ဝဇီရာ/People’s Spring
ဂျီရို ဟိုရီကိုရှီ (Jiro Horikoshi)ဟာ ငယ်ငယ်လေးကတည်းက လေယာဥ်တွေကို သဘောကျခဲ့တယ်။ သူက လေယာဥ်မောင်းတာကို ရူးသွပ်ခဲ့သူပါ။ ဒါပေမယ့် သူ့မှာ မျက်စိအားနည်းချက်ရှိတာကြောင့် လေယာဉ်မှူးအိပ်မက် စွန့်လွှတ်လိုက်ရတယ်။
ဒါပေမယ့် ဂျီရိုက လေယာဥ်တွေနဲ့ပတ်သက်တဲ့ဝါသနာကိုတော့ မစွန့်လွှတ်နိုင်ဘူး။ သူက လေယာဉ်တွေလည်း တည်ဆောက်ချင်တာမို့ လေယာဥ်ဒီဇိုင်းဆွဲတဲ့ ပညာရှင် တစ်ဦးဖြစ်လာဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ရဲ့ အိပ်မက်ထဲမှာနာမည်ကြီး အီတလီ လေယာဉ်ဒီဇိုင်နာ ဘာပရိုနီနဲ့ မကြာခဏ ဆုံတွေ့ရပြီး သူ့ရဲ့ လမ်းပြမှု၊ အားပေးမှုတွေက ဂျီရိုကို ရှေ့ဆက်ဖို့ ခွန်အားတွေ ရရှိစေခဲ့တာပါ။
၁၉၂၃ ခုနှစ်မှာ ဂျီရိုတစ်ယောက် တိုကျိုမြို့ကို ရထားနဲ့ အပြန် ရထားပေါ်မှာတင် ငလျင်ကြီးလှုပ်ခတ်တာနဲ့ တိုးတော့တယ်။ အဲဒီငလျင်ကြောင့်ပဲ ဂျီရိုဟာ နာအိုကိုဆိုတဲ့ ကောင်မလေးနဲ့ ဆုံခဲ့ရတယ်။ ဒါပေမယ့် မီးလောင်ပြင်ကြီးကြားမှာ သူတို့နှစ်ယောက် ကွဲကွာသွားခဲ့ကြပါတယ်။

Public Service Announcement
ဂျီရိုဟာ ကျောင်းပြီးလို့ Mitsubishi ကုမ္ပဏီမှာ လေယာဉ်ဒီဇိုင်နာအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး၊ ဂျပန်ရဲ့ နောက်ကျနေတဲ့ လေယာဉ်နည်းပညာကို မြှင့်တင်ဖို့ ဂျာမနီနိုင်ငံအထိ သွားရောက် လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ရဲ့ နည်းပညာ ချို့တဲ့မှုနဲ့ စစ်ပွဲပြင်ဆင်နေတဲ့ ခေတ်အခြေအနေကြောင့် သူ့ရဲ့ ပထမဆုံး စမ်းသပ်လေယာဉ် မတော်တဆ ပျက်စီးသွားခဲ့ရပါတယ်။
စိတ်ဓာတ်ကျနေတဲ့ ဂျီရိုဟာ စိတ်အပန်းဖြေဖို့ ကာရုအိဇာဝ တောင်ပေါ်စခန်းကို သွားရောက်ခဲ့ရာမှာ တိုကျိုငလျင်တုန်းက ကွဲကွာသွားခဲ့တဲ့ နာအိုကို နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ နှစ်ယောက်သား အချစ်မျှခဲ့ကြပြီး စေ့စပ်ခဲ့ကြပေမဲ့ နာအိုကိုမှာ ကုသရခက်ခဲတဲ့ တီဘီရောဂါ စွဲကပ်နေခဲ့ပါတယ်။
ဂျီရိုဟာ ဂျပန်ရေတပ်အတွက် စစ်လေယာဉ်အသစ် ဒီဇိုင်းဆွဲရမယ့် တာဝန်ကြီးကို လက်ခံလိုက်ရချိန်မှာ၊ နာအိုကိုရဲ့ ရောဂါကလည်း ပိုမိုဆိုးရွားလာခဲ့ပါတယ်။ နာအိုကိုဟာ သူမရဲ့ နောက်ဆုံးအချိန်တွေကို ဂျီရိုနဲ့အတူ ကုန်လွန်ချင်တာကြောင့် ဆေးရုံကနေ ထွက်လာခဲ့ပြီး၊ သူတို့နှစ်ယောက် ရိုးရှင်းစွာ လက်ထပ်လိုက်ကြပါတယ်။
ဂျီရိုနဲ့ နာအိုကိုတို့ရဲ့ အချစ်ဇာတ်လမ်းဟာ လှပလွန်းပါတယ်။ နာအိုကိုရဲ့ တီဘီရောဂါကြောင့် သူတို့အချိန် သိပ်အများကြီး မကျန်တော့မှန်း သိလျက်နဲ့ လက်ထပ်ခဲ့ကြတာ၊ တစ်ယောက်ကိုတစ်ယောက် ကြည့်တဲ့ အကြည့်တွေနဲ့ စက္ကူလေယာဉ်ပျံလေး ပစ်ဆော့ခဲ့ကြတဲ့ အခိုက်အတန့်တွေဟာ ရင်ထဲမှာ နွေးထွေးမှုရော၊ ဆို့နင့်မှုပါ အပြည့်ပေးပါတယ်။ စစ်ပွဲရယ်၊ ရောဂါရယ်ကြားထဲမှာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကလည်း နွေးထွေးလွန်းလှပါတယ်။
ဂျီရိုဟာ နာအိုကိုရဲ့ လက်ကို လက်တဖက်က ဆုပ်ကိုင်ထားရင်း တစ်ဖက်ကနေ လေယာဉ်ဒီဇိုင်းတွေကို အိပ်ရေးပျက်ခံ ရေးဆွဲခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဂျပန်စစ်တပ်ရဲ့ သမိုင်းဝင် လေယာဉ်ဖြစ်လာမယ့် Mitsubishi A6M Zero လေယာဉ်ကို အောင်မြင်စွာ ဒီဇိုင်းထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် သူ့ဇနီးသည်လေးဟာ ရောဂါအခြေအနေ ပိုဆိုးလာတဲ့အခါမှာတော့…။
တကယ်တော့ ဂျီရိုရဲ့ ငယ်စဉ်ကတည်းက စိတ်ကူးအိပ်မက်ဟာ ကောင်းကင်မှာ လှပစွာ ပျံသန်းနိုင်တဲ့ လေယာဉ်ပျံတွေ ဖန်တီးဖို့သက်သက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဖန်တီးမှုကို အကောင်အထည်ဖော်ဖို့အတွက် စစ်တပ်ရဲ့ ဘဏ္ဍာငွေနဲ့ စစ်ပွဲအပေါ် မှီခိုနေရတာကို သိနေရတဲ့အခါ သူ့စိတ်ထဲမှာ မဖြစ်သာဘဲ လက်ခံထားရတဲ့ ဝမ်းနည်းမှုတွေ ရှိနေခဲ့တာပေါ့။
ဇာတ်ကားထဲက သူ့ရဲ့ လမ်းပြဆရာကြီး Caproni နဲ့ အိပ်မက်ထဲမှာ တွေ့တိုင်း လေယာဉ်တွေရဲ့ အလှတရားအကြောင်းကိုပဲ ပြောဆိုခဲ့ကြပါတယ်။ Caproni က “လေယာဉ်ဆိုတာ စစ်ပွဲအတွက် မဟုတ်ဘူး၊ စီးပွားရေးအတွက်လည်း မဟုတ်ဘူး။ လှပတဲ့ အိပ်မက်တစ်ခုပဲ” လို့ ပြောတဲ့အခါ ဂျီရိုက သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ စစ်တပ်အတွက် လေယာဉ်ဒီဇိုင်းဆွဲပေးနေရတာကြောင့် သူစိတ်မသက်မသာတော့ ဖြစ်မိတယ်။
ဂျီရိုဟာ သူဖန်တီးခဲ့တဲ့ Zero Fighter လေယာဉ်တွေ ကောင်းကင်ထက်ဆီ ပျံသန်းသွားတာကို ငေးကြည့်ရင်း အိပ်မက်ထဲမှာ Caproni နဲ့ ပြန်တွေ့ပါတယ်။ အဲဒီမှာ ဂျီရိုက “အဲဒီ လေယာဉ်တွေထဲက တစ်စီးမှ ပြန်မလာနိုင်ခဲ့ကြဘူး…”တဲ့။ သူ့ရဲ့ ဖန်တီးမှု လေယာဉ်အလှလေးတွေဟာ စစ်ပွဲကြောင့် ပျက်စီးသွားခဲ့ရတာကိုး။ ဂျီရိုဟာ သူချစ်တဲ့ အနုပညာဟာ ကမ္ဘာကြီးရဲ့ အမှောင်ထုကြောင့် ဖျက်ဆီးရေး လက်နက် ဖြစ်သွားရတဲ့အပေါ် စိတ်တော့ထိခိုက်သွားခဲ့ရတယ်။
တကယ်လို့ ဂျီရိုသာ ကျနော်တို့ မြန်မာပြည်ကအခြေအနေကိုမြင်ရင် ပိုပြီးစိတ်ထိခိုက်မိသွားမလားပဲ။ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ငွေတွေနဲ့ ပြည်သူတွေကိုပဲ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဥ်ရက်ဆက် ရက်ရက်စက်စက် သတ်ဖြတ်နေတာ မြင်ရရင် ဂျီရိုဘာများပြောလေမလဲ။
တချိန်က ကျေးလက်က ကလေးတွေဟာ ဂျီရိုငယ်ငယ်ကလိုပဲ လေယာဥ်ပျံကြီးတွေမြင်ရင် ထွက်ကြည့်ကြတာ။ လက်ကလေးတွေဝှေ့ယမ်းပြီး တာ့တာပြကြတာ။ အခုတော့ ဘယ်ဟုတ်မလဲ။ လေယာဥ်လာပြီဆိုတဲ့ လေယာဥ်သံကြားပြီဆိုတာနဲ့ ကလေးတွေခမျာ ပြေးပုန်းကြတော့တာ။ စစ်ဘေးသင့်ဒေသတွေကနေ မြို့ပေါ်တိမ်းရှောင်လာတဲ့မိသားစုတွေထဲက ကလေးလေးတွေဆိုရင် လေယာဥ်သံကြားရင် မြို့ပေါ်မှာကို ပုန်းစရာနေရာ ရှာကြသတဲ့။ ငယ်ငယ်နုနုအရွယ်မှာတင် စိတ်ဒဏ်ရာတွေ ရသွားခဲ့ကြတာပါပဲ။
ဇာတ်ကားထဲမှာ ၂ ကြိမ်တိုင် သုံးသွားခဲ့တဲ့ စကားလေးတစ်ခွန်းရှိတယ်။ ပေါလ် ဗာလေရီ ဆိုတဲ့ ပြင်သစ် ကဗျာဆရာကြီးရဲ့ စကားလုံးလေးပါ။ “လေတွေတိုက်နေပြီ။ အသက်ရှင်အောင် ကြိုးစားရမယ်”တဲ့။
ဘဝဆိုတာ အမြဲတမ်း အဆင်ပြေ လှပနေမှာတော့ မဟုတ်ပါဘူး။ မုန်တိုင်းတွေ၊ ဆုံးရှုံးမှုတွေ၊ အသည်းကွဲစရာတွေ သေချာပေါက် ရောက်လာမှာပါ။ ဒါပေမဲ့ အဲဒီ အမှောင်ထုကြားထဲမှာတင်ပဲ ကျနော်တို့ရဲ့ အိပ်မက်တွေကို ဖန်တီးရမယ်၊ စစ်မှန်စွာ ချစ်ရမယ်၊ ဘဝကို အဆုံးထိ ရဲရဲဝံ့ဝံ့ ဆက်လက် ရှင်သန်ရမှာ အသေအချာပါပဲ။



















































