Connect with us

Hi, what are you looking for?

အတွေးအမြင်

ကိုယ်တိုင်ရေးရာဇဝင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ယောနသံ/People’s Spring

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သဖန်းဆိပ်ဆည် နဲ့ ငဝန်မြစ် တို့က အရေးကြီးစာမေးပွဲမေးခွန်းတစ်စုံယူလာပြီး NUG အစိုးရနဲ့ စစ်ကောင်စီရှေ့ကို ပစ်ချလိုက်တာပါ။ငဝန်မြစ်ရေကာတာကျိုးကျလို့ဧရာဝတီတိုင်းမှာရေ ဘေးကြုံနေစဉ် စစ်ကိုင်းတိုင်းမှာလည်း သဖန်းဆိပ်ဆည်ရေ​လျှံပြီး သတိ​မ​ပေးဘဲ ရုတ်တရက်ဖောက်ချလို့ ဒေသခံသိန်းချီ ရေဘေးသင့်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဧရိယာကျယ်ကျယ်ထိန်းချုပ်ထားတဲ့ NUG အစိုးရက စစ်ကိုင်းတိုင်းရေဘေး ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးကို ဦးဆောင်ကိုင်တွယ်‌ခဲ့ပါတယ်။ဧရာဝတီတိုင်းကိုအပြည့်အဝထိန်းချုပ်ထားတဲ့ စစ်တပ်ကလည်း ဧရာဝတီရေဘေးကို စီမံခန့်ခွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လူထုကို ဗဟိုပြုတဲ့ အစိုးရတရပ်ရဲ့ အရည်အချင်းတွေကိုစစ်ထုတ်တဲ့ ဒီပြိုင်ပွဲကို ၅မျဉ်း စောင်း နဲ့ ၁၄မျဉ်းစောင်းသားတွေက တိုက်ရိုက် Live ကြည့်ခွင့်ရခဲ့ကြပါတယ်။

●ဧရာဝတီရေဘေး လူလုပ်ဘေးလား သဘာဝဘေးလား

ဘာကြောင့် စိုက်ထူထားလဲဆိုတာ တိတိကျကျမသိရတဲ့”ရိုးသား၊ကြိုးစားဧရာဝတီသား”လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို ရန်ကုန်တိုင်းကနေဧရာဝတီတိုင်းထဲကိုဝင်တဲ့ ဗိုလ်မြတ်ထွန်းတံတားအဆင်း အဝေးပြေးလမ်းဆုံလမ်းခွမှာ မြင်ရပါလိမ့်မယ်။

အဲဒီဆိုင်းဘုတ် ပတ်ဝန်းကျင်မှာအရင်က မကြုံဖူးတဲ့ရေတွေဝင်နေပြီး ဧရာဝတီတိုင်းဟာ ကာလရှည်ရေဘေးသင့်တဲ့ ဒေသဖြစ်နေပါတယ်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ သာပေါင်း၊ ကျောင်းကုန်း၊ ပန်းတနော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေဝင်နေပါတယ်။၃၆နှစ်အတွင်း အဆိုးရွားဆုံးရေဘေးဒဏ်ကို ဒေသခံတွေ ရင်ဆိုင်နေရပါတယ်။

ရေကာဝာာမကျိုးခင်အခြေအနေမှာရေစိမ့်နေတာကို ဒေသခံတွေက ကြိုတင်သတင်းပေးပို့ခဲ့ပေမယ့် စစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေက အချိန်မီလာမကြည့်ခဲ့ကြဘူးလို့ မြို့ခံတွေကပြောပါတယ်။

“လေးမျက်နှာမှာမြို့ပေါ်ရပ်ကွက်၅ ခုပဲရှိပေမယ့် မြို့ကြီးတွေမှာလို ဌာနဆိုင်ရာရုံးပေါင်းစုံရှိတယ်။ ဘာကြောင့်ဖွင့်ထားမှန်းလည်းမသိဘူး။အလုပ်လည်းမလုပ်ကြဘူး။ တာကျိုးတာကို ကျနော်တို့မြို့ခံတွေသံသယအများကြီးရှိတယ်”လို့လေးမျက်နှာမြို့ခံအမျိုးသားတဦးကပြောပါတယ်။

လေးမျက်နှာမြို့နယ်ဟာ ရခိုင်ရိုးမနဲ့ဆက်စပ်နေပြီးအာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေရဲ့ထိုးစစ်လမ်းကြောင်းကိုဖြတ်တောက်ချင်လို့ စစ်ကောင်စီက ရေကာတာကို တစ်ဖက်လက်နဲ့ ချိုးချခဲ့တာလို့ ဒေသခံတွေကိုယ်တိုင်သံသယရှိနေပါတယ်။

ရေကာတာကျိုးပြီးတဲ့နောက်မြို့နယ်၆ခုထက်မနည်းကဒေသခံတွေ သောင်းချီပြီး အိုးပစ်အိမ်ပစ်ထွက်‌ပြေးခဲ့ကြရပါတယ်။ကျိုးကျတဲ့ ရေကာတာကို ရက်အနည်းငယ်အတွင်းပိတ်ဆို့နိုင်မယ်လို့စစ်တပ်ခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်ကတလွဲပြောခဲ့ပါတယ်။ ဒါပေမယ့်တစ်လကျော်မှ ပိတ်နိုင်ခဲ့သလို အောင်မြင်စွာပိတ်ပြီးကြောင်းကြေညာပြီး နောက်တစ်နေ့မှာပဲပြန်ပွင့်ကျလို့ ဒေသခံတွေ နှစ်ထပ်ကွမ်း ဒုက္ခရောက်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဟာ စပါးကျီဒေသဖြစ်တဲ့အလျှောက်စပါးခင်းတွေရေမြုပ်ခဲ့ပါတယ်။ ၁၄ရက်အတွင်းရေပြန်ကျရင် ‌စပါးခင်းတွေမပျက်စီးနိုင်ဘူးလို့ စစ်အုပ်စုကသတင်းအမှားထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာတစ်လကျော်ကြာအထိ ရေမြုပ်နေလို့ လယ်ဧကများစွာပျက်စီးခဲ့ပေမယ့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ လယ်သမားတွေပြန်လည်ထူထောင်ရေးအတွက် တိကျတဲ့အစီအမံတွေပါဝင်မနေပါဘူး။

တာကျိုးပေါက်ကိုအောင်မြင်စွာပိတ်ပြီးကြောင်း စက်တင်ဘာလ၈ရက်နေ့ကကြေညာချက်ပါ စာပိုဒ်တစ်ပိုဒ်ကို ဖတ်ကြည့်ပါ။ စစ်အာဏာရှင်ရဲ့ စရိုက်ကို မြင်ပါလိမ့်မယ်။

“ဖြစ်စဉ်စတင်သည်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော် ဦးဆောင်ကာ အရေးပေါ် ကယ်ဆယ်ရေးနှင့်တုံ့ပြန်ရေးအဖွဲ့များ စတင်စုဖွဲ့ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အနယ်နယ်အရပ်ရပ်မှ လူမှုကူညီရေးအသင်းအဖွဲ့များ စသည့်အဖွဲ့များပူးပေါင်း၍ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ပြည်သူများအား ယာယီရေရှောင်စခန်းများကို အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ခြင်းဖြစ်သည်” တဲ့။

အမှန်တကယ် မြေပြင်မှာတော့ ဧရာဝတီတိုင်းရေဘေးမှာဒေသခံတွေဟာဆိုးရွားတဲ့လူမှုဒုက္ခတွေကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ရေမြုပ်ရပ်ကွက်နဲ့ကျေးရွာတွေမှာနေထိုင်ကြရတဲ့သူတွေဟာ ရေကာတာတွေပေါ် နဲ့ ပုသိမ်-ဟင်္သာတကားလမ်းဘေးမှာ တဲထိုးပြီးနေကြရဆဲဖြစ်သလို ရေမြုပ်ပြီး ပျက်စီးသွားတဲ့ စပါးခင်းတွေအတွက်လည်းဘာအကူအညီမှမရ​သေးဘဲအဖြေရှိမနေပါဘူး။ရေဘေးကြောင့် ပျက်စီးတဲ့ လယ်ဧကစာရင်းကိုမထုတ်ပြန်တဲ့စစ်ကောင်စီက သေဆုံးသူစာရင်းကိုလည်း မထုတ်ပြန်ပါဘူး။ ဒါပေမယ့် ရေဘေးကြောင့် ဧရာဝတီတိုင်းမှာသေဆုံးသူ ၁၇ဦးထက်မနည်းရှိခဲ့ပါတယ်။ ဒါ့အပြင် ရေကြည်မြို့နယ်အတွင်း မိကျောင်းတစ်ကောင်တွေ့လို့ ဒေသခံတွေစိုးရိမ်ထိတ်လန့်ခဲ့ကြပေမယ့်စစ်အုပ်စုကလျစ်လျူရှုခဲ့ပါတယ်။

ဒေသခံတွေက ပိုက်တွေနဲ့ ဖမ်းဖို့ ကြိုးစားခဲ့ကြပေမယ့် ဖမ်းမမိပါဘူး။အဲဒီမိကျောင်းက ဒေသတွင်းကစီးပွားရေးလုပ်ငန်းရှင်တစ်ဦး တရားမဝင်မွေးမြုုထားတာကနေ လွတ်သွားတာမို့လို့ စစ်တပ်က မသိချင်ယောင်ဆောင်နေခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်တပ်ခန့်ဝန်ကြီးချုပ်ဦးအေးကျော်ကလည်း ရေဘေးကူညီရေးကိုအကြောင်းပြပြီး ဓနုဖြူ၊ ညောင်တုန်း၊ပုသိမ်၊ကျုံပျော်၊ ဟင်္သာတနဲ့ လေးမျက်နှာမြို့တွေမှာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တရုန်းရုန်း ဖြစ်နေခဲ့ပါတယ်။ဝာာကျိုးပေါက်မှာသုံးတဲ့ ယန္တရားတွေ၊ သံထည်တွေအတွက်စီးပွားရေးသမားတွေနဲ့ အကျိုးစီးပွား အပေးအယူရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။

အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းသူ့တပည့် ကျော်ကို အကာအကွယ်ပေးပါတယ်။ ဩဂုတ်လ ၉ရက်နေ့က စစ်ကောင်စီခေါင်းဆောင်ရဲ့ ဧရာဝတီတိုင်းခရီးစဉ်မှာ တိုင်းအစိုးရဟာ ပြည်သူတွေဘေးကင်းအောင် စီမံနိုင်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။ရေပြန်လည်ကျဆင်းပြီးနောက်ပိုင်း ပြည်သူတွေအနေနဲ့ တစ်ဦးချင်းစီကြိုးစားအားထုတ်မှုနဲ့အတူပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်ဆို မူလအခြေအနေကို အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မှာလို့ ပြောသွားပါတယ်။

အာဏာသိမ်းခေါင်းဆောင်နဲ့ဧရာဝတီတိုင်းဝန်ကြီးချုပ်ကတော့ဒေသခံတွေနဲ့တွေ့ဆုံတိုင်း”သဘာဝဘေးဆိုတာမမျှော်မှန်းနိုင်တဲ့ဘေး”လို့အာဂုံဆောင်ပြီးသူတို့မှာအားနည်းချက်မရှိခဲ့ကြောင်းဆက်တိုက်ဝါဒဖြန့်ပါတယ်။

လေးမျက်နှာရေဘေးကို မထိန်းချုပ်နိုင်သေးခင်မှာပဲ ဧရာဝတီတိုင်းအတွင်းညောင်တုန်းမြို့က ရေကာတာကလည်း အိကျပြီးကျိုးကျမယ့်အန္တရာယ်ကြောင့် လူအင်အားထောင်ချီသုံးပြီး အရေးပေါ် ပိတ်ဆို့နေကြရပြန်ပါတယ်။ ဧရာဝတီမြစ်ရေတိုက်စားမှု၊ အာဏာသိမ်းစစ်ကောင်စီလက်ထက်ပြင်ဆင်ခြင်းမရှိခဲ့တဲ့ တာတမန်တွေရဲ့ ကြံ့ခိုင်မှုမရှိတဲ့အခြေအနေတွေကြောင့် လက်ကျန်မိုးရာသီကို ဧရာဝတီတိုင်းသားတွေ ကျောချမ်းနေကြရပါတယ်။

“ထမင်းတနပ် လျော့စားဖို့နဲ့ ဖရောင်းတိုင်ထွန်းပြီးနေဖို့ ပြောတဲ့ သ​​န္ဓေ နဲ့ လာတဲ့စစ်တပ်ဆိုတော့ ဘာမှ မျှော်လင့်လို့မရဘူး”လို့ လေးမျက်နှာမြို့ခံတစ်ဦးကပြောပါတယ်။

●သဖန်းဆိပ်ဆည်ရေကို အံတုခြင်း

ဧရာဝတီတိုင်းမှာရေဘေး နဲ့ တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်းမှာ ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့ပါတယ်။ဒေသတွင်းမှာမိုးကြီးပြီးတဲ့နောက်ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည်ဟာ ‌ ရေလျှံနေချိန် စစ်တပ်က ကြိုတင်မကြေညာဘဲ ဆည်ရေလွှတ်ချပြီး စစ်ဘေးရော ရေဘေးနဲ့ပါ စစ်ကိုင်းတိုင်းကိုဖျက်ဆီးတာလို့တော်လှန်ရေးအင်အားစုတွေကကြေညာခဲ့ပါတယ်။

ဆည်အောက်ဖက်ကမြို့နယ်တွေဖြစ်တဲ့ကန့်ဘလူ၊ခင်ဦး၊ရွှေဘို၊ဝက်လက်၊တန့်ဆည်၊ဒီပဲယင်း၊ဘုတလင်၊၊အရာတော်မြို့၊ရေဦးမြို့နယ်တွေအပြင် ဒေသတွင်းဆက်စပ်နေတဲ့ ကောလင်းနဲ့အင်းတော်မြို့နယ်တွေမှာလည်း ဩဂုတ်လ ၅ရက်နေ့ကစပြီး ရေဘေးကြုံ တွေ့ခဲ့ပါတယ်။

တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့ကာလမှာ NUG အစိုးရနဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရက ရေဘေးကယ်ဆယ်ရေးအတွက် အမြန်အဖြေရှာခဲ့ကြပါတယ်။ ရေဘေးကယ်ဆယ်ရေးအတွက် “အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)” ကို ဖွဲ့စည်းပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း ရေကြီးရေလျှံမှုတွေကြောင့်စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူလူထု သောင်းပေါင်း များစွာအတွက် အရေးပေါ် အကူအညီတွေလိုအပ်တယ်လို့ လူထုနဲ့ နိုင်ငံတကာကို အသိပေးခဲ့ပါတယ်။JERC အနေနဲ့ ဘေးသင့်ပြည်သူ‌ တွေဆီ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ကို ထိရောက်စွာ ပံ့ပိုးပေးဖို့၊ထိခိုက်ဆုံးရှုံးမှုနဲ့လိုအပ်ချက်တွေကို အချိန်နှင့်တပြေးညီ စုစည်းပြီး ခွဲခြမ်းစိတ်ဖြာတုံ့ပြန်ဖို့၊ အကူအညီများ ထပ်နေမှု သို့မဟုတ် လစ်ဟာမှုမရှိအောင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ဖို့နဲ့ ပြန်လည်ထူထောင်ရေး၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည်ရှိစေရေးအတွက် ရေရှည်တည်တံ့ မယ့် မူဝါဒတွေ အကောင်အထည်ဖော်မယ်လို့ အသိပေးခဲ့ပါတယ်။ဒါ့အပြင် မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကြီးကြပ်ခြင်း၊အခြေအနေအကဲဖြတ်ချက်များ စုစည်းခြင်းမျှတစွာ ဖြန့်ဝေရေး စီမံခြင်း၊နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်များ ရေးဆွဲခြင်းတွေကို ဆောက်ရွက်မယ်လို့ ကြေငြာခဲ့ပါတယ်။လူသားချင်းစာနာမှု၊ တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာမှု၊ ဒေသခံဘတွေရဲ့ ပါဝင်မှုနဲ့ထိခိုက်လွယ်အုပ်စု တွေကို ဦးစားပေးမှုစတဲ့ မူတွေကို အခြေခံပြီး မြို့နယ်အလိုက် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုစာရင်းများ ပြုစုခြင်း၊ အရေးပေါ်လိုအပ်ချက်တွေ စုစည်းခြင်းနဲ့မရှိမဖြစ်အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ သောက်သုံးရေနဲ့အသက်ကယ်ပစ္စည်းတွေ ထောက်ပံ့ကူညီနိုင်ရေး၊ ဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးတို့ကို စနစ်တကျ ဆောင်ရွက်မှာဖြစ်ပြီးJERC ကိုလည်း လိုအပ်သလို ဆက်လက်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင်နိုင်ငံတကာအကူအညီတွေမျှတဖို့ တိုက်တွန်းတောင်းဆိုခဲ့တယ်။မြေပြင်မှာလည်းဆည်ရေစီးဆင်းလာမယ့်လမ်းကြောင်းတွေ၊ ဆည်ရေမှတ်နဲ့ နေ့စဉ်မိုးလေဝသအခြေအနေတွေကို စကားပြောစက်တွေကတဆင့် တော်လှန်ရေးအင်အားစုတွေက နာရီအလိုက် သတိပေးခဲ့ပါတယ်။

စစ်ကောင်စီဦးဆောင်တဲ့ ဧရာဝတီတိုင်းရေ ဘေးကယ်ဆယ်ရေးမှာတော့ အဲဒီလိုအစီအစဉ်တွေမတွေ့ခဲ့ရပါဘူး။ တာတမံတွေကြံ့ခိုင်ရေးနဲ့ ဒေသခံတွေကိုကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်းသတင်းထုတ်ပြန်ရာမှာ ယခင်အစိုးရအဆက်ဆက်ထုတ်ပြန်ချက်တွေအတိုင်း”အင်တိုက်အားတိုက်”၊” အချိန်နှင့်တပြေးညီ” စသဖြင့် အသုံးအနှုန်းတွေ မကြာခဏသုံးတာကိုတွေ့ရပါတယ်။ အဲဒီလိုထုတ်ပြန်နေစဉ်မှာပဲ ရေကာတာက ပြန်ကျိုးပေါက်သလို နောက်ထပ်စိုးရိမ်ရတဲ့နေရာတွေလည်း ထပ်မံပေါ်ပေါက်နေတာဖြစ်ပါတယ်။

လေကြောင်းအန္တရာယ်၊ ​ရေး​ဘေးကယ်ဆယ်ရေးသွားချင်သူ​တွေကိုစစ်တပ်ကခွင့်မပြုတာ စတဲ့ အခက်အခဲတွေကြားထဲကနေ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ဆောင်ကြရတဲ့အပေါ် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက အခုလိုမှတ်ချက်ပြုပါတယ်။

“ကျွန်တော်တို့က ပြည်သူလူထုရဲ့ဒုက္ခအစစ်အမှန်ကိုမြင်အောင်ကြည့်တယ်။ ရနိုင်သမျှကို ကျနော်တို့ဖြည့်ဆည်းပေးတယ်။ပိုက်ဆံမရှိလို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေရှိရင်တောင်မှ ပြည်သူရဲ့ခံစားချက်ကိုနားလည်ပြီးမျှဝေပေးနိုင်တဲ့အစိုးရဖြစ်တယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက ရေဘေးသင့်ဒေသတွေဆီ သွားမယ့်အကူအညီတွေကိုလည်းနည်းမျိုးဖြတ်တောက်ခဲ့တဲ့အပြင်မြို့နယ်အချို့ကို​ရေကြီး​နေချိန်မှာ​တောင်စစ်တပ်က လေကြောင်းကနေဗုံးထပ်ကြဲခဲ့ပါတယ်။ ဩဂုတ်လအတွင်းသွားရောက်ခဲ့တဲ့ ရုရှားနိုင်ငံခရီးစဉ်မှာ သမ္မတပူတင်နဲ့တွေ့ဆုံစဉ် ဧရာဝတီတိုင်းမှာရေဘေးကြုံတဲ့အကြောင်းပြောခဲ့ပြီး စစ်ကိုင်းတိုင်းကိုချပ်လှပ်ခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေကပဲ နိုင်ငံအနှံ့ကပြည်သူတွေရဲ့ စာနာမှုကိုရခဲ့သလို အညာသူအညာသားအချင်းချင်းလည်း ပိုပြီးစည်းလုံးညီညွတ်ခဲ့တယ်လို့ အညာသားလူငယ်တဦးကပြောပါတယ်။

အညာလူငယ်တွေဟာ စစ်တပ်ထိန်းချုပ်ထားတဲ့နေရာနဲ့ နှစ်ဘက်စလုံးက မထိန်းချုပ်နိုင်တဲ့ နေရာအထိ ​ရေ​ဘေးအကူအညီ​တွေကိုခက်ခက်ခဲခဲ ပို့ခဲ့ကြပါတယ်။ စစ်တပ်က လမ်းမတွေကို ထိန်းချုပ်ထားလို့ ကွင်းလမ်းတွေဖောက်ပြီးသွားခဲ့ကြပါတယ်။အလှူရှင်တွေ ဘယ်သူမှမလာရဲတဲ့အခြေ အနေမှာ ပြည်သူမှ ပြည်သူဆီသို့ ဆိုတဲ့ တိုက်တွန်းချက်နဲ့အတူ ကူညီထောက်ပံ့ရေးတွေကို နည်းမျိုးစုံလုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသခံလူငယ်တွေကပြောပါတယ်။

“အညာမှာဖြစ်နေတာ အညာသားတွေပဲ သိတယ်။ တကယ့်ကိုဘေးအန္တရာယ်ကြုံလာပြီဆိုရင် သူ့ဘက်ကိုယ့်ဘက်ခွဲလို့ မရတော့ဘူး။ဘယ်လောက်ပဲနည်းနည်းကျ‌တော်တို့ရောက်လာရင် အားရှိကြတယ်”လို့ ရေဘေးသင့်မြို့နယ်တစ်ခုက တော်လှန်ရေးအင်အားစုတွေရော စစ်ကောင်စီပါထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ရွာတစ်ရွာဆီ သွားရောက်ကူညီခဲ့တဲ့လူငယ်တစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းမှာ ရေပြန်ကျသွားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို NUG အစိုးရနဲ့တော်လှန်ရေးအင်အားစုတွေကလုပ်ဆောင်ပါတယ်။ နိုင်ငံတကာအကူအညီတွေကမျှတဖို့လိုအပ်တယ်လို့ တိုက်တွန်းနေကြသလို ဒေသခံပြည်သူတွေအတွက် အကူအညီတွေလိုအပ်နေဆဲဖြစ်ကြောင်းလည်း ဆက်တိုက်ထုတ်ပြန်နေပါတယ်။

ဧရာဝတီတိုင်းမှာတော့လက်ရှိရေကြီးနစ်မြုပ်နေတဲ့ဒေသတွေဟာမိုးကုန်တဲ့အထိရေထဲမှာပဲ အခက်အခဲတွေဆိုင်ရမယ့်အခြေအနေဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ၎င်းတို့အနေနဲ့ဒေသခံတွေကို ကူညီထောက်ပံ့မှုတွေ အင်တိုင်အားတိုက်လုပ်ဆောင်နေကြောင်း နေ့စဉ်ထုတ်ဝါဒဖြန့်သတင်းစာတွေ၊ လူမှုကွန်ရက်စာမျက်နှာတွေကနေ ထုတ်ပြန်နေပါတယ်။

မြန်မာလူထုအချစ်တော် ဗန်( Joshua Van) ပန်တိုဂျာ( Alexandre Pantoja)တို့ရဲ့ UFC Flyweight ချန်ပီယံလုပွဲကိုလာမယ့် စက်တင်ဘာ ၁၉ ရက်၊ စနေနေ့(မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း)မှာ ထိုးသတ်မှာဖြစ်ပါတယ်။ ဒီစာမေးပွဲကို အောင်မြင်စွာ ဗန်တစ်ယောက် ဖြေဆိုနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ရေဘေးအကြောင်းပြုပြီး ဖြေဆိုခဲ့ကြတဲ့ NUG အစိုးရနဲ့ စစ်ကောင်စီရဲ့စာမေးပွဲရလဒ်ကတော့ လူထုကြားမှာ အဖြေထွက်ပြီးသားဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။