တည်ကြည်/People’s Spring
တန်ဆောင်တိုင်ကာလ ပြီးသွားခဲ့ပါပြီ။ စစ်ကိုင်း၊ မကွေးနဲ့ တိုင်းရင်းသားဒေသတချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ပြည်သူတွေကို လေကြောင်းတိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေချိန် အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့ထိန်းချုပ်ရာ ဒေသတွေမှာ ကထိန်ပွဲတော်တွေနဲ့ အုန်းအုန်းထစေခဲ့တယ်။ အာဏာသိမ်းစစ်ကောင်စီကတော့ ပြည်သူတွေ ပျော်ရွှင်နေပါတယ်ဆိုတဲ့ပုံရိပ်တွေကို အမိအရ ရယူသွားနိုင်ခဲ့တယ်။
ကျွန်တော်တို့ပြည်သူတွေ တကယ်ကော ပျော်နေကြပါသလား။ တကယ်ပျော်မယ်လို့တော့ မထင်ပါဘူး။စီးပွားရေးကျပ်တည်းမှုတွေ၊မလုံခြုံမှုတွေ၊ အနာဂတ်ပျောက်ဆုံးမှုတွေကြားမှာ ဘယ်လိုလုပ်ပြီး စိတ်ရောကိုယ်ပါ အပြည့်အဝ ပျော်နိုင်ကြပါ့မလဲ။
အာဏာသိမ်းစစ်တပ်အနေနဲ့ ပွဲလမ်းသဘင်တွေ လုပ်ပေးနေတာဟာ ပြည်သူတွေ ပျော်စေချင်လို့ဆိုတာကို လက်ခံလို့ မရပါဘူး။ ပြည်သူတွေကိုသာ တကယ်ပျော်စေချင်ခဲ့ရင် တိုင်းပြည်ချောက်ထဲကျမယ့်လုပ်ရပ်တွေ လုံးဝလုပ်ခဲ့မှာမဟုတ်ပါဘူး။တိုင်းပြည်ကြီး အေးချမ်းသာယာနေပါပြီ၊ ပုံမှန်အတိုင်း လည်ပတ်နေပါပြီဆိုတဲ့ ပုံရိပ်အတု ကို နိုင်ငံတကာနဲ့ ပြည်တွင်းကို လှည့်စားပြချင်လို့ သက်သက် လုပ်နေတာလို့ပဲ ယူဆပါတယ်။ ဒါဟာ စစ်ရေးအရရော နိုင်ငံရေးအရပါ အကျပ်အတည်းဖြစ်နေချိန်မှာ အာရုံလွှဲဖို့ ကြိုးစားတဲ့ နည်းဗျူဟာတစ်ခုသာ ဖြစ်ပါတယ်။

Public Service Announcement
ပွဲသွားကြည့်ကြတဲ့ လူတိုင်းဟာ စစ်တပ်ကို ထောက်ခံလို့ ဒါမှမဟုတ်တိုင်းပြည်အခြေအနေကို မေ့လျော့နေလို့ချည်းတော့ မဟုတ်ပါဘူး။ နှစ်နဲ့ချီပြီး ကြာလာတဲ့ စစ်ပွဲ၊ စီးပွားရေးကျပ်တည်းမှု၊ အနာဂတ်မရေရာမှုတွေအောက်မှာ လူတွေရဲ့ စိတ်ဟာ အရမ်းကို မွန်းကျပ်ပင်ပန်းနေကြပါပြီ။ ဒါ့ကြောင့် ခဏတာဖြစ်ဖြစ် အဲဒီဖိအားတွေကနေ လွတ်မြောက်ချင်စိတ်နဲ့ ကိုယ့်ရှေ့မှာရှိနေတဲ့ ပျော်စရာလေးတစ်ခုကို အလွယ်တကူ ဖမ်းဆုပ်မိသွားကြတာမျိုး ဖြစ်တတ်ပါတယ်။
နောက်တစ်ခုကတော့ မကောင်းတဲ့ သတင်းတွေကို နေ့တိုင်း ကြားနေမြင်နေရတာ ကြာလာတဲ့အခါ လူ့ဦးနှောက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ ခံစားချက်တွေ ထုံပေသွားတာမျိုးလည်း ရှိတတ်ပါတယ်။
တစ်ချိန်တည်းမှာပဲကိုယ့်ဆီမီးမကူးသေးသရွေ့ ဘာမှမဖြစ်ဘူးလို့ ယူဆတတ်တဲ့၊ အများဒုက္ခကို မျက်ကွယ်ပြုပြီးကိုယ်ပျော်ဖို့ပဲ ကြည့်တတ်တဲ့ လူတစ်စု ရှိနေတာကလည်း ငြင်းလို့မရတဲ့ အမှန်တရားပါ။ခေတ်ပျက်ကြီးထဲမှာ ကိုယ်ကျင့်တရားနဲ့ စာနာစိတ်တွေ တဖြည်းဖြည်း ပွန်းပဲ့လာတာကို မြင်ရတာဟာ အဆိုးရွားဆုံး စိတ်ပျက်စရာပါပဲ။
နောက်ထပ်အံ့သြမိတာတစ်ခုရှိပါသေးတယ်။ CDM ဝန်ထမ်းအမျိုးသမီးတချို့ပါ။ စစ်တပ်အာဏာသိမ်းတော့ ဌာနကနေ CDM လုပ်ကြတယ်။ CDM လုပ်ပြီးနောက်ပိုင်း တိမ်းရရှောင်ရတယ်။ အလုပ်အကိုင်တွေပျက်တယ်။ စားဝတ်နေရေး ခက်ခဲသွားတယ်။ ရရာအလုပ်တွေလုပ်ရတယ်။ အခုထိလည်း အာဏာသိမ်းတာကို ဆန့်ကျင်ပြီး အလုပ် ပြန်မဝင်ခဲ့ကြတဲ့ အမျိုးသမီးတစ်စုပါ။
အဲဒီမှာ နားမလည်နိုင်တာတစ်ခုက သူတို့က စစ်တပ်အလိုကျ ဝါဒဖြန့်ယန္တရားမှာ စိတ်လိုလက်ရ ပါဝင်နေတဲ့ ဇာတ်မင်းသား အောင်ဇမ္ဗူကို အင်မတန်မှ ကြိုက်နှစ်သက်ပြီး အားပေးနေတာပါ။ ကျွန်တော်တို့လည်း အဲဒီဇာတ်အဖွဲ့ဟာသတွေ လူမှုကွန်ရက်မှာ တက်လာရင် ကြည့်မိတယ်။ ရယ်စရာရှိရင် ရယ်မိတယ်။
သို့သော် သူတို့ကို ငွေကုန်ကြေးကျခံပြီး အားပေးဖို့ဆိုတာ စိတ်ကူးထဲတောင် မရှိပါ။ ဘာလို့လဲ ရှင်းပါတယ်။ ကျွန်တော်တို့ဘဝတွေကို ဖျက်ဆီးခဲ့တဲ့၊တိုင်းပြည်ချောက်ထဲကျအောင်လုပ်ခဲ့တဲ့ စစ်တပ် မွေးထားတဲ့ ၊စစ်တပ်ရဲ့ ဝါဒဖြန့်ယန္တရားမှာ တက်တက်ကြွကြွ ပါဝင်နေကြသူတွေ ဖြစ်နေတာကြောင့်ပါ။
အဲဒီ CDM အမျိုးသမီးတွေကိုမြင်တိုင်း အတွေးစတစ်ခု ဝင်လာတတ်တယ်။ ခိုင်မာပါတယ်ဆိုတဲ့ ယုံကြည်ချက်တွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေ ရှိနေရဲ့သားနဲ့တောင် ခေတ်ပျက်ကြီးရဲ့ အပျော်အပါးတွေ၊ အာရုံလွှဲမှုတွေဟာလူ့စိတ်ကိုမသိမသာတိုက်စားနေပြီလား။ ဒါမှမဟုတ် တစ်ဖက်မှာဘဝပျက်နေရတဲ့ ဖိအားတွေကြားကနေ ကိုယ့်စိတ်ကို ခဏတာ ခုန်ထွက်သွားစေဖို့ ကိုယ်တိုင် မသိလိုက်ဘဲ ထွက်ပေါက်တစ်ခုဖြစ်နေမလားပဲ။
တကယ်တော့ အပျော်အပါးနဲ့ အာရုံလွှဲစရာတွေကို အသုံးချပြီး လူတွေကိုစည်းရုံးရတာ၊ ဆွဲဆောင်ရတာဟာ ဒီခေတ်ကြီးထဲမှာ ထင်ထားတာထက် ပိုလွယ်ကူနေသလိုပဲ။ ယုံကြည်ချက် ခိုင်မာတယ်ဆိုတဲ့ သူတွေရဲ့ စိတ်ထဲမှာတောင် ဒီလို ဝိရောဓိတွေ ဖြစ်တည်လာနိုင်တယ်ဆိုရင်ကျန်တဲ့သူတွေအတွက် ဘယ်လောက်အထိ သက်ရောက်မှု ရှိနေမလဲ ဆိုတာကို တွေးရင်း စိတ်မောရသလို၊ အံ့ဩခြင်းတွေနဲ့လည်း ငေးကြည့်နေမိပါတယ်။
တကယ်တော့ ကျွန်တော်တို့ ပြည်သူတွေ ပျော်နေတာကို မမြင်ချင်တာ မဟုတ်ပါဘူး။ နှစ်ရှည်လများ မွန်းကျပ်နေခဲ့ရတဲ့ စိတ်တွေအတွက် ခဏတာ အသက်ရှူပေါက် လိုအပ်နေတာကိုလည်း နားလည်ပါတယ်။ အဲဒီ CDM အမျိုးသမီးတွေအပါအဝင် ပြည်သူအားလုံးကို ပျော်ရွှင်စေချင်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တာက ဝါဒဖြန့်ယန္တရားတွေ၊ အာရုံလွှဲမှုတွေကြားက ဖန်တီးပေးထားတဲ့ အပေါ်ယံ ပျော်ရွှင်မှုမျိုး မဟုတ်ပါဘူး။ဘယ်သူ့ လက်အောက်ခံမှ မဟုတ်ဘဲ၊ ဘာအကြောက်တရားမှ မရှိဘဲ၊ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်ဂုဏ်သိက္ခာ အပြည့်အဝရှိနေချိန်မှာ လွတ်လွတ်လပ်လပ် ရယ်မောနိုင်မယ့် စစ်မှန်တဲ့ ပျော်ရွှင်မှုမျိုး ကိုပဲ ရစေချင်တာပါ။
ဒီကာလ ပျော်ပွဲရွှင်ပွဲတွေကို အာဏာမသိမ်းခင်ကာလက အခြေအနေတွေနဲ့ ပြန်နှိုင်းယှဥ်ကြည့်စေချင်ပါတယ်။ဘာဆိုဘာမှမကြောက်ရတဲ့ခေတ်မှာ ကျွန်တော်တို့ ဘာပွဲလမ်းမှမရှိဘဲကို စိတ်လုံလုံခြုံခြုံနဲ့ အေးချမ်းပျော်ရွှင်ခဲ့ကြဖူးတယ်မလား။အဲဒီလိုနေ့တွေပြန်ရောက်လာတဲ့အခါကျမှသာ ကျွန်တော်တို့ရဲ့ ပွဲတော်တွေဟာတကယ့်အနှစ်သာရအပြည့်နဲ့ စည်ကားနေပါလိမ့်မယ်။ ။



























































