Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“(SCEFနဲ့​တော်လှန်​ရေးအဖွဲ့​တွေ) တွေ့ဆုံမှုအားလုံးက အဆင်ပြေပါတယ်။”

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့ ချင်းပြည်ကောင်စီ အစည်းအဝေးအ​ကြောင်းစတာ​တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

■ထားမြတ်/People’s Spring

မေး-ချင်းပြည်ကောင်စီ အစည်းအဝေးလုပ်ထားတာဆိုတော့ ဘာတွေထူးခြားပါသေးလဲ။

Public Service Announcement

Public Service Announcement

ဖြေ-ချင်းလဲန်းကောင်စီရဲ့ ဒုတိယအကြိမ် ကောင်စီအစည်းအဝေးကြီးပေါ့။ အဲဒါ ကျနော်တို့ အောင်မြင်စွာပြီးဆုံးပါတယ်။ အဓိကတော့ ကျနော်တို့ဒီနေ့ဒီအချိန်မှာ ချင်းလဲန်းကောင်စီမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေ ပိုမိုခိုင်မာအောင်းကောင်းရေးပေါ့။ အဓိက လုပ်နိုင်ဖို့တခုတည်းသော One Policy, One Budge နဲ့သွားနိုင်ဖို့ဆိုတဲ့ဟာတွေ အဓိကတော့ ထဲထဲဝင်ဝင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ နောက်ပြီးတော့ကောင်စီအစည်းအဝေးမှာ တပြည်လုံးအတိုင်းအတာနဲ့ လုပ်နေတဲ့ SCEF ရဲ့ ရပ်တည်ချက်တွေအပေါ်သုံးသပ်မှု၊ လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် သုံးသပ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအပေါ်မှာ အဓိကကတော့SCEF ရဲ့ ရပ်တည်ချက်အပေါ်မှာ ရှေ့လုပ်ငန်းစဉ် အပေါ်မှာ ကျနော်တို့ အဲဒီမှာ အစီရင်ခံစာတွေတင်သွင်းမှုတွေလုပ်တယ်။ လုပ်တဲ့ အဓိကက အာဆီယံရဲ့ Five-Point Consensus အပေါ် SCEF ရဲ့ရပ်တည်မှုကို ကျနော်တို့က ကြိုဆိုတာပေါ့။ နောက်ပြီးတော့ စစ်ကောင်စီရဲ့ ရက်ပေါင်း ၁၀၀ အစီအမံအောက်ကသွားနေတဲ့ လုပ်ငန်းစဉ်က အဲဒီလို သူကတော့ ဘလိုင်းကြီးလုပ်နေတဲ့ဟာသူတို့ ရပ်တည်ချက်အတိုင်းသွားနေတဲ့ပုံစံကမဖြစ်သင့်ဘူး။ လက်ရှိအခြေအနေ အခင်းအကျင်းက တော်လှန်ရေး ၅ နှစ်တာ ကာလအတွင်းပြည်သူရဲ့ အခက်အခဲတွေ ပြည်သူအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ပြီးမှ လုပ်ဆောင်သင့်တယ်။ အဲဒီလို ပြောလိုက်လို့ အဲဒီမှာ ပါဝင်နေတဲ့ Stakeholder တွေကစစ်ကောင်စီရဲ့ လှုပ်ရှားမှုကို အလေးထားသတိထားပြီးတော့ လှုပ်ရှားဆောင်ရွက်ဖို့လိုတယ် ဆိုတဲ့ဟာတွေပေါ့။ အဲဒါကို ကျနော်တို့က ဆွေးနွေးသုံးသပ်ပြီး ချမှတ်ခဲ့တာဖြစ်ပါတယ်။

မေး-ချင်းလဲန်းကောင်စီ တပ်ဖွဲ့တွေ အမိန့်တခုတည်းဘတ်ဂျက်တခုတည်း စုစည်းမှု တခုတည်းသွားဖို့ ဆိုတဲ့အပေါ် ရှင်းပြပေးပါလား။

ဖြေ-ကျနော်တို့က ချင်းလဲန်းကောင်စီဖွဲ့ပြီးကတည်းကိုက ချင်းလဲန်းကောင်စီထဲမှာ Local Defense Forces တွေရှိတယ်။ ပြီးတော့ကျနော်တို့ ချင်းအမျိုးသားတပ်မတော်ရှိတယ်ပေါ့။ သူတို့နှစ်ခုပေါင်း စစ်ဆင်ရေးတွေ လုပ်တဲ့အခါ ချင်းလဲန်းအစိုးရရဲ့ တပ်ဖွဲ့အနေနဲ့ ကျနော်တို့က တည်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ဆင်ရေးကိုလုပ်တဲ့နေရာမှာစစ်ရေးအောင်မြင်ဖို့က သူ့အဖွဲ့ ကိုယ့်အဖွဲ့ဆိုတာမျိုးမဟုတ်ဘဲOne Command, One Chinအဲဒီလိုအောက်ကနေ သွားနိုင်ဖို့ကို ကျနော်တို့က ဆက်လက်ပြီးတော့ ဖွဲ့ပြီးသားကို ပိုမိုခိုင်မာအားကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာပေါ့။

မေး-ချင်းညီနောင်အဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ဘာသတင်းစကား ပြောလိုပါသလဲ။

ဖြေ-အခုအချိန်မှာ ကျနော်တို့က အဲဒီကိစ္စကို ပြန်လည်ပြီးတော့ ပေါင်းစည်းနိုင်ရေးဆိုတဲ့ Process ကအရင်ကCNC ဆိုတဲ့ ချင်းနေရှင်နယ်ကောင်စီဆိုတဲ့အောက်ကသွားပြီးတော့မှ အတူတူ အဲဒီလိုမျိုးနဲ့တဖွဲ့တည်းဖြစ်နိုင်ဖို့ဆိုတဲ့ Process က ရှိနေတယ်။ ဒါပေမဲ့ အဲဒါတွေကို အကောင်အထည်ဖော်မှုမှာ အားနည်းနေသေးတယ်။အခုသိရသလောက်တော့ ဘယ်လိုပုံစံနဲ့ ပေါင်းစည်းချင်တယ်ဆိုတဲ့ သဘောထားတွေကတော့ အားလုံးသီးခြားစီထွက်ပြီးပြီပေါ့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မကြာခင် ကျနော်တို့က သူတို့နဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးဖို့တော့ အခု ကျနော်တို့ အကောင်အထည်ဖော်နေဆဲဖြစ်တယ်။

မေး-ဒီလိုချင်းညီနောင်နဲ့ တွေ့ဆုံရာမှာ ချင်းပြည်ကောင်စီစုဖွဲ့မှုနဲ့ တွေ့မလား။

​ဖြေ- ကျနော်တို့ကချင်းလဲန်းကောင်စီနဲ့ ICNCC(ချင်းညီနောင်ရဲ့ နိုင်ငံရေးအစုအဖွဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ) ဆိုတဲ့ဟာ ရှိနေတဲ့အခါကျတော့ အဲဒါ နိုင်ငံရေးအင်အားစုကြီး နှစ်ခုလို့ ပြောလို့ရပါတယ်။ အဲဒါ ကောင်စီအနေနဲ့ သွားမှာ ဖြစ်ပါတယ်။ကောင်စီကတော့ အစုအဖွဲ့အားလုံး ပါဝင်တာပေါ့။ အဲဒီလိုနဲ့ကျနော်တို့က တွေ့ဆုံမှုလုပ်မှာ ဖြစ်ပါတယ်။ တဖွဲ့ချင်းတွေ့တယ်ဆိုရင်တော့ တဖွဲ့ချင်း တဖွဲ့ချင်းဆိုတာက အချိန်ကလည်း ကြာတယ် သဘောထား စုစည်းမှုမှာလည်း အခက်အခဲရှိတယ် အဲဒါကြောင့် ကျနော်တို့က အစုအဖွဲ့ နှစ်ဖွဲ့အနေနဲ့ တွေ့မှာ ဖြစ်ပါတယ်။

မေး-ICNCCနဲ့ ချင်းလဲန်းကောင်စီ ဆွေးနွေးမှုကနေ ပေါင်းစည်းရေးကို ကြိုးစားမှာလား။

​ဖြေ-ဟုတ်တယ်။ အဲဒီလိုပဲ။ အခုဆိုရင်တော့ တဖက် ညီအကို မီဇိုရမ်အစိုးရ ဝန်ကြီးချုပ်ကိုယ်တိုင် ကမကထ ပြုနေတာရှိသလို ပြီးတော့ ပြည်ပမှာ ရောက်နေတဲ့ ချင်းရဲ့ ဘာသာရေးအသင်းအဖွဲ့ကြီးတွေလည်း ပါဝင်မှုတွေ ရှိပါတယ်။

မေး-အာဏာသိမ်းစစ်တပ်ရဲ့ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်မှာပါနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ဘာသတိပေးလိုပါသလဲ။

ဖြေ-အဲဒီကိစ္စမှာ စကစရဲ့ လုပ်ဆောင်ချက်ကို ကျနော်တို့က ကြိုတင်ပြင်ဆင်မှုတွေ ဘုံရပ်တည်ချက်တွေမရှိဘဲနဲ့ သူတို့ ခေါ်တိုင်း သွားနေတဲ့ပုံစံမျိုးကကျနော်တို့ ကအကွဲကွဲအပြားပြားမဖြစ်စေချင်ဘူး။ပြီးတော့သူကသူ့လုပ်ငန်းစဉ်အတိုင်းလုပ်နေတဲ့အပေါ် အယုံအကြည်တော့မရှိဘူး။ အဲဒါကြောင့် အဲဒီကိစ္စက တွေ့ဆုံတဲ့ အဖွဲ့အစည်းတွေ ဖြစ်ဖြစ် နိုင်ငံတကာ ဖြစ်ဖြစ် တဖက်ကနေ တကယ့်သဘောထားအစစ်အမှန်ကို ကြည့်ပြီးတော့မှ လုပ်ဖို့လိုပါတယ်။ အဲဒီလို မလုပ်ဘူးဆိုရင်တော့ အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ အစိုးရဆိုတာကို တရားဝင်မှုပေးသွားသလို ဖြစ်နေပြီလို့ကျနော်တို့က အဲဒီလို ယူဆတယ်။ အဲဒါ​ကြောင့် လုပ်တဲ့နေရာမှာ ချင့်ချင့်ချိန်ချိန်နဲ့ သတိထားလုပ်ဖို့ပဲ ပြည်သူကိုသော်လည်းကောင်း Stakeholderကို သော်လည်းကောင်း တိုက်တွန်းချင်ပါတယ်။

မေး-တချို့အဖွဲ့တွေက စစ်ရေးအပြင် တရုတ်အစိုးရ ဖိအားတွေကြောင့် စကစနဲ့ မတွေ့ချင်လည်းတွေ့နေရတယ်ဆိုတာမျိုး ပြောကြတာရှိတော့ ဒီအပေါ် ဘာပြောလိုပါသလဲ။

ဖြေ-ကျနော်တို့ စဉ်းစားတဲ့နေရာမှာ တပြည်လုံး တနိုင်ငံလုံးအတိုင်းအတာ အပြောင်းအလဲကို လုပ်ချင်သလား ကိုယ့်ရဲ့ အစုအဖွဲ့ အခက်အခဲကြောင့် ကိုယ့်တဖွဲ့တစည်းတည်းရဲ့ အကျိုးစီးပွားကြောင့်ပဲ တွေ့သလားဆိုတဲ့ဟာကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအပေါ်မှာပဲ မူတည်ပါတယ်။ ပြီးတော့ နိုင်ငံတကာဆိုတာလည်း ကျနော်တို့ ကြည့်ရသလောက် အများအားဖြင့်တော့ တပြည်လုံးငြိမ်းချမ်းရေးထက် နှစ်နိုင်ငံဆိုပြီးတော့ သူတို့ရဲ့ အကျိုးစီးပွားတွေ ပိုပြီးတော့လုပ်လာတဲ့ အနေအထားတွေ ဥပမာ အိမ်နီးချင်းနိုင်ငံ ထိုင်းတို့လုပ်ဆောင်မှုကအားလုံးသိတဲ့အတိုင်းပေါ့ ဒီဘက် အိန္ဒိယဘက်ကလည်း အဲဒီလိုပဲ ဖြစ်နေတယ်။ အဲဒါကို ကျနော်တို့ ပြောနေတာတွေက အဲဒါတွေကို ကျနော်တို့ ရေရှည်အကျိုးအတွက် ကိုယ့်နိုင်ငံအကျိုးစီးပွား ထက် မစဉ်းစားဘဲနဲ့နယ်စပ်လုံခြုံရေးအဆင့်လောက်နဲ့ လုပ်တာမျိုးလောက်တော့မဖြစ်စေချင်ဘူး။အဲဒါကို အိမ်နီးချင်းနိုင်ငံကို တိုက်တွန်းချင်တယ်။

မေး-ထိုင်းတို့ အိန္ဒိယတို့ တရုတ်တို့ သုံးနိုင်ငံလုံး အဲဒီလို လုပ်နေကြတာလား။

ဖြေ-အခုလုပ်တဲ့ပုံစံက အဲဒီလိုပုံစံပဲ။အားလုံးက မျက်မြင်ဖြစ်ပါတယ်။ ကျနော်အဲဒီလိုပဲပြတ်ပြတ်သားသားပြောချင်ပါတယ်။

မေး-SCEF က တော်လှန်ရေးအင်အားစုတွေနဲ့ တောက်လျှောက်တွေ့နေတဲ့ အနေအထား ရှင်းပြပေးပါလား။

ဖြေ-SCEF အနေနဲ့ ရွေးတုအစိုးရမပေါ်ပေါက်ခင်ကတည်းက SCEFက သဘောထားချမှတ်ပြီးသား။ နိုင်ငံရေးရပ်တည်ချက် ဦးတည်ချက်တွေရှိခဲ့ပြီးသားဖြစ်ပါတယ်။ လုပ်တဲ့နေရာမှာ လက်ရှိနိုင်ငံတကာသော်လည်းကောင်း ရွေးတုအစိုးရ လှုပ်ရှားမှုသော်လည်းကောင်း အခင်းအကျင်းအပေါ်မှာ ကျနော်တို့ဘယ်လိုဆောင်ရွက်မလဲ ဘယ်လိုတုန့်ပြန်သင့်လဲဆိုတာကျနော်တို့မှာရှိခဲ့ပြီးသားဖြစ်ပါတယ်။ အဲဒီလို လုပ်လိုက်လို့SCEFအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်မယ်ဆိုတာမျိုးမဟုတ်ပါဘူး။ ကျနော်တို့ တပြည်လုံးအတိုင်းအတာနဲ့ ဖြစ်စေချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်လုပ်တဲ့နေရာမှာ ရပ်တည်ချက်အတိုင်းကျနော်တို့ ရပ်တည်ပြီးတော့မှ လက်ရှိ စစ်ကောင်စီရဲ့ တုန့်ပြန်မှု နိုင်ငံတကာ တုန့်ပြန်မှုတွေ ချင့်ချိန်ပြီးတော့အခုကကျနော်တို့က စုစုစည်းစည်းနဲ့ ပြန်ပြီးတော့လှုပ်ရှားနေတာဖြစ်ပါတယ်။

မေး- စစ်ကောင်စီက ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေအများကြီးရှိတယ်။ အဲဒီလို ကျူးလွန်ခဲ့တာ​တွေအတွက် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုကိုအကောင်အထည်မဖော်ဘဲ ဆွေးနွေးတာမျိုးက သင့်ပါသလား ရပ်တည်ချက်က ဘယ်လိုရှိပါသလဲ။

ဖြေ-စစ်ကောင်စီဘက်က အာမခံချက် တခုခုပြည်သူလူထု ယုံကြည်အောင်တခုခုပြသဖို့ လိုပါတယ်။တဖက်မှာ ဆွေးနွေးမယ် ငြိမ်းချမ်းရေးဆိုပြီး ခေါင်းစဉ်အကြီးကြီးတပ်ပြီး တဖက်မှာ ကျနော်တို့ကို သူ့ရဲ့ ဘောင်ထဲဝင်သွားအောင်ဆိုပြီး ပြည်သူကို နှိပ်စက် လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာက လုံး၀ စစ်ကောင်စီအနေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးကို စတာမဟုတ်ဘူး။ အဲဒါကြောင့် အဲဒီလိုလုပ်နိုင်ဖို့က သူကပြည်သူရဲ့ယုံကြည်မှုကို သက်သေပြဖို့လိုတယ် အဲဒါက ဘာလဲဆိုတော့ စတိတ်မန့်မှာ ကျနော်တို့ ထုတ်ပြီးသားဖြစ်ပါတယ်။အနိမ့်ဆုံးအဆင့်ကအကြမ်းဖက်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ပေးရမယ်။ လုပ်ချင်သပဆိုရင်ပေါ့။သူ့ရဲ့ လုပ်တဲ့အပေါ် ကျနော်တို့က စောင့်ကြည့်ပြီး တုန့်ပြန်ရမှာပေါ့။

မေး-AA တို့ မွန်တို့၊ပအိုဝ်းတို့ စတဲ့တပ်တွေကို SCEF တောက်လျှောက်တွေ့တာ အဲဒီလို တွေ့ဆုံမှုတွေအပေါ် ရှင်းပြပေးပါလား။

ဖြေ-အားလုံးကတော့ မိတ်ဖက်တွေပါပဲ။ ဒီစစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ မြန်မာနိုင်ငံ အပြောင်းအလဲ နိုင်ငံရေးအပြောင်းအလဲ ရှိနိုင်ဖို့ကတော့ကျနော်တို့က အတူတကွ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာ ဆွေးနွေးကြတာဖြစ်ပါတယ်။ အဲဒါ ဘယ်သူမှ မငြင်းကြပါဘူး။အဲဒါ SCEF ဖွဲ့စည်းမှုကိုလည်းသူတို့က ထောက်ခံကြိုဆိုသလို သူတို့ရဲ့ လှုပ်ရှားမှုကိုလည်း ကျနော်တို့ ထောက်ခံတယ်။ အပြန်အလှန် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေရှာတာပေါ့။ တွေ့ဆုံမှုအားလုံးက အဆင်ပြေပါတယ်။

မေး-အပြန်အလှန် ပူးပေါင်းဆောင်ရွက်တယ်ဆိုတာမှာ စစ်ရေး နိုင်ငံရေး ကဏ္ဍနှစ်ရပ်လုံးလား။

ဖြေ-လုပ်ဆောင်မှုတိုင်းမှာပေါ့။ အဲဒီလို စစ်ရေးသပ်သပ် လုပ်တဲ့ အဖွဲ့အစည်းဆိုရင် စစ်ရေးမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတဲ့ဟာပေါ့။ နိုင်ငံရေး စစ်ရေးကို တပေါင်းတည်း အဲဒီလို လုပ်သလို လက်ရှိ ပြဿနာ အခင်းအကျင်း ပြည်သူရဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ဟာက အစပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

မေး-SCEF အဖွဲ့ဝင်သစ်တွေ တိုးလာဖို့ အလားလာ ဘယ်လိုရှိပါသလဲ။

ဖြေ-အဲဒါတွေလည်း ကျနော်တို့ အဆင့်လိုက်သွားမှာဖြစ်ပါတယ်။ အဆင့်လိုက် သွားနိုင်ဖို့ ဆွေးနွေးညှိနှိုင်းတာမျိုးတွေလုပ်နေတာ။ အဲဒါ တွေလည်း ပါပါတယ်။

မေး-လက်ရှိ အခြေအနေတွေအပေါ် ပြည်သူတွေနဲ့ နိုင်ငံတကာကို ဘာသတင်းစကား ပါးလိုပါသလဲ။

ဖြေ-ကျနော်တို့ SCEF ဆိုတာ တော်လှန်ရေး ၅နှစ်တာကာလ အတွေ့အကြုံကို ကျနော်တို့ အားနည်းချက်တွေ အားသာချက်တွေ ပြန်လည်ဖော်ထုတ်ပြီး စစ်ကောင်စီကို တွန်းလှန်နိုင်မယ့် အပြောင်းအလဲ ဖြစ်နိုင်မယ့် အစုအရပ်ကြီးတခု SCEFကို ဖွဲ့စည်းတာဖြစ်ပါတယ်။ကျနော်တို့နဲ့ ရည်မှန်းချက်တူ ဦးတည်ချက်တူတယ်ဆိုရင်တော့ အင်အားကောင်းတဲ့ One Command, One Strategy(တစ်ခုတည်းသော အမိန့်ပေးကွပ်ကဲမှုနှင့် တစ်ခုတည်းသော စစ်ဗျူဟာ) အောက်မှာရှိတဲ့တပြည်လုံးအတိုင်းအတာ အပြောင်းအလဲအတွက် အခုက အတက်နိုင်ဆုံးလုပ်နေတာဖြစ်ပါတယ်။ ဘယ်သူ့ဘယ်သူကိုယ်မှ ပစ်ပယ်တာမျိုးမဟုတ်ဘူး။ အဲဒါကြောင့် ကျနော်တို့ ဦးတည်ချက် ရပ်တည်ချက် တူညီပြီးသား ဆိုတော့ အဲဒါတွေနဲ့ အားကောင်းကောင်းနဲ့ သွားနိုင်ဖို့က SCEF ရဲ့အဓိကရည်မှန်းချက်နဲ့ ဦးတည်ချက် ယုံလည်းယုံကြည်တယ်။အဲဒါကြောင့် အဲဒါကို ပံ့ပိုးပေးကြဖို့ နိုင်ငံတကာကိုရော ကျနော်တို့ ပြည်သူကိုရောတိုက်တွန်းချင်ပါတယ်။

မေး-စစ်တပ်က ငြိမ်းချမ်းရေးလို့ ပါးစပ်ကပြောပေမဲ့ ထိုးစစ်တွေ လေကြောင်းတိုက်ခိုက်တာတွေနေရာအနှံ့လုပ်နေတာ။အဲဒီအပေါ် ခုခံကာကွယ်မှုတွေအရှိန်မြှင့်လာနိုင်လား

ဖြေ-ကျနော်တို့မှာစစ်မဟာဗျူဟာညှိနှိုင်းကွပ်ကဲရေးကော်မတီ ဆိုတာ ကျနော်တို့ ဖွဲ့ထားတယ်။ အဲဒီမှာ စစ်ပိုင်းဆိုင်ရာ စစ်ရေးအကြီးအကဲတွေနဲ့ ကိုအဲဒါနဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။ အခု SCEF ဖွဲ့ပြီးတာလည်း သုံးလဆိုတော့ကျနော်တို့ ဘယ်လို ရှေ့ဆက်ပြီးတော့ Chain of Command(အထက်အောက် အမိန့်ပေးစနစ်) ကအစ စစ်သည်တော် ကျင့်ဝတ်တွေအစ ကျနော်တို့ အဲဒါပြီးသလောက်တော့ရှိနေပါပြီ။ ဆက်လက်ပြီးတော့ အဲဒီအတိုင်းပဲ ကျနော်တို့ သွားမှာ ဖြစ်ပါတယ်။ ဒါရိုက်ဖွဲ့စည်းပြီးတခါတည်း တိုက်ပွဲဝင်ဆိုတာမျိုးမဟုတ်ဘဲ ကျစ်ကျစ်လစ်လစ်နဲ့သွားနိုင်ဖို့ ကျနော်တို့ လုပ်ထုံးလုပ်နည်းတွေ လုပ်ငန်းလမ်းညွှန်တွေ စစ်သည်တော်ကျင့်ဝတ်တွေ ပြုစုရေးဆွဲပြီး ပြီးသလောက်တော့ရှိနေပါပြီ။ အဲဒီကနေ သွားမှာဖြစ်ပါတယ်။

မေး-ဘာများဖြည့်စွက်ပြောလိုပါသလဲ။

ဖြေ-ပြောစရာတော့ မရှိတော့ပါဘူး။

လူထု​နွေဦး- ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က ဖက်ဒရယ်ယူနစ် လွှတ်တော်အစိုးရတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇူလိုင် ၁၇ရက်ကနေ ၂၃ရက် ၈ရက်တာအတွင်း အဖွဲ့အစည်း ၁၁ ဖွဲ့ထက်မနည်းကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ ဇူလိုင် ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။