■AKS
မိုးရာသီဖြစ်သော်လည်း နှစ်ရက်ဆက်တိုက်နေသာခဲ့သောကြောင့် ပတ်ဝန်း ကျင်တခုလုံး လင်းချင်တိုင်းလင်းနေသည်။ ကောင်းကင်ပြာပြာနောက်ခံ၌အဖြူရောင်တိမ်တိုက်အဆုပ်အဆုပ်များက ငန်းများကူးခတ်နေသလို ပျံသန်းနေကြသည်။အချို့နေရာများ၌ တိမ်မျှင်အစုအဝေးများက ခပ်ကြမ်းကြမ်း ခြစ်ထားသော စုတ်ချက်များနှယ်။
စိုင်းဟုံဖ၏ဆိုင်ကယ်ဝပ်ရှော့ရှေ့သို့သူရောက်ချိန်၌ရပ်ထားသည့်ဆိုင်ကယ်သုံးစီးကိုမြင်ရ၍ အလုပ်များရှုပ်နေသလားဟု တွေးမိသေးသည်။ ဆိုင်ထဲတွင် အင်ဂျင်အရှေ့ပိုင်းဖွင့်ထားသည့်ဆိုင်ကယ်တစီးနှင့် ဆိုင်ဒေါင့် ပလတ်စတစ်ခုံပေါ်မှာ ဖုန်းကြည့်နေသည့် လူတယောက်ကိုမြင်လိုက်ရ၍ ဒီလောက်ဆိုရင်တော့ အနှောင့်အယှက်မဖြစ်ပါဘူးဟု ကိုယ့်ဘက်ကိုယ်ယက်ပြီး စိတ်အေးလိုက်သည်။
“ဘာလိုလဲ ဦးလေး၊ ဆိုင်ကယ်ဘာဖြစ်လို့လဲ”

Public Service Announcement
“ဆိုင်ကယ်ပြင်မလို့မဟုတ်ဘူးကွ၊ လူပြင်မလို့။ ငါပျင်းလွန်းလို့ သေတော့မလိုဖြစ်နေတာ အဲဒါပြင်ပေးစမ်းပါ”
“အာ အဲဒါတော့ အတူတူပဲ၊ ကျနော်လည်း ပျင်းနေတာပဲ ဟားဟား”
“မင်းတို့ မိုင်းလုံရွှေမြို့တော်ကြီးကလည်း သွားလည်စရာနေရာမရှိ၊ ကောင်မလေး ချောချောလည်းမရှိ”
“ဟုတ်တယ်၊ ကျနော်တောင် ဒီမှာပဲ မိန်းမယူလိုက်မိတာ မှားသွားတယ်၊ အမှန် မိုးကုတ်တို့ မန်းလေးတို့မှာယူရမှာ၊ အဲဒီမှာဆို အားလုံး ရှယ်လေးတွေ ပေါမှပေါ”
ဆိုင်ဒေါင့်ခုံပေါ်မှလူငယ်က စိုင်းဟုံဖအား ရှမ်းလို အားရပါးရ ဝင်ပြောပြီး သူတို့နှစ်ယောက် ရယ်မောလိုက်ကြသည်။
ရှမ်းလိုနားမလည်သော်လည်း သူတို့ အူလှိုက်သည်းလှိုက် ရယ်မောကြသည်ကိုတော့ ကူးစက်ခံစားလို့ရသည်။ တမနက်လုံး ပိန်လိမ်နေသည့်စိတ်အနေအထားတို့လည်းခုမှ အသက်ဝင်လာသလိုလို ထင်မှတ်မိသည်။
သူ မိုင်းလုံရောက်နေသည်မှာ သုံးလကျော်လောက်ရှိနေပြီ။ ၅၀၅ နှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မနှစ်ခုဖြင့် စကစက တရားစွဲဆိုထားသောကြောင့် မိုးကုတ်မှာနေလို့မရတော့ဘဲ လှည့်ပတ်ရှောင်တိမ်းနေရသည်မှာ အာဏာသိမ်းပြီး လေးလအကြာကတည်းက ဖြစ်သည်။သုံးနှစ်ကျော်ကျော်ကာလအတွင်းမြို့ငါးမြို့မှာ ပုံစံမျိုးစုံနှင့် နေခဲ့ရသည်။ ယခုနောက်ဆုံး လွတ်မြောက်နယ်မြေဖြစ်သော မိုင်းလုံမြို့လေးသို့ သူရောက်လာခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ဒီဇင်ဘာ ၅ ရက်မှာ TNLA နှင့် PDF တို့ ပူးပေါင်းသိမ်းယူခဲ့သည့် မိုင်းလုံကို သူ ၂၀၂၃ မတ်လဆန်းမှာ ရောက်လာခဲ့သည်။ ရောက်ခါစရက်များကလက်နက်ကိုယ်စီကိုင်ကာ ဥဒဟိုသွားလာနေကြသော တော်လှန်ရေးအဖွဲ့များကိုကြည့်ပြီး သူသဘောကျနေမိသည်။
လွတ်လပ်သော၊စစ်သွေးစစ်မာန်ပါသောရှိန်းတိန်းတိန်းခံစားချက်တမျိုးကိုသူခံစားရသည်။လွယ်အိတ်ထဲမှပစ္စတိုသေနတ်နှင့်ဗုံးသီးမျိူးစုံတို့ကို တပိုင်းတစလှစ်ပြပြီးအရောင်းအဝယ်စကားပြောနေကြသူတို့ကို လက်ဘက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်တို့မှာ သူမကြာခဏမြင်တွေ့ခဲ့ရသည်။
PDF ရဲဘော်မှန်သမျှကို သံယောဇဉ်ကြီးသူမို့ လွတ်လပ်စွာပြောဆိုရယ်မောပြီး လှုပ်ရှားသွားလာနေသည့် အဖွဲ့ပေါင်းစုံက ရဲဘော်ငယ်များကို စိတ်လက်ချမ်းသာစွာ ငေးကြည့်နေခဲ့ဖူးသည်။ မိုးကုတ်ကျပ်ပြင်က တော်လှန်ရေး လုပ်ဖော်ကိုင်ဘက်များကို ပြန်တွေ့ရ၍ ကျေနပ်အားရသည်။TNLAပလောင်တပ်က ရဲဘော်အများအပြားကိုလည်း တွေ့ရသည်။ သူတို့ရဲ့ တည်ငြိမ်သော အနေအထိုင် အပြောအဆိုများကိုမြင်ရသောကြောင့်လည်း အနာဂတ် ဖက်ဒရယ်နိုင်ငံအတွက် အတန်ငယ်စိတ်အေးရသည်။
ယခုလပိုင်းအတွင်းမှာတော့ အခြေအနေက အများကြီးပြောင်းလဲခဲ့ပြီ။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းထဲမှာ မိုးကုတ်ကလည်း အရေးပါသော စစ်ရေးဦးတည်ချက်ဖြစ်လာသည်။ အကြီးအကျယ် စစ်ပြင်နေသည်ကို သူပင် မျက်စေ့နှင့်တပ်အပ် မြင်နေရသည်။ ခြေလျင်တမျိုး၊ ကားတန်းနှင့်တမျိုး ချီတက်သွားကြသော TNLA တပ်မျာကို မကြာခဏမြင်တွေ့နေရသည်။ မိုးကုတ် ကျပ်ပြင်က PDF များ လူမြင်ကွင်းက ပျောက်သွားကြသည်။ ကျောက်မဲ ၊နောင်ချို ၊မိုးမိတ်၊ မိုးကုတ် တပြိုင်တည်းဖွင့်လိုက်သော စစ်မျက်နှာများသို့ ဖြန့်ခွဲ ရောက်ရှိသွားကြသည်ဆိုသော်လည်း အဓိကမှာ မိုးကုတ်စစ်မျက်နှာဖြစ်သည်ဟူသော သတင်းများကလည်း တစိမ့်စိမ့် ထွက်နေသည်။ ဖြစ်နိုင်သည်ဟု သူလည်းထင်ပါသည်။ သူ့မိတ်ဆွေတချို့က သွားကာနီး မသိမသာနှုတ်ဆက် သွားကြ သည်။ အရိပ်အမြွက်လည်း ပြောသွားကြသည်။
သူသတိထားမိသလောက် မိုးကုတ်စစ်မျက်နှာအတွက် ဇွန် ၁ ရက်နေ့မှာ စတင် စစ်ပြင်ပြီး ဇွန် ၂၅ ရက်နေ့မှာ စတိုက် သည်။ စစ်ပွဲစတင်လိုက်သည်နှင့် ကုန်စည်စီးဆင်းမှုက ပြတ်တောင်းပြတ်တောင်း ဖြစ်သွားတော့သည်။ ထုံးစံအတိုင်း ကုန်ဈေးနှုန်းက နာရီနှင့်အမျှ တရိပ်ရိပ်တက်လာသည်။ ၁၀၂၇ ပထမပိုင်းလို တောတွင်းစခန်းများကို တိုက်ရသည် မဟုတ်ပဲ မြို့သိမ်းတိုက်ပွဲများ ဖြစ်သောကြောင့် စစ်ဗျူဟာကိုထိန်းချုပ် စစ်ဆင်ရသည်။ ထို့အတွက် စစ်ပွဲကာလက ရှည်လာသည်။
အရေးထဲဇွန် ၁၀ ရက်နေ့မှာနောင်ချိုက ၆၀၆ ဒုံးတပ်ကို တော်လှန်ရေးတပ်တွေ သိမ်းလိုက်သောအခါ တရုတ်ရဲ့ ကုလားဖန်ထိုးမှုနဲ့အတူ ဆွေးနွေးပွဲလုပ်ရပြန်သည်။ စကစ ကလည်း မဟာမိတ်တပ်တို့သိမ်းပိုက်ထားသောဒေသများကို ရိက္ခာဖြတ်ရန် အစွမ်းကုန်ကြိုးစားသည်။ကျပ်ပြင်ကိုရပြီးကာစဂျူလိုင်လဆန်းလောက်တွင် မိုးကုတ်မှာ ကြက်ဥတလုံး တထောင်ကျော်ဖြစ်နေပြီ။ စားနပ်ရိက္ခာ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ပြင်ပမှတင်သွင်းရေသည့်အတွက် ကုန်ဈေးနှုန်းက ကုန်သည်တွေပါးစပ်ထဲရောက်ကာ ပြောသမျှ ဈေးဖြစ်နေတာ့သည်။
မိုင်းလုံ၌ဓာတ်ဆီတလီတာတသောင်းဖြစ်လာသည်။ ထို့အတွက် သူလည်း အသွားအလာဆင်ခြင်ရသည်။ အရင်လို အနီးအပါးမှာရှိတဲ့ လွယ်ခမ်း၊ နားဝီးအစရှိသည့် ရွာငယ်တွေက တပည့်များဆီပင် အလည်အပတ်သွားတာမျိုး မလုပ်နိုင်တော့။ ဖတ်စရာ စာအုပ်ကမရှိ၊ သတင်းကြည့်စရာ လိုင်းမရှိ၊ ဖုန်းလိုင်းပိတ်ထားသည်မှာ တလကျော် လောက်ရှိလာသောအခါ သူ၏ပျင်းရိညည်းငွေ့မှုမှာ သည်းခံနိုင်သောအတိုင်းအတာကို ကျော်လွန်တော့မတတ် ပြင်းထန်လာတော့သည်။ ထို့ကြောင့်စိုင်းဟုံဖဆီရောက်လာရခြင်းဖြစ်သည်။
အကြောင်းအရာအသေးအမွှားလေးတခုကို မပြီးနိုင်မစီးနိုင် ရယ်ပွဲဖွဲ့နေကြစဉ် ပုံဆိုးပန်းဆိုးဆိုင်ကယ်များဖြင့် လီဆူနှစ်ယောက်ရောက်လာကြသည်။
“ဟေး ဘာဖြစ်သလဲ “
“ဘာဖြစ်သလဲ ငါမသိကွာ။ ဖွတ်ချက် ဖွတ်ချက်ဖြစ်တယ်။ ရပ် ရပ်သွားတယ်။ ဒါပဲ ငါသိတယ် “
“အင်းပါ ဟိုနေ့ကတည်းက ကျနော်ပြောထားတဲ့ ကာဗရိုက်တာမကောင်းတာပဲနေမှာပါ။ အဲ့နေ့က အချိန်မရလို့ မလဲလိုက်ရဘူးလေ “
“အေးလေ ဒီနေ့အချိန်ရပြီလေကွာ။ လဲမှာပေါ့ “
“ခဏတော့ စောင့်ရမယ်နော် “
” အေးဆေးပေါ့ “
“စောင့်မယ်လေကွာ။ ကြက်ဥကလည်း ဆယ့်နှစ်နာရီမှ ရောက်မယ်တဲ့”
ဝန်တင်ဆိုင်ကယ်တို့၏သဘာဝအတိုင်း သူတို့ဆိုင်ကယ်တွေမှာ မူလဥပဓိ မကျန်တော့သလောက်ဖြစ်သည်။ ရှေ့ဘီးပေါ်၌ ဆင်စွယ်ကြီးနှစ်ချောင်း ငေါထွက်နေသလို သစ်သားချောင်းကြီးနှစ်ချောင်း ထုတ်ထားသည်။ ရှေ့တာယာကိုပင် ကျော်တော့မတတ် ရှိနေသည်။ ထိုသစ်သားကြီးနှစ်ချာင်းကို သံပြား၌မူလီများနှင့်ဆွဲထားသလို နိုင်လွန်ကြိုးများဖြင့်လည်း အားမနာတမ်း တုတ်ထားသေး၏။ ဒေါက်နှစ်ခုလုံးအပြင် ခြေနင်းခုံလည်းမပါတော့။ ကာဗာလည်း တခုမှမရှိတော့။
ထိုင်ခုံနှင့်လက်ကိုင်ကြား သစ်သားချောင်းကြီးပေါ်၌ ရွှံ့ရုန်းရန် ချိန်းပတ်၊ လေထိုးတံ၊ ဓားမ ခပ်ကြီးကြီး၊မိုးကာအင်္ကျီနှင့် ဓာတ်ဆီအပိုထည့်ရန် ဖျော်ရည်ဗူးကြီးတို့ကို ကြိုးနှင့်သေချာတုပ်ထားသည်။ ဒေါက်မပါတော့သောကြောင့် အတက်ပါသည့် ဝါးဆစ်ပိတ်တချောင်းနှင့် ထောက်ထားသည်။
ဆိုင်ကယ်သမားနှစ်ယောက်အနက် တယောက်က စော်ဘွားဥပဓိရှိပြီး တယောက်က လူပြက်နှင့်တူသည်ဟု သူ သရုပ်ခွဲ နေမိသည်။
“ကြက်ဥပဲလား ၊ဓာတ်ဆီမသယ်တော့ဘူးလား “
” အာ ဓာတ်ဆီက မကိုက်တော့ဘူးလေ။ ဟိုလူဓာတ်ဆီ ဒီလူဓာတ်ဆီ ဖြစ်ကုန်ပြီ။ ကျပ်ပြင်မှာ ငါတို့ဝယ်တဲ့ဈေး ထက်တောင် ပေါနေပြီ ဟေးဟေး “
လူပြက်နှင့်တူသူက သူ့အမေးကို အားရပါးရဖြေသည်။ ရွာကို ဇွာ ၊ဓာတ်ဆီကို ဓားစီ ၊ ငါတို့ကို ငသို့ ဟု အသံထွက်တတ်သော လီဆူစကားပြောဟန်ကို သူ အလွန်ချစ်သည်။ ယခုလို စကားပြောခွင့်ရလိုက်သောအခါ မိုးကုတ်ကို အလွမ်းပြေသလို ဖြစ်ရသည်။
“အခု မိုးရွာလာပြီဆိုတော့ နန်းစကာလမ်းက မလွယ်တော့ဘူးထင် တယ်နော”
“အလို ဆိုးမှဆိုးပေါ့ကွာ။ ဘယ်လောက်ကျွမ်းတဲ့အကောင်ဖြစ်ဖြစ် မလဲတဲ့ကောင်မရှိဘူး။ တချို့ဆို ဆယ်ခါလဲတယ်။ ကိုယ်ချင်း ကိုယ်ချင်း ပြန်ကူပေါ့ကွာ၊ ဆိုင်ကယ်ကလည်း တအားများတော့ လမ်းကလည်းကြာလေဆိုးလေပဲ ‘
” ဟုတ်မယ်၊ ကျနော် အိမ်ကနေမြင်နေရတာကို ဓာတ်ဆီဆိုင်ကယ်တွေ မနည်းဘူး “
“ဒီဘက်က နည်းသေးတာ။ ဟိုခိုဘက်လမ်းသွားကြည့်စမ်း။ အားလိုး ဆိုင်ကယ်တွေ ဆိုင်ကယ်တွေ။ ကြည့်မလွတ်ဘူး။ ငါထင်တာတော့ အဲ့ လမ်းတခုလုံး ကျပ် ပြင်ကကောင်တွေချည်း ထင်တာပဲ”
” ခင်ဗျားတို့က ဘယ်အရပ်ကလဲ “
“အုတ်အင်းက”
ကျပ်ပြင်ကို တော်လှန်ရေးတပ်များကသိမ်းထားပြီး မတ္တရာမှ လေကြောင်းရန် ကာကွယ်ရေးတပ်ကိုလည်း သိမ်းလိုက်သောအခါ မန္တလေးကနေ ရိက္ခာဝင်စရာလမ်းကြောင်း မရှိတော့သလောက်ဖြစ်သွား၏။ ကျပ်ပြင်နှင့် ခုနစ်မိုင်ဝေးသော မိုးကုတ်မှာလည်း တိုက်ပွဲက ခပ်စိပ်စိပ်ဖြစ်နေသည်။ မိုးမိတ်မှာလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြပြီမို့ အဝင် အထွက် မရှိတော့။
ထို့ကြောင့် ယခင် မိုးကုတ် ပြင်ဦးလွင်လမ်းပေါ်ရောက်ရန် ကျပ်ပြင် နန့်စကာ – တောင်နီလမ်းတခုသာရှိတော့သည်။ နွေရာသီ၌ပင် ခက်ခဲကြမ်းတမ်းလှသော ထိုလမ်းသည် မိုးရာသီ၌ဆိုဖွယ်ရာမရှိတော့။ သို့သော် တခုတည်းသော လမ်းဖြစ်နေသည်မို့ စွန့်စားသွားလာကြသည်။ စွန့်စားရကျိုးနပ်သူများလည်း အများအပြားရှိနေကြသည်။ တောင်နီရောက်လျင် ဟိုခိုသို့ဆက်ရန် မခက်ခဲတော့။ ဟိုခိုက မန္တလေး-လားရှိုးလမ်းသို့ပေါက်သည့် သုံးဆယ်နှင့် ဆက်နေလေရာ ဟိုခိုသည် နေ့ချင်းညချင်းပင် ကုန်စည်ဖြန့်ဖြူးရာ ဆုံချက်ဒေသဖြစ်လာတော့သည်။
“ဓာတ်ဆီတုန်းကတော့ အတော်ရလိုက်မှာ
ပေါ့”
” ဟားဟား ဟေ့ကောင် ပြောပြလိုက်ဦး ငါတို့ဇာတ်လမ်းကို။ ငါတို့က ဒီဘက်ကို သိပ်မသိလေကွာ။ သူများ ဓာတ်ဆီကိုက်တယ်ဆိုတော့ ငါတို့လည်း လာတာပေါ့။ မိုင်းလုံမှာ လှည့်ပတ်ရှာ၊ ဘာတွေ့မလဲ သူများဝယ်သွားကုန်ပြီလေ ရှိတဲ့အိမ်ကလည်း မေးတတ်မှရတာကိုး၊ ဒီမှာ အကြာကြီးကွာ။ ဟိုမှာသွား ဒီမှာသွား ဘာမှမရဘူး။ ဒါနဲ့ ဟိုခိုသွား “
“ဟိုခိုမှာတော့ ပေါမှာပေါ့ “
“ဘာပေါမလဲ၊ ငါတို့နှစ်ယောက်က ပန့်ဆိုင်တွေပဲလိုက်မေးတယ်လေ။ ဆိုင်ပဲရှိတာ ဓာတ်ဆီမရှိ။ တချို့လည်း ပိတ်ထားတာ။ သူများတွကျ အများကြီး သယ်လာကြတာကွာ။ အဲဒီလူတွေလိုက်မေး၊ တချို့လည်းပြောပြပေါ့ တချို့လည် ပြောမပြ။ အေး မရရင်လည်း ပြန်မယ်ကွာဆိုမှ ပုလင်းလေးထောင်ထားတဲ့ အိမ်ကိုမြင်ရော။ အဲဒီမှာ ဆိုင် ကယ်ကို ဆီဝင်ထည့်ပေါ့။ ဆိုင်ရှင်က ခင်ဗျားတို့ကိုမြင်တယ်၊ လာနေကျထင်လို့ မပြောတာတဲ့။ ဒီနေ့ ပေပါသုံးလုံး ရောက်တာတဲ့၊ ဟာ ရှိသေးလားဆိုတော့ ကုန်ပြီတဲ့ “
“ဒီတိုင်းပြန်ခဲ့ရရောပေါ့ “
“ပြန်ရတယ်လေ၊ ဟိုခိုမှာ ပေးမှမအိပ်တာ။ အဲ့ မောင်းတံရဲ့ဟိုဘက်မှာ ကြိုက်တဲ့နေရာအိပ်တဲ့၊ ဒီဘက်လာမအိပ်နဲ့တဲ့ ပြန်ပေါ့ “
“ခင်ဗျားတို့ဆိုင်ကယ်ရဲ့ဆီဖိုးကို နည်းမှာမဟုတ်ဘူးနော “
” ဘာနည်းမလဲ။ ငါတို့ဆိုင်ကယ်တွေက စပေါ့ကက်အကြီးတွေလေကွာ၊ ဘယ် လောက်မောင်းမောင်း မြန်မြန်မပြေးဘူး။ တောင်ပဲတက်တာလေ။ ပြန်လာရင်းနဲ့ တောင်နီလမ်းခွဲထဲ ငါတို့ဝင်မယ်ဆိုတော့မှ ဆီကားတစီးဖြတ်သွားတယ်လေ။ အိုး ပျော်သေပြီပေါ့ ။ အဲဒါနဲ့ ချက်ချင်းပြန်ကွေ့လိုက် အဲဒီကားကို။ ဒီကောင့် ဆိုင်ကယ်ကပျက်နေသေးလို့ လယ်ကြီးကျမှ မီတယ်လေ”
“အဲဒါဆိုရင်ကို အတော်ဝေးခဲ့ပြီပဲ “
“ဝေးတယ်လေ ။သူတို့ကိုကျော်တက်ပြီးမှ မေးတော့ ဒီဇယ်တွေတဲ့ကွာ
“ဪ ဒုက္ခ “
“အေးလေ အဲ့ချိန် ငါးနာရီတောင်ကျော်နေပြီလေ။ ငါတို့လည်း ပြန်ပေါ့။ အားလိုး ဟိုဘက်မှာ မိုးကြီးကြီးရွာထား တယ်ကွာ။ မှောင်လည်းမှောင် လမ်းကလည်းချော အိုး ငါတို့ဘယ်နှစ်ခါလဲသလဲဆိုတာတောင် မမှတ်မိတော့ဘူးကွာ။ အိမ်ရောက်တော့ မှောင်မဲနေပြီ။ ငါတို့ဆိုလည်း စုတ်ပြတ်ကွဲပြဲ ဟားဟား”
“ဒီမှာ တလီတာတသောင်း ကျပ်ပြင်မှာတဂါလံတသိန်းဆိုတော့ အရင်သယ်တဲ့သူတွေကတော့ ကိုက်ကြမယ်ထင်တယ်”
” အေး ဘာမှမှလုပ်စရာမရှိတာ။ ကိုက်သလောက်နဲ့လည်း ချရမှာပဲလေ။ ငတ်လို့မှမရတာ။ သူတို့လည်း အားကြီးတော့ မရပါဘူး။ ဒီဘက်ပန့်ဆိုင်တွေက လီတာခိုးတယ် မပြည့်ဘူး။ ဟိုဘက်ကျ ဂါလံခွက်နဲ့မျက်မြင်ချိန်ပြီး အပြည့်ပေးရ တာလေ။ အေး လမ်းမှာဆိုင်ကယ်လဲလို့ တပုံးလောက်ကွဲရင် အဲ့ကောင်သေပြီ။ ပင်သပြေဂိတ်ကလည်း တစီးကို တပုလင်းပေးရသေးတယ်”
ပင်သပြေသည် PDF ဂိတ်ဖြစ်သည်။ဘာကြောင့်ကောက်သည် သူမသိသော်လည်း ကြားထဲက မျက်နှာပူသလို ဖြစ်သွား၏။
“ဒါတောင် အဲ့ဂိတ်ကစစ်တပ်မရှိတော့လို့ ။ အရင်ကဆို ခဏခဏ ပစ်သတ်ခံ ရတဲ့နေရာ “
“အခု ဘယ်သူတွေစောင့်နေတာလဲ”
” ငါမသိလေကွာ၊ ဘယ်သူစောင့်လဲ အရေးမကြီးပါဘူး။ စစ်တပ်မဟုတ်ဆို ရပြီလေ။ သူတို့ကောင်းကောင်းပြောတယ် အာ့ဆို အဆင်ပြေပြီ “
လူပြက်နှင့်တူသူ၏မျက်နှာ၌ မည်သည့်ခံစားချက်မှ ထူးထူးခြားခြားမရှိ ရဲရင့် လွတ်လပ်သော လီဆူတို့၏ ပင်ကိုယ်သဘာဝအတိုင်း အဖြစ်အပျက်တခုကို အနည်းငယ် ဟာသနှော၍ ပြောပြနေခြင်းသာရှိသည်။ စော်ဘွားနှင့်တူသူကလည် သူ့ဖုန်းထဲက သီချင်းတပုဒ်ကို အေးအေးလူလူ ဖွင့်ကြည့်နေသည်။
“အခုကြက်ဥဆိုတော့ လမ်းမှာပိုဆိုးမယ်ထင်တယ်နော”
“ဆိုးတယ်လေ။ ဆိုးလည်း ဒါပဲရှိတာကိုး။ ကျန်သလောက်ပေါ့။ ဒီကောင် အရင်တခေါက် ဘယ်လောက်လဲကွဲတာ”
” အလုံး နှစ်ရာ “
“အာ့ဆို မိုက်ပြီလေ ဟားဟား။ ဆိုင်ကယ်တခုခုဖြစ်ပြီဆိုရင်လည်း ပစ္စည်းဈေးက ဟိုး မိုးပေါ်မှာ “
“အဲဒါကြောင့် ကျနော်ပြောတာပေါ့။ ဆံပင်ညှပ်ဆရာနဲ့ ဆိုင်ကယ်ပြင်ဆရာဆိုတာ အမြဲတမ်း စင်ပေါ်က။ ကိုယ်ကမှ မပြင်လို့ မညှပ်လို့မရတာနော”
“ဟေ့လူ နိုင်ငံရေးတွေမပါကြေး “
အိမ်ခြေရှစ်ရာခန့်သာရှိပြီး မြို့ဟုအတင်းနာမည်တပ်ထားသော မိုင်းလုံတွင် ယခင်ကဆိုင်ကယ်ပြင်ဆိုင် အလွန်ရှားသည်။
တော်လှန်ရေးတပ်များက သိမ်းပြီးချိန်ကစပြီး ဆိုင်ကယ်အသွားအလာ အလွန်များလာသည်။ ဆိုင်ကယ်ပြင်ဆိုင်များလည်း မှိုလိုပေါက်လာကြသည်။
“ဟေ့ကောင် မိုးကုတ်ကိုလည်း ရတော့မယ်တဲ့ကွ သိလာ “
ဘေးချင်းကပ်လျက် ဆိုင်ကယ်အပိုပစ္စည်းဆိုင်သို့လာသည့် လူငယ်တယောက်က စိုင်းဟုံဖအား အော်ပြောသည်။ တိုင်ပင်ချိန်းတပ်နေသော စိုင်းဟုံဖက “အေး မြန်မြန်ရတော့လည်း မြန်မြန်အေးတာပေါ့ကွာ ” ဟု ပြန်အော်ပြော၏။
စစ်ရေးအရအေးသွားလျင်လည်း စီးပွားရေးအရ အေးသွားလိမ့်မည်ဟု သူမထင်ပါ။ ကျွန်းမြို့လေးလိုဖြစ်နေသည့် မိုးကုတ်သည် ရိက္ခာဖြတ်ရန်နည်းမျိုးစုံနှင့် ကြိုးစားနေသည့် စကစ၏ ယုတ်မာမှုအောက်တွင် ကာလအတန်ကြာ ရုန်းကန်ရဦးမည်ဟု ယူဆနေမိသည်။
ယခုလို ပုံဆိုးပန်းဆိုးဆိုင်ကယ်များနှင့် စွန့်စားကုန်သည်များအား မှီခိုနေရဦးမည်ဟုတွေးရင်း အနည်းငယ် ရင်မောနေမိသည်။ အပျင်းနည်းနည်းပြေသွားသော်လည်း နည်းနည်းပိုပြီးမွန်းကြပ်လာသောကြောင့် ခေတ်ပျက်ကုန်သည် လီဆူနှစ်ယောက်အား နှုတ်ဆက်ကာပြန်ခဲ့လိုက်တော့သည်။ ။
(The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ “AKS” ရေးဖွဲ့တဲ့ “ခေတ်ပျက်ကုန်သည်” ရသစာတမ်းငယ် ကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

























































