အခန်း (၁၁) – နိဂုံး
အခုလက်စွဲစာအုပ်ရဲ့ အမှာစာမှာ ဖော်ပြခဲ့တဲ့အတိုင်း သတင်းအချက်အလက်တွေ အလွနအကျွံများနေတဲ့ ကနေ့ခေတ်ကာလမှာ “ဘာဖြစ်သလဲ” ဆိုတာထက် “ဘာကြောင့် အရေးကြီးလဲ” ဆိုတာကို ပိုပြီးအလေးထားတဲ့ ဖွင့်ဆိုရှင်းပြသတင်းစာပညာ (Explainer Journalism) ရဲ့ အရေးပါမှု၊ စိတ်ကူးစိတ်သန်း၊ လိုက်နာသင့်တဲ့အကြံပြုချက်တွေနဲ့ ရေးသားတဲ့ပုံစံတွေကို နမူနာတွေနဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
သတင်းထူး၊ သတင်းဦးတွေကို ဆိုရှယ်မီဒီယာတွေကနေတဆင့် အချိန်နဲ့တပြေးညီ သိရှိနေကြတဲ့ စာဖတ်သူတွေအတွက် သတင်းဌာနတွေရဲ့ အဓိကတာဝန်ဟာ ဖြစ်စဉ်တွေရဲ့ နောက်ကွယ်မှာ “ပျောက်ဆုံးနေတဲ့ ကွင်းဆက်တွေ” (Missing Links) ကို ရှာဖွေဖော်ထုတ်ပေးဖို့နဲ့ ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို ရိုးရှင်းစွာ နားလည်သွားစေဖို့ ကူညီပေးတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် မိတ်ဆွေသတင်းစာဆရာတွေအနေနဲ့ အခုလက်စွဲစာအုပ်မှာ ဖော်ပြထားတဲ့ အရေးအသားပုံစံတွေ၊ ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ အကြံပြုချက်တွေကို လိုအပ်သလို အသုံးချကာ စာဖတ်သူတို့ရဲ့ နေ့စဉ်ဘဝအပေါ် တကယ်တမ်း သက်ရောက်မှုရှိနိုင်မယ့် ဖွင့်ဆိုရှင်းပြဆောင်းပါးတွေကို ပိုမိုရေးသားလာနိုင်ကြလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement
(မှတ်ချက်-သတင်းစာပညာကို စိတ်ဝင်တစားလေ့လာလိုသူတွေအတွက် ရည်ရွယ်ပြီး လူထုနွေဦး-People’s Spring သတင်းဌာနက” ဖွင့်ဆိုရှင်းပြ သတင်းစာပညာ-Explainer’s Journalism ကို အပါတ်စဥ် စနေနေ့တိုင်းဖော်ပြပေးနေတာဖြစ်ပြီး ယခုအပါတ်မှာ ပြီးဆုံးပြီဖြစ်ပါတယ်။ ။အယ်ဒီတာ)




















































