အောက်တိုဘာ – ၁၅၊ ၂၀၂၆၊ နိုင်ပကောင်း/People’s Spring
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ရွာအခြေစိုက် အမှတ် (၃၁၈) အမြောက်တပ်ရင်းကနေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာဘက်ဆီ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၆) တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
တိုက်ပွဲဟာ အောက်တိုဘာလ ၁၂ ရက်ကစတင်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ပုလိန်ကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီကျေးရွာဟာ ကရင်နဲ့မွန်ပြည်နယ်မှာ တည်ရှိတာဖြစ်ပြီး KNU ရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၆) နယ်မြေ၊ ဝင်းရေးမြို့နယ်ထဲ ပါဝင်ပါတယ်။

Public Service Announcement
မုဒုံမြို့နယ်၊ အဘစ်ရွာ အခြေစိုက် အမြောက်တပ်ရင်းကနေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာ၊ ဇီးဖြူကုန်းစခန်းကို တပ်အချိန်းအပြောင်း ပြုလုပ်ဖို့ စစ်တပ်က အောက်တိုဘာလ ၁၂ ရက် နေ့လယ်ပိုင်းကစတင်ပြီး စစ်ကြောင်းနဲ့ စစ်ရေးလှုပ်ရှားခဲ့တာပါ။
အဲဒီစစ်ကြောင်းနဲ့ KNU တပ်မဟာ ၆၊ တပ်ရင်း (၁၆) တို့ကြား ထိတွေ့တိုက်ပွဲ နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူ သုံးခဲ့တယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။
လက်နက်ကြီးပစ်ကူကို မုဒုံမြို့၊ အဘစ်ရွာ အခြေစိုက် အမှတ် (၃၁၈) အမြောက်တပ်ရင်းနဲ့ ကျိုက်မရောမြို့၊ တောင်ကလေးရွာရှိ စစ်တပ်ကလည်း ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ခလယ်တံခွန််တိုင်ဒေသခံတစ်ဦးရဲ့ အသိပေးချက် ရုပ်သံမှာတော့ စစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ဗုံးကြဲသွားတာ တွေ့မြင်ရပါတယ်။
စစ်တပ်စစ်ကြောင်းဟာ တပ်အချိန်းအပြောင်း ပြုလုပ်ပြီးနောက် ပုလိန်ရွာဘက်ဆီ ပြန်ဆုတ်သွားသလို အဲဒီလို တပ်အပြောင်းအလဲကလည်း နှစ်တိုင်းပြုလုပ်နေကြလို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ (အောက်တိုဘာလ ၁၄ ရက်) မနက်ပိုင်းအထိတော့ တိုက်ပွဲဖြစ်တာ မရှိတော့ဘဲ လက်နက်ကြီးပစ်ခတ်သံတွေကိုသာ ကြားရပြီး ညပိုင်းတော့ ပစ်ခတ်သံတွေ တိတ်ဆိတ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

















































