Connect with us

Hi, what are you looking for?

သုံးသပ်ဆောင်းပါး

တရုတ်က အမေရိကန်ရဲ့ အာရှကာကွယ်ရေးစည်းကို စမ်းသပ်နေပြီလား ?

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

– ခါကာဘို ရေးသားသည်။

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

ဒါကြောင့်မဟာမိတ်နိုင်ငံတွေကလည်းမိမိတို့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို ပိုမိုခိုင်မာအောင် မြှင့်တင် ကြရမှာဖြစ်သလို၊ အမေရိကန်အနေနဲ့လည်း မဟာမိတ်တွေအပေါ်ထားရှိတဲ့ ကတိကဝတ်ကို လက်တွေ့ လုပ်ဆောင်ချက်တွေနဲ့ ပိုမိုခိုင်မာစွာ ပြသရမယ့်အချိန် ရောက်နေပါပြီ။

ဒီအခြေအနေကိုအထင်ရှားဆုံးပြသခဲ့တဲ့ ဖြစ်ရပ်တစ်ခုက ဇူလိုင် ၁၉ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေ့မှာ တရုတ်နဲ့ ရုရှား စစ်သင်္ဘောအုပ်စုတစ်စုဟာ ဂျပန်နိုင်ငံရဲ့ တောင်ဘက်စွန်း သီးသန့် စီးပွားရေးဇုန် (Exclusive Economic Zone – EEZ)ကိုဖြတ်ပြီးဘေးချင်းယှဉ်ကာ စက်ရှိန်မြှင့်မောင်းနှင်ခဲ့ကြပါတယ်။အနီးမှာ စောင့်ကြည့်နေတဲ့ ဂျပန်ရေတပ်သင်္ဘောပေါ်က ရေတပ်သားတွေက အဲဒီစစ်ရေးလေ့ကျင့်မှုကို ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး တရုတ်ဖျက်သင်္ဘောရဲ့ အမြှောက်ပြောင်းကနေ မီးခိုးတွေ ထွက်နေတာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာဂျပန်နိုင်ငံရဲ့ EEZ အတွင်းမှာ တရုတ်က ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်တာကို ဂျပန်ဘက်ကပထမဆုံးအကြိမ်တရားဝင်မှတ်တမ်းတင်ပြီး လူသိရှင်ကြား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံတွေက သိပ်မရှင်းလင်းပေမယ့် ပေးလိုသော သတင်းစကားကတော့ ရှင်းပါတယ်။ တရုတ်ရဲ့ဖိအားပေးမှုတွေဟာ အရင်ကထက် အရှိန်မြင့်လာနေပြီဆိုတာကတော့ သံသယရှိစရာ မလိုပါဘူး။

တကယ်တော့ ဒီဖြစ်ရပ်ဟာ သီးခြားဖြစ်ရပ်တစ်ခု မဟုတ်ပါဘူး။ အာရှမှာ အမေရိကန်ရဲ့ အဓိက မဟာမိတ်တွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဂျပန်နဲ့ ဩစတြေးလျတို့ကို ရည်ရွယ်ပြီး တရုတ်ရဲ့ရန်စမှုများထဲမှ နောက်ဆုံးဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ဇွန်လနှောင်းပိုင်းမှာတရုတ်နဲ့ ရုရှားလေတပ်တွေဟာ နျူကလီးယားလက်နက် တင်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ်တွေကို အသုံးပြုပြီး ဂျပန်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်အပေါ်မှာ ပူးတွဲပျံသန်းခဲ့ကြပါတယ်။ အဲဒီနောက် ဂျပန်ရဲ့ အနောက်တောင်ဘက် ကျွန်းတန်းတွေကို ဖြတ်ကျော်ပြီး ပစိဖိတ် (Pacific) သမုဒ္ဒရာထဲကို ဝင်ရောက်သွားခဲ့ကြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ပိုင်း ဒုတိယအကြိမ်မြောက် အလားတူ ပျံသန်းမှုလည်း ဖြစ်ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ရဲ့ အရှေ့ဘက်က ရေပြင်တွေမှာလည်းကမ်းခြေစောင့်တပ် (Coast Guard) ကင်းလှည့်မှုတွေကို ပိုပြီး တိုးမြှင့်လာပါတယ်။

ဇူလိုင်လအစောပိုင်းမှာတော့ ဖိလစ်ပိုင်တောင်ဘက် ကမ်းလွန်ရှိ ရေငုပ်သင်္ဘောတစ်စင်းပေါ်ကနေ ပဲ့ထိန်းတပ်ဒုံးပျံ (Ballistic Missile) တစ်စင်းကိုပစိဖိတ်(Pacific)သမုဒ္ဒရာထဲ ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်း အပြည်ပြည်ဆိုင်ရာ ရေပြင်ထဲကို ဒုတိယအကြိမ်မြောက် ပဲ့ထိန်းတပ်ဒုံးပျံ ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ရက်အနည်းငယ်အကြာမှာတော့ တောင်တရုတ်ပင်လယ်ကအငြင်းပွားနေတဲ့ ကျွန်းငယ် နှစ်ခုပေါ်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ်သားတွေဟာတက်မတွေ၊ရေအမြှောက်တွေကို အသုံးပြုပြီး ထိတွေ့ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီလို စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတာကြောင့် “တရုတ်က ဘာကို လုပ်ချင်နေတာလဲ” ဆိုတဲ့ စဉ်းစားစရာ ဖြစ်လာပါတယ်။

တရုတ်ရဲ့ ပိုပြီး ရဲတင်းလာတဲ့ နိုင်ငံခြားရေးနဲ့ စစ်ရေးမူဝါဒကအသစ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် လေ့လာသူတွေ သတိထားမိတာကတော့ပြီးခဲ့တဲ့အောက်တိုဘာလကစပြီး အမူအကျင့်တစ်ခု သိသိသာသာ ပြောင်းလာတာပါ။

အဲဒီအချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာတောင်ကိုရီးယားမှာတရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီး ပေကျင်းနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ချင်တဲ့ အရိပ်အယောင်တွေပြသခဲ့ပါတယ်။အဲဒီနောက် မေလမှာလည်း ပေကျင်းမှာ ထပ်မံတွေ့ဆုံခဲ့ပြီး နှစ်ဖက်ကြား ရင်းနှီးတဲ့ ဆက်ဆံရေးကို ထပ်မံပြသခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ထရန့်နဲ့ သူ့အစိုးရအဖွဲ့ဝင် အများအပြားဟာတရုတ်ကိုပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတာတွေကို ရှောင်ရှားလာခဲ့ကြပါတယ်။တရုတ်ရဲ့ ဖိအားကို တိုက်ရိုက်ရင်ဆိုင်နေရတဲ့ မဟာမိတ်နိုင်ငံတွေဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ပေးဖို့လည်း နှောင့်နှေးလာခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီနှစ်အတွင်းကျင်းပဖို့ စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေး သုံးခုကို အဆင်ပြေပြေ ကျင်းပနိုင်ဖို့ မျှော်လင့်ထားတာကြောင့်လို့သုံးသပ်သူတွေကယူဆကြပါတယ်။

တစ်ဖက်မှာလည်း မစ္စတာထရန့်ဟာအီရန်ပြဿနာကို အဓိက အာရုံစိုက်နေရတာကြောင့် ပစိဖိတ်ဒေသမှာအသုံးပြုရမယ့်အရင်းအမြစ်တွေနဲ့ အာရုံစိုက်မှုတချို့ကို အရှေ့အလယ်ပိုင်းဘက် လွှဲပြောင်းထားရပါတယ်။

ဒီလိုအခြေအနေမျိုးမှာတရုတ်က အမေရိကန်ရဲ့ကာကွယ်ရေးစည်းတွေကိုစမ်းသပ်နေသလို ဒေသတွင်း မဟာမိတ်တွေအပေါ် ပေးထားတဲ့ လုံခြုံရေးကတိကဝတ်တွေ ဘယ်လောက်ထိ အမှန်တကယ် ခိုင်မာနေသေးသလဲဆိုတာကိုလည်း တိုင်းတာနေတယ်လို့ လေ့လာသူတွေက မြင်ကြပါတယ်။

ဒီလို မယုံကြည်နိုင်တော့တဲ့အမေရိကန်နဲ့ ပိုပြီး ရန်လိုလာတဲ့ တရုတ်ကြားမှာ ရပ်တည်နေရတဲ့ အာရှမဟာမိတ်နိုင်ငံတွေအတွက် အခုအချိန်မှာ အရေးကြီးတဲ့ လုပ်ငန်းစဉ် သုံးခု ရှိနေပါတယ်။

ပထမတစ်ခုက မိမိတို့ကိုယ်တိုင် စစ်ရေးစွမ်းရည်ကို ပိုပြီးအားကောင်းအောင်တည်ဆောက်ရပါမယ်။

ဒုတိယတစ်ခုကတော့ မဟာမိတ်နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို အရင်ထက် ပိုမို နက်ရှိုင်းအောင် လုပ်ရပါမယ်။

တတိယအချက်ကတော့ အမေရိကန်အနေနဲ့ မိမိတို့မဟာမိတ်နိုင်ငံတွေအပေါ် ပေးထားတဲ့ လုံခြုံရေး ကတိကဝတ်တွေဟာ ခိုင်မာပြီး ယုံကြည်စိတ်ချရကြောင်း လက်တွေ့ပြသဖို့ လိုအပ်နေပါတယ်။

ပထမလုပ်ငန်းစဉ်နှစ်ခုမှာတော့ တိုးတက်မှုတွေ မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ အခြေအနေကို ရင်ဆိုင်ဖို့ လုံလောက်ပြီလို့လည်း မပြောနိုင်သေးပါဘူး။

ဩစတြေးလျ၊ဂျပန် နဲ့ ဖိလစ်ပိုင်တို့ဟာ ကာကွယ်ရေးအသုံးစရိတ်တွေကို ဆက်တိုက်တိုးမြှင့်နေသလို၊ ကိုယ့်တပ်မတော်တွေကိုလည်း ခေတ်မီအောင် ပြုပြင်ပြောင်းလဲနေကြပါတယ်။ဒါ့အပြင် ဩစတြေးလျနဲ့ ဂျပန်တို့က ဖိလစ်ပိုင်ရဲ့ ရေတပ်ကာကွယ်ရေးစွမ်းရည် တည်ဆောက်နိုင်ဖို့အတွက် အကူအညီတွေလည်း ပေးနေကြပါတယ်။

ဒါပေမယ့် စဉ်းစားစရာက “အမေရိကန်သာမပါဝင်တော့ဘူးဆိုရင်ဒီအားလုံးနဲ့ လုံလောက်ပါ့မလား”ဆိုတာပါပဲ။

ဆောင်းပါးကတော့ အဖြေကို ရှင်းရှင်းလင်းလင်းပဲ ပေးထားပါတယ်။ အမေရိကန် မပါဝင်ဘူးဆိုရင် ဒီကြိုးပမ်းမှုတွေဟာ အတော်လေး အားနည်းသွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဒီလိုစိုးရိမ်မှုမျိုးဟာဥရောပမှာလည်း ပေါ်ပေါက်နေပါတယ်။ အမေရိကန်ရဲ့ လုံခြုံရေးကတိကဝတ် အပေါ် ယုံကြည်မှုတွေ လျော့ကျလာတာကြောင့် “Plan B” ဆိုတဲ့ အစားထိုးနည်းလမ်း တွေအကြောင်း ဆွေးနွေးသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ဥရောပနဲ့ အာရှကို နှိုင်းယှဉ်ကြည့်ရင် အခြေအနေက မတူပါဘူး။

အမေရိကန် မပါဝင်ရင်တောင်ကျန်ရှိတဲ့ NATO အဖွဲ့ဝင် ၃၁ နိုင်ငံရဲ့ စုစုပေါင်း ကာကွယ်ရေး အသုံးစရိတ်ဟာ သူတို့ရဲ့ အဓိကပြိုင်ဘက် ရုရှားထက် သုံးဆကျော် ပိုများနေပါတယ်။ဒါ့အပြင် အဲဒီနိုင်ငံတွေထဲက ဗြိတိန်နဲ့ ပြင်သစ် နှစ်နိုင်ငံမှာ ကိုယ်ပိုင် နျူကလီးယားလက်နက်တွေလည်းရှိပါတယ်။ အာရှမှာတော့ ဒီလို မဟုတ်ပါဘူး။

အာရှက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေက ကိုယ့်ဒေသထဲမှာ တရုတ်နဲ့ အာဏာချိန်ခွင်လျှာကို ကိုယ်တိုင်ထိန်းထားနိုင်တဲ့ အင်အား မရှိသေးဘူးဆိုတာကို ကောင်းကောင်းနားလည်ထားကြပါတယ်။

နောက်ထပ် ကြီးမားတဲ့ ကွာခြားချက်တစ်ခုကတော့ ဥရောပမှာ NATO လိုစုပေါင်းလုံခြုံရေး သဘောတူညီချက်တစ်ခု ရှိပေမယ့် အာရှမှာတော့ အဲဒီလို မရှိတာပါပဲ။ အာရှနိုင်ငံတွေဟာအမေရိကန်နဲ့ နှစ်နိုင်ငံချင်း လုံခြုံရေးစာချုပ်တွေကိုသာ အားထားနေရပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ စာချုပ်ဝင် မဟာမိတ်နိုင်ငံအားလုံးရဲ့ စုစုပေါင်း ကာကွယ်ရေးအသုံးစရိတ်ကို ပေါင်းလိုက်ရင်တောင် တရုတ်ရဲ့ကာကွယ်ရေးအသုံးစရိတ်ထက်ဝက်တောင် မရှိသေးပါဘူး။ အဲဒီနိုင်ငံတွေထဲမှာလည်း နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံမှ မရှိပါဘူး။

ဒါကြောင့် အာရှမှာတော့ တတိယလုပ်ငန်းစဉ်ဖြစ်တဲ့ အမေရိကန်ရဲ့ လုံခြုံရေးကတိကဝတ်ကို ပိုပြီး ခိုင်မာလာအောင် လုပ်ဆောင်ဖို့က ပထမနှစ်ချက်လောက်ပဲ အရေးကြီးလာပါတယ်။

အဲဒီလို လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ တရုတ်ရဲ့ခြိမ်းခြောက်မှုကိုဟန့်တားဖို့ အလေးထားနေဆဲဖြစ်တဲ့အမေရိကန်စစ်ဘက်အကြီးအကဲတွေနဲ့ အခြား အစိုးရယန္တရားအစိတ်အပိုင်းတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ။

ဒါပေမယ့် ဆောင်းပါးက ထောက်ပြထားတာက ယုံကြည်စိတ်ချရတဲ့ ဟန့်တားနိုင်စွမ်း (Deterrence) ဆိုတာ စစ်တပ်ကချည်း မဖန်တီးနိုင်ပါဘူး။ နောက်ဆုံးမှာတော့ နိုင်ငံရေးခေါင်းဆောင်ပိုင်းရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကသာ အဓိကကျပါတယ်။

လက်ရှိမှာတော့ တရုတ်အရေး လေ့လာသူတချို့က သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်အပေါ် အရင်လို တင်းတင်းမာမာ ကိုင်တွယ်ဖို့ စိတ်ဝင်စားမှု လျော့နည်းလာပုံရတယ်လို့ စိုးရိမ်နေကြပါတယ်။

အဲဒီလိုဖြစ်လာရတဲ့အကြောင်းရင်းထဲမှာ တရုတ်ဟာ မြေရှားသတ္တု (Rare Earths) တွေကို ဖိအားပေးတဲ့ လက်နက်တစ်ခုလို အသုံးချနိုင်တယ်ဆိုတာမစ္စတာထရန့် ပိုပြီးသဘောပေါက်လာတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဒီမြေရှားသတ္တုတွေက ခေတ်မီနည်းပညာနဲ့ စက်မှုလုပ်ငန်းတွေမှာမရှိမဖြစ် လိုအပ်တဲ့ အရင်းအမြစ်တွေ ဖြစ်ပါတယ်။

ဒါဆိုရင် မစ္စတာထရန့်ရဲ့ သဘောထားကို ပြန်ပြောင်းအောင် လုပ်လို့ရနိုင်သေးလား။

ဆောင်းပါးကတော့ ဥပမာတစ်ခုကို ထုတ်ပြထားပါတယ်။ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးဟာယူကရိန်းမှာအမေရိကန်အတွက် မဟာဗျူဟာမြောက် အကျိုးစီးပွားတွေ ကျန်နေသေးတယ်ဆိုတာကို မစ္စတာထရန့် လက်ခံလာအောင် စည်းရုံးနိုင်ခဲ့ပါတယ်။

တကယ်တော့ မစ္စတာထရန့်ဟာတရုတ်အပေါ် သဘောထား ပြောင်းလဲနိုင်တဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုတဲ့သက်သေက အတိတ်မှာလည်း ရှိခဲ့ပြီးသားပါ။

သူ့ရဲ့ပထမသမ္မတသက်တမ်းအတွင်း တရုတ်ကို အမေရိကန်အလုပ်အကိုင်တွေ ဖျက်ဆီးသူ၊ အမေရိကန်ရဲ့ ဉာဏပစ္စည်းမူပိုင်ခွင့် (Intellectual Property) တွေကို ခိုးယူသူအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။

အဲဒီအချိန်တုန်းကလည်း ဂျပန်ဝန်ကြီးချုပ်ဟောင်း အာဘေးရှင်ဇိုက တရုတ်ရဲ့ စစ်ရေးအန္တရာယ်ကို အလေးထားဖို့ နာရီပေါင်းများစွာ ရှင်းပြတိုက်တွန်းခဲ့တဲ့အတွက် မစ္စတာထရန့်ရဲ့သဘောထားကိုတစ်စိတ်တစ်ပိုင်းပြောင်းလဲစေခဲ့တယ်လို့ ဆောင်းပါးက ထောက်ပြထားပါတယ်။

ဒါကြောင့်လက်ရှိအချိန်မှာလည်းအာရှခေါင်းဆောင်တွေအတွက် အရေးကြီးတဲ့ အလုပ်တစ်ခုက သမ္မတထရန့်ကို တိုက်ရိုက်ရှင်းပြဖို့ပါပဲ။

သူတို့ ရှင်းပြရမယ့် အချက်ကတရုတ်ဟာ ဒေသတွင်း ပြိုင်ဘက်တစ်ယောက်သာ မဟုတ်တော့ဘဲ ကမ္ဘာ့ထိပ်သီး စူပါပါဝါ အဖြစ် အမေရိကန်ရဲ့ ရပ်တည်မှုကို စိန်ခေါ်နေတဲ့ နိုင်ငံဖြစ်တယ်ဆိုတာပါ။တရုတ်ရဲ့စစ်ရေးရည်မှန်းချက်တွေဟာ စက်မှု၊ နည်းပညာ နဲ့ စီးပွားရေးရည်မှန်းချက်တွေကနေ သီးခြားရပ်တည်နေတာ မဟုတ်ဘဲ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး အပြန်အလှန် အားဖြည့်နေတယ် ဆိုတာကိုလည်း နားလည်အောင် ရှင်းပြဖို့ လိုပါတယ်။

ကိုးကား- The Economist

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။