တည်ကြည်/People’s Spring
တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ မနက်ခင်း လမ်းပေါ်မှာ ကွဲအက်နေတဲ့ ပန်းအိုးတွေ၊ ထိုင်ခုံအကျိုးအပဲ့တွေ၊ စုတ်ပြဲယိုင်နဲ့သွားတဲ့ ဆိုင်းဘုတ်တွေ ပြန့်ကျဲနေတယ်။
သူခိုးကြီးညလို့လည်း ခေါ်ကြတဲ့ တန်ဆောင်တိုင်ညအလွန် မနက်ခင်းတိုင်း နှစ်စဥ် မြင်နေကျ မြင်ကွင်းမျိုးပါ။
သူခိုးကြီးညကို ဒေသအလိုက်တန်ဆောင်မုန်းလပြည့်ညမှာ လုပ်တဲ့ဒေသက လုပ်သလို ဒေသတချို့မှာတော့ လပြည့်ကျော်တစ်ရက်ညမှာ ပြုလုပ်လေ့ရှိကြပါတယ်။

Public Service Announcement
အိမ်ရှေ့တွေမှာ လှန်းထားတဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ၊ပန်းအိုးတွေနဲ့ ဆိုင်းဘုတ်တွေကို နေရာရွှေ့တာ၊ တစ်အိမ်နဲ့တစ်အိမ် လဲလှယ်ထားတာတွေ ပြုလုပ်လေ့ရှိတယ်။ တန်ဖိုးမကြီးတဲ့ အရာတွေကိုပဲ အပျော်သဘော ယူဝှက်ကြတာပါ။
အဲဒီလိုလုပ်တဲ့နေရာမှာလည်း အလုပ်ခံရတဲ့အိမ် စိတ်ဆိုးရခက်၊ ရယ်ရခက်တဲ့ အနေအထားမျိုးလောက် လုပ်ကြတာပါ။ ဥပမာ ရပ်ကွက်ထဲ မတည့်တဲ့နှစ်အိမ်ကို ပစ္စည်းတွေ လဲပြီး ရွေ့ထားတာမျိုး။ ပစ္စည်းတွေအပြန်အလှန်လဲလှယ်ရင်း ပြန်တည့်သွားတာတွေရှိတယ်။
ကပ်စေးနည်းတဲ့ အဒေါ်ကြီးအိမ်ရှေ့ စတုဒိသာ ကျွေးမယ်ဆိုင်းဘုတ်သွားချိတ်ကြတာ ရှိတယ်။ ဒါတွေက ရသပါတယ်။ ရယ်မောရတယ်။ပျော်ရွှင်ရတယ်။ အစအနောက်ခံရတဲ့အိမ်တွေလည်း နစ်နာတာမျိုးလည်း မရှိဘူး။
အရင်က ပစ္စည်းကို ခဏယူပြီး တစ်နေရာမှာ ဖွက်ထားတာ၊ပိုင်ရှင်ပြန်ရှာတွေ့အောင် ထားခဲ့တာမျိုးပဲ လုပ်ကြပေမဲ့ အခုခေတ်မှာတော့ ပန်းအိုးတွေ ခွဲသွားတာ၊ ဆိုင်းဘုတ်တွေ ထိုင်ခုံတွေကို ဖျက်ဆီးတာမျိုးတွေက ရိုးရာဓလေ့နဲ့ လုံးဝ မသက်ဆိုင်တော့ဘဲ အများပြည်သူပိုင်နဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို ဖျက်ဆီးမှုသက်သက် ဖြစ်သွားပါပြီ။
မန္တလေးမြို့က လမ်းဘေးကော်ဖီဆိုင်လေးတစ်ဆိုင်ကတော့ ဆိုင်မှာအလှထားဖို့ဝယ်ထားတဲ့ ၂ သိန်းတောင်ကုန်တဲ့ အုန်းပွားပင်လေးတွေ လပြည့်ညမှာ အခိုးခံလိုက်ရတဲ့အကြောင်း လူမှုကွန်ရက်မှာ ရင်ဖွင့်ထားပါတယ်။
အလားတူ ရေနံချောင်းမြို့က စားသောက်
ကုန်ရောင်းတဲ့ဆိုင်တစ်ဆိုင်ကတော့ အိမ်ထဲမှာခင်းထားတဲ့ အမဲချောင်းအစပ်ဘူးတွေ၊ ငါးရံ့ခြောက်ဖုတ်တွေ၊ ကြက်သားခြောက်ဖုတ်တွေ၊ ချဥ်ပေါင်ကြော်တွေ၊ ကြက်သားလုံးကြော်၊ အမဲခြောက်ဖုတ်၊ ငရုတ်သီးလှော်တွေအပြင် ဆပ်ပြာမှုန့်၊ နေကြာစေ့ထုပ်တွေ ဆိုင်ခင်းထားသမျှ တစ်ခုမှ မကျန်အောင် ခိုးယူခံလိုက်ရကြောင်း လူမှုကွန်ရက်ကနေ ဝေမျှထားပါတယ်။
“အပျော်လည်းမဟုတ်တော့ဘူး။ လွန်လွန်မင်းမင်းကြီးကို ဖြစ်သွားပြီ။စီးပွားပျက်အောင်လို့ကို တမင်ရည်ရွယ်ပြီးတော့ လုပ်ကြတာ”လို့ ဆိုင်ရှင်က ရင်ဖွင့်ပါတယ်။
မြေပြန့်တင်မကပါဘူး။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာလည်း လပြည့်ညက ဝိုင်ဖိုင်ကြိုးတွေ အကုန်ဖြတ်တောက်သွားကြောင်း ဒေသခံတွေကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာလည်း ထောင်ထားတဲ့ဆိုင်းဘုတ်တွေကို ယူဆောင်သွားပြီး ဓါးတွေနဲ့ခြစ်ကာ လမ်းဘေးပစ်ချထားတာတွေရှိကြောင်း သိရပါတယ်။
ဒါ့အပြင် အရေးပေါ်လူနာတင်ယာဥ်တွေလည်း လမ်းလယ်ပေါ် ချထားတဲ့ ပန်းအိုးတွေ၊ ခုံတွေကို မကြာခဏ ဆင်းဆင်းဖယ်ခဲ့ရတဲ့အတွက် နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တဲ့အကြောင်း ရင်ဖွင့်ထားကြပါတယ်။
အလားတူ ဆိုင်ကယ်တချို့လည်း လမ်းလယ်က ပန်းအိုးတွေ၊ ဆိုင်းဘုတ်တွေကို မမြင်လို့ ဝင်တိုက်မိပြီး လဲတာပြုတာတွေလည်း ရှိခဲ့ပါတယ်။ ဆိုင်ကယ်နဲ့ အမျိုးသမီးငယ်တစ်စုဆို သူတပါးဆိုင်းဘုတ်ဗီနိုင်းကြီးကို ဖြုတ်ယူလာပြီး လမ်းတလျှောက် ခြေထောက်နဲ့တရွတ်တိုက် ဆွဲသွားခဲ့တာ တွေ့ရတယ်။
ဆိုင်ဆိုင်းဘုတ်တွေ ဖြုတ်ယူသွားတာ၊ လွှင့်ပစ်တာတွေက ဆိုင်ရှင်တွေအတွက် အလုပ်ရှုပ်စေသလို ငွေကုန်ကြေးကျလည်း များစေပါတယ်။ ငွေတန်ဖိုးကျပြီး အစစအရာအရာ ခက်ခဲနေတဲ့ ကာလမှာ အခုလို လုပ်ရပ်တွေက တစ်ဖက်သားကို အတော်လေး နစ်နာစေကြောင်း ဝေဖန်နေကြပါတယ်။
ရိုးရာဓလေ့ဆိုတာ သူတစ်ပါးကို ဒုက္ခမပေးဘဲ အားလုံး ပျော်ရွှင်ရမှသာ တန်ဖိုးရှိတာပါ။ အခုလို လုပ်ရပ်တွေကြောင့် ရိုးရာယဉ်ကျေးမှုပါ နာမည်ပျက်ရသလို လူမှုပတ်ဝန်းကျင်မှာလည်း စိတ်အနှောင့်အယှက် ဖြစ်စရာတွေ များလာခဲ့ပါပြီ။ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့တစ်ခုဟာ သမိုင်းမှာ အရုပ်ဆိုးစွာနဲ့ ကွယ်ပျောက်သွားမယ်ဆိုတာ သေချာနေပါတယ်။
























































