အောက်တိုဘာ-၁၆၊၂၀၂၆။ထားမြတ်/People’s Spring
ရှမ်းမြောက်မိုးမိတ်မြို့နယ်မှာတပ်စွဲထားတဲ့ တအာင်းတပ်မတော်(TNLA)တပ်ဖွဲ့ငယ်တဖွဲ့ကို TNLA ဗဟိုက နမ့်ဆန်ဘက်သို့ တပ်ရွှေ့ပြောင်းခိုင်းရာ ရဲတပ်ဖွဲ့ဝင်ဟောင်းဂူဆီဆိုသူ ဦးဆောင်တဲ့ တပ်ဖွဲ့ဟာအထက်အမိန့် မလိုက်နာဘဲ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းသွားတယ်လို့ မိုးမိတ်ဒေသ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
အောက်တိုဘာ ၁၃ရက်နေ့မှာ TNLA ရဲ့ လီဆူတပ်ရင်းမှ ဂူဆီ ဆိုသူ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၅၁ ဦးဟာလက်နက်၄၉လက်နဲ့အတူကျောက်မဲမြို့က စစ်အုပ်စုထံသွားရောက်ပူးပေါင်း ခဲ့တာလို့ဆိုပါတယ်။ဂူဆီဆိုသူဟာ အရင်က မိုးကုတ်-မိုးမိတ်ကြား မိုးကုတ်မြို့နယ် ပိန်းပြစ်ရွာ နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်သလို နောက်ပိုင်းမှာ ယောက္ခမအရှိန်အဝါသုံးပြီး ဒေသတွင်းမှာ အာဏာတည်ဆောက်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။ မိုးကုတ်ဒေသကို TNLA ဝင်ရောက်စဉ် ဂူဆီဦးစီးတဲ့အဖွဲ့က ကနဦးမှာခုခံတိုက်ခိုက်တာရှိပေမဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှာ TNLA မိုးကုတ်မြို့ကိုသိမ်းပိုက်စဉ်မှာတော့ ဂူဆီဟာTNLAနဲ့ ပူးပေါင်းသွားသူလို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
အဲဒီနောက်TNLA တပ်မဟာ(၃) လက်အောက်မှာ လီဆူတပ်ဖွဲ့တပ်ဖွဲ့မှူးအဖြစ် သူ့လူတွေနဲ့အတူ မိုးမိတ်အထက်နားက ခါချယ်ရွာမှာ အခြေချထားတာလို့သိရပါတယ်။

Public Service Announcement
“ခါချယ်ဆိုတဲ့ ကချင်နဲ့ ပလောင်ရွာမှာ သူ့တပ်ဖွဲ့တွေနဲ့ သူကတာဝန်ကျတာ။ တာဝန်ကျတဲ့အခါကျတော့ သူကလည်း မြေအောက်လုပ်ငန်း နည်းနည်းလုပ်တယ်ထင်ပါတယ် ကြားရတာ လက်နက်စုတာ၊ဝယ်စုတာတို့ဘာတို့ပေါ့ကွာ။အဲဒါကို TNLA ဗဟိုက သိတဲ့အခါကျတော့ သူ့ကို အဲဒီစခန်းကနေ သူတို့အဖွဲ့အားလုံးကို နမ့်ဆန် တပ်မဟာ(၇)ဘက်ကို ပြောင်းလိုက်တာ။ပြောင်းလိုက်တဲ့အခါကျတော့ သူ့လူနဲ့ သူ့အဖွဲ့ကို သူက ဦးစီးဦးဆောင်ပြီးတော့ မှ နမ့်ဆန်ဘက်ကို လိမ်လိမ်မာမာနဲ့ သွားတဲ့ ဟန်ဆောင်ပြီးမှ ကျောက်မဲကို ဝင်ပြီး စကစထံမှာ လက်နက်ချလိုက်တာ”လို့ စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
ဂူဆီဦးဆောင်တဲ့တပ်ဖွဲ့ ကျောက်မဲကို သွားတဲ့အချိန်မှာ တားဆီးမှု မလုပ်ခဲ့တဲ့ နမ့်ဆန် နဲ့ မိုင်းငေါ့ကြားက TNLA ဂိတ်သုံးခုက တပ်မှူးတွေကိုလည်း နမ့်ဆန် တပ်မဟာ(၇)ကို ခေါ်ပြီး အရေးယူထားတယ်လို့ ကြားရကြောင်းသူကဆက်ပြောပါတယ်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ကတော့ TNLA တပ်ဖွဲ့ဝင်တွေ စစ်အုပ်စုထံ အလင်းဝင်တဲ့ ဖြစ်စဉ်မျိုးမရှိဘူးလို့ ငြင်းဆိုပါတယ်။
“အဲဒါကတော့ သတင်းအတု သတင်းအမှားသာဖြစ်တယ်။ကျမတို့ဆီမှာအဲဒီလို အလင်းဝင်တဲ့တပ်သားတွေလည်းမရှိဘူး။ အဲဒီ ကျောက်မဲ အနီးအနားတ၀ိုက်မှာဆိုလည်း ဒီလိုမျိုး လက်နက်စွန့်ပြီး အလင်းဝင်တဲ့ တပ်သားတွေလည်းမရှိပါဘူး” လို့ လွေးယေဦးက ပြောပါတယ်။
စစ်ရေးသတင်းရင်းမြစ်ကတော့ လက်ရှိမှာ စစ်တပ်ထံ အလင်းဝင်သွားတဲ့ ဂူဆီဆိုသူဟာ မိုးမိတ်ဒေသမှာ ကျန်နေသေးတဲ့ သူ့တပ်ဖွဲ့တွေကို လိုက်ခေါ် နေတယ်လို့ ကြားရကြောင်းလည်း ပြောပြပါတယ်။ဒါ့အပြင် မိုးကုတ်မှာ ပြည်သူ့စစ်အဖြစ်ရပ်တည်ဖို့ လုပ်ဆောင်နေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှဒေသတွင်းသတင်းတွေကိုဖော်ပြပေးနေတဲ့ ရွှေဖီမြေသတင်းဌာနကလည်း လီဆူတပ်ခေါင်းဆောင်ဂူဆီက အောက်တိုဘာ ၁၁ မှာစစ်တပ်နဲ့ပူးပေါင်းသွားပြီး အောက်တိုဘာ ၁၄ ရက်ကစပြီး မိုးမိတ််မြို့နယ်ကစစ်မှူထမ်းဟောင်းတွေကိုပြန်ခေါ်နေပြီး မသွားရင် မိသားစုဝင်တွေကိုဖမ်းမယ်လို့ခြိမ်းခြောက်နေတယ်လို့ဖော်ပြထားပါတယ်။
“မနေ့ကနေ စပြီးတော့သူကမိုးကုတ်မှာဂိတ်တွေဘာတွေချပြီးမှအဝင်အထွက်တွေ စစ်ဆေးတာတို့ စပြီးမှ လုပ်လာပြီလို့ သိရပါတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ကဂူဆီဦးဆောင်တဲ့အဖွဲ့ကို ကျောက်မဲမှာ ကြိုဆိုမှုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုခေါ်ယူကာအခမ်းအနား နဲ့ အကြီးအကျယ် ဝါဒဖြန့်တာတွေ လုပ်နိုင်တယ်လို့လည်းသတင်းရင်းမြစ်က ပြောပါတယ်။
ရှမ်းမြောက်ဒေသခံ သတင်းရင်းမြစ်တဦးက လက်နက်ကိုင်တပ်တွေအနေနဲ့ ကိုယ့်အဖွဲ့အကျိုးစီးပွားကိုသာ ရှေးရှုမယ်ဆိုရင် နောက်ဆုံးမှာ အာဏာရှင်စစ်တပ်က သက်ဆိုးရှည်လာမှာဖြစ်လို့ ရှမ်းမြောက်အခြေစိုက် တော်လှန်ရေးတပ်တွေ စုပေါင်းပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်ဖို့လိုအပ်ကြောင်းလည်းသူကပြောပါတယ်။
TNLAဟာ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ မဟာမိတ်တွေနဲ့ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်က မြို့ ၁၂မြို့နဲ့ စစ်တပ်စခန်းရာချီ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာတရုတ်အစိုးရရဲ့ ဖိအားပေးမှု၊ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ကြောင့် နောင်ချို ၊သီပေါ ၊ကျောက်မဲ မြို့တွေကို လက်လွှတ်ခဲ့ရသလို ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်တပ်ထံ ပြန်လွှဲပေးခဲ့ရပြီး ၂၀၂၅အောက်တိုဘာမှာ အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
















































