ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်ခြေတွေကို အခု သီတင်းပတ်ထဲမှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက်ခ် ဖွမ်ကတ်ကူက လက်ရှိ စစ်ဖြစ်နေတဲ့ အရှေ့တောင်အာရှ နှစ်နိုင်ငံကြား အပစ်ရပ် သဘောတူညီချက်တွေ ရရှိနိုင်ဖို့ ရည်ရွယ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့တွေ ဆွေးနွေးကြမယ်လို့ ပြောပါတယ်။
မလေးရှား အစိုးရက ကြီးမှူးပြီး ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲကို ကူညီဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဒီဇင်ဘာ ၂၂ ရက်နေ့က ကွာလာလမ်ပူမှာ တွေ့ဆုံခဲ့တဲ့နောက် အခု သဘောတူညီမှုကို ရရှိခဲ့တာပါ။
နယ်စပ် အငြင်းပွားမှုတွေကို အကြောင်းပြုပြီး စစ်ခင်းတိုက်ခိုက်နေတဲ့ နိုင်ငံနှစ်ခုဟာ အပစ်ရပ် သဘောတူညီမှု မရခဲ့ပေမယ့်လည်း အဲဒီကိစ္စကို ကိုယ်စားလှယ်တွေ စေလွှတ် ဆွေးနွေးစေမှာ ဖြစ်တယ်လို့ ကွာလာလမ်ပူမှာ ဆီဟာဆက်ခ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement
သူက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာတော့ ထိုင်း-ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ အကြောင်းကိစ္စတွေကို တင်ပြခဲ့သလို နယ်စပ်တလျှောက်မှာ ကမ္ဘောဒီးယားရဲ့ မြေမြှုပ်မိုင်းတွေက အန္တရာယ် ဘယ်လောက်ကြီးသလဲ ဆိုတာကိုလည်း ရှင်းပြခဲ့ကြောင်း ပြောပါတယ်။
ထိုင်းစစ်သား တော်တော်များများဟာ အဲဒီမိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကမ္ဘောဒီးယားဆီက လုံလောက်တဲ့ ရှင်းပြမှုမျိုးလည်း မရသေးဘူးလို့ သူက ဆိုပါတယ်။
ထိုင်းဟာ အပြန်အလှန် စွပ်စွဲမှုတွေလုပ်ဖို့သက်သက် အစည်းအဝေး လာတက်တာ မဟုတ်ကြောင်း သူက ဆိုပါတယ်။ ထိုင်းအနေနဲ့ အခြေအနေ အားလုံးကို သဘောပေါက်ကြောင်း၊ အပစ်ရပ် သဘောတူညီမှု တစ်ခုအတွက် ဘယ်လို ရှေ့ဆက်သင့်သလဲ ဆိုတာကို လာရောက် အဖြေရှာတာသာဖြစ်ကြောင်း ဆီဟာဆက်ခ်က ဆိုပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းပွားမှုတွေကို အကြောင်းပြုပြီး ဇူလိုင် လကုန်ပိုင်းတုန်းက ၅ ရက်ကြာ စစ်ပွဲဖြစ်ခဲ့တဲ့နောက် အမေရိကန်၊ မလေးရှား အစိုးရတွေရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ တိုက်ပွဲတွေ တကျော့ပြန် စတင်လာခဲ့တာ ဖြစ်ပါတယ်။
ကွာလာလမ်ပူမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး မတိုင်ခင် နာရီပိုင်း အလိုထိ နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေခဲ့တယ်လို့လည်း သိရပါတယ်။
ကိုးကား: Bangkok Post

















































