Connect with us

Hi, what are you looking for?

သုံးသပ်ဆောင်းပါး

ငွေကြေးဖောင်းပွမှု ၂၅ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာချိန် မြန်မာလူထုဘဝ

-ခါကာဘို ရေးသားသည်။

ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက ဒီလိုငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းရဲ့ အဓိက အကြောင်းရင်းတွေဘဲ ဖြစ်ပါတယ်။

အစီရင်ခံစာအရ ၂၀၂၆ မတ်လအဆုံး၊ ၁၂ လတာကာလအတွင်း ငွေဖောင်းပွမှုက ၂၁.၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဧပြီလမှာတော့ ၂၄.၆ ရာခိုင်နှုန်းအထိ ထပ်တက်လာပြီး မြန်မာပြည်သူလူထုရဲ့ စားဝတ်နေရေးကို တစ်ဆင့်ပြီး တစ်ဆင့် ပိုမိုဖိအားပေး မြင့်တက်လာစေပါတယ်။၂၀၂၆ ဧပြီလက အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် က သူ့စိတ်တိုင်းကျလုပ်ထားတဲ့ ​ရွေး​ကောက်ပွဲ၊လွှတ်​တော်​တို့က​နေ သူ့ဘာသာသမ္မတခန့်အပ်တဲ့လဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လောင်စာဆီရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ပြည်ပကနေ မှီခို နေရတဲ့အတွက် ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ထိခိုက်တာနဲ့ တပြိုင်နက် ပြည်တွင်းဈေးကွက်ကို တိုက်ရိုက် ရိုက်ခတ်လာပါတယ်။

ဒီလိုအခြေအနေတွေက မြို့ပြဈေးကွက်တွေအပြင် ကျေးလက် စီးပွားရေးကိုပါ အလွန်ပြင်းထန်စွာ ထိခိုက်ပါတယ်။

လယ်သမားတွေဟာ စစ်ရေးမတည်ငြိမ်မှုတွေကြောင့် ရွာတွေကနေ စွန့်ခွာရတာ၊ စစ်ဘေးရှောင်ဘဝရောက်နေရခြင်းတွေကြောင့် လယ်ယာလုပ်ငန်းတွေကို အချိန်မီ မစိုက်နိုင်တော့သလို မျိုးစေ့၊ မြေဩဇာ၊လောင်စာနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေ အလွန်မြင့်တက် လာတဲ့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကလည်း မခံနိုင်လောက်အောင် မြင့်တက်သွားပါတယ်။

တစ်ဖက်မှာလည်း စစ်မှုထမ်းဖိအားနဲ့ လုံခြုံရေးမတည်ငြိမ်မှုတွေကြောင့် လူငယ်မျိုးဆက် တစ်ခုလုံး နိုင်ငံပြင်ပကို ထွက်ခွာနေကြတဲ့အတွက် လယ်ယာစိုက်ပျိုးဘို့ လယ်သမားအင်အား သာမက စက်ရုံ၊ အလုပ်ရုံ​တွေအတွက်ပါ ကြီးမားတဲ့ လူသားအင်အား ပြတ်တောက်မှု ဖြစ်ပေါ်နေပြီး ဒီလိုအခြေအနေက ထုတ်လုပ်ရေးကဏ္ဍကို ပိုမိုကျဆင်း ဆိုးရွားစေပါတယ်။

ဒါ့အပြင် စစ်အုပ်ချုပ်ရေးအောက်က သွင်းကုန်၊ ထွက်ကုန် ကန့်သတ်မှုတွေ၊ လိုင်စင်နဲ့ ကုန်သွယ်ရေး ပိတ်ပင်မှုတွေ တိုးလာနေတာကြောင့် ပြည်တွင်း ဈေးကွက်ထဲမှာ ‌ဆေးဝါးအပါအဝင် အခြေခံ ကုန်ပစ္စည်းတွေ အင်မတန် ရှားပါးလာပြီး ဈေးနှုန်း မတည်ငြိမ်မှုတွေက နေ့စဉ်အသက်ရှင်ရေးကို တိုက်ရိုက် ဖိအားပေးလာပါ‌တော့တယ်။

တစ်ချိန်တည်းမှာပဲ စစ်ရေးပဋိပက္ခနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းအများအပြား ပိတ်သိမ်းသွားပြီး အလုပ်အကိုင်ရရှိနိုင်ဖို့ အခွင့်အလမ်းတွေကလည်း သိသိသာသာ လျော့နည်းလာတာမို့ ဒီအခြေအနေတွေက မိသားစုဝင်ငွေကျဆင်းမှု၊အလုပ်လက်မဲ့နှုန်းမြင့်တက်မှုနဲ့ ဆင်းရဲနွမ်းပါးမှုကို တစ်ပြိုင်နက်တည်း တွန်းအားပေးနေပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း မြန်မာစီးပွားရေးကို “တိုးတက်မှုမရှိဘဲ အလွန်နိမ့်တဲ့အဆင့်မှာပဲ ရပ်တန့်နေတယ်” လို့ သုံးသပ်ထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းက ၂၉.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ၂၀၂၁ မတိုင်ခင်ကာလနဲ့ နှိုင်းယှဉ်ရင်တော့ အင်မတန် နိမ့်ကျ ဆိုးရွားနေပါပြီ။

မြို့ပြမိသားစုတွေကလည်း စားဝတ်နေရေးဖိအားကို တိုက်ရိုက် ခံစားနေရပါတယ်။ ရန်ကုန်က မိသားစုတစ်စုက “အစားအသောက်တောင် မလုံလောက်တော့ဘူး၊ ကလေးတွေကို ကျောင်းမပို့နိုင်တော့ဘူး” လို့ ပြောဆိုသလို၊ ဆိုင်ရှင်အမျိုးသမီးတစ်ဦးကလည်း “ဝင်ငွေနဲ့စရိတ်မကိုက်တော့ဘူး၊နေ့တိုင်း အဆင်မပြေမှုနဲ့ပဲရင်ဆိုင်နေရတယ်”လို့ဆိုပါတယ်။

ဒီလိုအခြေအနေဆိုးတွေရဲ့ နောက်ကွယ်မှာတော့ မိဘတွေရဲ့ သောကတွေ၊ ကလေးတွေရဲ့လမ်းပျောက်သွားတဲ့ပညာရေးတွေနဲ့ နေ့စဉ် ထမင်းဝိုင်းအတွက် ရုန်းကန်နေရတဲ့ အောက်ခြေလူထုရဲ့ ရင်ထဲကနာကျင်မှုတွေက တကယ် ရင်နာစရာပါပဲ။

တစ်ဖက်မှာလည်း နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့ စစ်အစိုးရ အဖွဲ့ဝင်တွေဟာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံမရှိကြသူတွေမို့ သူတို့ရဲ့အုပ်ချုပ်ရေးယန္တရား၊ လက်တွေ့နဲ့ မကိုက်ညီတဲ့ မူဝါဒတွေ၊ အလွဲအချော်များတဲ့ ဆုံးဖြတ်ချက်တွေက အကျပ်အတည်းတွေကို ပိုမို နက်ရှိုင်းလာစေခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသက နိုင်ငံအများစုဟာ ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခွင့်အလမ်းသစ် တွေကို အလုအယက် ဖန်တီးနေချိန်မှာ စစ်အစိုးရအောက်က စနစ်တစ်ခုလုံးရဲ့ ပျက်စီးယိုယွင်းမှုဒဏ်ကို အလူးအလဲ ခံနေရတဲ့ မြန်မာနိုင်ငံကတော့ မတည်ငြိမ်မှု၊ ဆင်းရဲနွမ်းပါးမှုနဲ့ လူသားအရင်းအမြစ် ဆုံးရှုံးမှုတွေကြားမှာအပြင်းအထန်ရုန်းကန်နေရပါတယ်။

ငွေကြေးဖေါင်းပွမှုကိုကိန်းဂဏန်းတွေက ဖော်ပြနိုင်ပေမယ့် နိုင်ငံတနိုင်ငံရဲ့ ကျရှုံးမှု၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ ဆုံးရှုံးသွားတဲ့ လူငယ်တွေရဲ့ အနာဂတ်နဲ့ ပျောက်ကွယ်သွားတဲ့ အိပ်မက်တွေကိုတော့ ဘယ်ကိန်းဂဏန်းကမှ အပြည့်အဝ ဖော်ပြနိုင်မှာ မဟုတ်ပါဘူး။

ကိုးကား-The Straits Times

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ ထပ်တိုး လာနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှောင်တွေဟာ အမိုးအကာတွေအလုံအလောက်မရသေးသလို မိုးတွင်းကာလ စားနပ်ရိက္ခာအခက်အခဲနဲ့လည်း ကြုံလာရနိုင်တယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း

ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီးမြန်မာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အတွေးအမြင်

-Anynon ​ရေးသားသည်။ မြန်မာပြည်သူတိုင်းရဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေအများကြီးရှိနေပါတယ်။ဒါပေမဲ့မျှော်လင့်ချက်တွေကသာ များနေတာ ဘာမှရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာကြပါဘူး။ ဟိုဟာလေးဖြစ်မလားဆိုပြီးမျှော်လိုက်ရ၊ဒီဟာလေး ဖြစ်မလားဆိုပြီး စောင့်လိုက်ရနဲ့၊ အဆုံးသတ်မှာတော့ ဘာတခုမှ လက်တွေ့မဖြစ်လာဘဲ လေဟာနယ်ထဲမှာပဲ ပျောက်ဆုံးသွားတတ်ကြပါတယ်။ တိုင်းပြည်တခုမှာ မျှော်လင့်ချက်တွေသာ ဒီလောက်များပြားပြီးတခုမှ ဖြစ်မလာဘူးဆိုရင်တော့ ဒီတိုင်းပြည်မှာ တခုခု အလွန်အမင်း...

သတင်း

မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ (Black Lists )အဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က ကြေညာလိုက်ပါတယ်။