— ကိုး ရေးသားသည်။
အာဏာရှင် တကာ့အာဏာရှင်ထဲမှာ ပညာ အမဲ့ဆုံး၊ ဆင်ခြင်ဉာဏ် အမဲ့ဆုံး အာဏာရှင်ရဲ့ လက်အောက်မှာ ဖွတ်ဖွတ်ညက်ညက် ကြေနေပြီဖြစ်တဲ့ မြန်မာလူထု မုဒိတာပွားစေမယ့် သတင်းကောင်း တစ်ပုဒ် ဒီရက်ထဲမှာ ထွက်လာပါတယ်။
အဲဒါကတော့ “ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံစာရင်းကနေ လာအိုနိုင်ငံ လွတ်မြောက်ပြီ” ဆိုတဲ့ သတင်းပါ။ ကုလသမဂ္ဂကနေ ဒီသတင်းကောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်တုန်းက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ကုန်းတွင်းပိတ် နိုင်ငံငယ် လာအိုဟာ ဒီလို ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများစာရင်း (LDCs) မှာ ၁၉၇၁ ခုနှစ်ကတည်းက ပါဝင်ခဲ့တာ ဖြစ်ပြီး ၅၅ နှစ်အကြာမှာ လွတ်မြောက်လာခဲ့တာပါ။ တဲ့တိုး ပြောရရင် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံစာရင်းကနေ လွတ်မြောက်သွားခြင်းပါ။

Public Service Announcement
အခုတော့ အရှေ့တောင်အာရှထဲမှာ ကမ္ဘောဒီးယား၊ အရှေ့တီမောနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများစာရင်း (LDCs) မှာ ဆက်လက် ကျန်ရှိနေပါတော့တယ်။ အဲဒီ သုံးနိုင်ငံထဲက ကမ္ဘောဒီးယားဟာဆိုရင်လည်း မကြာခင် ဒီဘဝကနေ လွတ်မြောက်တော့မယ်ဆိုတဲ့ သတင်းကောင်းတွေလည်း ရှိထားပါတယ်။
ဒီ လာအို သတင်းလေးအပေါ် မုဒိတာပွားရင်း ကျွန်တော်တို့ ကိုယ်စီ ကိုယ်ငှ ဆီရောက်လာတာက “မင်းအောင်လှိုင်သာ အာဏာရူးပြီး အာဏာ မသိမ်းခဲ့ရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကရော” ဆိုတဲ့ ယှဉ်တွဲ အတွေးကို တွေးမိကြပါလိမ့်မယ်။ ဒီအတွေးမျိုးကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တကွ အပေါင်းအပါတွေ၊ သူ့ကို မြှောက်ပင့်ပေးနေတဲ့ စစ်တပ် လော်ဘီတွေကတော့ တွေးချင်ကြမှာ မဟုတ်ပါဘူး။
ဟုတ်ပါတယ်။ မင်းအောင်လှိုင်သာ အာဏာ မရူးခဲ့၊ အာဏာ မသိမ်းခဲ့ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံဟာလည်း လာအိုလိုပဲ LDC ဘဝကနေ လွတ်မြောက်တော့မယ့် ရောင်နီ သန်းတဲ့ နိုင်ငံတစ်ခု အဖြစ် မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ အာဏာရှင် နေဝင်း လက်ထက် ၁၉၈၇ ခုနှစ်မှာ ပြည်ပ ကြွေးမြီတွေ ပြန်မဆပ်နိုင်တာကြောင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ (LDC) အဖြစ် သတ်မှတ်ခံခဲ့ရပြီး နောက် နှစ်ပေါင်း ၃၀ ကျော် LDC ဘဝနဲ့ ရပ်တည်ခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရွေးကောက်ခံ အရပ်သား အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်မှာတော့ အဲဒီ ဖွံ့ဖြိုးမှု အနနည်းဆုံး နိုင်ငံအဆင့်ကနေ လွတ်မြောက်ရေးဆိုင်ရာ စံနှုန်း သုံးခုစလုံးနဲ့ ပထမဦးဆုံးအကြိမ် ပြည့်မီခဲ့ပါတယ်။
အဲဒီကာလကနေ ရွေးကောက်ခံ အရပ်သား အစိုးရတွေရဲ့ ဦးဆောင်မှုနဲ့ ရှေ့ကို ပုံမှန်အတိုင်း ခရီးဆက်နိုင်ခဲ့မယ်ဆိုရင် ဒီကနေ့ ကာလမှာ LDC ဘဝက လွတ်မြောက်နေမှာ အသေအချာပဲ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ သို့သော်လည်း အာဏာရှင် လက်သစ် မင်းအောင်လှိုင်ရဲ့ အာဏာရူးမှုကြောင့် ဒီကနေ့ ကာလမှာတော့ LDC ဘဝက လွတ်မြောက်ဖို့ နေနေသာသာ ကျရှုံးနိုင်ငံ (Failed State) ဘဝကိုပါ ရောက်ဖို့ လက်တစ်လုံး အလိုသာရှိတော့တဲ့ အနေအထားပါ။ တချို့ လေ့လာချက်တွေမှာတော့ ကျရှုံးနိုင်ငံ အဆင့်ကိုတောင် ရောက်ရှိနေပြီလို့ သတ်မှတ်ကြပါတယ်။
လက်ရှိမှာတင်ပဲ လာအိုနိုင်ငံရဲ့ ကောင်းသတင်းအပေါ် မုဒိတာပွားနေရင်း ကိုယ့်နိုင်ငံထဲမှာ သတင်းဆိုး အပေါ် သတင်းဆိုးတွေ ဆင့်နေခဲ့ပါတယ်။ အဲဒီ သတင်းဆိုးတွေထဲမှာ ကုမ္ပဏီ သက်တမ်း ၁၀ နှစ်ကျော်ရှိတဲ့ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ တိုမို မြန်မာ ဂရု(ပ်) ကုမ္ပဏီ လီမိတက်နဲ့ မော်တော်ယာဉ် အစိတ်အပိုင်း ရောင်းဝယ်ရေး ကုမ္ပဏီဖြစ်တဲ့ DR.D တို့ အပြီး ပိတ်သိမ်းတော့မယ်ဆိုတဲ့ သတင်း၊ ၂၀၁၀ ခုနှစ်ကတည်းက လုပ်ငန်း စတင် တည်ထောင်ခဲ့တဲ့ အထည်ချုပ် စက်ရုံ TAILOR GARMENT MANUFACTURING ကုမ္ပဏီ၊ UNI အင်တာနေရှင်နယ် ထရိတ်ဒင်း ကုမ္ပဏီတို့ စာရင်းရှင်းလင်း ဖျက်သိမ်းတော့မယ်ဆိုတဲ့ သတင်း၊ မလေးရှားနိုင်ငံ အခြေစိုက် ပင်လယ်စာ စားသောက်ဆိုင် လုပ်ငန်း The Manhattan FISH MARKET က မြန်မာနိုင်ငံမှာရှိတဲ့ ဆိုင်ခွဲ အားလုံးကို ပိတ်သိမ်းတော့မယ်ဆိုတဲ့ သတင်း၊ ဗြိတိန် အခြေစိုက် စားသောက်ကုန် လုပ်ငန်းစုကြီးဖြစ်တဲ့ Unilever ကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်း ရှယ်ယာတွေကို ရောင်းချပြီး မြန်မာ့ ဈေးကွက်ကနေ ရုပ်သိမ်းတော့မယ်ဆိုတဲ့ သတင်း၊ လန်ဒန် အခြေစိုက် ကမ္ဘာ့ အကြီးဆုံး စာရင်းကိုင်နဲ့ စီးပွားရေး အကြံပေး ဝန်ဆောင်မှု လုပ်ငန်းကွန်ရက် PricewaterhouseCoopers (PwC) ကလည်း မြန်မာက ထွက်ခွာတော့မယ်ဆိုတဲ့ သတင်း၊ ဂျပန် ကုန်သွယ်ရေး ကုမ္ပဏီကြီး Itochu Corporation လက်အောက်ခံ Isuzu မော်တော်ယာဉ် လုပ်ငန်းက ထရပ်ကား ထုတ်လုပ်မှု ရပ်ဆိုင်းကြောင်း ကြေညာတဲ့ သတင်း၊ စင်ကာပူ အစိုးရ လက်အောက်ခံ မြို့ပြ စီမံကိန်း၊ အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီကလည်း ထွက်ခွာတော့မယ်လို့ ကြေညာလိုက်တဲ့ သတင်း၊ Pezzo Pizza Myanmar ကလည်း မြန်မာမှာ လာဖွင့်ထားတဲ့ ပီဇာဆိုင် အားလုံး ပိတ်သိမ်းတော့မယ်ဆိုတဲ့ သတင်းတွေဟာ ဒီရက်ပိုင်းထဲမှာ ဆက်တိုက် ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးမြို့ပေါ်က စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ အလှကုန်နဲ့ အဝတ်အထည်ဆိုင်တွေဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ စီးပွားရေး အကျပ်အတည်းနဲ့ ဆိုင်ခန်း ငှားရမ်းခ မြင့်တက်မှု ဒဏ်ကို မခံနိုင်တော့တာကြောင့် လုပ်ငန်း ရပ်နားကာ ဆိုင်ဖြုတ် သိမ်းမှုတွေ သိသိသာသာ များပြားလာတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဒီရက်ထဲမှာ ဖတ်လိုက်ရပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။
ဒီရက်ထဲမှာပဲ ကျပ်ငွေ တန်ဖိုးကျဆင်းပြီး ငွေကြေး ဖောင်းပွမှုတွေကလည်း ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လာနေသလို ကုန်ဈေးနှုန်းဟာလည်း နေ့စဉ်နဲ့အမျှ အတက် ကြမ်းနေတဲ့ အနေအထားမှာ ရှိပါတယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ ငမိုက်သား တစ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးထက် တစ်နေ့တစ်နေ့ တိုင်းပြည်ထဲက ဘယ်အိမ်ကို ဘယ်ပုံ မီးရှို့ပစ်ရမလဲ၊ ဘယ်နေရာကိုတော့ဖြင့် ဘယ်လို ဗုံးကြဲ သတ်ဖြတ်ရမလဲ၊ ဘယ်ပြည်သူကိုတော့ ဘယ်နည်းဘယ်ပုံ ညှဉ်းပန်း နှိပ်စက်ပစ်ရမလဲဆိုတာမျိုးကိုသာ စူးစူးစိုက်စိုက် အာရုံစိုက်ခဲ့ကြပါတယ်။ အဲဒီကနေပဲ LDC ဘဝက လွတ်မြောက်ရေး ရောင်နီတွေ မှေးမှိန် ပျောက်ကွယ်သွားခဲ့ရသလို ကျရှုံးနိုင်ငံဆိုတဲ့ အရပ်မျက်နှာဆီ ဦးတည်နေစေတာပါ။
ရှင်းရှင်း ပြောရရင်တော့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ အာဏာရူးသူတို့က အာဏာရှင်စနစ်ကို ရူးရူးမိုက်မိုက် အသက်သွင်းလိုက်ခြင်းရဲ့ ဆိုးကျိုးတွေ ဆက်တိုက် ဆိုသလို သက်ရောက်လာနေတာပဲ ဖြစ်ပါတယ်။


























































