စက်တင်ဘာ-၃၊၂၀၂၆။တေဇ/People’s Spring
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ဖိတ်ကြားခဲ့တဲ့ ဗီယက်နမ်အစိုးရရဲ့လုပ်ရပ်ကို ရှုတ်ချကြောင်း Justice For Myanmar-JFM ကထုတ်ပြန်ပါတယ်။
“တရားမဝင် စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုပေးအပ်ဖို့ဗီယက်နမ်နိုင်ငံရဲ့ဆုံးဖြတ်ချက်နဲ့ စီးပွားရေးပတ်သက်မှုတွေကတဆင့် စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်နေမှုကို ပိုမိုနက်နက်ရှိုင်းလာအောင် လုပ်ဆောင်နေမှုတွေအပေါ် Justice For Myanmar က ရှုတ်ချပါတယ်။” လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို စစ်ရေးသုံးပစ္စည်းကိရိယာတွေ၊နည်းပညာနဲ့ ဘဏ္ဍာငွေတွေ လွှဲပြောင်းပေးနေမှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့နဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုတွေကို အဆုံးသတ်ဖို့ JFM က တိုက်တွန်းထားပါတယ်။

Public Service Announcement
ဒီခရီးစဉ်ကစက်တင်ဘာ ၄ ကနေ ၆ ရက်အထိ စီစဉ်ထားတာဖြစ်ပြီး မင်းအောင်လှိုင်က မြန်မာ-ဗီယက်နမ် စီးပွားရေး ဖိုရမ်ကိုတတ်ရောက်မယ်လို့ဆိုပါတယ်။ ဒီဖိုရမ်က ဗီယက်နမ်စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်အုပ်စု ကြားက ပတ်သတ်မှုကို ပိုမိုနက်ရှိုင်းစေဖို့လို့ ဆိုပါတယ်။
ခရီးစဉ်မှာဆက်သွယ်ရေးလုပ်ငန်း၊လေယာဉ်ဆီ၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ထောက်ပံ့တာနဲ့ စစ်ရေးလေ့ကျင့်မှု တွေအပါအဝင် ဗီယက်နမ်နဲ့ မြန်မာစစ်တပ်ကြားက ကာလရှည်တည်ရှိလာတဲ့ စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးတွေကို ဆက်လက်ခိုင်မာစေဖို့ဖြစ်နိုင်တယ်လို့ JFM က သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဗီယက်နမ်ရဲ့ အကြီးဆုံးရင်းနှီးမြှုပ်နှံမှုကစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Mytel မှာဖြစ်ပါတယ်။ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment နဲ့ မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာခရိုနီတွေကြားက ဖက်စပ်စီမံကိန်းဖြစ်ပါတယ်။
“Mytel မှတစ်ဆင့် ဗီယက်နမ်က ပေးအပ်နေတဲ့ ဝင်ငွေတွေ၊ နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ အထောက်အပံ့တွေက မြန်မာစစ်တပ် လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်။”လို့မရတနာမောင်ကပြောပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေ၊ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပမ်းတာတွေ ၊လူအစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ နဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကတစ်ဆင့် ဒေသတွင်းမတည်ငြိမ်မှုကို ဖြစ်ပေါ်စေတဲ့ စစ်အုပ်စုကို ဗီယက်နမ်အနေနဲ့ ထောက်ပံ့နေတာတွေကို ရပ်တန့်ဖို့ မရတနာမောင်က တိုက်တွန်းထားပါတယ်။
“ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် ကွန်ရက်တစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ် ဆို့မှုတွေ ချမှတ်ခြင်းဖြင့် အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာဗီယက်နမ်ရဲ့ကြံရာပါနေမှုအပေါ် တုန့်ပြန်အရေးယူဆောင်ရွက်ရပါမယ်” လို့မရတနာမောင်က နိုင်ငံတကာအစိုးရတွေကို တောင်းဆိုထားပါတယ်။
ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ စစ်တပ်အတွက် ဗီယက်နမ် နိုင်ငံ အခြေစိုက်ကုမ္ပဏီတွေက လေယာဉ်ဆီတွေရောင်းချပေးနေတာကြောင့်အဲဒီ့ကုမ္ပဏီတွေနဲ့ သက်ဆိုင်သူတွေကိုလည်း အရေးယူမှုတွေလုပ်ဆောင်ဖို့ JFM ကတောင်းဆိုထားပါတယ်။
Telecom International Myanmar၊ Viettel Global Investment၊ Hai Linh၊ Allsea Management၊ Legendsea၊ OSB Investment and Technology တို့နဲ့အဆိုပါကုမ္ပဏီတွေရဲ့အဓိကတာဝန်ရှိသူတွေအပါအဝင် စစ်အုပ်စုကို ဘဏ္ဍာငွေ၊ စစ်ရေးသုံးပစ္စည်းကိရိယာများနဲ့လေယာဉ်ဆီတွေထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့ကွန်ရက်တစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Justice For Myanmar က ဆက်လက်တောင်းဆိုထားပါတယ်။


















































