ခါကာဘို ရေးသားသည်။
မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာဧပြီလမှာ မိမိကိုယ်မိမိ သမ္မတအဖြစ်ကြေညာပြီးနောက်လာအို ၊အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ရုရှားနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေကို ဆက်တိုက်ဆိုသလို သွားရောက်ခဲ့ပြီး ယခု စက်တင်ဘာလ ၁၁ ရက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံကို ၇ နိုင်ငံမြောက်ခရီးစဉ်အဖြစ်သွားရောက်ခဲ့ပါတယ်။ငါးလအတွင်း၇နိုင်ငံအထိ နိုင်ငံတကာသံတမန်ရေးရာ ထိုးစစ်ဆင်နေတာဟာ ၂၀၂၁ အာဏာသိမ်းမှုအပြီး ပယ်ကျဉ်းခံထားရတဲ့ အခြေအနေကနေ ရုန်းထွက်ပြီး နိုင်ငံတကာစင်မြင့်ဆီ ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းနေတာပါ။
ဒါပေမဲ့ ဒီလို သွားရောက်တွေ့ဆုံမှုတွေဟာ မင်းအောင်လှိုင် မျှော်လင့်နေသလို တကယ့် “တရားဝင်မှု” ကို ရရှိတာဟုတ်မဟုတ် ဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

Public Service Announcement
အဓိကသွားရောက်တဲ့ နိုင်ငံတွေကို ကြည့်ရင်၊ အာဏာမသိမ်းခင်ကရော ၊အာဏာသိမ်းပြီးနောက်ပိုင်းရော မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တဲ့ နိုင်ငံတွေဖြစ်နေတာကိုတွေ့ရပါတယ်။မြန်မာပြည်သူတွေကြားမှာရော ဒီမိုကရေစီတန်ဖိုးများကို အားပေးတဲ့ အနောက်နိုင်ငံတွေ နဲ့ အာဆီယံအဖွဲ့ဝင်အချို့နိုင်ငံတွေမှာပါ တရားဝင်မှု မရရှိသေးပါဘူး။ အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှား၊စင်ကာပူ၊ဖိလစ်ပိုင် ၊တီမောတို့လို အာဆီယံနိုင်ငံတွေကတော့ စစ်အစိုးရဘက်က အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်မဖော်သမျှ စစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့လက်ခံတွေ့ဆုံမှု အခင်းအကျင်းတွေကို သေချာကြည့်ရင် မင်းအောင်လှိုင်ကို တကယ်တမ်း အသိအမှတ်ပြုချင်လို့ထက် သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ တာဝန်ယူရမှုကို လျှော့ချချင်တာကြောင့် သံတမန်ရေးရာ နည်းဗျူဟာတွေ သုံးထားတာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံဆိုရင် ကီလိုမီတာ ၂,၄၀၀ ကျော် ထိစပ်နေတဲ့ နယ်စပ်လုံခြုံရေး၊ စီးပွားရေး၊ ရွှေ့ပြောင်းအလုပ်သမား နဲ့ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းတွေလို လက်တွေ့ကျတဲ့ နှစ်နိုင်ငံ ပြဿနာတွေကို ဖြေရှင်းဖို့အတွက်သာ တွေ့ဆုံတာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။
ထိုင်းအစိုးရဟာ လက်တွေ့လိုအပ်ချက်အရ တွေ့ဆုံဆွေးနွေးတာ(Engagement)နဲ့ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုတာ (Recognition)ကိုသီးခြားစီခွဲခြားထားပြီးမင်းအောင်လှိုင်စစ်အစိုးရကို တရားဝင်အသိအမှတ်ပြုဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။သို့သော်လည်း လက်တွေ့မှာ ကော်ဇောနီခင်း ကြိုဆိုတာမျိုးတွေဟာ အာဏာသိမ်းအစိုးရအတွက် နိုင်ငံရေးအရ ထင်ယောင်ထင်မှား အသုံးချစရာ ဖြစ်သွားစေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာဆိုရင်ပိုပြီးတော့တောင်ပါးနပ်တဲ့နိုင်ငံရေးလှည့်ကွက်ကို တွေ့ရပါတယ်။ အာဆီယံနိုင်ငံအချို့နဲ့ အနောက်အုပ်စုက မင်းအောင်လှိုင်ကို တရားဝင်မှုမပေးရေး ပြင်းပြင်းထန်ထန် ရပ်တည်နေချိန်၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ ဖမ်းဝရမ်းသတင်းတွေထွက်ပေါ် နေချိန်မှာအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ဝန်ကြီးချုပ် ဟွန်မာနက်တို့ အစိုးရအဖွဲ့ဟာတိုက်ရိုက် တာဝန်ယူရမှုကို ရှောင်လွှဲချင်ခဲ့တာကြောင့် မင်းအောင်လှိုင်ကို ဖိတ်ကြားရာမှာ ဘုရင် နိုရိုဒွန်သီဟမိုနီရဲ့အမည်ကိုသုံးပြီးနန်းတွင်းသံတမန်ရေးရာ ထုံးတမ်းစဉ်လာ (Royal Protocol) အဖြစ် ပုံဖော်ဖိတ်ကြားခဲ့တာပါ။
ရုတ်တရက်ကြည့်လိုက်ရင်ဘုရင်ကိုယ်တိုင်ဖိတ်ကြားထားသလိုထင်ရနိုင်ပါတယ်။ ဒါပေမဲ့တကယ်တမ်း ကမ္ဘောဒီးယား ဖွဲ့စည်းပုံအရ ဘုရင်မှာ အုပ်ချုပ်ရေးအာဏာ လုံးဝမရှိဘဲ အခန်းအနားဆိုင်ရာ ကဏ္ဍမှာသာရှိပါတယ်။ အဓိက ဆုံးဖြတ်ချက်တွေကိုတော့ ဟွန်ဆန်နဲ့ ဟွန်မာနက်တို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကပဲ ချမှတ်တာပါ။ ဒါကြောင့် ဘုရင်ရဲ့ နာမည်ကို အသုံးပြုတာဟာ နိုင်ငံတကာက တိုက်ရိုက်ဝေဖန်မှုတွေ၊ ဖိအားတွေကိုအစိုးရအဖွဲ့အပေါ်တိုက်ရိုက်မကျရောက်အောင် တာဝန်ယူမှုကို ရှောင်ရှားတဲ့ နည်းဗျူဟာ ဖြစ်နိုင်ကြောင်း လေ့လာသူအများစုက သုံးသပ်ကြပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေကတော့ ပြည်သူက ရွေးကောက်တင်မြှာက်ထားတဲ့ အစိုးရကို အာဏာသိမ်းပြီး စစ်တပ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေကို အတုအယောင်အဖြစ်ပဲ သတ်မှတ်ထားပါတယ်။မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားနေတာကြောင့်လည်းပိတ်ဆို့အရေးယူမှုတွေကို လျှော့ပေါ့ပေးမယ့် လက္ခဏာ လုံးဝမရှိသေးပါဘူး။
အချုပ်အားဖြင့် မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာအပေါ်ယံအားဖြင့် သံတမန်ရေး အောင်မြင်မှု တစ်ရပ်အဖြစ် ပုံဖော်ထားပေမယ့် လက်တွေ့မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့လက်တွေ့အကျိုးစီးပွားနဲ့သံတမန်ရေးတွက်ချက်မှုတွေအပေါ် အခြေခံထားတဲ့ထိတွေ့ဆက်ဆံမှုများသာဖြစ်နေပါတယ်။ဒါကြောင့် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုအတွက် စစ်မှန်တဲ့ နိုင်ငံတကာ တရားဝင်မှု ရရှိဖို့က လက်ရှိအခြေအနေအရ အလွန်ဝေးကွာနေကြောင်း မြင်တွေ့ရပါတယ်။ ။
ကိုးကား – DW, Reuters, Associated Press (AP), Cambodia Ministry of Foreign Affairs

















































