စက်တင်ဘာ-၁၆ ၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို စစ်ကျွံလာတဲ့ အာဏသိမ်း စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေကာစစ်တပ်ဘက်ကထွက်ပြေး၊ အလင်းဝင်သူအချို့ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို အင်အားသုံးထိုးစစ်ဆင်ခဲ့ပေမယ့်ရှေ့မတိုးနိုင်ပြန်ဆုတ်ခဲ့ရပြီး ရွှေမင်းဂံရေတပ်စခန်းနဲ့ ချောင်းတဘက်ကမ်း ရဲရိုးပြင်ရွာနားမှာ တန့်နေတဲ့စစ်ကြောင်းကို AA ကစက်တင်ဘာလ ၁၆ ရက် မနက်အစောပိုင်းကနေ တိုက်ခိုက်နေတာပါ။
“ချောင်းကူးပြီးပြေးတဲ့သူပြေး၊လက်နက်ချတဲ့သူတွေချနဲ့ပဲ။တချို့ကောင်တွေရွှေမင်းဂံဘက်ကို ထွက်ပြေးကြ တယ်။ အလင်းဝင်တဲ့ကောင်တွေလည်းရှိတယ်။ပစတွေတော်တော်များတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေပါ တယ်။ ဝါဘိုဘက်မှာလည်း ဖြစ်နေတယ်”လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်မှသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စက်တင်ဘာ ၁၆ ရက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူတွေရှိသလို ထွက်ပြေး၊ အလင်းဝင်သူလည်း အချို့ရှိတယ်လို့ စုံစမ်းသိရပါတယ်။စစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရွှေမင်းဂံရေတပ်စခန်းကနေ အင်အားရာချီနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ရဲရိုးပြင်၊ ခမောင်းတောရွာဘက်ကို ထိုးစစ်ဆင်ခဲ့တာပါ။ဒါပေမယ့် AA ရဲ့တိုက်ခိုက်မှုကြောင့် ရဲရိုးပြင်ရွာနားထိ နောက်ပြန်ဆုတ် ခဲ့ရတာပါ။ ဒီနေ့မှာတော့ အဲဒီရဲရိုးပြင်နားက အဲဒီ စစ်ကြောင်းကိုပါ AA က ထပ်မံတိုက်နေတာဖြစ်ပါတယ်။
“ချောင်းလေး တခုပဲခြားတာ ရေတပ်နဲ့ဆိုရင် ဒီကောင်တွေကို ရှင်းပြီးရင်တော့ ရွှေမင်းဂံကို ရောက်ပြီ။ ကိုယ်လူ တွေလည်း ထိုးစစ်ပြန်လုပ်နေပြီဆိုတော့ ရွှေမင်းဂံထိ ထိုးနိုင်တယ်။ ရွှေမင်းဂံရရင်တော့စစ်တွေမြို့ထိလမ်းပေါက်ပြီ”လို့ စစ်ရေးနဲ့နီးစပ်တဲ့ဒေသခံတဦးကပြောပါတယ်။
ဒါ့အပြင် စစ်တပ်က မြေပြင်စစ်ကြောင်းထိုးထားတဲ့ စစ်တွေမြို့နယ် ဝါဘိုကျွန်း မင်းလှရွာဝန်းကျင်မှာလည်း နှစ်ဖက် တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။AA က စစ်တပ်ရဲ့ ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းတွေကို တိုက်ခိုက်နေသလို စစ်တွေမြို့နယ် ပါဒလိတ် တပ်ရင်းအနီးရှိ အမြင့်ကျွန်းရွာဝန်းကျင်၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ စစ်တွေ)၊ ကျားမသောက်တပ်ရင်းတို့ အနီး တောကန်ရွာဝန်းကျင်နဲ့ ကံ့ကော်ကျွန်းရွာအနီးဝန်းကျင်စခန်းတွေကိုပါ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်း ရင်းမြစ်တွေက ပြောပါတယ်။
အဲဒီလို တိုက်ပွဲပြင်းနေချိန် စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့ကိုလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီးစက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာပုဏ္ဏား ကျွန်းမြို့နယ်ဘက်ခြမ်းကို ဗုံးကြဲနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာစက်တင်ဘာလ ၄ ရက်နေ့ကစပြီး စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ရွှေမင်းဂံတို့ကနေ အင်အား ထောင်ဂဏန်းနဲ့ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ် ။အမြင့်ကျွန်းဘက် စစ်ကြောင်းဟာ တိုက်ပွဲပထမရက်မှာပဲ အထိနာ နောက်ပြန်ဆုတ်သွားခဲ့ရပါတယ်။
စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး ထိုးစစ်စခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေ စက်တင်ဘာ ၁၆ အထိနှစ်ပါတ်နီးပါးအတွင်း စစ်တွေစစ်မျက်နှာမှာ သေဆုံးရသူ နှစ်ရာကျော်ထိ ရှိပြီဖြစ်တယ်လို့ AA သတင်းရင်းမြစ်တွေကပြောပါတယ်။
ဒါ့အပြင် ကျောက်ဖြူ၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ် တို့မှာလည်း စစ်တပ်ဘက်က အထိနာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာအာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ရခိုင်အစပ်နေရာ တွေကို ထိုးစစ်လုပ်နေပေမယ့် လက်တွေ့မှာတော့ နှစ်ပါတ်နီးပါးကြာတဲ့ထိ AA စခန်းတစ်ခုမှသိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့စခန်းတွေ ထပ်မပါသွားဖို့သာ ခံစစ်လုပ်နေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။


















































