လေယာဉ်ကွင်းကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားရဲ့ တိုက်လေယာဉ် ၅ စီးကို တိုက်ခိုက် ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းက ထုတ်ပြန်ခဲ့ပါတယ်။
မော်စကိုမြို့တော် အရှေ့ဖက်က ဆဗက်စ်လီကာ လေယာဉ်ကွင်းကို နိုဝင်ဘာ ၂၄ ရက် ညပိုင်းနဲ့ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ ယူကရိန်းက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ စစ်ဆင်ရေးမှာ ရုရှားရဲ့ MiG-31 ကြားဖြတ် တိုက်လေယာဉ် ၃ စီးနဲ့ ဗုံးကြဲ တိုက်လေယာဉ် ၂ စီးကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ပြောပါတယ်။
ဒါ့အပြင် အဲဒီထက်ပိုတဲ့ သတင်းကောင်းတွေကိုလည်း ကြားရနိုင်တယ်လို့ ယူကရိန်း စစ်တပ်က မှတ်ချက်ပေးထားပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး။ ပြီးတော့ ရုရှား လေယာဉ်ကွင်းကို ဘယ်လို ခဲယမ်းမီးကျောက် စစ်လက်နက်မျိုး အသုံးပြုပြီး တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုလည်း ယူကရိန်းက မပြောပါဘူး။
တိုက်လေယာဉ်တွေ ဖျက်ဆီးခံရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရုရှားဖက်ကတော့ နှုတ်ဆိတ်နေပါတယ်။ နစ်ဇ်နီ နော့ဗ်ဂိုရက်ဒ် ဒေသထဲမှာရှိတဲ့ အဲဒီ လေယာဉ်ကွင်းကို ပြီးခဲ့တဲ့ နှစ်တွေအတွင်း ယူကရိန်းက အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့ဖူးပါတယ်။

Public Service Announcement
အဲဒီ လေယာဉ်ကွင်းဟာ ယူကရိန်းကို ဟိုက်ပါဆောနစ် ဒုံးကျည်တွေ၊ လေဟုန်ခွင်းဗုံးတွေနဲ့ တိုက်ခိုက်တဲ့ MiG-31 တိုက်လေယာဉ်တွေ အခြေစိုက်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ရုရှားက ပစ်ခတ်တဲ့ Kinzhalလိုမျိုး ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ အသံထက် ၅ ဆမက ပိုမြန်အောင် ပျံသန်းပြီး ယူကရိန်းရဲ့ စစ်ဘက်နဲ့ အခြေခံ အဆောက်အအုံတွေကို ဖျက်ဆီးပစ်လေ့ရှိပါတယ်။ အဲဒီ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချဖို့လည်း မဖြစ်နိုင်သလောက် ခဲယဉ်းပါတယ်။
ဆဗက်စ်လီကာ လေယာဉ်ကွင်းကို တိုက်ခိုက်တဲ့ ညမှာပဲ ရုရှားရဲ့ ဆာမာရာ ဒေသထဲက ရေနံချက် စက်ရုံနှစ်ခုကိုပါ တိုက်ခိုက်ခဲ့ကြောင်းလည်း ယူကရိန်းက ပြောပါတယ်။ အဲဒီဒေသဟာ ရှေ့တန်းစစ်မြေပြင်ကနေ ကီလိုမီတာ ၈၀၀ လောက် ကွာဝေးပါတယ်။
ရုရှားက အပျက်အစီးတွေကို ပြန်ပြင်မယ်ဆိုရင် နောက်တစ်ကြိမ် တိုက်ခိုက်ဦးမှာ ဖြစ်တယ်လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ဆာမာရာဒေသ အုပ်ချုပ်ရေးမှူး ဗီယာချီဆလက်ဗ် ဖီဒိုရစ်ရှ်ချက်ဗ်က ခက်ခဲတဲ့ ညတစ်ညကို ကြုံခဲ့ကြောင်း ဝန်ခံပြီး ဒေသရဲ့ လေပိုင်နက်ထဲမှာ ယူကရိန်း ဒရုန်းပေါင်း ၁၄၅ စီးထက် မနည်းကို ကြားဖြတ် ပစ်ချခဲ့ကြောင်း ပြောပါတယ်။ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေအတွင်း လူ ၁ ဦး သေဆုံးခဲ့ပြီး နေရာနှစ်ခုမှာ ဓာတ်အားတွေ ပြတ်တောက်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ယူကရိန်း စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ရုရှားတပ်တွေ ထိန်းချုပ်ထားရာ ယူကရိန်း နယ်မြေတွေထဲက ရေဒါစနစ် တစ်ခု၊ ထောက်ပို့ စခန်းတွေကိုပါ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ရှေ့တန်းရောက် ရုရှားတပ်တွေဆီမှာ လောင်စာဆီ မရှိတော့ စစ်ကားတွေလည်း မရွေ့နိုင်ကြောင်း၊ ပစ်စရာ ကျည်မရှိတော့ လက်နက်ကြီးတွေလည်း အသံတိတ်နေခဲ့ကြောင်း ယူကရိန်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းဟာ ရုရှားပိုင်နက်ထဲထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး ရေနံချက် စက်ရုံတွေနဲ့ တခြား စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေကို အရှိန်အဟုန် မြှင့်တင်လာခဲ့ပါတယ်။
နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံအနှံ့က စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေရဲ့ လုံခြုံရေး အစီအမံတွေကို ပိုမိုမြှင့်တင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ကိုးကား: BBC


























































