ကမ္ဘာဒီးယားနဲ့ အပစ်ရပ် သဘောတူညီမှုမှာ ပါဝင်တဲ့ ကတိအရ စစ်သုံ့ပန်း ၁၈ ဦးကို ထိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။
အစောပိုင်းတုန်းက ကမ္ဘောဒီးယားဟာ အပစ်ရပ် ကတိကဝတ်တွေ ချိုးဖောက်တယ်လို့ စွပ်စွဲပြီး အဲဒီ ကမ္ဘောဒီးယား စစ်သားတွေ ပြန်လွှတ်ပေးဖို့ ကိစ္စကို ထိုင်းက နာရီပိုင်းလောက် ဆိုင်းငံ့ထားခဲ့ပါသေးတယ်။ အဲဒီ ဆိုင်းငံ့မှုဟာ အပစ်ရပ် သဘောတူညီမှု ပါဝင်တဲ့ ကတိတွေကို ကမ္ဘောဒီးယားဖက်က ချိုးဖောက်ခဲ့တဲ့အတွက် တုံ့ပြန်မှုလို့ ထိုင်းက ပြောပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့က ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်ရပ် သဘောတူညီမှုကို ကြေညာခဲ့ပြီး အဲဒီနောက်မှာတော့ ထိုင်းပိုင်နက်ဖက်ကို ကမ္ဘောဒီးယားက ဒရုန်းပေါင်း ၂၅၀ ကျော် စေလွှတ်ပြီး အပစ်ရပ် ကတိကို ချိုးဖောက်ခဲ့တယ်လို့ ထိုင်းက စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားကတော့ အဲဒီ ကိစ္စကို ငြင်းဆိုထားပါတယ်။
အပစ်ရပ်မှု စတင်ပြီး ၇၂ နာရီ အကြာမှာ ထိုင်းလက်ထဲက ကမ္ဘောဒီးယား စစ်သုံ့ပန်း ၁၈ ဦးကို လွှတ်ပေးဖို့ နှစ်ဖက် သဘောတူ ကတိပြုထားပေမယ့် တကယ်တမ်း ၇၂ နာရီ ပြည့်ပြည်ချင်းမှာ ထိုင်းက သူတို့ကို ပြန်မလွှတ်ပေးခဲ့ပါဘူး။ ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာတော့ စစ်သား ၁၈ ယောက် ပြန်လွတ်လာတယ် ဆိုတာကို ကမ္ဘောဒီးယား မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Public Service Announcement
အဲဒီ စစ်သုံ့ပန်းတွေဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ ပထမအကြိမ် နယ်စပ် စစ်ရေးပဋိပက္ခဖြစ်တဲ့ ဇူလိုင် လကုန်ပိုင်းတုန်းက တိုက်ပွဲတွေမှာ အဖမ်းခံထားခဲ့ရတာပါ။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင် လကုန်ပိုင်းက ၅ ရက်ကြာ နယ်စပ် ပဋိပက္ခ ဖြစ်ခဲ့ပြီး ပထမအကြိမ် အပစ်ရပ်ခဲ့ပေမယ့် ဒီဇင်ဘာ ၇ ရက်ကနေ ၂၇ ရက်နေ့ထိ နောက်တစ်ကြိမ် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။
ကမ္ဘောဒီးယား စစ်သား စုစုပေါင်း ၂၀ ဟာ ဇူလိုင် ၂၉ ရက်နေ့က ဖရာဗီဟီရာ ပြည်နယ်ထဲမှာ အဖမ်းခံခဲ့ရပေမယ့် ကျန်းမာရေး အခြေအနေ မကောင်းတဲ့ စစ်သား ၂ ယောက်ကို ရက်အနည်းငယ် အကြာမှာ ထိုင်းက ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့ ၁၈ ယောက်ကတော့ ထိုင်းရဲ့ ထိန်းသိမ်း ချုပ်နှောင်မှုကို ၁၅၅ ရက်ကြာ ခံခဲ့ရတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား မီဒီယာတွေရဲ့ အဆိုအရ စစ်သုံ့ပန်း ၁၈ ယောက်ကို ဒီဇင်ဘာ ၃၀ မှာ ထိုင်းက ပြန်လွှတ်ပေးရမှာ ဖြစ်ပေမယ့် တစ်ရက် နောက်ကျခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ သူတို့တွေကို လက်ရှိ အချိန်မှာ ထိုင်းရဲ့ ချန်သာဘူရီနဲ့ ကမ္ဘောဒီးယားရဲ့ ပိုင်လင်တို့ ထိစပ်ရာ နယ်စပ်ဂိတ် တစ်ခုကနေ လွှဲပေးလိုက်တာပါ။ အဲဒီဂိတ်ဟာ စစ်ရေး ပဋိပက္ခ စတင်ခဲ့တဲ့နောက်ပိုင်း နှစ်နိုင်ငံကြားမှာ လက်ရှိ အချိန်ထိ ဖွင့်ထားဆဲ တစ်ခုတည်းသော နယ်စပ်ဂိတ်လို့လည်း သိရပါတယ်။
ကိုးကား: Khmer Times

















































