— ကိုလိုင်းရင်း ရေးသားသည်။
မြန်မာနိုင်ငံသည် လူမျိုးတုံး သတ်ဖြတ်မှု (Genocide) ကို ကျူးလွန်ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ဖေ့စ်ဘွတ်ခ်နှင့် တစ်တော့ကဲ့သို့သော လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် အမုန်းစကားများနှင့် ခြိမ်းခြောက်မှုများ တစ်ကျော့ပြန် များပြားလာသည်ကို တွေ့ရသည်။
ICJ ဆုံးဖြတ်ချက်ကို ထောက်ခံ အားပေးသူများအား စောင့်ကြည့် သတင်းပေးရန် လှုံ့ဆော်နေကြသလို၊ ICJ သတင်း ဖော်ပြကြသည့် သတင်းစာ မျက်နှာများအောက်ရှိ မှတ်ချက် (Comment) များတွင်လည်း လူမျိုးရေး၊ ဘာသာရေး တိုက်ခိုက်မှုများ၊ အမုန်းစကားများ တစ်ဖန် ပြည့်နှက်နေသည်။ ထိုသို့ ရေးသား လှုံ့ဆော်နေခြင်းများသည် မြန်မာ လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာ ဖြစ်ပါသည်။
လူမျိုးတုံး သတ်ဖြတ်မှု (Genocide) အမှုများကို ဖော်ထုတ်ရာတွင် အရေးအကြီးဆုံး အပိုင်းမှာ လူမျိုးတစုကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက် ရှိ၊ မရှိ သက်သေ ရှာဖွေရခြင်း ဖြစ်သည်။ ICJ သည် ထိုသက်သေများကို အထူးတလည် ရှာဖွေစရာ မလိုခဲ့ချေ။ မြန်မာများ အသုံးများသည့် ဆိုရှယ်မီဒီယာပေါ်တွင် အလွယ်တကူ တွေ့ရှိခဲ့ပါသည်။

Public Service Announcement
ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးသို့ တင်သွင်းခဲ့သည့် အထောက်အထားများတွင် လူမျိုးတုံး သတ်ဖြတ်မှု (Genocide) ဖြစ်ကြောင်း သက်သေပြရန်အတွက် မင်းအောင်လှိုင်၊ စစ်တပ်တို့၏ လူမှုကွန်ရက် စာမျက်နှာများ အပါအဝင် ဘာသာရေး ခေါင်းဆောင် အချို့နှင့် လူသိများသူများ၏ ဆိုရှယ်မီဒီယာပေါ်မှ ရေးသား ပြောဆိုချက်များကို သက်သေတစ်ခု အဖြစ် တရားခွင်တွင် အသုံးပြုခဲ့ကြသည်။
ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာနှင့် ဂမ်ဘီယာနိုင်ငံ၏ တရားရုံး လျှောက်လဲချက်များတွင် စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြောဆိုချက်များ၊ ဦးဝီရသူနှင့် သီတဂူဆရာတော်တို့ကဲ့သို့သော မျိုးချစ် ဘာသာရေး ခေါင်းဆောင် အချို့၏ ဟောပြောချက်များနှင့် အွန်လိုင်းပေါ်မှ ဖြန့်ဝေမှုများကို တရားရုံးက သက်သေအဖြစ် ကိုးကား အသုံးပြုခဲ့သည်။
လူမျိုးတစုကို နှိမ့်ချ ခေါ်ဝေါ်ခြင်း၊ တိုင်းပြည်၏ အန္တရာယ်အဖြစ် ပုံဖော်ခြင်း၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူများကို သတ်ဖြတ်ခြင်းမှာ ငရဲမလားဟု အန္တရာယ် စကား ပြောဟောခြင်းနှင့် အကြမ်းဖက်မှုကို အားပေးရာ ရောက်သည့် ပြောဆို ရေးသားမှုများသည် နိုင်ငံတကာ တရားရုံး ရှေ့မှောက်တွင် သက်သေများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါသည်။
လူအချို့သည် လူမှုကွန်ရက်ပေါ်၌ ယခုကဲ့သို့ ရေးသားနေကြခြင်းသည် အမျိုးသားရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ခြင်းဟု တလွဲ ယူဆနေကြသည်။ နိုင်ငံတကာ၏ ဝေဖန်မှုများ၊ ဆုံးဖြတ်ချက်များသည် မြန်မာပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှုဟု ထင်မြင်ကြပြီး မိမိတို့၏ ရပ်တည်ချက်ကို ကာကွယ်သည့် အနေဖြင့် အလွယ်တကူ တုံ့ပြန် ရေးသားကြသည်ကို တွေ့ရသည်။ သို့သော်လည်း စစ်တပ်၏ ကျူးလွန်မှုများကြောင့် ICJ တွင် တရားစွဲခံရသည်ကို သင်ခန်းစာ မယူဘဲ အဆင်ခြင်မဲ့ ရေးသား ပြောဆိုမှုများ၊ စိတ်လှုပ်ရှားလွယ်စွာ ပြောဆိုနေကြ၏သော အမုန်းစကားများ၊ အန္တရာယ်စကားများသည် မြန်မာ့ လူ့အဖွဲ့အစည်းအတွက် အလွန် အန္တရာယ်ရှိပါသည်။
အွန်လိုင်းပေါ်မှ အမုန်းစကားများသည် စာသား သက်သက်သာ မဟုတ်ဘဲ ပြင်ပလောကတွင် ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုများနှင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ အဖြစ်သို့ အလွယ်တကူ ကူးပြောင်းသွားနိုင်သည်။ ကမ္ဘာ့ အမြင့်ဆုံး တရားရုံးက မြန်မာနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်သော နိုင်ငံအဖြစ် ပထမဆုံးအကြိမ် အမိန့်ချပြီးနောက် မြန်မာနိုင်ငံကို နိုင်ငံတကာက ပြန် အာရုံစိုက် အကဲခတ်ချိန်တွင် စစ်တပ် ကျူးလွန်ခဲ့သည်များကို ပြည်သူတွေ ကိုယ်တိုင် လက်ခံသလို တုံ့ပြန်ပြီး အမုန်းစကားများကို တွင်တွင် ပြောပြီး တုံ့ပြန်ကြပါက ICJ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ထပ် ဆောင်း သက်သေပြသလိုပင် ဖြစ်နေပါမည်။
အထူးသဖြင့် ICJ ဆုံးဖြတ်ချက်ကို ထောက်ခံသူများအား သတင်းပေး တိုင်ကြားရန် လှုံ့ဆော်ခြင်းသည် မြန်မာ လူ့အဖွဲ့အစည်းကြား တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုကို ပျက်ပြားစေပြီး ကြောက်ရွံ့မှုနှင့် မလုံခြုံမှုများကို ဖြစ်ပေါ်စေပါသည်။
ယခုကဲ့သို့ အမုန်းစကားများနှင့် ခြိမ်းခြောက်မှုများ ဆက်လက် ဖြန့်ဝေ ရေးသား ပြောဆိုနေကြခြင်းသည် နိုင်ငံတကာ တရားခွင်များတွင် နောက်ထပ် သက်သေများ အဖြစ် ရှိကောင်း ရှိလာနိုင်ပါသည်။
မတူကွဲပြားသော လူမျိုးစုများနှင့် ဘာသာဝင်များ အတူယှဉ်တွဲ နေထိုင်ရသည့် နိုင်ငံတစ်နိုင်ငံတွင် အမုန်းတရားကို အခြေခံသည့် ရေးသား ပြောဆိုမှုများကို ပုံမှန် ကိစ္စတစ်ခုလို ပြုလုပ်နေခြင်းသည် အလွန် ထိလွယ်ရှလွယ် ရှိပြီး အန္တရာယ် အလွန်များပါသည်။
လူမှုကွန်ရက်ပေါ်တွင် ရေးသားလိုက်သည့် စာတစ်ကြောင်း၊ မှတ်ချက်တစ်ခုသည် လူတစ်ဦးချင်းစီ၏ ခံစားချက် သို့မဟုတ် အမြင် အယူအဆတစ်ခုကို ဖော်ထုတ်ခြင်းထက် မကောင်းသော နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်စေနိုင်သည်။ အမုန်းစကားများကြောင့် အတိတ်တွင်လည်း မကောင်းသည့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်ခဲ့ဖူးသည့် သာဓက များစွာ ရှိခဲ့ပါသည်။
လူမှုကွန်ရက်ပေါ်တွင် ရေးခဲ့ ပြောခဲ့သည့် အမုန်းစကားများသည် နိုင်ငံတကာ တရားခွင်တွင် သက်သေ ဖြစ်သွားစေကာ နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သကဲ့သို့ ယနေ့ ဆက်လက် ပြောဆို ရေးသားကြနေသော အမုန်းစကားများသည်လည်း မြန်မာ လူ့အဖွဲ့အစည်းအတွက် နောက်ထပ် အန္တရာယ်များကို ဖိတ်ခေါ်သလို ဖြစ်လာနိုင်သည်ကို အထူး သတိချပ်ဖို့ လိုပါသည်။
























































