■ နေကြာ
(၁)
မောင်ရေ…
တော်လှန်ရေးသမားတယောက်ရဲ့
ခြေထောက်တွေက အသုံးမဝင်ဘူးလို့
ဘယ်သူပြောရဲလဲ။
အဲ့ဒီခြေထောက်တွေကြောင့်ပဲ
မောင်ဟာ
မီးခိုးတွေကြားကနေ အသက်ရှင်ထွက်လာခဲ့တာ။
ရွာပျက်တွေကို ဖြတ်ခဲ့တာ။
လူတချို့ရဲ့ မျှော်လင့်ချက်ကို
ပခုံးပေါ်တင်ပြီး လမ်းလျှောက်ခဲ့တာ။
မောင့်ခြေထောက်တွေဟာ
အိမ်ပြန်လမ်းကို မေ့မထားတဲ့
သစ္စာရှိတဲ့ မြစ်နှစ်စင်းလိုပါပဲ။
(၂)
မောင်က
စိတ်ညစ်စရာရှိတိုင်း
မမနီကို တိုင်ပင်ချင်တယ်ဆိုတော့
မမနီလည်း ဒီလိုပါပဲ မောင်။
ညဘက်တွေမှာ
ဖုန်းသံလေးတချက်ကို စောင့်ရင်း
“ဒီနေ့ သူအဆင်ပြေရဲ့လား” ဆိုတဲ့
စိတ်ပူမှုနဲ့ အသက်ရှူနေရတာ။
မောင်တို့ခေတ်က
အချစ်တောင် လုံခြုံစွာချစ်ခွင့်မရှိတဲ့ခေတ်မလား။
ဒါပေမယ့်
မောင်အသက်ရှင်နေသရွေ့
မမနီရဲ့ နှလုံးသားထဲမှာ
အိမ်တလုံးစာ နွေးထွေးမှုတော့
အမြဲရှိနေမယ်။
(၃)
မောင်ရေ…
တနေ့နေ့တော့
မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရမယ့်နေ့လာမယ်။
သေနတ်သံတွေ ငြိမ်သွားမယ်။
ညမထွက်ရအမိန့်တွေ ပျောက်သွားမယ်။
အဲ့ဒီနေ့ကျရင်
မမနီနဲ့ မောင်
ဘုရားစေတီတွေ အတူဖူးကြမယ်။
မီးမလောင်သေးတဲ့ စေတီတွေ ရှိဦးမယ်။
ခေါင်းလောင်းသံတွေ ရှိဦးမယ်။
ဆုတောင်းသံတွေ ရှိဦးမယ်။
ပြီးတော့
တိုင်းပြည်ကြီးလည်း
နည်းနည်းတော့ ပြန်ပြုံးတတ်လာလိမ့်မယ်။
မောင် ခုချိန်ကြည့်ရင်
မမနီကို မြူတွေနဲ့ မမြင်နိုင်တော့ဘူး မထင်ပါနဲ့
မောင်ဆိုတဲ့နေမင်း ထွက်လာရင် မြူတွေကင်းသွားပါလိမ့်မယ်။

Public Service Announcement
(၄)
အခုတော့
မမနီက ကျုံးထောင့်မှာ
စောင့်နေပါ့မယ် မောင်။
လက်ဖက်ရည်အေးသွားတဲ့အထိ
ညနေခင်းကို ငေးရင်း
လူအုပ်တွေကြား
မောင့်မျက်နှာကိုပဲ ရှာနေမိမယ်။
မောင်ပြန်လာရင်
တော်လှန်ရေးအကြောင်း မပြောနဲ့ဦး။
နိုင်ငံရေးအကြောင်း မပြောနဲ့ဦး။
မမနီက
မောင့်ပခုံးပေါ်က ဖုန်တွေကိုပဲ
အရင်ခါချင်တယ်။
(၅)
အနမ်းတွေက
နှစ်သန်းပေါင်းများစွာ ရှင်သန်ခဲ့တယ်ဆိုရင်
မောင်နဲ့ မမနီရဲ့အချစ်ကလည်း
ဒီစစ်ပွဲတွေထက် ပိုရှည်ကြာလိမ့်မယ်။
တနေ့နေ့
ကျုံးထောင့်လေးမှာ
မမနီပြုံးနေတာကို
မောင်ထိုင်ကြည့်နေတဲ့အချိန်ရောက်ရင်
အဲ့ဒါဟာ
နိုင်ငံတနိုင်ငံ ပြန်အသက်ရှင်လာတဲ့
အသံတိတ်အောင်ပွဲပဲ ဖြစ်လိမ့်မယ်။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေကြာ’ ရေးဖွဲ့တဲ့ “ကျုံးထောင့်က မမနီ” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)



















































