Connect with us

Hi, what are you looking for?

ဖွင့်ဆိုရှင်းပြ

INTERPOL ဆိုတာ ဘာလဲ

INTERPOLရဲ့အခန်းကဏ္ဍကိုနားလည်ခြင်း

ခါကာဘို ရေးသားသည်။

“INTERPOL က Red Notice (နိုင်ငံတကာ ရှာဖွေထိန်းသိမ်းရန် အသိပေးချက်) ထုတ်လိုက်ပြီ” ဆိုတဲ့သတင်းမျိုးကို ကြားရတိုင်း လူအများစုက “နိုင်ငံတကာရဲတပ်ဖွဲ့က လာဖမ်းတော့မယ်” လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အဲဒီအယူအဆဟာ မမှန်ပါဘူး။

INTERPOLဟာကိုယ်ပိုင်ရဲတပ်ဖွဲ့ မရှိသလို၊ ဘယ်နိုင်ငံထဲကိုမှ ဝင်ရောက်ဖမ်းဆီးပိုင်ခွင့်လည်းမရှိပါဘူး။သူ့ရဲ့အဓိကတာဝန်က နိုင်ငံတကာ ရဲတပ်ဖွဲ့တွေကြားသတင်းအချက်အလက်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချိတ်ဆက်ပေးတဲ့ ကြားခံအဖွဲ့တစ်ခု ဖြစ်ပါတယ်။

ဒီအချက်ကို နားလည်လိုက်ရင် INTERPOL အကြောင်း သတင်းတော်တော်များများကိုလည်း ပိုပြီး မှန်မှန်ကန်ကန် သုံးသပ်နိုင်လာပါတယ်။

Public Service Announcement

Public Service Announcement

INTERPOL ရဲ့ အမည်အပြည့်အစုံက International Criminal Police Organization (ICPO-INTERPOL) ဖြစ်ပါတယ်။ ၁၉၂၃ ခုနှစ်မှာ ဩစတြီးယားနိုင်ငံ၊ဗီယာနာမြို့မှာ စတင် ဖွဲ့စည်းခဲ့ပြီး၊ လက်ရှိအသုံးပြုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ICPO-INTERPOL ဆိုတဲ့ အမည်ကိုတော့ ၁၉၅၆ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာပါ။ ဒီကနေ့မှာတေ့ာ အဖွဲ့ဝင်နိုင်ငံ ၁၉၆ နိုင်ငံ ရှိပြီး ကမ္ဘာပေါ်မှာ အဖွဲ့ဝင်အများဆုံး နိုင်ငံတကာအဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်လာပြီးရုံးချုပ်ကတော့ပြင်သစ်နိုင်ငံ လီယွန်မြို့မှာ တည်ရှိပါတယ်။

INTERPOL ကို လူတွေ အများဆုံး နားလည်မှုလွဲနေတဲ့ အချက်က “နိုင်ငံတကာရဲတပ်ဖွဲ့” လို့ ထင်နေကြတာပါ။တကယ်တော့သူ့မှာ ကိုယ်ပိုင်ရဲတပ်သား၊လက်နက်ကိုင်တပ်ဖွဲ့၊ အကျဉ်းထောင် ဒါမှမဟုတ် တရားစီရင်ပိုင်ခွင့် မရှိပါဘူး။ဘာကြောင့်လဲဆိုတော့ ရဲလုပ်ငန်းနဲ့ ဥပဒေစိုးမိုးရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စဖြစ်လို့ပါ။

INTERPOL ကအဲဒီအာဏာကို အစားထိုးမလုပ်ဘဲ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ရဲတပ်ဖွဲ့တွေ အချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်အောင်ပဲကူညီပေးပါတယ်။အဖွဲ့ဝင်နိုင်ငံတိုင်းမှာ အမျိုးသားဗဟိုဆက်သွယ်ရေးရုံး (NCB) လို့ခေါ်တဲ့ INTERPOL ဆက်သွယ်ရေးရုံးတစ်ခုရှိပြီးအဲဒီရုံးကတစ်ဆင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကိုဆောင်ရွက်ကြပါတယ်။

INTERPOL ရဲ့ အဓိကရည်မှန်းချက်က နိုင်ငံတကာကို ဖြတ်ကျော်လုပ်ဆောင်နေတဲ့ ရာဇဝတ်မှုတွေကို တားဆီးနှိမ်နင်းရာမှာ ရဲတပ်ဖွဲ့တွေ အချင်းချင်း မြန်မြန်ဆန်ဆန် ပူးပေါင်းနိုင်အောင် ကူညီပေးဖို့ ဖြစ်ပါတယ်။ ဥပမာ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ ကလေး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဆိုက်ဘာရာဇဝတ်မှု (Cyber Crime)၊ အွန်လိုင်းငွေကြေး လိမ်လည်မှုများ၊ အကြမ်းဖက်မှု၊လူသတ်မှု၊နိုင်ငံတကာထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံတွေကို ခြေရာခံရှာဖွေမှု စတဲ့ရာဇဝတ်မှုတွေမှာအဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။

INTERPOL က အမှုတစ်ခုကို ကိုယ်တိုင်လိုက်စစ်ဆေးတာမျိုးလည်းမဟုတ်ပါဘူး။အမှုတစ်ခု ဖြစ်လာရင် သက်ဆိုင်ရာနိုင်ငံရဲ့ ရဲတပ်ဖွဲ့က အထောက်အထားတွေ၊ ဖမ်းဝရမ်းတွေ၊ ဥပဒေဆိုင်ရာအချက်အလက်တွေကို INTERPOL ဆီတင်ပြရပါတယ်။ INTERPOL ရဲ့ ဥပဒေကျွမ်းကျင်သူတွေနဲ့ စိစစ်ရေးအဖွဲ့တွေက အဲဒီတောင်းဆိုချက်ဟာ INTERPOL ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီသလား၊ နိုင်ငံရေးရည်ရွယ်ချက် ပါဝင်နေသလား၊ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာရှိသလားဆိုတာကို အရင်သုံးသပ်ပါတယ်။စည်းမျဉ်းနဲ့ ကိုက်ညီမှသာ “Red Notice (နိုင်ငံတကာ ရှာဖွေထိန်းသိမ်းရန် အသိပေးချက်)” တွေကို ထုတ်ပြန်ပေးပါတယ်။၂၀၁၆ ခုနှစ်ကစပြီး နိုင်ငံတကာ အသိပေးချက်နှင့် အကြောင်းကြားချက်များ စိစစ်ရေးအဖွဲ့ (Notices and Diffusions Task Force)ကဒီလိုတောင်းဆိုချက်တွေကိုဥပဒေနဲ့ညီမညီ ကြိုတင်စိစစ်နေပါတယ်။

INTERPOLရဲ့အရေးအကြီးဆုံးအခြေခံမူတွေထဲက တစ်ခုကနိုင်ငံရေးဘက်မလိုက်ရေး ဖြစ်ပါတယ်။ INTERPOL ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ Article 3 မှာ “နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေး၊လူမျိုးရေးသဘောသဘာဝရှိတဲ့ ကိစ္စတွေမှာ INTERPOLအနေနဲ့ ဝင်ရောက်ဆောင်ရွက်ခြင်းကိုတင်းတင်းကျပ်ကျပ်တားမြစ်ထားတယ်”လို့ တိတိကျကျဖော်ပြထားပါတယ်။

ဒါကြောင့် အတိုက်အခံနိုင်ငံရေးသမား၊ သတင်းသမား၊ လူ့အခွင့်အရေးလှုပ်ရှားသူ၊ ဒါမှမဟုတ် နိုင်ငံရေးအမြင်ကြောင့် အမှုဖွင့်ခံထားရသူတွေကို ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင်INTERPOLကအလိုအလျောက် လက်ခံတာ မဟုတ်ဘဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တားမြစ်ထားတဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်နေတဲ့ အမှုလား၊ INTERPOL နဲ့ သက်ဆိုင်တဲ့ အခြားရာဇဝတ်မှုလားဆိုတာကို သီးခြား စိစစ်ရပါတယ်။ လူသတ်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ကလေးအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အကြမ်းဖက်မှုလို နိုင်ငံတကာရာဇဝတ်မှုတွေကိုတော့ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါတယ်။

INTERPOL ကိုဘယ်နိုင်ငံကအမိန့်ပေးနိုင်သလဲဆိုရင် အဖြေကတော့ “ဘယ်နိုင်ငံကမှ အမိန့်မပေးနိုင် ပါဘူး”။အဖွဲ့ဝင်နိုင်ငံအားလုံးဟာ အထွေထွေညီလာခံမှာ မဲပေးခွင့် တန်းတူရှိပြီး အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်တွေကို စည်းမျဉ်းအတိုင်း ဆောင်ရွက်ရပါတယ်။ နိုင်ငံကြီး၊ နိုင်ငံငယ် မခွဲဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စည်းမျဉ်းတွေကသာ အဓိကဖြစ်ပါတယ်။

ဒါဆိုအခုမြန်မာစစ်အစိုးရကပြည်ပမှာရောက်နေတဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်သူ​တွေ၊ဒီမိုကရေစီဘက်ရပ်တည်တဲ့ မြန်မာမီဒီယာတွေ၊ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို အမှုဖွင့်ပြီး INTERPOL နဲ့ ဖမ်းခိုင်းနိုင်သလားဆိုတဲ့ မေးခွန်းကို ကြည့်ရအောင်။

ဥပဒေအရ ပြောရရင် တောင်းဆိုတာတော့ လုပ်နိုင်ပါတယ်။ဒါပေမယ့် INTERPOL က လက်ခံပေးမလားဆိုတာကသီးခြားကိစ္စဖြစ်ပါတယ်။အဲဒီအမှုဟာသတင်းရေးသားမှု၊ နိုင်ငံရေးအမြင်၊ ဒီမိုကရေစီလှုပ်ရှားမှု၊ စစ်အာဏာရှင်ကို ဝေဖန်မှု စတဲ့ နိုင်ငံရေးသဘောသဘာဝ အဓိက ပါဝင်နေတယ်လို့ သုံးသပ်ခံရရင် Article 3 ကြောင့် INTERPOLက ပူးပေါင်းဆောင်ရွက်မှုကို ငြင်းပယ်နိုင်ပါတယ်။

ခိုင်မာတဲ့အထောက်အထားတွေရှိတဲ့ လူသတ်မှု၊ ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုလို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အခြားရာဇဝတ်မှုအတွက်သာ INTERPOL က စည်းမျဉ်းအတိုင်း သီးခြားသုံးသပ်မှာ ဖြစ်ပါတယ်။

အဆုံးမှာ မှတ်ထားရမယ့် အချက်ကတော့ INTERPOLဟာ“ကမ္ဘာလုံးဆိုင်ရာဖမ်းဆီးရေးအဖွဲ့”မဟုတ်ပါဘူး။သူ့မှာကိုယ်ပိုင်ရဲတပ်ဖွဲ့မရှိသလိုဘယ်နိုင်ငံထဲမှဝင်ပြီးကိုယ်တိုင်ဖမ်းဆီးနိုင်တဲ့ အာဏာလည်း မရှိပါဘူး။ သူ့ရဲ့ အဓိကအလုပ်ကတော့နိုင်ငံတကာရဲတပ်ဖွဲ့တွေကြား သတင်းအချက်အလက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ချိတ်ဆက်ပေးဖို့ ဖြစ်ပါတယ်။

ဒါကြောင့် “INTERPOL ကို တိုင်လိုက်မယ်”၊ “INTERPOL က လာဖမ်းတော့မယ်” ဆိုတဲ့ စကားတွေကို ကြားရတဲ့အခါအဲဒီအမှုဟာ နိုင်ငံရေးအတွက်အသုံးချတာလား၊ ဒါမှမဟုတ် လူသတ်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာရာဇဝတ်မှု၊မူးယစ်ဆေးဝါးကူးသန်းမှုလိုတကယ့် နိုင်ငံတကာရာဇဝတ်မှုနဲ့ ဆိုင်တာလားဆိုတာကို အရင်ကြည့်ဖို့ လိုပါတယ်။

တကယ်တမ်း INTERPOLရဲ့စည်းမျဉ်းတွေအရ နိုင်ငံရေးပြိုင်ဘက်တွေကို လိုက်ဖမ်းပေးဖို့ မဟုတ်ဘဲ အမှန်တကယ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအဆင့် ပူးပေါင်းဖြေရှင်းဖို့သာဖြစ်ပါတယ်။ဒါကြောင့် အကြမ်းဖက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှုများ၊ ဆိုက်ဘာ ရာဇဝတ်မှုများ သို့မဟုတ် မူးယစ်ဆေးဝါးကွန်ရက်များကဲ့သို့ ပြင်းထန်သော နိုင်ငံတကာရာဇဝတ်မှု များနဲ့ ဆက်နွယ်နေသူများသာ ဥပဒေနဲ့ အညီ နိုင်ငံတကာ ပူးပေါင်းဖော်ထုတ်အရေးယူမှုများရဲ့ အကျုံးဝင်မှုအောက်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ။

ကိုးကား-
• INTERPOL Official Website (Who We Are, Red Notices, Notices & Diffusions)
• INTERPOL Constitution and General Regulations (Article 3)

ဆက်စပ်သတင်းများ