့ “ကိုမြင့်စိုးလည်း ပင်ပန်းပြီ။ တစ်ပတ် နှစ်ရက်ပဲ လာချက်ပေး”လို့ ပြောခဲ့တယ်။

ကိုမြင့်စိုးကြီး စျေးဝယ်လာရင် ဒေါ်အောင်ဆန်းစုကြည်အိမ်ကမှန်း သိသွားကြတော့ စျေးသည်တွေက ဟင်းချက်စရာတွေ အလကားထည့်ပေးကြတော့တာ။ ဒါကို ဒေါ်အောင်ဆန်းစုကြည် သိသွားတော့ ကဲ ကိုမြင့်စိုးကြီးပဲ သွားနေရင်တော့ မဖြစ်ချေဘူးဆိုပြီး သမ္မတကြီးတာဝန်ယူခဲ့ဖူးတဲ့ ဦးထင်ကျော်က တလှည့် စျေးဝယ်ပေးခဲ့ရသတဲ့။

ကိုမြင့်စိုးက ကွမ်းယာကြိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကွမ်းစားတာ မကြိုက်ဘူး။ သို့ပေသိ မစားရဘူးမပြောဘူး။ တစ်ခုပဲ “တစ်နေ့ ခုနှစ်ရာပဲ စားရမယ်”တဲ့။ ကိုမြင့်စိုးလည်း အမကြီးစကား နားထောင်ရတာပေါ့။ ခြံထဲမှာတော့ ခုနှစ်ရာပဲစားပြီး ညနေပြန်လို့ ခြံပြင်ရောက်မှ ထပ်စားတော့တာပေါ့။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်သိတယ်။ ခြံထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကွမ်းစားတာမကြိုက်ဘူးဆိုတော့ လူကြီးပိုင်းတွေကအစ အကုန်ဖြတ်ပစ်ကြတယ်။ “ကျွန်တော်လည်း ဖြတ်တာမရလို့။ ခိုးစားတာမိတာ”တဲ့။

ကိုမြင့်စိုးပြောပြဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားကြီးကင်မ်ရဲ့လက်ဆောင် တိုက်ချီတိုခွေးလေးအကြောင်းကလည်း အမှတ်ရစရာပါ။ ကင်မ် ရန်ကုန်လာတော့ ဒေါက်တာတင်မျိုးဝင်းကို ခွေးရောင်းတဲ့ဆိုင် လိုက်ပို့ခိုင်းတယ်။ အဲဒီမှာ တိုက်ချီတိုလေးကို ဝယ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘာလုပ်ဖို့ဝယ်လာတာလဲမေးတာပေါ့။ ကင်မ်က မေမေ့အတွက် ဘော်ဒီဂတ်တဲ့။

ကင်မ်ပေးထားတဲ့ ဒီခွေးလေးကို ဒေါ်အောင်ဆန်းစုကြည် တအားချစ်သတဲ့။ ငယ်ငယ်လေးတုန်းက သူနားမလည်ဘူး။ နည်းနည်းကြီးလာတော့ ဒေါ်အောင်ဆန်းစုကြည်နားကပ်လာတဲ့သူမှန်သမျှ အကုန်ကိုက်သတဲ့။ ကိုမြင့်စိုးကလည်း တိုက်ချီတိုကိုကြောက်တော့ ရှောင်နေတာ။ တစ်ခြံလုံး တိုက်ချီတို မကိုက်ဖူးတဲ့သူမရှိဘူး။ ကိုမြင့်စိုးက လွဲလို့ပေါ့။ တိုက်ချီဒိုလေးဟာ ညဘက်အိပ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည် အခန်းထဲမှာတင် အိပ်ပါသတဲ့။

အခုတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွဲခွာနေခဲ့ရတဲ့ ခွေးကလေးတိုက်ချီတိုဟာ ၂၀၂၆ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။

ကိုမြင့်စိုးဟာ ဖျာပုံဇာတိဖြစ်ပေမယ့် အလုံမှာမွေးပြီး အလုံမှာကြီးပါသတဲ့။ ဗြိတိန် ရော့ခ်နဲ့ ပေါ့ပ် အဆိုတော် ရော့ဒ် စတီးဝပ်ကိုလည်း ကြိုက်သလို ကိုသန်းလှိုင်၊ ခင်ညွန့်ရည်နဲ့မေဆွိတို့ရဲ့ သီချင်းတွေလည်း ကြိုက်သတဲ့။ ခြံအပြင်မှာကွမ်းယာအပြင် ဘီအီးလည်း ကြိုက်တတ်ပါသတဲ့။

ကိုမြင့်စိုးမှာ တန်ဖိုးဖြတ်လို့မရတဲ့ ပစ္စည်းလေးတချို့ရှိတယ်။ အဲဒီပစ္စည်းလေးတွေကို ကိုမြင့်စိုး မြတ်မြတ်နိုးနိုးနဲ့ကို သိမ်းဆည်းထားတာ။ အဲဒီပစ္စည်းလေးတွေကတော့ ဒေါ်ဆန်းစုကြည်ဆီ ပို့ရာမှာ သုံးခဲ့ဖူးတဲ့ အရွယ်စုံ၊ ဆိုဒ်စုံထမင်းဘူးဟင်းဘူးလေးတွေပါ။ကိုမြင့်စိုးဟာ နှစ်ပေါင်းကြာမြင့်ခဲ့ပေမယ့် ဒီဘူးလေးကတော့ ဟင်းထည့်တာ၊ ဒီဘူးကတော့ ဟင်းရည်ထည့်တာ၊ ဒီဘူးလေးကတော့ ဒိန်ချဥ်ထည့်ခဲ့တာ စသဖြင့် သတိရဆဲ ဖြစ်ပြီး မမေ့ခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က တော်ရုံတန်ရုံ အိမ်ရှင်မ မဟုတ်ဘူးတဲ့။ ဒေါ်အောင်ဆန်းစုကြည်က ပစ္စည်းတစ်ခုကိုကြိုက်တယ်ဆိုရင် အဲဒီတံဆိပ်လေးကိုခွာပြီး သိမ်းထားသတဲ့။ နှစ်ပေါင်းများစွာကို သိမ်းထားတာ။ အဲဒါကိုထုတ်ပေးပြီး ကိုမြင့်စိုး ဒီတံဆိပ်နဲ့ ပစ္စည်းလေးဝယ်ပေးဆိုပြီးပြောတယ်။ကိုမြင့်စိုးသွားဝယ်ရင် အဲဒီပစ္စည်းက စျေးကွက်ထဲမရှိတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူသိမ်းထားတဲ့ တံဆိပ်ကလွဲ၊ တခြားတံဆိပ်မကြိုက်ဘူး။

ကိုမြင့်စိုး သိမ်းထားခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ အမှတ်တရ ပစ္စည်းတစ်ခု ရှိပါသေးတယ်။ ကလစ်ကလေးတစ်ချောင်းပါ။ ကလစ်ကလေးက ကျိုးသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီကလေးကိုပြရင်း “အဲဒါကို အဲဒီပုံစံအတိုင်း ကိုမြင့်စိုး ပြန်ဝယ်ပေးပါ”တဲ့။

ကိုမြင့်စိုးတစ်ယောက် ကလစ်အကျိုးလေးကိုင်ရင်း စကော့စျေး(ဗိုလ်ချုပ်​ဈေး)တစ်စျေးလုံး လိုက်ရှာတယ်။ မရှိဘူး။ နောက်ဆုံး စင်ကာပူလူကြူံနဲ့ မှာတယ်။ ကျွန်တော်က အမနဲ့ပတ်သက်လို့ရှိရင်အမှတ်တရလေးတွေ တော်တော်များများ သိမ်းထားတယ်”တဲ့။ တချို့ဆို ပစ္စည်းဟောင်းလေးတွေ။ လွင့်မပစ်ရက်ဘူး။ သူချစ်ခင်လေးစားရတဲ့ အမကြီးရဲ့ ပစ္စည်းလေးတွေ။ သူတမြတ်တနိုး သိမ်းထားခဲ့တယ်။

ဦးမြင့်စိုးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့အတွေအကြုံတွေကို မိုဃ်းလင်း(ဖိုးလေး)ဆိုတဲ့ ကလောင်အမည်နဲ့ သမီးအောင်ဆန်းနဲ့ ခြံထဲမှ ကျွန်ပ်၏ မှတ်စာများ၊ ကျုပ်အစ်မ. အညာသားသမီး ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားဆောင်းပါးများ၊ ကျုပ်အမဒေါ်အောင်ဆန်းစုကြည်ကို ပြောပြရဦးမယ် စတဲ့စာအုပ်တွေ ရေးသားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာထပ်သိမ်းပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ထပ်အဖမ်းခံရတယ်။ ဒီတစ်ခါ အာဏာသိမ်းချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကိုမြင့်စိုး ထမင်းဟင်း ချက်မပို့နိုင်ရှာတော့ဘူး။ ကိုမြင့်စိုး မဟုတ်တော့တဲ့ ဦးမြင့်စိုးအရွယ်၊ အသက်လည်း ၇ဝ နားကပ်နေပြီ။ ပြီးတော့ အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်ထဲမှာပဲ ဦးမြင့်စိုးတစ်ယောက် ဦးနှောက်သွေးခဲတဲ့ ဝေဒနာ ခံစားနေရတာကိုး။ ရန်ကုန်မြို့၊ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ နေထိုင်ရင်း ဆေးကုသနေခဲ့ရတာ။

ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်မနက်မှာတော့ အသက် ၇၄ နှစ်အရွယ် အဖိုးလေးလို့လည်း ချစ်စနိုးခေါ်ကြတဲ့ ဦးမြင့်စိုးဟာ သူချစ်ခင်တဲ့ အမကြီး ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ခွင့်တောင် မရသွားရှာတော့ဘဲ သံသရာခရီးကို ဆက်လက်ထွက်ခွာသွားခဲ့ပါပြီ။

ပြည်သူတွေဟာတို့ခေါင်းဆောင်ကို နှစ်ပေါင်းများစွာ ချက်ပြုတ်ကျွေးမွေးလာတဲ့သူကြီးဆိုပြီး ဦးမြင့်စိုးအတွက် စိတ်ထိခိုက်ကြတယ်။ ဝမ်းနည်းတသ နှမျောကြတယ်။ ဦးမြင့်စိုးတစ်ယောက် စိတ်မှ ဖြောင့်ပါရဲ့လား မသိနိုင်တော့ပါ။

ဆက်စပ်သတင်းများ